ဗမာလူမျိုးကြီးဝါဒီမှန်း အလွန်သိသာနေသူများပင် ဗမာလူမျိုးကြီးဝါဒ မရှိပါဘူးဟု ငြင်းချက်များ ထုတ်တတ်ကြသည်။ ထိုသို့ငြင်းချက်ထုတ်ရာတွင် စိတ်က တကယ်မသိလို့ဖြစ်နိုင်သလို၊ သိပါလျက် ကိုယ်ကျိုး အတွက်လည်း ဖြစ်နိုင်သည်။ (မြန်မာနှင့် ဗမာသည် ခေတ်အဆက်ဆက် တခုနှင့်တခု ပြောင်းသုံးခဲ့ကြပုံကို ထောက်၍ အတူတူပင်ဖြစ်သည်၊ ခေတ်အရ ဘာပိုသုံးလဲသာ ကွာသည်ဟု အရှေ့တွင် ဆွေးနွေးခဲ့ပြီးသား ဖြစ်ပါသည်။[1]) အရင်ဆုံး “ဗမာ” “လူမျိုးကြီး” “ဝါဒ” ဟူသည့် စကားလုံးများက ဘာကိုဆိုလိုသလဲ အရင်နားလည်မှုတူညီစွာ အထိုင်ကျမှသာ ရှိလား၊ မရှိလားပုစ္ဆာကို ရှင်းနိုင်မည် ဖြစ်သည်။
“ဗမာ” ဟူသည်အဘယ်နည်း
"ဗမာ" ဟူသော ဝေါဟာရသည် အဓိပ္ပာယ်များစွာဖြင့် စီးဆင်းလာခဲ့သည်။ ရှင်းလင်းလွယ်ကူသည်ဟု ထင်ရသော်လည်း အလွှာများစွာရှိခြင်း၊ မတည်ငြိမ်ခြင်းနှင့် အငြင်းပွားဖွယ်ရာများ ဖြစ်နေခြင်းကို တွေ့ရသည်။ ဤစကားလုံးသည် တိုင်းရင်းသားအမှတ်အသား သို့မဟုတ် ဥပဒေအမျိုးအစားတခုတည်းကို ကိုယ်စားပြုခြင်း မဟုတ်ပေ။ ဘာသာစကား၊ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလံတခုတည်းလည်း မဟုတ်ပေ။ ယင်းစကားလုံး ကိုယ်တိုင်သည် လက္ခဏာတခု၊ မှတ်ဉာဏ်တခု၊ တောင်းဆိုမှုတခု၊ တခါတရံတွင် ဝန်ထုပ်ဝန်ပိုးတခုလည်း ဖြစ်နိုင်သည်။ "ဗမာဆိုတာ ဘာလဲ" ဟူသော မေးခွန်းသည် ဝိသေသလက္ခဏာ ဖန်တီးခြင်း၊ ဖျက်ဆီးခြင်း၊ ခုခံခြင်းနှင့် ပြန်လည်ပုံဖော်ခြင်းများဖြင့် ရှည်လျားသော သမိုင်းထဲသို့ လေ့လာရန် ခြေချလိုက်ခြင်းဖြစ်သည်။
၁။ နာမဝိသေသနအဖြစ်သုံးသော "ဗမာ" ဝေါဟာရ
ပထမ ရိုးရှင်းစွာဆိုရလျှင် "ဗမာ" သည် နာမဝိသေသနတခုအဖြစ် လုပ်ဆောင်နိုင်သည်။ ဆိုပါစို့။ ဟင်းတခွက်ကို "ဗမာဟင်း"၊ အဆောက်အအုံတလုံးကို "ဗမာ့လက်ရာ" သို့မဟုတ် နှုတ်ဆက်ပုံကို "ဗမာ့ဓလေ့" ဟု ဖော်ပြရာတွင် အသုံးပြုနိုင်သည်။ ဤအသုံးအနှုန်းသည် အရည်အသွေး၊ ပုံစံ သို့မဟုတ် အရသာကို ရည်ညွှန်းသည်။ သို့သော် ဤနေရာတွင်ပင် "ဗမာ" ဟု သတ်မှတ်ရာတွင် သဘောတူညီချက်များ ရှိနေပြီး ယင်းသဘောတူညီချက်များသည် ဘက်လိုက်မှုကင်းခြင်း၊ အစွဲအရောင် ကင်းမဲ့ခြင်းများတော့ မရှိပေ။ မည်သည့်ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများကို "ဗမာ" ဟု ခေါ်ပြီး မည်သည့်အရာများကို မခေါ်ဆိုသင့်သနည်း။ မည်သူ၏ သင်္ကေတများကို ဗမာစံပုံမှန်အဖြစ် သတ်မှတ်ပြီး မည်သူ၏ သင်္ကေတများကို "တိုင်းရင်းသား" သို့မဟုတ် "လူနည်းစု" ဟု သတ်မှတ်သနည်း။ ဤမေးခွန်းများသည် နာမဝိသေသနအဖြစ် အသုံးပြုသည့်အခါတွင်ပင် ပေါ်ပေါက်လာသည်။
၂။ သွေးသား သို့မဟုတ် မျိုးရိုးအရ "ဗမာ"
မကြာခဏဆိုသလို "ဗမာ" ဆိုသည်မှာ ဗမာမိဘများမှ မွေးဖွားသူဟု ယူဆကြသည်။ သို့သော် မည်သည့်မိဘများသည် ဗမာ လက္ခဏာများပြည့်မီသည်ကို မေးခွန်းထုတ်စရာဖြစ်သည်။ ဟံသာဝတီခေတ်က မွန်လူမျိုးများသည်လည်းကောင်း၊ ယုံလီဘုရင်နှင့်အတူ ပါလာသော တရုတ်လူမျိုးများ၊ အယုဒ္ဓယမှ ပါလာသော ထိုင်းလူမျိုးများ၊ မြောက်ဦးမှ ရခိုင်များ၊ မဂိုဘုရင်နှင့် ပါလာသော အိန္ဒိယသားများ၊ သံလျင်မှ ခေါ်လာသော ပြင်သစ်များသည်လည်းကောင်း ဗမာများ ဖြစ်လာခဲ့ကြသည်။[2] အချို့အတွက် "ဗမာ" ဆိုသည်မှာ ဗမာလူမျိုး အများစုထဲတွင် မွေးဖွားခြင်းကို ဆိုလိုသည်။ တို့ဗမာအစည်းအရုံး၏ အယူတွင်မူ တိုင်းရင်းသား အဆင့်အတန်း ခွဲခြားခြင်းမရှိဘဲ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိ မည်သူမဆို ပါဝင်သည်ဟုဆိုသည်။[3] သို့သော် ဥပဒေနှင့် နိုင်ငံရေးဆိုင်ရာ စိတ်ကူးများစွာတွင် အမွေအနှစ်အချို့ကိုသာ "ဗမာ" ဟု အပြည့်အဝသတ်မှတ်ပြီး အခြား အမွေအနှစ်များကိုမူ တိုင်းရင်းသား၊ လူနည်းစု သို့မဟုတ် သံသယဖြစ်ဖွယ်အဖြစ် သတ်မှတ်ကြသည်။
၃။ သမိုင်းဆိုင်ရာ အသိစိတ်အဖြစ် "ဗမာ"
ဗမာဖြစ်သည်ဟု မပြောဆိုသော်လည်း ဗမာ့သမိုင်း (ပါဝါပုံစံများ၊ ကိုလိုနီပြုခံရမှု၊ ခုခံမှုနှင့် စိတ်ဒဏ်ရာများ) ကို နက်နက်နဲနဲ နားလည်သူများလည်း ရှိသည်။ သူတို့သည် တိုင်းရင်းသားလူနည်းစုများ၊ ပြည်ပရောက် အသိုင်းအဝိုင်းများ သို့မဟုတ် နယ်စပ်ဒေသမှ လူမျိုးများ ဖြစ်နိုင်သည်။ သူတို့သည် နိုင်ငံရေး သို့မဟုတ် ကိုယ်ကျင့်တရားဆိုင်ရာ အကြောင်းပြချက်များကြောင့် ဗမာဟူသော တံဆိပ်ကို ငြင်းပယ်နိုင်သော်လည်း ဗမာနိုင်ငံ၏ သမိုင်းဆိုင်ရာ ဖွဲ့စည်းပုံကို ဝေဖန်ပိုင်းခြားပြီး စာနာစွာ ဆက်ဆံခြင်းအားဖြင့် သူတို့သည် ဗမာ့အခြေအနေနှင့် ရောယှက်နေသည်။ ၎င်း၏ ဆန့်ကျင်ဘက်များကို ရင်းနှီးစွာ သိရှိပြီး ကျရှုံးမှုများနှင့် အိပ်မက်များကို မြင်သည်။ သင်ခန်းစာများကို သယ်ဆောင်ထားသည်။ ပိုမိုနက်နဲသော အဓိပ္ပာယ်ဖွင့်ဆိုချက်အရ သူတို့၏ အသိအမြင်နှင့် ခုခံမှုသည် မျိုးရိုးလိုက်သည့် တံဆိပ်များထက် ပိုမိုနက်နဲသော နည်းလမ်းဖြင့် "ဗမာ" ဖြစ်စေနိုင်သည်။
၄။ ဘာသာစကားအဖြစ် "ဗမာ"
"ဗမာ" သည် ဘာသာစကားလည်း ဖြစ်သည်။ ဘာသာစကားသည် လူတို့ မည်သို့တွေးခေါ်သည်၊ မည်သို့ မှတ်မိသည်၊ မည်သို့ ဆက်နွှယ်သည်၊ မည်သို့ ခုခံသည်တို့ကို ပုံဖော်ပေးသည်။ ဗမာစကား ကျွမ်းကျင်ရုံနှင့် "ဗမာ" ဖြစ်လာခြင်း မဟုတ်သော်လည်း ဗမာစကားသည် သတ်မှတ်ထားသော ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ် (ဥပမာများ၊ စကားပုံများ၊ စည်းချက်များ ကဲ့သို့) ထဲသို့ ဝင်ရောက်ရန် တံခါးပေါက်တခု ဖြစ်သည်။ တချိန်တည်းမှာပင် ဗမာဘာသာစကားကို အမျိုးသားဘာသာစကားအဖြစ် မြှင့်တင်ခြင်းကြောင့် အခြားဘာသာစကားများစွာကို ဖယ်ရှားပစ်လိုက်ပြီး စည်းလုံးစေသည့် ကိရိယာနှင့်တပြိုင်နက် ဖျက်ဆီးသည့် ကိရိယာပါ ဖြစ်လာစေသည်။ လူများသုံးစွဲရာမှ စံနှုန်းတခု ဖြစ်လာပြီး နောက်ပိုင်းတွင် ဤဘာသာစကားဖြင့် ရေးသားထားသော စာပေများသည် အခြားလူနည်းစု ဘာသာစကားများဖြင့် ရေးသားထားသော အရာများထက် ပိုမိုတရားဝင်ပြီး သန့်စင်သည်ဟု ယူဆလာ ကြသည်။ အရင်းအမြစ်များစွာလည်း ရရှိလာသည်။
၅။ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် "ဗမာ"
အချို့သောသူများသည် ပူးတွဲယဉ်ကျေးမှု သမိုင်းကြောင်း ခံစားချက်မှတဆင့် မိမိကိုယ်ကို ဗမာဟု သတ်မှတ်ကြသည်။ သူတို့သည် ဗမာလူမျိုးစုသွေး မဟုတ်နိုင်သော်လည်း ဗမာ့ပုံပြင်များ၊ တန်ဖိုးများ၊ ရုန်းကန်မှုများနှင့် ယဉ်ကျေးမှုများကို အမွေခံထားသည်။ ဤဖြစ်စဉ်အရကြည့်က "ဗမာ" ဖြစ်ခြင်းသည် သတ်မှတ်ထားသော ယဉ်ကျေးမှု အမွေအနှစ်တခုနှင့် ဆက်စပ်နေခြင်းကို ဆိုလိုသည်။ ညာလက်ဖြင့် ဟင်းနှိုက်ရန် သင်ယူခဲ့သော မြန်မာ့မြောက်ပိုင်းသားတဦးသည် ကျောင်းတွင် ဘယ်ဘက်လက်ဖြင့်သာ ဇွန်းကိုင်ဟင်းနှိုက်ရန် သင်ပေးခံရသည်ကို ဥပမာအနေဖြင့် တွေးပါ။ ပထဝီဝင်၊ သမိုင်းနှင့် ယဉ်ကျေးမှုများသည် ကမ္ဘာကြီးကို နားလည်စေသော နည်းလမ်းများတွင် ပါဝင်သည်။ ဤကဲ့သို့သော ဗမာ့ဝိသေသလက္ခဏာ ပုံစံသည် ပြောင်းလဲလွယ်ပြီး ဆက်စပ်မှုရှိကာ အနှစ်သာရကို အခြေခံသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ရင်ဆိုင်ရသောအခါ မကြာခဏဆိုသလို ရွေးချယ်ခံရသည်။ အမွေအနှစ်ထဲ ရောက်လာ၍ ဗမာဟု အမည်တပ်ခံရသူများလည်း ရှိသေးသည်။ ဥပမာ ပဲခူးစား ပေါ်တူဂီကပြား အန်တိုနီယိုကို ဗမာ့သူရဲကောင်းကြီး မင်းရဲကောင်းပုံဟု ဆိုကာ ဟိုင်းကြီးကျွန်းတွင် ကျောက်တိုင်ထူပေးထားခြင်းမျိုး ဖြစ်သည်။
၆။ နိုင်ငံတော် ဝိသေသလက္ခဏာအဖြစ် "ဗမာ"
"ဗမာ" သည် နိုင်ငံတော်၏ စရိုက်လက္ခဏာအဖြစ်လည်း ရှိသည်။ ဆိုလိုသည်မှာ ခေတ်သစ်ဗမာနိုင်ငံ၏ အယူဝါဒ၊ ဖွဲ့စည်းပုံ သို့မဟုတ် စံနှုန်းများကို ကိုယ်စားပြုသည့် တစုံတယောက် သို့မဟုတ် တစုံတရာကို ပြောဆိုခြင်းဖြစ်သည်။ ဤအရာများတွင် မြန်မာ့တပ်မတော်၊ ဗြူရိုကရက်တ အဖွဲ့အစည်းများ သို့မဟုတ် နိုင်ငံတော်က ထောက်ပံ့သော ယဉ်ကျေးမှုများ ပါဝင်သည်။ နိုင်ငံသမိုင်းကို ပြောဆိုရာတွင် ပျူ၊ တကောင်း၊ ပုဂံခေတ်များမှ စတင်လေ့ရှိသည် (ဤဘုရင်များပင်လျှင် သူတို့ကိုယ်တိုင်ကို ဗမာဟု ခေါ်ခဲ့ခြင်း ရှိမရှိ မည်သူမှ မသိ)။ ဤအသုံးအနှုန်းတွင် "ဗမာ" ဆိုသည်မှာ မျိုးရိုးအမွေအနှစ်ထက် ပါဝါကို ပိုမိုရည်ညွှန်းသည်။ ဗဟို၊ နိုင်ငံတော်၊ လွှမ်းမိုးထားသော ဇာတ်ကြောင်း စသည်တို့ကို ကိုယ်စားပြုသည်။ ထို့ကြောင့် အချို့အတွက် ဤ "ဗမာ" ပုံစံသည် ပိုင်ဆိုင်ရန် တောင်းဆိုရမည့် မျိုးရိုးအမွေအနှစ်တခု မဟုတ်ဘဲ ဆန့်ကျင်တွန်းလှန်ရမည့် ယန္တရားတခု ဖြစ်နေသည်။
၇။ ဗမာဖြစ်လာသူများ (Burmanized Individuals)
ဖခင်ဗမာ၊ မိခင်ဗမာ မဟုတ်သော်လည်း Burmanization ဟုခေါ်သော ဗမာဇာတ်သွင်းခြင်း ခံရသည့်အခါ ဗမာဖြစ်လာသူများလည်း ရှိသေးသည်။ သူတို့သည် မူရင်းဇစ်မြစ်ကို စွန့်လွှတ်လိုက်ပြီး သမိုင်းကို ပုဂံ၊ တကောင်းမှ စတင်နားလည်ကြသည်။ ဗမာ့လူနေမှု စံနှုန်းများ၊ ပြောဆိုနေထိုင်မှုများကို အသားကျသွားပြီး အမျိုးသားနိုင်ငံတရားများကို ယုံကြည်ကြသည်။ နှစ်တရာနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော တို့ဗမာအစည်းအရုံးမှ စတင်ကာ ဖဆပလ-ကွန်မြူနစ်၊ မဆလ-ဗကပ၊ နဝတ-NCGBU၊ NLD-USDP မှသည် ယနေ့ စကစ-NUG အထိ ဘက်ကွဲနေသော နိုင်ငံရေးအားပြိုင်မှုတွင် နိုင်ငံကြီးတခုသည် တကယ်ရှိသည်ဟု ယုံကြည်လျက် ဘက်တဘက်ကို အခိုင်အမာရွေးချယ်ပြီး "နိုင်ငံထူထောင်ရေး" ကို အားပေးကြသည်။ မိမိတို့၏ ဇစ်မြစ်အကြောင်းကို ကောင်းစွာနားမလည်ဘဲ နိုင်ငံရေးအမွေအနှစ် ရေစီးကြောင်းကို ကြည့်လျှင် ဗမာ့ရေစီးကြောင်းထဲတွင် မျောပါနေမည်သာ ဖြစ်သည်။
ဆက်စပ်သုံးနှုန်းသော ရှုထောင့်များ
- နေရာဒေသနှင့် ဆက်စပ်သောအဖြစ်အပျက်များ - လူတဦးသည် ဗမာ့စံနှုန်းများနှင့် လိုက်လျောညီထွေ ပြောဆိုခြင်းဖြင့် ပိုင်ဆိုင်မှု သို့မဟုတ် နိုင်ငံရေးနယ်ပယ်တွင် နေရာယူနိုင်သည်။ ၎င်းတို့သည် နိုင်ငံကြီးတခုရှိသည်ဟု ယုံကြည်ပြီး လူများစု၏ နှစ်သက်မှုကို ရရှိရန် လုပ်ဆောင်ခြင်းဖြင့် ထောက်ခံမှု ရရှိနိုင်မည်ဖြစ်သည်။
- ဒဏ်ရာများ - အချို့အတွက် "ဗမာ" ဆိုသည်မှာ လွှမ်းမိုးမှု၊ ဖယ်ရှားခံရမှုနှင့် ဝိသေသလက္ခဏာကို ပိတ်ဆို့ထားခြင်းကို ကိုယ်စားပြုသည်။ ၎င်းကို ၎င်းတို့၏ မြေပေါ်သို့ ကျူးကျော်ဝင်ရောက်လာသော ဝိသေသလက္ခဏာအဖြစ် မြင်ကြသည်။ ဗကပမှ KIO ကို သင်တန်းပေးစဉ်က "ခင်ဗျားတို့က သခင်တွေများလိုက်တာ၊ ကျုပ်တို့က သခင်ယေရှုပဲ သိတယ်" ဟု ပြန်ပြောခဲ့သောသူ၏ ပုံဥပမာကဲ့သို့ပင် အမျိုးမျိုးသော ဖြစ်ရပ်များ ရှိနိုင်သည်။
- ပေါင်းကူးတံတား - "ဗမာ" သည် အဆိုးချည်းမဟုတ်ပါ။ တခါတရံတွင် ကွဲပြားမှုများကြား ချိတ်ဆက်ပေးရန်အတွက် ဘုံဘာသာစကားတခု ဖြစ်လာနိုင်သည်။ ၎င်းသည် မပြည့်စုံသော်လည်း လူတိုင်း ဝေမျှခံစားရသည့် အရာတခု ဖြစ်လာသည်။ မိမိ၏ မူရင်းဘာသာစကားကို မပြောရလျှင် မိမိ၏ ပုံပြင်အချို့ ပျောက်ဆုံးသွားနိုင်သော်လည်း လူအားလုံးကို ချိတ်ဆက်နိုင်သည့် အားသာချက်ရှိသည်။
- ပိုထင်ရှားလာသည့်ပုစ္ဆာ - လူအများစု၊ အထူးသဖြင့် လူငယ်များနှင့် လှုပ်ရှားတက်ကြွသူများကြားတွင် "ဗမာ" ဆိုသည်မှာ အဖြေတခုထက် မေးခွန်းတခု ပိုဖြစ်နေသည်။ ၎င်းသည် အမျိုးသားရေးဝါဒနှင့် ဘုံစရိုက်အမျိုးမျိုးကြားက တင်းမာမှုကို ကိုယ်စားပြုနေသည်။
- "ဗမာ" ဟု မိမိကိုယ်ကို မကြေညာဘဲ ဗမာဖြစ်နိုင်သလား - ဟုတ်ပါသည်။ ဖြစ်နိုင်ပါသည်။ ထို့ပြင် ထိုသူတို့သည် ပို၍ပင် အားကောင်းသည့် ဗမာများ ဖြစ်နေနိုင်သည်။ မိမိကိုယ်ကို ဗမာဟု မကြေညာ သော်လည်း ကိုယ့်သမိုင်းကြောင်းနှင့် "နိုင်ငံတော်" ဟုခေါ်သည့် အဖွဲ့အစည်း၏ ဖွဲ့စည်းပုံကို မေးခွန်းထုတ်ပါက ပုဂံမှစတင်သော နိုင်ငံရေးအမွေအနှစ် နားလည်မှုတခုလုံးသည် ဗမာ့ဆင်းသက်မှု ရေစီးကြောင်းကိုသာ မြင်တတ်ကြသူများဖြစ်ကြသည်။[4] သူတို့သည် တရားဝင် ခေါင်းစဉ်တပ်မှုကို ငြင်းပယ်နိုင်သော်လည်း သမိုင်းဆိုင်ရာ ဆွဲအားထဲတွင် ရှင်သန်ကူးခတ် နေကြသည်။ ကိုလိုနီနယ်မြေများ၊ စစ်အုပ်ချုပ်ရေးနှင့် မပြီးပြတ်သေးသော နိုင်ငံတည်ဆောက်မှုတို့၏ မှတ်ဉာဏ်များကို ထိန်းသိမ်းထားကြသည်။ ရေစီးကြောင်း အောက်တွင် နစ်မြုပ်မျောပါနေခြင်းကြောင့် ရေစီးကြောင်းကို မမြင်နိုင်တော့သည့် အခြေအနေ ဖြစ်လာနိုင်သည်။ ဤလူများသည် အလံကို ဝှေ့ယမ်းခြင်း သို့မဟုတ် နိုင်ငံတော်သီချင်းကို သီဆိုခြင်းမျိုး ပြုလုပ်မည်မဟုတ်ပေ။ တခါတရံ “လူဟာ လူပဲ၊ အားလုံးတူတူပဲ” ဟု ပြောဆိုနိုင်ပြီး ဖိနှိပ်ခံရသည့် အတွေ့အကြုံ မရှိလျှင် ရုန်းထွက်ရန်မလိုဟု ခံစားနေရနိုင်သည်။ သို့သော် ဤအကြောင်းအရာနှင့်ပတ်သက်၍ စာမေးပွဲ၊ ဓာတ်ခွဲခန်းပမာ စစ်ဆေးလိုပါက သူတို့ နားလည်ထားသော သမိုင်းနှင့် အနာဂတ်နိုင်ငံတွင် မည်သည့်ဘာသာစကား၊ မည်သည့်သမိုင်းကို ကျောင်းများတွင် ပြဋ္ဌာန်းရမည်ဟုသာ မေးကြည့်လိုက်ပါ။ လူများစု၊ ပြည်ထောင်စု သို့မဟုတ် ကိုလိုနီခေတ် ရုန်းကန်မှုများကို ပြောဆိုလာသည်ကို ကြားရလျှင် ၎င်းတို့၏ ရပ်တည်ချက်ကို သေချာစွာ သိနိုင်မည်ဖြစ်သည်။ မိမိကိုယ်ကို ဗမာဟု မခံယူသော်လည်း မိမိတို့ ဆွဲဆောင်လိုသော မူဝါဒများသည် လူများစု၊ နိုင်ငံတော်ဆိုင်ရာ အင်စတီကျူးရှင်းနှင့် ဝိသေသ လက္ခဏာများတွင် ဗမာဘက်သို့ ယိမ်းနေသည်လည်း ရှိနိုင်သည်။
- ဗမာနှင့် ပုံတူဆန်သွားခြင်း - ဗမာဘက်မှ ဘုရင်များအကြောင်း ပြောဆိုရာတွင် မိမိတို့၏ အမွေအနှစ်ကို ဗမာ့ဟန်ဖြင့် ပြန်လည်ပြုပြင်ပြီး ဘုရင်များဖြစ်ပုံ ပေါက်အောင် ပြောဆိုကြသည်။ ဗမာ့ဘုရင်များ ဘုရားဗျာဒိတ် ရရှိသည်ကို မြင်ရလျှင် မိမိတို့၏ အကြီးအကဲများလည်း ဘုရားထံမှ ဗျာဒိတ်ရသည်ဟု ရေးသားပြောဆိုကြသည်။ မိမိတို့တွင် နိုင်ငံများရှိခဲ့သည်ကို သက်သေပြလိုစိတ်ကို နားလည်သော်လည်း ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရန် ဘုရင်များနှင့် နေထိုင်ခဲ့ဖူးရန် မလိုကြောင်း သိရှိရန်လည်း အရေးကြီးသည်။
ဆိုလိုသည်မှာ "ဗမာ" ဆိုသည်မှာ ဖြစ်တည်မှုတခုတည်း မဟုတ်ဘဲ ဆက်လက်မေးမြန်းရမည့်၊ စိန်ခေါ်ရမည့်၊ ပြန်လည်ဖန်တီးရမည့် အရာတခုဖြစ်သည်။ "ဗမာလူမျိုးကြီးဝါဒ" ဟု ပြောဆိုခြင်းသည် ဗမာလူထုကို ဆန့်ကျင်တိုက်ခိုက်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ဗမာဝိသေသလက္ခဏာကိုသာ ထောက်ခံအားပေးနေသည့် နိုင်ငံတော်ယန္တရားကို ပြောဆိုခြင်း ဖြစ်သည်ဟု နားလည်ရမည်။ ၎င်းသည် "အမျိုးသားနိုင်ငံတော်" ထူထောင်လိုသည့် ရောဂါကို ဆိုလိုသည်။ ကိုလိုနီအမွေအနှစ်ဖြစ်သည့် "နိုင်ငံ" ကို "မြန်မာ/Burma" ဟု အမည်ပေးထားခြင်းကပင် ဗမာဟု ပြောဆိုလိုက်လျှင် ကိုလိုနီအမွေအနှစ်ဖြစ်သည့် "နိုင်ငံ" နှင့် လူထုနှစ်ခုလုံးကို ဝါးလုံးနှင့်ရိုက်သလို ဖြစ်စေသည်။ နိုင်ငံအမည်ကို ပြန်လည်စဉ်းစားသင့်ပါက ပြန်လည်စဉ်းစားရမည်ဖြစ်သည်။
ပြဿနာ၏ အရင်းခံဖြစ်သည့် ဗဟိုချုပ်ကိုင်ခြင်း
အထက်တွင် ‘ဗမာ’ ဟူသော ဝေါဟာရ၏ ရှုပ်ထွေးနက်နဲပုံကို စဉ်းစားခဲ့ပါသည်။ ယခုဆက်၍ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ‘ဗမာလူမျိုးကြီးဝါဒ’ ‘ဗမာဇာတ်သွင်းခြင်း’ စသည့် ပြဿနာများသည် သာမန်ဗမာလူထု၏ ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးလိုစိတ် သက်သက်ကြောင့်မဟုတ်ဘဲ၊ နိုင်ငံတော်၏ ဗဟိုချုပ်ကိုင်မှု ယန္တရား (State’s Centralization Mechanism) နှင့် တိုက်ရိုက်အချိုးကျနေသည့် ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာ (Structural Problem) တရပ်ဖြစ်သည်ဟူသော အချက်ကို ဆက်ပါမည်။
ကိုလိုနီခေတ်လွန် မြန်မာနိုင်ငံတွင် နိုင်ငံတော်၏ ဗဟိုချုပ်ကိုင်မှု တည်ဆောက်ရေး စီမံကိန်းသည် ဗမာဇာတ်သွင်းခြင်း ဟူသော အယူဝါဒနှင့် ခွဲခြားမရအောင် ပေါင်းစပ်နေပြီး၊ ထိုအယူဝါဒကပင် ယင်းစီမံကိန်းကို မောင်းနှင်နေသည်။ မြန်မာ/ဗမာ ဝိသေသလက္ခဏာကို နိုင်ငံတော်က စပွန်ဆာပေးပံ့ပိုး၍ အခြားသူများကိုပါ “ဒီလိုဖြစ်လာဖို့လိုသည်” ဟု သင်ပေး၊ ဖိအားပေး၊ ကျုံးသွင်းနေသည်ကို ဆိုလိုသည်။
တနည်းအားဖြင့် “Centralization is Burmanization” ဟု[5] ဆိုနိုင်သည်။ ဗဟိုချုပ်ကိုင်မှုကို အားကောင်းစေရန် နိုင်ငံတော်က ‘ဗမာ့လက္ခဏာ’ (သမိုင်း၊ ဘာသာစကား၊ နိုင်ငံရေးအမွေအနှစ်) ကို အရေခြုံအသုံးပြုပြီး စုဖွဲ့မှု၏ အာဏာကို တရားဝင်မှုပို၍ရအောင် တည်ဆောက်သည်။ ထိုသို့ပြုလုပ်ရာတွင် ဥပဒေများ၊ နိုင်ငံတော်အင်စတီကျူးရှင်းများ၊ စီးပွားရေးမူဝါဒများနှင့် ပညာရေးစနစ်တို့ကို ကိရိယာအဖြစ် အသုံးချသည်။ ဤလုပ်ငန်းစဉ်သည် ဌာနေတိုင်းရင်းသား လူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ယဉ်ကျေးမှုနှင့် အမှတ်သညာတို့ကို စနစ်တကျ တိုက်စားသောကြောင့် ဌာနေလူမျိုးတို့ အမြင်တွင် ဗဟိုချုပ်ကိုင်မှုသည် ဗမာဇာတ်သွင်းခြင်းနှင့် ထပ်တူကျနေခြင်း ဖြစ်သည်။
ဤနေရာတွင် ဖက်ဒရယ်စနစ်ဟု အမည်ပေးထားသော်လည်း၊ အစိုရအဆင့်ဆင့် ခွဲထားသော်လည်း ယဉ်ကျေးမှု၊ သမိုင်း၊ လူမှုရေး၊ နိုင်ငံရေး အစရှိသည်တို့ကို ဗဟိုမှ အာဂျန်ဒါဖြင့် ထိန်းချုပ်သမျှ Burmanization ရှိမည်သာဖြစ်သည်။ ဗမာဇာတ်သွင်းခြင်း ဖြစ်နေမည်သာဖြစ်သည်။ ထို့အတူ ဖက်ဒရယ်ယူနစ်တွင်လည်း အားပိုကြီးသည့် လူမျိုးများက လူမျိုးငယ်များ၏ လက္ခဏာများကို ဝါးမျိုပါလျှင် ရှမ်းဇာတ်သွင်းခြင်း၊ ရခိုင်ဇာတ် သွင်းခြင်း၊ ကချင်ဇာတ်သွင်းခြင်း စသည်တို့ ဖြစ်နေမည်သာ ဖြစ်သည်ဟု ဆိုလိုပါသည်။
အရေးကြီးသည်မှာ၊ ဤလုပ်ငန်းစဉ်၏ အဓိက အကျိုးအမြတ်ခံစားရသူများမှာ သာမန်ပြည်သူများ မဟုတ်ဘဲ နိုင်ငံတော်အာဏာကို ကိုင်စွဲထားသည့် အုပ်ချုပ်သူအလွှာနှင့် စစ်-စီးပွားရေး တွဲဖက်သည့် အီလစ် အလွှာများသာ ဖြစ်သည်။ ယင်းကို ဂရမ်ချီ (Antonio Gramsci) က Hegemony ဟု ခေါ်သည်။ သူက အုပ်စိုးသူလူတန်းစားသည် အင်အားသုံးဖိနှိပ်မှုတခုတည်းဖြင့် အုပ်ချုပ်ခြင်းမဟုတ်ဘဲ၊ မိမိတို့၏ အယူအဆ၊ တန်ဖိုးထားမှု၊ စံနှုန်းနှင့် ယဉ်ကျေးမှုများကို လူ့အဖွဲ့အစည်းတခုလုံးအတွက် "ပုံမှန်" (normal) နှင့် "ဖြစ်သင့်ဖြစ်ထိုက်တာ" (common sense) ဟု လက်ခံလာအောင် တည်ဆောက်ခြင်းဖြင့် အုပ်ချုပ်သည်ဟု ဆိုသည်။[6] ဤနားလည်မှုကို အခြေခံ၍ နောက်ဆက်တွဲ အပိုင်းများတွင် ဤဗဟိုချုပ်ကိုင်မှု ယန္တရားသည် လက်တွေ့တွင် မည်သို့သရုပ်ပေါ်လာပုံ၊ ယင်းကို မည်သည့်သီအိုရီများဖြင့် ရှင်းပြနိုင်ပုံနှင့် ဤစနစ်ကို တည်မြဲစေသည့် အကြောင်းရင်းများကို ဆက်လက်ခွဲခြမ်းစိတ်ဖြာသွားမည် ဖြစ်သည်။
လူမျိုးကြီးဝါဒကို နားလည်နိုင်သည့် ယုတ္တိဘောင်များ
လက်တွေ့သရုပ်သဏ္ဍာန်များကို ပိုမိုစနစ်တကျ နားလည်နိုင်ရန်အတွက်၊ ‘လူမျိုးကြီးဝါဒ’ ကို ဖွဲ့စည်းတည်ဆောက်ထားသည့် အယူအဆဆိုင်ရာ လက္ခဏာရပ်များကို လေ့လာရန် လိုအပ်ပါသည်။ ဗမာသာမက မည်သည့်လူမျိုးတွင်မဆို ဖြစ်တည်နိုင်သော ဤဝါဒ၏ လက္ခဏာများကို နားလည်ခြင်းသည် ပြဿနာ၏ အရင်းခံကို ပိုမိုမြင်နိုင်စေမည် ဖြစ်သည်။ အောက်ပါတို့မှ လက္ခဏာတခုတည်း တွေ့ရုံဖြင့် လူမျိုးကြီးဝါဒဟု အမည်တပ်လိုက်၍ ရမည်တော့ မဟုတ်ပါ။ လူမျိုးကြီးဝါဒသည် ဗမာလူမျိုးတွင်မှ သာမဟုတ်၊ မည်သူဖြစ်စေ၊ မည်သည့်အဖွဲ့ဖြစ်စေ ရှိနိုင်သည်။
(၁) အုပ်စုအချစ်လွန်သည့်ဝါဒ (Chauvinism)
လူမျိုးကြီးဝါဒကို ဘာသာပြန်သည့်အခါ “chauvinism” ဟု ပြန်ဆိုတတ်သည်။ သို့သော် ယင်း စကားတခုတည်းက လူမျိုးကြီးဝါဒ၏ လက္ခဏာအားလုံးကို ခြုံငုံနိုင်မှု မရှိပေ။ ကိုယ့်အုပ်စုကို ကိုယ်ချစ်သည့် သဘောကိုသာ Chauvinism ဟု ခေါ်ခြင်းဖြစ်သည်။
မူလက ပြင်သစ်စစ်သားတဦးဖြစ်သူ နီကိုလပ်စ်ချူဗင်ကို အစွဲပြုပြီး ခေါ်ခြင်းဖြစ်သည်။[7] နပိုလီယံ၏ တပ်မှဖြစ်ပြီး အလွန်တရာ သစ္စာရှိသူဖြစ်သည်။ ထို့ကြောင့် သစ္စာရှိကြောင်း ချီးမွမ်းကြသည့်အခါ သူ့နာမည် အစွဲပြုပြီး ချူဗင်လိုပဲဟု ခေါ်ရာမှ Chauvinism ဆိုသောအသုံးအနှုန်း ပေါ်လာခဲ့သည်။ မူလက Chauvinism ဆိုသော အသုံးအနှုန်းမှာ အလွန်အမင်း သစ္စာရှိခြင်း၊ အမျိုးချစ်ခြင်းကို ဆိုလိုသည်။ နောက်ပိုင်း နှစ်ပေါင်း တရာခန့် ကြာမြင့်သွားပြီးနောက် အခြားသူများ၊ အုပ်စုအပြင်ဘက်မှသူများကို ဆန့်ကျင်ခြင်း၊ လူစိမ်းများကို တိုက်ခိုက်လိုခြင်း စသည့်အမြင်များကို ပြောဆိုရာတွင် သုံးလာခဲ့ကြခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သတင်းနှင့် ဆောင်းပါးများ ရေးရာတွင် အသုံးများလာပြန်ရာ ထိုကာလတွင် အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်းများ အကြောင်း ပြောဆိုရာတွင် အထူးသဖြင့် သုံးစွဲခဲ့သည်။ ၁၉၆၀ ခုနှစ်နှင့် ၁၉၇၀ ခုနှစ်များတွင် “အုပ်စုချစ် ဝက်ထီးကောင်” (Male Chauvinist Pig)[8] ဟူသော အသုံးအနှုန်းသည် ပေါများလာခဲ့သော်လည်း နောက်ပိုင်းတွင် ထိုစကားလုံးအစား လိင်ခွဲခြားသူ၊ အမျိုးသမီး မုန်းတီးရေးသမား စသည့်အသုံးအနှုန်းများကို ပိုမြင်လာရသည်။
ပြန်ချုပ်ရလျှင် Chauvinism သည် ငါတို့အုပ်စုက ပထမဟူသော စိတ်ထားကို ရည်ညွှန်းသဖြင့် လူမျိုးကြီးဝါဒဟူသည့် ဝေါဟာရကို ဘာသာပြန်ရာတွင် နီးစပ်သည့်တိုင် ခြုံငုံမိသောသဘော မဟုတ်ပေ။ အခြား လက္ခဏာများကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
(၂) အမျိုးသားလူထုကို အကောင်းမြင် အချစ်လွန်ခြင်း (National narcissism)[9]
လူတဦးသည် ကိုယ့်ကိုကိုယ် အကောင်းမြင်လွန်းသည့်အခါတွင် ကိုယ်ဘာလုပ်လုပ် မှားသည်ဟုလည်း မထင်ကြ။ ထိုအခါ အမှားအယွင်းလုပ်ဖြစ်သွားလျှင်ပင် ဆင်ခြေမျိုးစုံဖြင့် အကြောင်းပြချက်များ ရှာကြ ပေးကြသည်။ တခါတလေ ကိုယ်တိုင်ကပင် တမင်ရှာနေစရာ မလိုတော့၊ စိတ်က အကြောင်းပြချက် ရှာဖွေပြီး အလိုလိုပင် ဆင်ခြေများ ဖန်တီးနေတော့သည်။ ထိုအတိုင်းပင် မိမိလူမျိုး၊ အမျိုးသားလူထုကို အကောင်းအမြင် လွန်သွားလျှင် နိုင်ငံ၏ စပွန်ဆာပေးမှုများနှင့် ဆုံးဖြတ်ချက်များအတွက် အကြောင်းပြချက် ယုတ္တိအမျိုးမျိုး ထွက်လာတော့သည်။ အမှားရှိသည်ကို ဝန်မခံတော့ပေ။ မိမိတို့က ဂျီနိုဆိုက်ကို ထောက်ခံခဲ့မိလျှင်ပင် ဆင်ခြေများ ရှာပေးရန် မခက်တော့ချေ။
အမျိုးသားလူထုကို အကောင်းမြင်လွန်းခြင်းမှ အခြားသူများထက် ပို၍သာသည်ဟု ပုံစံ အမျိုးမျိုး တွေးလေတော့သည်။ မိမိတို့ “မဟာ” လူမျိုးကြီး (Glorified) ဖြစ်ကြောင်းပြဖို့အတွက် ကြိုးစားကြလေသည်။ ယဉ်ကျေးမှုတွင် မည်မျှမြင့်သည်ဆိုသည့်အကြောင်း၊ စစ်ရေးမည်မျှ အောင်မြင်ခဲ့သည်ဟူသည့်အကြောင်း၊ သမိုင်းတွင် မည်သို့ထွန်းပေါက်ခဲ့သည့်အကြောင်းများကို အထူးပြု ပြောကြလေသည်။ ဝေဖန်သည့်အခါ မကျေနပ်ကြပဲ ဆင်ခြေမျိုးစုံပေး၍ သူများလူမျိုးထက် မြင့်ကြောင်းကို ပြောကြသည်။ ထိုစိတ်သည် လူတဦး တယောက်စီတွင်လည်း ရှိသည့်အပြင် လူမျိုးတခု၏ လက္ခဏာနှင့် လူမှုအစီအစဉ်များတွင် ထင်ဟပ်သည်ကို တွေ့ရနိုင်သည်။
အမှန်တွင်တော့ လူမျိုးတိုင်းလိုလိုတွင် မိမိလူမျိုးကို ဂုဏ်ယူသည့်လက္ခဏာများ ရှိကြသည်ချည်း ဖြစ်သည်။ သို့ရာတွင် ဂုဏ်ယူခြင်းနှင့် ထောင်လွှားခြင်းနှစ်မျိုးက ကွဲပြားအောင်တော့ ကြည့်ရပါမည်။ မိမိတို့က သူများနှင့်မတူ ထူးကဲသည်။ သူများလူမျိုးတွင် ဆိုးသွမ်းသော လက္ခဏာများရှိပြီး မိမိတို့လူမျိုးတွင် မရှိဟု စဉ်းစားသည်။ မိမိတို့လူမျိုးမှ လူများသည် မွေးလာသည်နှင့် မြင့်မြတ်မှုကို အမွေဆက်ခံပြီးသားဟု တွေးကြသည်။ ယုတ္တိရှုထောင့်မှ Fundamental Attribution Error ဟု ခေါ်နိုင်သည်။[10] အကျိုးဆက်အားဖြင့် မိမိတို့လူမျိုးသည် အခြားလူမျိုး၏ အရေးအရာများကို ဝင်ရောက် ထိန်းကွပ်ပေးနိုင်သည်ဟု ယူဆပြီး အကိုလို၊ အဖေလို စဉ်းစားချက်များ ပေါ်လာကြသည်။
လူမျိုးကို အချစ်လွန်မှုများ အသိုက်အမြုံအတွင်း ကြီးထွားလာသည့်အခါ လူကြိုက်များမှုကို လိုက်သည့် နိုင်ငံရေးသမားများ နေရာရဖို့ လမ်းပေါက်များ ပွင့်လာသည်။ သူရဲကောင်းဝါဒက ထိုအချက်ကို ပိုဆိုးစေသည်။ အမေရိကန်တွင် သမ္မတ ဒေါ်နယ်ထရမ့်ကဲ့သို့ လူကြိုက်မှုနောက်လိုက်သည့် ခေါင်းဆောင်များ နေရာရလာခြင်းသည် နမူနာတခုဖြစ်သည်။[11] အမျိုးသားအကျိုးစီးပွား ထိခိုက်ခံရသည်ဟု အဆိုပြုပြီး ယင်း အကျိုးစီးပွားကို ကာကွယ်ရေး “Make America Great Again” ဟုဆိုကာ ရှိရင်းစွဲ နိုင်ငံရေး အစီအစဉ်ကို စိန်ခေါ်ရင်း အာဏာရလာသည်။ နိုင်ငံကို ကာကွယ်ကယ်တင်နိုင်သော လူတဦးအနေဖြင့် သူရဲကောင်းပုံ ပြသသည်။ ထိုသဘောတရားကို ယနေ့ ကမ္ဘာ့နေရာအနှံ့တွင် တွေ့နေရသည်။
နောက်ထပ်လက္ခဏာတခုမှာ အခြားသူများကို ကပ်ပါးများ၊ မိစ္ဆာများသဖွယ် ကြည့်ကြခြင်း ဖြစ်သည်။ ယဉ်ကျေးမှုများ အနည်းမျှ မတူကွဲပြားသည်ကို အများကြီး ကွဲပြားသလို လုပ်တတ်ကြသည်။ အချို့သော ခေါင်းဆောင်များမှာ လူမျိုးခြားကြောက်မှုကို တွေ့ရနိုင်သည်။ လူမျိုးခြားများကို ပိုမိုမယုံကြည်မှုကြီးပြီး ရန်လိုစိတ်ရှိတတ်သည်။ မိမိကို ဖိနှိပ်သည့်သူများကို ရန်လိုမှုမျိုးကို ဆိုလိုသည်မဟုတ်ပဲ လွတ်လပ်သည့် လူမျိုး၊ ဂုဏ်သရေတူသည့်လူမျိုး အချင်းချင်းရန်လိုတတ်ကြခြင်းကို ဆိုလိုပါသည်။ သတင်းအချက်အလက်များကို မျိုးစုံပုံစံပြောင်းကာ လူထုကို ရန်တိုက်နိုင်သောခေတ်တွင် လူမျိုးကို အချစ်လွန်ခြင်းသည် သတိထားစရာ ဖြစ်လာရသည်။ ယနေ့ခေတ် ဆိုရှယ် မီဒီယာက ပိုမိုဆိုးရန် မီးထိုးပေးလေသည်။
(၃) ဖက်ဆစ်စနစ်၏ လက္ခဏာများ တွေ့ရခြင်း
ဖက်ဆစ်စနစ်ဟုဆိုလျှင် လူမျိုးရေးနှင့် ဆက်စပ်သည်ဟု အထင်မှားကြသည်။ ဖက်ဆစ်စနစ်၏ ဖခင်များမှာ အီတလီအာဏာရှင် မူဆိုလီနီနှင့် သူ့ပညာရေးဝန်ကြီး ဂျီအိုဗာနီ ဂျန်တီလီတို့ ဖြစ်သည်။ မူဆိုလီနီ ငယ်စဉ်က မက်စ်စာပေ၊ လက်ဝဲစာပေများကို လေ့လာသူဖြစ်သည်။ မက်စ်၏ ဟောကိန်းဖြစ်သည့် နိုင်ငံတကာ အလုပ်သမားတော်လှန်ရေးကြီး ပေါ်မလာခြင်းနှင့် နိုင်ငံတကာဝါဒ၏ အလုပ်မဖြစ်မှုများကို မကျေလည်သူ ဖြစ်သည်။
အထူးသဖြင့် လက်ဝဲဝါဒတွင် ဘူဇွာနှင့် တောင်သူအလုပ်သမား လူထုဟု ခွဲခြားလျှင် တိုင်းပြည်၏ အင်အားကိုသာ ခွဲခြားရာရောက်မည်။ တိုင်းပြည်ကြီး အားကောင်းရန် လိုသည်၊ ထို့ကြောင့် နိုင်ငံရေး အမြင်တခု ဖန်တီးရန်လိုသည်ဟု ယူဆသည့်အလျောက် ဖက်ဆစ်စနစ်အား ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဖက်ဆစ်စနစ်၏ အနှစ်သာရမှာ “ညီညွတ်ကြ” (Fascio – Unity) ဟု ဆိုလိုခြင်းဖြစ်သည်။ ထင်းစည်းပုံစံကို သင်္ကေတ အမှတ်အသားအဖြစ် သုံးသည်။ အထူးသဖြင့် ၁၉၃၀ ကျော် ကာလများတွင်ပြောသည့် မူဆိုလီနီ၏ မိန့်ခွန်းများတွင် အီတလီနိုင်ငံသည် လူမျိုးဘာသာ ကွဲပြားခြင်းကို လက်မခံ၊ တသားတည်း တစုတည်းသာ ဖြစ်ရမည်ဟု ပြောသည်။ ၁၉၂၂ က ဟောခဲ့သော သူ့စကားအတိုင်း ပြောရလျှင် “ငါတို့သည် ငါတို့၏ ဒဏ္ဍာရီကို ဖန်တီး၍ပြီးပြီ။ ယင်း ဒဏ္ဍာရီသည် ယုံကြည်ချက်ဖြစ်သည်။ ထိန်း၍ပင်မရသည့် ခံစားချက်လားရာဖြစ်သည်။ ထိုဒဏ္ဍာရီသည် အမှန်တရား ဖြစ်စရာမလို။ ထိုဒဏ္ဍာရီသည် ငါတို့နိုင်ငံနှင့် လူမျိုး၏ ကြီးကျယ်မြင့်မားမှု ဖြစ်သည်။ ငါတို့အတွက် အလုံးစုံအပြည့်အဝ တကယ်ဖြစ်လာစေရမည့် ထိုဒဏ္ဍာရီမှာ၊ ထိုမြင့်မားမှုမှာ ငါတို့၏ အရာအားလုံးကို မြှုပ်နှံဆည်းကပ်ရမည်” ဟူ၍ ဖြစ်သည်။[12]
လူမျိုးကြီးအမြင်သည် ထိုကဲ့သို့သော အမြင်မျိုးပင်ဖြစ်သည်။ လူမျိုးနှင့် နိုင်ငံရေးစုဖွဲ့မှု ဒဏ္ဍာရီတခု ဖန်တီးထားသည်။ ထိုဒဏ္ဍာရီသည် မှန်ရန်မလို။ ဗမာတို့အတွက် ပထမ မြန်မာနိုင်ငံ၊ ဒုတိယ မြန်မာနိုင်ငံ၊ တတိယ မြန်မာနိုင်ငံ စသည်ဖြင့် ပဏ္ဏာဆက်နိုင်ငံများကို ထည့်သွင်းရေတွက်ကာ အင်ပါယာများဟု ယူဆခြင်းသည် လည်းကောင်း၊ အခြားလူမျိုးတို့အတွက် မြို့ပြနိုင်ငံငယ်များကို တကယ့် နိုင်ငံကြီးများသဖွယ် ရေးသားခြင်းသည်လည်းကောင်း၊ အမျိုးသားဒဏ္ဍာရီများဖြစ်သည်။ ထိုဒဏ္ဍာရီများကို အခြေခံပြီး နယ်မြေများ သတ်မှတ်ခြင်းသည် ဦးနှောက်ဆေးမှု အောင်မြင်ခြင်းတမျိုးဖြစ်ပေသည်။
(၄) အတွင်းဘက်လှိုက်စားသော ကိုလိုနီစနစ်၏ လက္ခဏာများ တွေ့ရခြင်း
ကိုလိုနီစနစ်ဟု ပြောလိုက်လျှင် အများအားဖြင့် ပင်လယ်ရပ်ခြားရှိ နိုင်ငံများကို အုပ်စိုးသည့် “Salt Water Colonialism” ကို သိတတ်ကြသည်။ သို့ရာတွင် လူသိနည်းသော မျဉ်းပြိုင်နိုင်ငံရေးအမြင်မှာ နိုင်ငံ အတွင်းဘက်သို့ ကိုလိုနီပြန်ပြုကြခြင်းဖြစ်သည်။ ယင်းသီအိုရီသည် နိုင်ငံတခုတည်း အတွင်းမှာပင် လူထုကြား အာဏာချိန်ခွင်လျှာ မညီခြင်း၊ လူထုတခုကို ပစ်မှတ်ထား၍ အမြတ်ထုတ်ခြင်းကြောင့် ကိုလိုနီအပြုခံရသည့် လူထုများနှင့် ကိုလိုနီပြုနေသည့် လူထုများ ပေါ်လာကြသည်။
ကိုယ့်လူထုကို ပြန်ပြုသည့် ကိုလိုနီစနစ်တွင် စိုးမိုးသည့် လူမှုရေးအမြတ်ထုတ်ခံရသည့်၊ ဘေးဖယ် ခံရသည့် လူထုများရှိလာသည်။ လူမျိုးကြီး၊ လူမျိုးစု၊ ဘာသာရေးနှင့် ပထဝီဒေသဆိုင်ရာ အခြေအနေများကို အခြေခံပြီး ဘေးထုတ်ခံရခြင်း၊ အမြတ်ထုတ်ခံရခြင်းများ ရှိနိုင်သည်။ အမြတ်ထုတ်ရာတွင် အရင်းမြစ်များကို သိမ်းဆည်းခြင်း၊ အားနည်းသူများအတွက် ခွဲတမ်းရယူနိုင်မှုမှ ကန့်သတ်ခြင်း၊ စနစ်သုံး၍ ဖိနှိပ်ခံရသည့် နေရာတွင်ပင် ရှိနေစေရန် ဖန်တီးထားခြင်းများ ရှိကြပြီး ဖိနှိပ်သူများအပေါ် မှီခိုနေရစေရန် အမြဲပြုလုပ် ထားတတ်ကြသည်။ ဥပမာအားဖြင့် လူမျိုးတမျိုးသည် မိမိတို့၏ ဓနဥစ္စာဖန်တီးမှုအတွက် မိမိနယ်မြေနှင့် အရင်းအမြစ်များကို သုံးစွဲနိုင်ခြင်းမရှိစေပဲ အခြားလူမျိုးခေါင်းဆောင်များ၊ အဖွဲ့များ ကို မှီခိုရစေသည့်သဘော ဖြစ်နိုင်သည်။
ယင်းကို အတွင်းဘက်လှိုက်စားသည့် ကိုလိုနီဝါဒ (Internal Colonialism) ဟု ခေါ်သည်။[13]
အတွင်းဘက်ကိုလိုနီစုဖွဲ့မှုတွင် စီးပွားရေးအမြတ်ထုတ်ခြင်း ရှိနိုင်သည်။ အမြတ်ထုတ်ပြီး စီးပွားရေး အကျိုးအမြတ်များကို ရှာဖွေခြင်း၊ ဒေသအတွက် ဖွံ့ဖြိုးမှုကို လုံလောက်အောင် ပြန်လည် ရင်းနှီးမြှုပ်နှံမှု မရှိခြင်း၊ ကုန်သွယ်ရေး ဖလှယ်ရောင်းဝယ်မှု တဘက်စောင်းနင်း ဖြစ်ခြင်းများ ပါဝင်နိုင်သည်။ အထင်ရှားဆုံး ဥပမာပေးချက်မှာ သယံဇာတ စီမံခန့်ခွဲမှုဖြစ်သည်။ နမူနာမှာ ၁၉၉၄ ခု မြန်မာ့ကျောက်မျက်ရတနာဥပဒေ[14] နှင့် နောက်ဆက်တွဲပြင်ဆင်ချက်များသည် နိုင်ငံအတွင်းရှိ ကျောက်စိမ်းနှင့်ရေနံအပါအဝင် တန်ဖိုးကြီးသယံဇာတ အားလုံး၏ ပိုင်ဆိုင်မှုကို နိုင်ငံတော်အစိုးရထံတွင် ဗဟိုပြုထားသည်။ ဤဥပဒေများကြောင့် ကချင်ပြည်နယ် ကဲ့သို့သော ဒေသများသည် မိမိတို့၏ သယံဇာတများမှ ရရှိသည့် အကျိုးအမြတ်အပေါ်တွင် ပြဋ္ဌာန်းစီမံခန့်ခွဲခွင့် ဆုံးရှုံးပြီး၊ ဝင်ငွေအများစုမှာ နေပြည်တော်ရှိ ဗဟိုအစိုးရနှင့် စစ်တပ်နှင့် နီးစပ်သော ကုမ္ပဏီများထံသို့သာ စီးဝင်သွားသည်။ ပညာရေးနှင့် မြေယာအပိုင်စိုးမှုများကိုတော့ ရှေ့အခန်းများတွင် ဆွေးနွေးပြီး ဖြစ်ပါသည်။
အတွင်းဘက်ကိုလိုနီ စုဖွဲ့မှုတွင် ဘေးကိုဖယ်ထုတ်ခံရသည့် အုပ်စုများအနေဖြင့် အဓိပ္ပာယ် အနှစ်သာရရှိရှိ နိုင်ငံရေးတွင် ပါဝင်နိုင်ခြင်း မရှိအောင် ပိတ်ပင်ထားသည်ကိုလည်း တွေ့နိုင်သည်။ နိုင်ငံရေး ပါဝင်ရ ခက်ခဲစေရန် ပြုလုပ်သည့် နည်းလမ်းများအနက် အချို့မှာ မဲဆန္ဒရှင်များကို ဖိနှိပ်ခြင်း၊ တကယ်တမ်း ကိုယ်စားပြုမှုကို မရအောင် ပြုလုပ်ခြင်း၊ လူထုတခုကို ပိုကြီးမားသည့် မဲဆန္ဒနယ်အတွင်း ထည့်သွင်း ရေးဆွဲပစ်လိုက်ကာ မိမိလိုလားသူသာ အနိုင်ရစေခြင်း စသည်တို့ ဖြစ်သည်။ ယဉ်ကျေးမှုတွင်လည်း လူနေမှု၊ ဘဝနေနည်း၊ ယဉ်ကျေးမှု အသုံးအဆောင် ပြယုဂ်များနှင့် ဘာသာစကားများကအစ အားကြီးသူတို့က အားနည်းသူတို့ထံ သွတ်သွင်းကာ မိမိတို့နှင့် တူလာအောင်လုပ်သည့်နည်းနာများလည်း ရှိသည်။ ပညာရေး ကျောင်းစာများ၊ သတင်းအချက်အလက် မျှဝေရာ ဌာနနှင့် စာစောင်များ၊ မီဒီယာများတွင် ထိုအမြင်ယူဆမှု လမ်းကြောင်းအတိုင်း ဖော်ပြတတ်သည်ကိုလည်း မြင်ရနိုင်သည်။
လူမှုရေး တည်ဆောက်ပုံ မာကျောပြီး အဆင့်အတန်းခွဲခြင်း၊ တက်ရဆုတ်ရ ခက်ခဲခြင်းများမှာလည်း လူထုများ ကိုလိုနီပြုခံထားရသည့် လက္ခဏာ ဖြစ်နိုင်သည်။ အကယ်၍ ရာထူး၊ ဌာနန္တရ၊ အာဏာပုံစံများ ကြည့်လိုက်လျှင် အားကောင်းသည့် လူထုမှ ကိုယ်စားပြုမှုများ အချိုးမညီ များပြားနေပြီး အားနည်းပြီး ထိခိုက်လွယ်သူများက ရာထူး၊ ဌာနများတွင် ကိုယ်စားပြုမှု စစ်စစ်မှန်မှန် ရရှိရန်မလွယ်ပဲ အတားအဆီးများ ဖြစ်နေနိုင်သည်။
အတွင်းဘက်ကို ကိုလိုနီပြန်ပြုသည့် ဥပမာများအနေဖြင့် မြောက်အမေရိကတိုက်ရှိ ဌာနေ တိုင်းရင်းသားလူထုများကို လူဖြူများက စိုးမိုးထားခဲ့မှုများကို ဥပမာ ပေးကြသည်။ ဌာနေ တိုင်းရင်းသား လူထုများ၏ ကလေးများကို ကျောင်းများသို့ အတင်းခေါ်ပြီး ယဉ်ကျေးမှု သွတ်သွင်းခြင်းများ ရှိခဲ့သည်။ ကနေဒါ နိုင်ငံတွင် ထိုဖြစ်စဉ်ဖြစ်ခဲ့သည့် ၁၈၈၀ ကျော် ကာလများမှ ၂၀ ရာစုကာလများအတွင်း ကလေး တသိန်းခွဲခန့် မိသားစုများထံမှ ခေါ်ယူခံရသလို ကလေး ၆၀၀၀ ခန့် သေဆုံးခဲ့သည်ဟု မှန်းရသည်။[15] ထို့အပြင် အမေရိကန် ပြည်ထောင်စုတွင်လည်း ဌာနေတိုင်းရင်းသားတို့အတွက် ဖယ်ထားပေးသော နေရာများ ရှိသည့်တိုင် အရင်းအမြစ်နည်းပါးပြီး စီးပွားရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးရေးအတွက် လုံလောက်စွာ လုပ်ရန် အကန့်အသတ် ရှိပေသည်။ သို့ရာတွင် ခွဲခြားဆက်ဆံမှုခံရတိုင်း ကိုလိုနီစနစ်ဟု ထိုးချသမုတ်ရန် မဟုတ်ပေ။ လူမျိုး၏ ယဉ်ကျေးမှု၊ သမိုင်းကြောင်း၊ ဘာသာစကားနှင့် တူတူနေချင်စိတ် အားလုံးကို ထည့်သွင်း စဉ်းစားရန် လိုသည်။ လူတို့၏ သရုပ်သဏ္ဍာန်များကို အလွန် အာရုံထားပြီး လူထုစည်းလုံးမှုကို ကွဲပြားစေရန်လည်း မလုပ်အပ်ပေ။ သို့သော် အတွင်းဘက်ကို ကိုလိုနီ ပြန်ပြုခြင်းသည် သမိုင်းတွင်းသာ ရှိခဲ့သည့်ပုံစံလည်း စဉ်းစား၍မရသေးပေ။
(၅) နိုင်ငံရေးဗိုလ်ကျစိုးမိုးခြင်း၏ လက္ခဏာများ တွေ့ရခြင်း
နိုင်ငံရေးအရဗိုလ်ကျစိုးမိုးခြင်းသည် လူမျိုးကြီးဝါဒ၏ အဆိုးဆုံး၊ အထင်ရှားဆုံး လက္ခဏာတရပ် ဖြစ်သည်။ နိုင်ငံရေးဟူသည် အာဏာနှင့် ပဋိပက္ခတို့ ဆုံရပ်တွင် တည်ရှိသည်။ နိုင်ငံရေးသည် မည်သူက၊ မည်သည့်အရာကို၊ မည်သည့်အချိန်တွင်၊ မည်သို့ရမည်ကို သတ်မှတ်ခြင်း ဖြစ်သည်။ အကယ်၍ လူမျိုး တခုသည် မိမိတို့၏ကြမ္မာကို မိမိတို့ဘာသာ ဖန်တီးနိုင်ပါက မိမိတို့၏အုပ်စုတွင်းက အရင်းအမြစ် မျှဝေမှုများ၊ မိမိတို့ အုပ်စုတွင်းက အင်အားဖွဲ့စည်းမှုနှင့် ပဋိပက္ခများကို မိမိတို့ဘာသာ ဖြေရှင်းနိုင်လိမ့်မည်။ လမ်းကြောင်း ရှာဖွေနိုင်လိမ့်မည်။
သို့ရာတွင် မိမိတို့နှင့် ဘာသာစကားမတူ၊ သမိုင်းမတူ၊ စုဖွဲ့မှုမတူ၊ လူနေမှုမတူသည့် သူများက မိမိတို့၏ အရင်းအမြစ် မျှဝေမှုကို လက်ဝါးကြီးအုပ်ထား၊ စိုးမိုးထားပါက မိမိတို့ကြားရှိ ဝိရောဓိများ ဖြေရှင်းရန်လည်း ခက်ခဲပြီး အသိုက်အမြုံစိတ်များ တဖြည်းဖြည်း လျော့သွားကြလိမ့်မည်။ ယနေ့ခေတ် တိုင်းရင်းသားလူမျိုးတို့၏ မျိုးဆက်များသည် မိမိတို့၏ ဘာသာစကား၊ ယဉ်ကျေးမှု၊ လူနေမှုဘဝ၊ သမိုင်းနှင့် အသိုက်အမြုံတို့ကို “ငါတို့ပိုင်သည်၊ ငါတို့နှင့်ဆိုင်သည်” ဟူသောစိတ်များ ပျောက်ကွယ်ကုန်ခြင်းသည် ယင်းခြေအနေ၏ ဥပမာ တခုပင် ဖြစ်သည်။
လက်တွေ့တွင် နိုင်ငံတခုတည်း၌ နိုင်ငံရေးအရ ဗိုလ်ကျစိုးမိုးခြင်းနှင့် အတွင်းဘက် လှိုက်စားသည့် ကိုလိုနီဝါဒမှာ နှစ်ခုလုံး ရှိနိုင်သည်။ နိုင်ငံတခုနှင့် တခုကြားဆိုလျှင် နိုင်ငံရေးအရ ဗိုလ်ကျစိုးမိုးသည်ဟု အသုံးများပြီး နိုင်ငံတခုတည်းအတွင်း လူမျိုးတခုက နောက်ထပ်လူမျိုးတခု၏ အရင်းအမြစ်များကို မပေးတော့ပဲ ပိတ်ပင်လျှင် အတွင်းဘက်သို့လှိုက်စားသည့် ကိုလိုနီဝါဒဟု ဖွင့်ဆိုနိုင်သည်။ မိမိ၏ နိုင်ငံတွင်း ပြုလုပ်လျှင် လူမှုစီးပွား ထိန်းချုပ်မှုများ ပိုဖြစ်ပြီး အခြားနိုင်ငံများနှင့် ပြုလုပ်ပါက စီးပွားရေးနှင့် စစ်ရေး အားပြိုင်မှုများ အခြေပြုသည်။
'လူမျိုးကြီးဝါဒ' ၏ အကောင်အထည်ဖော်မှုသည် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်သော 'ဖိနှိပ် ချုပ်ချယ်သည့် အာဏာ' (Coercive Power) တခုတည်းအပေါ်တွင်သာ မူတည်နေခြင်းမဟုတ်။ ပိုမိုနက်ရှိုင်းပြီး ထိရောက်သည်မှာ 'ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်မှု' (Cultural Hegemony) ဖြစ်သည်။[16] ဤအာဏာပုံစံသည် ပညာရေးစနစ်၊ နိုင်ငံတော်မီဒီယာနှင့် အများပြည်သူဆိုင်ရာသင်္ကေတ (Public Symbols) များမှတဆင့် အလုပ်လုပ်သည်။ စံသတ်မှတ်ခြင်း အယူအဆကို လူထုက မေးခွန်းမထုတ်ဘဲ လက်ခံလာအောင် တည်ဆောက်ခြင်းဖြင့်၊ အင်အားသုံးစရာမလိုဘဲ တရားဝင်မှုကို ထိန်းသိမ်းထားနိုင်သည်။
လူထုတခုအဖို့ မိမိတို့၏ နိုင်ငံရေးအဆင့်အတန်းကို မိမိတို့ သတ်မှတ်နိုင်ရမည်ဟူသည့် အချက်မှာ ကုလသမဂ္ဂက သဘောတူထားပြီးသား နိုင်ငံတကာမူဘောင်၏ အခြေခံဖြစ်သည်။ အစိုးရများကမူ မိမိတို့ လိုချင်သည့်အချက်နှင့် ကိုက်ညီအောင် လူထုကို ဆွဲယူ၍ အဓိပ္ပာယ် ဖွင့်ဆိုကြသည်။ လူ့အသိုင်းအဝိုင်းတခု တည်ငြိမ်ရေးအတွက် ရှေးရှုကာ လူ့ဘောင်တခုကို တည်ဆောက်ကြခြင်း ဖြစ်သည်။ ထိုလူ့ဘောင်တွင် အချင်းချင်း စိုးမိုးဗိုလ်ကျမှု မရှိရန်၊ ရွေးချယ်နိုင်မှုကို ကန့်သတ် ပိတ်ပင်ခြင်း မရှိရန်လိုသည်။ လူထုတခုက နောက်လူထုတခု၏ အရေးအရာများကို ကိုယ့်ဘာသာ စီမံခန့်ခွဲခြင်းအား ထိန်းချုပ်ပြီး ထိုသို့ ထိန်းချုပ်မှုမှ အကျိုးအမြတ်ရခြင်းသည် နိုင်ငံရေးစိုမိုးခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဗမာလူမျိုးကြီးဝါဒမရှိပါဟု ငြင်းပယ်ကြသူ အများစုအဖို့ ထိုကိစ္စကို နားလည်ရန် ခက်ခဲနိုင်သည်။ အမျိုးသားလူထုကို အခြေခံသော စုဖွဲ့မှုတိုင်းသည် ဗမာလူနေမှု၊ ဗမာစာပေ၊ ဗမာစကား၊ ဗမာယဉ်ကျေးမှုတို့ကို ငြင်းပယ်ခြင်းမရှိသည့်အတွက် ဗမာ့သမိုင်းကိုသာသိပြီး ဗမာစကားပြောသော လူမှုအသိုင်းအဝိုင်းတခုလုံး၏ အုတ်မြစ်ကို ခြိမ်းခြောက်ခြင်း မခံကြရပေ။ တိုင်းရင်းသား လူမျိုးတို့မှာမူ လူများစုအခြေခံ စုဖွဲ့မှုများမှ အုတ်မြစ်ကို ခြိမ်းခြောက်ခံကြရသည့်အတွက် အမျိုးသားလူထုကို အခြေခံ၍ စုဖွဲ့လိုသည်။ ထိုသို့စုဖွဲ့ရန် ကြံလိုက်သည်နှင့် တိုင်းရင်းသားနိုင်ငံရေးအဖွဲ့၊ တိုင်းရင်းသားပါတီ၊ တိုင်းရင်းသား တပ်တော်တို့သည် နိုင်ငံကောင်းကျိုးကို ဖျက်ဆီးသူများသဖွယ် ပုံဖော်ခံရပြီး တရားဝင်မှုကို ငြင်းပယ်ကြ၏။
တနည်းပြောရလျှင် ဗမာတို့အဖို့ စုပေါင်းထားသော ကိုယ့်ကြမ္မာကိုယ်ဖန်တီးမှုကို တနိုင်ငံလုံးတွင် ဖြန့်ကျက်၍ ရှိနိုင်သော်လည်း တိုင်းရင်းသားတို့အဖို့ စုပေါင်းထားသော ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမှုအတွက် နေရာဒေသကို ရှာ၍မရပေ။ စီရင်ရာနယ်မြေ (Jurisdiction) မရှိပဲလည်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး၍ မရပေ။ သမိုင်းဇစ်မြစ်နှင့် ကိုးကွယ်ယုံကြည်ရာ အခြေတည်သော ဌာနေဒေသများတွင်ပင် ဌာနေတိုင်းရင်းသားတို့ အရင်းအမြစ်များကို စီမံခန့်ခွဲ၍ မရပေ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရသေးပေ။ ကျောက်စိမ်းတွင်း၊ ရေနံတွင်း၊ ရေအားလျှပ်စစ်စီမံကိန်းများအနားတွင်နေကာ လူ့ဂုဏ်သိက္ခာကို ချိုးဖောက်ခံနေရပြီး စီးပွားရေး လုပ်မရ၊ မီးမလာ၊ လမ်းမကောင်း ဖြစ်နေကြသည်မှာ နိုင်ငံရေးစိုးမိုးမှုကြောင့်ပင် ဖြစ်သည်မဟုတ်လား။ ထိုဒေသ၏ လူနေမှုနှင့် အရင်းအမြစ်များ အနာဂတ်ကို ဒေသခံ လူထုကိုယ်တိုင် မဆုံးဖြတ်နိုင်သေးသမျှ၊ ထိုဒေသကို မချစ်သူ တန်ဖိုးမသိသူ၊ ရောက်ပင်မရောက်ဖူးသူတို့က ပိုပြီးအုပ်ချုပ်နိုင်သမျှ ဒီမိုကရေစီလည်း မဟုတ်ပေ။
(၆) ယဉ်ကျေးမှုဗိုလ်ကျစိုးမိုးခြင်း၏ လက္ခဏာများ တွေ့ရခြင်း
ယဉ်ကျေးမှုဆိုသည်ကို လူမျိုးတခု၏ ဘဝနေနည်း၊ လူမျိုးတခု၏ ဇစ်မြစ်နှင့် ဆက်စပ်သော သရုပ် သညာအဖြစ် ဆွေးနွေးရမည် ဖြစ်သည်။ ယဉ်ကျေးမှုတိုင်းသည် အမြဲတမ်း ခေတ်မီနေသည်မဟုတ်။ ယဉ်ကျေးမှုသည် မပြောင်းပဲ ရှိသည်မဟုတ်။ ယဉ်ကျေးမှုသည် အမြဲတမ်း လွတ်လပ်မှု၊ တရားမျှတမှုကို ပေးနိုင်မည်မဟုတ်။ ယဉ်ကျေးမှုတိုင်းသည် အနှစ်သာရတိတိကျကျဖြင့် မူလအတိုင်း တည်ရှိမည် မဟုတ်ပေ။ သို့သော် ယဉ်ကျေးမှုသည် လူတို့ကို အသိုက်အမြုံစိတ်၊ လူမှုရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှု နှင့် ဇစ်မြစ် သမိုင်း လိုအပ်ချက်များကို ထောက်ပံ့ပေးသည်။
ယဉ်ကျေးမှုသည် ဘာကိုပေးနိုင်ပြီး၊ ဘာကို မပေးနိုင်ဟူသည့် အခြေခံများကိုလည်း နားလည်ရန် လိုသည်။ လူသည် မိမိတို့၏ “ငါ” ဟူသည့် သရုပ်သကန်ကို ရှင်းပြရန်အတွက် ဇာတ်အိမ်၊ ဇာတ်ကြောင်းများ လိုအပ်သည်။ ယဉ်ကျေးမှုဗိုလ်ကျ စိုးမိုးမှုကို ခံရသည့်အခါ မိမိတို့ကို ငြင်းပယ်သည်ဟု ခံစားကြရပြီး မိမိတို့ ဇစ်မြစ်ကို မိမိတို့ထံမှ ဆွဲထုတ်သွားသည်ဟု ခံစားကြရလေသည်။ ထိုအခါတွင် သိမ်ငယ်မှု၊ အလိုမပြည့်မှု စသည်တို့ ခံစားကြရသည်။ ယဉ်ကျေးမှု စိုးမိုးသည့် လူမျိုးကြီးများကမူ ထိုကဲ့သို့သော ခံစားရမှုသည် ခေတ်နောက်ကျကြောင်း၊ အဓိပ္ပာယ်မရှိကြောင်း၊ မိမိတို့ပုံစံသို့ လိုက်ပြောင်းလျှင် အဆင်ပြေမည် ဖြစ်ကြောင်း ပြောကြပေသည်။
ယဉ်ကျေးမှု စိုးမိုးခံရမှု ရှိမရှိ တိုင်းတာရန်မှာ ရှုထောင့်အမျိုးမျိုး ရှိသော်လည်း များစွာ မခက်လှပေ။ မိမိတို့၏ မိခင် ဘာသာစကားကို မိမိတို့ ပြောဆိုရမှု၊ ထိုမိခင်စကားဖြင့် ပညာသင်ကြားခွင့် (အနိမ့်ဆုံး မူလတန်း ကျောင်းနေစတွင် ကလေးနားလည်သည့်စကားဖြင့် ပညာစတင်နိုင်မှု)၊ မိခင်ဘာသာစကားဖြင့် မီဒီယာနှင့် သတင်းအချက်အလက်များ ရရှိနိုင်မှု၊ ယဉ်ကျေးမှု ပွဲတော်နှင့် အခမ်းအနားများ ကျင်းပနိုင်မှု၊ ယဉ်ကျေးမှု အလေ့အထများ ကျင့်သုံးနိုင်မှု၊ မိမိတို့ သမိုင်းကို မိမိတို့ လွတ်လပ်စွာ ပြောဆိုရေးသားနိုင်မှု၊ ရုပ်ရှင်နှင့် မီဒီယာများတွင် မိမိတို့အကြောင်းကို မှားယွင်းလမ်းလွဲ အထင်သေးစေမည့် ပုံရိပ်များ ကင်းစင်မှု စသည်ဖြင့် ကြည့်နိုင်သည့် အချက်များစွာရှိသည်။ စိုးမိုးသော ယဉ်ကျေးမှုများက အလှတရား၊ ပညာဉာဏ်၊ အတွေးအမြင်နှင့် အောင်မြင်သော ဘဝကို တိုင်းတာမည့် စံနှုန်းများကို သတ်မှတ်ပေးရုံမျှဖြင့် မရနိုင်ပေ။
စင်စစ်တွင်လည်း ယဉ်ကျေးမှုသည် အပြန်အလှန် မျှဝေကူးစက်သည့်သဘော ရှိသည်သာ ဖြစ်သည်။ ယဉ်ကျေးမှုထိန်းသိမ်းရေးဟူသည့် ခေါင်းစဉ်အောက် ယဉ်ကျေးမှုကင်ပေတိုင်အဖွဲ့များကတော့ မရှိသင့်ပါ။ လူသားတို့၏ ဖြစ်တည်မှုကို လက်ခံကာ ဘဝနေနည်းနှင့် ယဉ်ကျေးမှုများကို လေးစားရင်း၊ ပြုပြင်ပြောင်းလဲဖို့ လိုသည်များကို မိမိတို့ဘာသာ ကိုယ့်ပိုင်ပြဋ္ဌာန်း ပြုပြင် ပြောင်းလဲရမည် ဖြစ်ပေသည်။
(၇) သမိုင်းကို မေ့ပစ်ခြင်းနှင့် ငြင်းပယ်ခြင်း (Historical Amnesia and Negativism)
လူမျိုးကြီးဝါဒကို အကောင်အထည် ပေါ်စေလိုလျှင် ဝါဒဖြန့်ချိရေးများ လုပ်ရသည်။ အဓိကမှာ လူထု၏ သမိုင်းအပေါ်တွင် မြင်သည့်အမြင်နှင့် သမိုင်းကို နားလည်ပုံကို ပြင်ကိုပြင်မှရသည်။ မိမိတို့၏ အမျိုးသားရေး ဂုဏ်သိက္ခာကိုသာမက မိမိတို့၏ “ကြီးမြတ်ခဲ့သော သမိုင်း” များကို ပြောရသည်။ အမှားအယွင်း လုပ်ခဲ့သည့် ဖြစ်ရပ်များကို မေ့ပစ်ဖို့ လုပ်ကြရသည်။ အချို့သမိုင်းများကို အဖြစ်မှန်နှင့် ကွဲလွဲ၍ ကိုယ့်အမှား မပေါ်အောင် ပြန်ရေးရသည်။ သူများနယ်မြေများကို ကျူးကျော်မိခဲ့လျှင် အကြောင်းပြချက်များ ရှာရသည်။ အတိတ်ကို အလွန်အမင်းကျက်သရေရှိအောင် မွမ်းမံကြရသည်။ စာသင်ကျောင်းများတွင် အစိုးရက သင်ကြားသည့် သမိုင်း သင်ခန်းစာများသည် လူထုတခုလုံးက သမိုင်းအမှန်ကို မေ့ပစ်ရေး အစီအမံအတွက် အရေးပါသည်။
လုပ်စားကိုင်စား နေ့စဉ်လူထုသည်ပင် မိမိတို့ ကြုံတွေ့ရသည့် ဘဝအဖြစ်အပျက်များကို ပြန်ပြောင်း စဉ်းစားပါက ရှင်းလင်းပြီး ဓမ္မဓိဋ္ဌာန်ကျအောင် မြင်နိုင်ကြသည်မဟုတ်ပေ။ ကွက်၍သာ မှတ်မိသော အရာများ များစွာရှိသည်။ အားကောင်းသော စိတ်ခံစားချက်များကို ဦးနှောက်က အဓိက မှတ်မိသည်။ သို့ရာတွင် စိတ်ခံစားချက် အားနည်းသော အကြောင်းအရာများကို ဦးနှောက်က မမှတ်ပေ။ ထို့ကြောင့် တူညီသော အကြောင်းအရာများကိုပင် တယောက်တမျိုး အမှတ်ရအောက်မေ့ကြသည်။ ယနေ့အိုင်တီခေတ်တွင်ပင် ယနေ့ဖြစ်သော အကြောင်းအရာကို တဦးနှင့်တဦး ပြောပုံ၊ မှတ်တမ်းတင်ပုံခြင်း မတူပေ။
သမိုင်းကို ရေးသားသည့်အခါ သမိုင်းဆရာ၏အမြင်သည် အမြဲတမ်းပါဝင်နေသည်။ ဟောပြောမှု တခုခုထဲမှ သမိုင်းကို ရေးကြသည်သာ ဖြစ်သည်။ သို့ရာတွင် ရှင်းလင်းပြီး အထင်အရှား အထောက်အထား ရှိပါလျှက် တခြားနည်းဖြင့် ပြောင်းပြောခြင်း၊ မေ့ပစ်ခြင်းဖြင့် မိမိတို့ အပြစ်ကို ဖုံးရန်၊ အားနည်းချက်ကို မှိန်စေရန်၊ မဟာသမိုင်းကြီးဟု အတင်းမီးမောင်းထိုးရန်များကတော့ ပြဿနာရှိသည့် အပြုအမူများအဖြစ် မှတ်ရမည်။ ယင်းနမူနာများကို ယခုချက်ချင်းပင် တွေ့ရနိုင်သည်။ စစ်တပ်သည် သူတို့လုပ်ခဲ့သည့် ဒုစရိုက် စစ်ရာဇဝတ်မှုများကို မလုပ်ခဲ့သည့်နှယ် ပုံပြနေတတ်သည်။
(၈) ခံရသူကို အပြစ်တင်ခြင်းနှင့် သမိုင်းတာဝန် ရှောင်လွှဲခြင်း (Victim Blaming & Historical Impunity)
နိုင်ငံရေးကို မတည်မငြိမ်ဖြစ်စေသည့် အကြောင်းအရင်းများထဲတွင် ခံရသူများကို အပြစ်တင်ခြင်းနှင့် သမိုင်းတာဝန်ကို ရှောင်လွှဲကြခြင်းများ ပါဝင်သည်။ ဥပမာအားဖြင့် လူဖြူလူမျိုးကြီးတို့သည် အာဖရိကမှ လူမည်းများကို ကျွန်များအဖြစ် အရောင်းအဝယ်များ ပြုခဲ့ကြပြီးနောက် မျိုးဆက်များကို နှိမ့်၍ ထားခဲ့သည်။ ထို့နောက် ဥပဒေများ ပြဋ္ဌာန်းပေးရုံမျှဖြင့် လူ့အခွင့်အရေး ရရှိပြီဟု ပြောလိုက်သော်လည်း တင်ပို့ခံရသော လူမည်းတို့၏ မျိုးဆက်များမှာ ဆင်းဆင်းရဲရဲဖြင့် ဘဝကို စကြရသည်။ အရင်းအမြစ်များလည်း ညီမျှခြင်း မရှိ။ ထို့ကြောင့် လူနေမှုစနစ် နိမ့်ပါးမှုနှင့် ကြုံတွေ့ရပြီး ဆင်းရဲမှု၊ ပညာမတတ်မှု၊ မူးယစ်ဆေးစွဲမှုများစွာ ဖြစ်လာသည်။ သို့သော် လူဖြူတို့က လူမည်းများကို ကိုယ်မကောင်းတာ ကိုယ့်တာဝန်ဟုသာဆိုပြီး ခံရသူကို ဆက်လက်ပြီး ဘေးဖယ်ဖိနှိပ်ထားမှုများ နေရာအများအပြားတွင် ရှိသေးသည်။
မြန်မာ့ဌာနေတိုင်းရင်းသားများ၏ ဖြစ်စဉ်မှာ လူမည်းတို့ထက် သာသည်က ကျွန်စနစ် မရှိခြင်း ဖြစ်သည်။ သို့ရာတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကတော့ ဒေသများအတွင်း ရှိနေပြီး စစ်ပွဲများနှင့် ကြုံနေရသည်မှာ နှစ် ၇၀ ပင်ရှိနေပြီး ယနေ့ထိလည်း စစ်မီးမငြိမ်းပေ။ စစ်လက်နက်၏ အဂတိကိုလည်း တော်လှန်ရေး အဖွဲ့အစည်းများအတွင်း အတော်ခံစားနေရပြီ ဖြစ်သည်။ အချောင်သမားများလည်း ရှိလာပြီ ဖြစ်သည်။ သို့ရာတွင် ထိုအချက်များကို ထောက်ပြီး ခံရသူများကို အပြစ်တင်၍မရနိုင်သလို၊ သမိုင်းမှ တာဝန်များကို ရှောင်လွှဲ၍ မရပေ။
သာမန်စီးပွားရေး လုပ်ငန်းတခုပင် အမှုဆောင်အရာရှိ ပြောင်းသွားရုံဖြင့် နောက်တက်သူ အမှုဆောင် အရာရှိက လုပ်ငန်း၏ အကြွေးကို ရှောင်၍မရပေ။ နိုင်ငံတွင်လည်း ထိုသဘောပင်ဖြစ်သည်။ နိုင်ငံရေးသမားတို့ လဲသွားရုံဖြင့် ညှိနှိုင်းခဲ့သမျှ ပစ်ချလိုက်၍ ရသည်လည်း မဟုတ်ပေ။ တာဝန်ကို ရှောင်လွှဲရန်အတွက် ထိခိုက် ခံစားရသူများထံ ပုံချလိုက်ခြင်းကလည်း ပြဿနာကို ပြေလည်စေသည်မဟုတ်ပေ။ ဖွဲ့စည်းတည်ဆောက်မှု မညီမျှမှုများကို မကြည့်ပဲ ရှောင်လွှဲ၍ နိုင်ငံရေးစနစ်ကောင်းတခုကို တည်ဆောက်ရန် မဖြစ်ပေ။
(၉) စီးပွားရေးအမြတ်ထုတ်ခြင်းနှင့် သယံဇာတ လုယူခြင်း
မိမိမပိုင်သော ပစ္စည်းတခုကို ယူငင်သုံးစွဲခြင်းသည် တရားမျှတသူတို့အလုပ် မဟုတ်ပေ။ လျှပ်စစ်သည် ယနေ့တွင် လူ့အခွင့်အရေး၏ တစိတ်တဒေသ ဖြစ်သည်ဟုပင် ဆိုနိုင်သည်။ ထိုသို့လျှပ်စစ် မီးလင်းရန် လောပိတရေအားလျှပ်စစ်ကို သုံးကြရသည်။ ထိုကဲ့သို့ သုံးရာတွင် မူလအရင်းအမြစ်ရှင် ကရင်နီဒေသ၌ မီးမလာချေ။ ထိုကိစ္စကိုလည်း သိကြသည်။ သို့သော် လျှပ်စစ်မီးသည် မိမိ၏ ရပိုင်ခွင့်ဟု ကျွန်ုပ်တို့အားလုံး တွေးခဲ့ကြသည်ကို တွေ့ရပါသည်။ တနိုင်ငံလုံးသုံးစွဲ၍ အကျိုးဖြစ်ထွန်းခဲ့သည်။ စီးပွားရေး လုပ်ငန်းများ ထိုမီးဖြင့် လည်ပတ်ခဲ့သည်။ ထိုအဖြစ်မျိုးသည် ကျောက်စိမ်း၊ ရေနံ၊ သတ္တု၊ ကျောက်မြတ် အရင်းအမြစ် အမျိုးမျိုးကို ထုတ်ယူသွားကြသော်လည်း နိုင်ငံတိုးတက်ရေး ခေါင်းစဉ်အောက်တွင် မြို့ကြီးများ ပိုမိုတိုးတက်ပြီး ချမ်းသာသူများသာ ပို၍ ချမ်းသာလာကြသည်။ တိုးတက်မှုများကို ကြည့်သည့်အခါ ဗမာနိုင်ငံရေး ပဓာနသမားများအဖို့ ရိုးရိုးသားသားပင် နိုင်ငံဖွံ့ဖြိုးသည်ဟု မှတ်ယူကြမည် ဖြစ်သော်လည်း တိုင်းရင်းသား ဒေသမှ လူထုအတွက်မူ မိမိတို့၏ ဒေသမှ အမြတ်ထုတ်ပြီး ဗမာကိုဖွံ့ဖြိုးအောင် လုပ်သည်ဟုသာ နားလည်ကြလိမ့်မည်။
(၁၀) ကိုယ်ကျင့်တရား မဏ္ဍိုင်တက်ပြခြင်း
ကိုယ်ကျင့်တရား မဏ္ဍိုင်တက်ပြခြင်းသည် မိမိ၏ အကောင်းအဆိုး ဆုံးဖြတ်ချက်က သူတပါးထက် သာလွန်ကြောင်း လူထုထံသို့ ပြသသည့် အမှုအရာတခုဖြစ်သည်ဟု ဆိုနိုင်သည်။ မိမိ၏ ကိုယ်ရည်ကိုယ်သွေး၊ အကျိုးအကြောင်း ဆက်စပ်သည့်ဉာဏ်သည် အကောင်းဆုံးလမ်းဖြစ်ကြောင်း ဖော်ပြမှုများ ဖြစ်သည်။ အပေါ်ယံတွင် အထင်ကြီး လေးစားဖွယ်ရာဖြစ်သော်လည်း အနှစ်သာရအားဖြင့် မရိုးသားခြင်း၊ အချောင်လမ်း လိုက်ခြင်းများ ဖြစ်နိုင်သည်။ နမူနာတခုမှာ အခြားသူတို့၏ တော်လှန်ရေးပုံစံများကို အပြစ်တင်ပြီး မိမိတို့၏ နည်းနာကိုမှ ကောင်းသည်ဟု ပြောတတ်သူများ ဖြစ်နိုင်သည်။
ကိုယ်ကျင့်တရား မဏ္ဍိုင်တက်ပြခြင်းသည် အမြင်ကို အနှစ်သာရထက် ပိုအရေးပေးခြင်း ဖြစ်သည်။ အခြေခံပြဿနာ အုတ်မြစ်ကို ဖြေရှင်းရန်မစဉ်းစားပဲ ရှုပ်ထွေးသော လူမှုရေးစုဖွဲ့တည်ဆောက်မှုများကို အကောင်းအဆိုး အဖြူအမည်း စံနှုန်းတချို့ဆီ သွတ်သွင်းပြီး စဉ်းစားခြင်းများ ဖြစ်သည်။ နိုင်ငံရေးတွင် မိမိတို့ အဖွဲ့၏ အကောင်းအဆိုး ဆုံးဖြတ်ချက်သာလျှင် အားလုံးထက် သာလွန်သည့်နှယ် ဖော်ပြခြင်းမျိုးလည်း ဖြစ်သည်။ လူ့အသိုင်းအဝိုင်းတိုင်းတွင် အနည်းနှင့်အများ ရှိသည်။ မြန်မာနိုင်ငံတွင် ပိုတွေ့ရသည်။
အကြောင်းကို နည်းနည်း ပြောချင်ပါသည်။ လူမှုဘဝတွင် ကိုယ်ကျင့်တရား မဏ္ဍိုင်တက်ခြင်းသည် ထူးဆန်းသောအလုပ် မဟုတ်ပေ။ ပညာရေး အခြေခံက ဖြစ်နိုင်မှု နှင့် ဖြစ်တန်စွမ်းကို ကွဲပြားအောင် သင်လိုက်နိုင်သည်လည်းမဟုတ်။ ထို့ကြောင့် တိုက်ဆိုင်ခြင်းနှင့် အကြောင်းရင်းကို ခွဲခြား၍ မမြင်ကြသည်က များစွာရှိသည်။ ဥပမာ ဖျားသောသူတချို့ အင်္ဂလိပ်ဆေးသောက်ပြီးနောက် ကိုယ်ပူသည်ကို တွေ့ဖူးရုံဖြင့် အင်္ဂလိပ်ဆေးနှင့် အချဉ်မတည့်ဟု ယူဆကြပြီး အစာအိမ်ထဲက အက်ဆစ်ရည်လောက် ဘာကမှ မချဉ်ကြောင်း ပြောပြလျှင်လည်း လက်မခံကြတော့ပေ။ ထိုကဲ့သို့ အကြောင်းရင်းနှင့် တိုက်ဆိုင်မှုကို ခွဲခြား၍ ယုတ္တိကျကျ မမြင်နိုင်ခြင်းသည် ကိုယ်ကျင့်တရားမဏ္ဍိုင်တက်သူတို့အဖို့ လွန်စွာ အထောက်အကူ ဖြစ်၏။ ကိုယ်ကျင့်တရား ဆိုင်ရာ အပေါ်ယံကောက်ချက်များ (Superficial Moral Judgments) ဖြစ်ပေါ်စေရန် အခြေအနေတခုကို ဖန်တီးပေးသည်။
ကိုယ်ကျင့်တရား မဏ္ဍိုင်တက်ခြင်းကြောင့် ပြဿနာများ၏ အကြောင်းရင်းကို အခြေခံကျကျ မဖြေရှင်းမိပဲ ကျန်ခဲ့နိုင်သည်ကို ရှောင်ရှားရန် ကိုယ်ကျင့်တရား မဏ္ဍိုင်တက်ပြခြင်း၏ လက္ခဏာများကို နားလည်ရန် လိုသည်။ ပထမ လက္ခဏာက ပြောခဲ့သည့်အတိုင်း ပြဿနာဇစ်မြစ်ကို အရိုးရှင်းလွန်အောင် သတ္တုချပြီး စဉ်းစားခြင်းဖြစ်သည်။ ဒုတိယအချက်က ရှိရင်းစွဲ အာဏာတည်ဆောက်မှုများကို ဆက်လက်ပြီး ထိန်းပေးထားခြင်း ဖြစ်သည်။ တတိယက သူတပါးကို အဖအုပ်စိုးသလို ပေထရီအာခီဖြင့် အကောင်းအဆိုး လမ်းညွှန်လိုခြင်း ဖြစ်သည်။ စတုတ္ထအချက်က သူတပါးကို ဒီလိုပဲ၊ ဟိုလိုပဲဟူ၍ တံဆိပ်ကပ်ခြင်း ဖြစ်သည်။ ပဉ္စမအချက်က မိမိပြောလိုက်သည့် စကား၏ ထိခိုက်မှု အတိုင်းအတာကို မကြည့်နေပဲ မိမိဂုဏ်ကို ဇောင်းတင်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် မိမိ၏ “တိုးတက်သော (Progressive)” ဟူသော ဂုဏ်ကိုပြပြီး တကယ့်ဘေးဖယ်ခံရသော လူထုအကျိုးကို ထိထိရောက်ရောက် မဖြစ်တည်စေခြင်းမျိုး ဖြစ်နိုင်သည်။ အခြားအချက်များလည်း ရှိပါလိမ့်မည်။ ရှောင်ရှားနိုင်သမျှ ရှောင်ရန်လိုပါသည်။
ဗမာလူမျိုးကြီးလက္ခဏာများ
ဗမာလူမျိုးကြီးဝါဒမရှိပါဟု ငြင်းချက်ထုတ်သူတို့၏ ဖြေရှင်းချက်တချို့ကို လေ့လာ၍ နားလည်ကြည့်ကြပါဦးစို့။ ဤအချက်များသည် ပြဿနာ၏ လက်တွေ့မျက်နှာစာများ ဖြစ်ကြသည်။
(၁) “နေဝင်းနဲ့ သန်းရွှေကို ငါတို့တင်မြှောက်ခဲ့တာ မဟုတ်ဘူး” ဟုပြောတတ်ကြသည်။
လူတိုင်းဤစကားကို ကြားဖူးကြပါသည်။ ရှေ့ကလူများ လုပ်သွားသဖြင့် မိမိတို့တွင် တာဝန်မရှိဟုဆိုလိုသည်။ သို့ရာတွင် နိုင်ငံမဆိုထားနှင့် သာမန်ကုမ္ပဏီတခုတွင်ပင် ရှေ့လူကိစ္စကို နောက်လူက တာဝန်ယူရန်လိုသည်။ ရှေ့က စီအီးအို မပေးသွားသည့်အကြွေးကို နောက်တက်သည့် စီအီးအိုက မပေးလို့မရပေ။ မြန်မာတို့တွင်မူ ရှေ့မှ အာဏာယူသူများလုပ်သွားသည့်ကိစ္စ နောက်လူ တာဝန်ခံစရာမလိုဟု တွေးတတ်သည့် ဓလေ့ရှိသည်။ ဘကြီးတော်မင်း ချုပ်သော ရန္တပိုစာချုပ်၏ အချက်အချို့ကိုပင် သာယာဝတီမင်း လက်ထက်တွင် ငြင်းခဲ့သည်ကို ပြန်ကြည့်နိုင်သေးသည်။[17] ဗိုလ်ချုပ်အောင်ဆန်း၏ ကတိများကိုလည်း နောက်လူများက အကောင်အထည် မဖော်လိုကြပေ။ ဦးနု ကတိပေးသည်ကို ဗိုလ်နေဝင်းက မလုပ်ပေ။ ပြောရလျှင် ဦးသိန်းစိန်၏ အရပ်သားအစိုးရတပိုင်းနှင့် ညှိခဲ့သည်ကိုပင် NLD အရပ်သားအစိုးရက ပြန်မလုပ်ပေ။ NLD (LA) ညှိခဲ့သော နိုင်ငံရေးညှိနှိုင်းမှုများကို NLD ပါတီ ဗဟိုအမှုဆောင်များက တာဝန်မခံကြပေ။[18] NCGBU ၏ ညှိနှိုင်းမှု များကိုလည်း အခြားတော်လှန်ရေး အစိုးရများက တာဝန်မခံကြပြန်ပေ။ ထို့ကြောင့် ရေရှည်ခံမည့် ညှိနှိုင်းရေးသည် မည်သူနှင့် လုပ်ရမည်နည်း မသဲကွဲပေ။ ထို့ပြင် မည်သည့်အာမခံနှင့် လုပ်ရမှန်းလည်း မသိပေ။
စနစ်နှင့် လူကိုလည်း ခွဲမြင်ကြရပါမည်။ သန်းရွှေနှင့် နေဝင်းကိုသာ ပြဿနာဟု ရှုမြင်ရမည်မဟုတ်။ နိုင်ငံရေး မကျေလည်ဘဲ အကုန်ဝါးမျိုချင်သည့် စနစ်ကြီးတခုလုံးနှင့် ယင်းစနစ်၏ အကျိုးအမြတ်များကြောင့် ယေဘုယျအားဖြင့် တချို့အရာများကို တချို့သူများလောက် မကြိုးစားရဘဲ ရရှိပါလျက် ယင်းအနေအထားကို မြင်ရန်ခက်နေသူ၊ ယင်းစနစ်ကိုပင် နိုင်ငံဟူသည့်ခေါင်းစဉ်အောက်မှ ယုတ္တိရှိကြောင်း၊ ပုံမှန်ဖြစ်ကြောင်း ကျိုးကြောင်း ပြနေကြသူများ အားလုံးကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
တိုင်းရင်းသားအရေးသည် ဗမာတို့အရေးမဟုတ်၊ နိုင်ငံစုဖွဲ့မှု၏ အရေးမဟုတ်သည့်နှယ် စဉ်းစားမှု ပြုတတ်ကြသည်။ တိုင်းရင်းသားတို့၏ အခွင့်အရေးဟူသည် ဗမာတို့၏ ကတိတည်ရေးလည်း ဖြစ်သည်ဟု မမြင်ကြချေ။ ဗမာ့လက္ခဏာဆောင်သောနိုင်ငံမှ အကျိုးရော၊ ဆိုးကျိုးကိုပါ ရနေသော်လည်း ဝိသေသ လက္ခဏာအားဖြင့် ဖိနှိပ်မခံရသောကြောင့် “ငါတို့ပြဿနာ” ဟူသည့် ခံစားချက် မရသေးပေ။ နိုင်ငံရေးသမား တို့ကလည်း တရားဝင်မှုကို အမွေဆက်ခံကြသော်လည်း တာဝန်ခံမှုကို လွှဲထုတ်နေဆဲဖြစ်သည်။
(၂) ဗမာ့လူနေမှု၊ ဗမာ့နိုင်ငံရေးကိုသာလျှင် ပင်မ၊ အန္တိမ အမြင့်ဆုံးတင်ထားခြင်းနှင့် အခြားသူတို့ လာရောက်ပူးပေါင်းရန် လိုသည်ဟု သင်ကြားကြသည်ကို တွေ့ရသည်။
ဗမာ့သူရဲကောင်းများသာ နိုင်ငံ၏ စံပြုရမည့်သူရဲကောင်းများ ဖြစ်ကြပြီး ဗမာ့နိုင်ငံရေးတွင် ပါဝင်သူတို့တွင်သာ တရားဝင်မှုရှိသည်ဟူသော အမြင် ရှိကြသည်။
ဥပမာအားဖြင့် CDM လှုပ်ရှားမှုကို နမူနာ ကြည့်ကြပါစို့။ CDM လှုပ်ရှားမှုသည် အလွန်ကောင်းသည်။ သို့သော် နွေဦးတော်လှန်ရေးတွင် CDM မလုပ်ကြသည့်သူများကို အပြစ်သားများအဖြစ် ဆက်ဆံကြသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံကို အစတည်းက ဆန့်ကျင်တော်လှန်၍ လက်နက်မစွန့်သူများကို သူရဲကောင်းများဟု မမြင်ပေ။ ရွေးကောက်ပွဲမဝင်ရန် ညှိနှိုင်းထားပြီးမှ၊ အနုညာတ ဆုံးဖြတ်၍ ဝင်သွားခဲ့ဖူးသော ဗမာနိုင်ငံရေးသမားများ ကိုလည်း သိပ်အပြစ်မတင်ပေ။ ထို့အပြင် တိုင်းရင်းသားများ ဂျီနိုဆိုက်လုပ်ခံရချိန်တွင် အမြစ်ပြတ်ချေမှုန်းရန် အမိန်ပေးခဲ့သော အစိုးရများ၏ ယန္တရားများတွင် ပါဝင်ခဲ့သူများက ယခုအချိန်တွင် လူကောင်းများအဖြစ် ကိုယ်ကျင့်သီလ မဏ္ဍိုင်တက်၍ နေကြသော်လည်း သာမန်အောက်ခြေဝန်ထမ်းများ၊ မိမိ၏ အိုးအိမ်ကို စွန့်ခွာရလောက်သည်အထိ အခြေအနေ မပေးသူများ၊ လုပ်စားကိုင်စား ပြည်သူများအဖို့ အမြဲတမ်းဖိနှိပ်ခံရ၊ နောက်ချန်ခံရ၊ အပြစ်လွှဲချခံကြရသည်။
ဆိုလိုသည်က သာမန်လူထုသည် နိုင်ငံရေးအီလစ်များ ခင်းပေးသည့် ကျောရိုးတွင် လာကပ်နေရဆဲ ဖြစ်သည်။ ဗဟိုနိုင်ငံရေးပင်မကျောရိုးတွင် ဌာနေတိုင်းရင်းသားနှင့် လူနည်းစု တော်လှန်ရေးသမားများကို “လာကပ်ရမည့် ခြေတံလက်တံများ” ဟု မြင်နေဆဲပင် ရှိသေးသည်။ တဘက်သား၏ အားနည်းချက်မှာ စိတ်ပုတ်ခြင်း၊ ဉာဏ်တိမ်ခြင်း၊ ကိုယ်ကျိုးရှာခြင်းဟု အဆိုးများကိုသာ မြင်တတ်ကြပြီး မိမိတို့ အားနည်းချက်မှာ သည်းခံလွန်းခြင်း၊ ဆွဲခေါ်လွန်းခြင်း၊ ခွင့်လွှတ်တတ်ခြင်းဟူ၍ အကောင်းများကိုသာ ပြောသည်ကိုလည်း တွေ့ရတတ်ပြန်သည်။
(၃) အဖအုပ်စိုးသည့်နှယ် တိုင်းရင်းသားတို့အတွက် အစ်ကိုကြီး၊ အဖကြီးသဖွယ် ဗဟိုချက်မှ အုပ်ထိန်းသူ ဖြစ်လိုကြသည်ကို တွေ့ရသည်။
ကိုလိုနီခေတ်မှ အမွေဆက်ခံလာပြီး နိုင်ငံတော်၏ ပညာရေးနှင့် မီဒီယာယန္တရားများက ဆက်လက် အားဖြည့်ပေးနေသော အယူအဆများကြောင့်၊ ဌာနေတိုင်းရင်းသားများသည် ယဉ်ကျေးမှုအရ ခေတ်နောက်ကျ ကျန်ရစ်သည်ဟူသော အမြင်ကို ဗမာလူထုအလွှာအသီးသီးတွင် တွေ့ရှိနိုင်သည်။ ဤအမြင်သည် ဗမာနိုင်ငံရေး အီလစ်အလွှာ၏ 'အုပ်ထိန်းသူ' (Patronizing) သဘောထားတွင် ပိုမိုထင်ရှားစွာ ပေါ်လွင်နေတတ်သည်။ ယေဘုယျအားဖြင့် နိစ္စဓူဝလုပ်စားကိုင်စား ဌာနေတိုင်းရင်းသားလူထုတို့သည် ပညာရေးကို လက်လှမ်းမမီ၊ ခေတ်မမီသည်မှာ အမှန်ဖြစ်သည်ကို ငြင်းစရာမရှိပေ။ သို့သော် ခေတ်ပညာ စကောလားရှစ်ကို ရရှိသူများ၊ ပညာရှင်၊ သုတေသီ အများအပြား ဌာနေတိုင်းရင်းသားများတွင် အချိုးအားဖြင့် မြင့်စွာရှိကြသည်ကလည်း အမှန်ပင်ဖြစ်သည်။ မြန်မာ့နိုင်ငံရေး ပင်မရေစီးကြောင်းတွင် ပါဝင်ကြသူများမှာ ခေတ်အဆက်ဆက် အစ်ကိုကြီးသဖွယ်၊ မိဘသဖွယ် အုပ်ထိန်းပေးလိုသည့် စဉ်းစားချက်ရှိသည်။ တိုးတက်အောင် လုပ်ပေးမည်၊ များများပြန်မပြောနှင့်ဟု တွေးတတ်ကြသည်။
ဘုရင်ခေတ်က လူထုက ငါတို့ “ဘုန်းတော်ရိပ်အောက်တွင် ခိုလှုံကြရသည်” ဟု ဆိုသည်။ ကိုလိုနီ ခေတ်တွင် ဗြိတိသျှဘုရင်နှင့်ကပ်ဖားပြီး “ကိုယ့်အိမ်မှ အိမ်ထင်သော အကျင့်ဆိုးလေးများ” ရှိသည် ဟု ဆိုကြပြန်သည်။ ဖဆပလ ဦးနုခေတ်တွင် မဲများများရသည့်အဖွဲ့ကို ဝန်ကြီးခန့်ပေးရန် ပြည်နယ်ပါတီများ ပြောသည့်အခါ “မင်းတို့ဘာသိလဲ၊ တိတ်တိတ်နေစမ်း” ဟု ငေါက်ခံရသည်။[19] စစ်အစိုးရခေတ်တွင်တော့ “တိုင်းပြည်အတွင်း အဖျက်အမှောက်လုပ်ငန်းများလုပ်သူတွေ” ဟု ခေါ်ခံရသည်။ အရပ်သားတပိုင်း အစိုးရ လက်ထက်တွင် “လူမျိုးစွဲရှိပြီး ခေတ်နောက်ပြန်ဆွဲလျက် မနာလို မရှုစိမ့်သူများ” ဖြစ်ကြရ ပြန်၏။ ဂျီနိုဆိုက် အလုပ်ခံရ၍ အော်သည့်အခါ “ခွဲထွက်လာသူများ၊ အကြမ်းဖက်များ၊ ခိုးဝင်များ” စသည်ဖြင့် “Abjectify” အလုပ်ခံရပြီး နိုင်ငံရေးတွင် ထည့်သွင်းစဉ်းစား နေရာပေးရန် မလိုဟု ဆွဲထုတ်ခံရ (Alienation) ခြင်းများ၊ လူသားအဖြစ်မှ လျှော့တွက်ခြင်း (Dehumanization) များ ဖြစ်ခဲ့ပြန်သည်။
ယခုတွင် အဖလို၊ အစ်ကိုလို ထိန်းအုပ်လိုမှုမှာ လျော့နည်းလာသည်ဟု အတိုင်းအတာတခုထိ မြင်ရသော်လည်း လုံးဝပြုတ်ထွက်ကာ တန်းတူသွားသည့်အခြေအနေအထိတော့ မဖြစ်သေးပေ။ စစ်တပ်ကို တော်လှန်သည့် ကာလတွင် ပူးပေါင်းမှု၊ ဒေသထိန်းချုပ်မှု၊ အရင်းအမြစ်ခွဲဝေမှုအတွက် ဌာနေတိုင်းရင်းသား လက်နက်ကိုင်များ၏ ထိန်းချုပ်မှုကိုခံနေရသည့် အပေါ်တွင်လည်း ဝိရောဓိဖြစ်နေရသူများ ရှိနေသည်။ ဂျပန်တွင် စစ်ပညာသင်သကဲ့သို့ လွတ်မြောက်ဒေသများတွင် စစ်ပညာကိုယူပြီး အမိန့်/အတွေးအခေါ်မယူဟု အစတည်းက ကြိုတွေးသူများလည်း ရှိကြသည်။
(၄) တန်ဖိုးထားမှုများ ကွဲပြားကြသည်ကို လက်မခံလိုပဲ၊ အားလုံးနှင့်ဆိုင်သည့် “စံ” များကို တဘက်သတ် ချမှတ်လိုကြသည်ကို တွေ့ရသည်။
တန်ဖိုးများကို စဉ်းစားသည့်အခါ လူအများစု၏ စံနှုန်းတန်ဖိုးထားမှုကိုသာ ဦးစားပေးရမည်ဟု ဗမာအများစုက (အဆင်သင့်စွာ) တွေးတတ်ကြသည်။ ဌာနေတိုင်းရင်းသားတို့ အမြင်တွင်မူ လူအများက အနိုင်ကျင့်၍ ရနေသည်ဟု ရှုမြင်တတ်သည်။ ထိုအခြေအနေတွင် စံတန်ဖိုးများ ထိတွေ့ပွတ်တိုက်ကြသည်။ နမူနာအားဖြင့် သတ္တုတွင်းများကို တနိုင်ငံလုံးက မျှဝေပြီးပိုင်ဆိုင်ရမည်ဟု (တကယ်တမ်း လူတစုက အကျိုးရှိခြင်းသာ ဖြစ်သွားသည့်တိုင်) လက်ခံကြသည်။ ဒေသ၏ အရင်းအမြစ်ကို ဒေသကသာ ပိုင်ဆိုင်သင့်သည်ဟု ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သမား တိုင်းရင်းသားများက ပြောသည့်အခါ (ဖက်ဒရယ်အစိုးရကို အခွန်ပေးရန် အားလုံး သဘောတူသည့်တိုင်) လောဘကြီးသူများ၊ ကိုယ်ကျိုးသာ ကြည့်သူများအဖြစ် အပြောခံ ရလေ့ရှိသည်။ ဥပမာတခုမှာ ဖဆပလ အစိုးရခေတ်တွင် ပြည်နယ်များမှ ရံပုံငွေ ပိုတောင်းရာတွင် ကာကွယ်ရေး စသည့် ကိစ္စများအတွက် ပြည်နယ်များမှ ပိုက်ဆံပြန်မတောင်းတာကို ကျေးဇူးတင်ရန် တုန့်ပြန်သော်လည်း တနိုင်ငံလုံးမှ သစ်တောခွန်များကို ပြည်ထောင်စု အမည်ခံကောက်ပြီး ပြည်မတွင်သာ ဖွံ့ဖြိုးရေးစီမံကိန်းများ ဖြစ်လာကြသည်ကို မပြောပေ။ အခြားဒေသ ရေအားလျှပ်စစ်မှ မီးရသည့်အပေါ် “ဖိနှိပ်ခိုးယူမှုမှရသည်” ဟု မည်သူမျှမမြင်ပဲ “ပုံမှန်၊ ရသင့်တာ ရသည်” ဟု မြင်ကြသော်လည်း တိုက်ပွဲများအပြီး လက်နက်ပစ္စည်းများ ခွဲတမ်းချသည့်အခါ အခြားသူများကို ပေးရသည့်အပေါ် အမြင်စောင်းတတ်သည်။ ဦးစားပေးမှုများ မတူညီမှု ရှိသည်ကို လျစ်လျူရှုလျက် လူအများ၏ ဦးစားပေးမှုကသာ အရေးပါကြောင်း ဆိုကြ၏။ ဒီမိုကရေစီကို လူအများစုက မဲများမှတဆင့် အနိုင်ယူခြင်း ရှုထောင့်တခုတည်းမှ ကွက်ပြီး ဘာသာပြန်ကြ၏။ ဒီမိုကရေစီ၏ နောက်တခြမ်းဖြစ်သည့် “ရှုံးသူတို့၏ သဘောတူညီချက် (Consent of the Lost)”[20] အကြောင်း မည်သူမျှ လုံလောက်အောင်မပြောပေ။ စာရေးသူအနေဖြင့် မြန်မာတွင် ယင်းဝေါဟာရ တခါမှလည်း မကြားဖူးပါချေ။
(၅) စီးပွားရေး လွတ်လပ်ခွင့်ဟူသော ခေါင်းစဉ်အောက်မှ အမြတ်ထုတ်ခြင်းများကို (သိလျက် လည်းကောင်း၊ မသိ၍လည်းကောင်း) လုပ်လိုကြသည်။
အရင်းအမြစ်များကို မည်သူတွေ ပိုင်သနည်း။ မြေပေါ်မြေအောက် ရေပေါ်ရေအောက် သယံဇာတ အမျိုးစုံကို မည်သူတို့က ပိုင်သနည်း။ သဘာဝကပေးသော မြေနှင့်ရေသည် လူတို့အတွက် စီးပွား ရှာစရာ အရင်းမြစ်မျှသာ ဖြစ်သလော။
လူတစုတဖွဲ့က စုပေါင်း၍ ပိုင်ဆိုင်ကြကြောင်း အဆိုပြုသည်တော့ အမှန်ပင်။ ကမ္ဘာ့နိုင်ငံများ၏ မည်သည့်နေရာကို သွားသည်ဖြစ်စေ ကြိုက်သည့်မြေကြီးကို ကိုယ့်ဘာသာလက်ညှိုးထိုးပြီး ပိုင်ဆိုင်သည်ဟု ပြော၍မရနိုင်။ အိမ်ဝင်ဆောက်၍ မရနိုင်။ သစ်ထုတ်လုပ်၍ မရနိုင်။ ယင်းအခွင့်အရေးများကို နိုင်ငံများ၊ သို့မဟုတ် အုပ်စုတခုခုက ရယူအပိုင်သိမ်းထားပြီး ဖြစ်သည်။ သဘာဝသယံဇာတများကို အုပ်စုတခုက ပိုင်ဆိုင်ခွင့်ရှိကြောင်း မည်ကဲ့သို့ ကြွေးကြော်နိုင်ကြသနည်း။
နိုင်ငံတော်ပဓာန ဝါဒီများကတော့ နိုင်ငံသားများ ဝိုင်းဝန်းပိုင်ဆိုင်သည်ဟူ၍ ပြောကြမည်။ ၂၀၀၈ ဖွဲ့စည်းပုံတွင် အစိုးရက ပိုင်သည်ဟု ဆိုသည်။ ဌာနေတိုင်းရင်းသား လူထုများကတော့ မိမိတို့ ဓားမဦးချ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားလာရာဒေသများ၊ မိမိတို့၏ ဇစ်မြစ်ဇာတ်အိမ်၊ ဘဝဆင်းသက်မှုနှင့် ကိုးကွယ်ယုံကြည်မှု အခြေပြုသည့် ဌာနေအမှတ်အသားများ တည်ရှိရာနေရာကို မိမိတို့ ပိုင်ဆိုင်သင့်သည်ဟု ယုံကြည်သည်။ ယင်းစံနှုန်းတန်ဖိုးနှစ်ခုကို နှိုင်းယှဉ်လျှင် နိုင်ငံကသာ အာဏာဖြင့် မြေကြီးများကို စီမံခန့်ခွဲရန် အပိုင်သိမ်းသွားသည်။ “ဈေးကွက်စီးပွားရေးဆိုင်ရာ လွတ်လပ်ခွင့်” ခေါင်းစဉ်အောက်မှ တိုင်းရင်းသားတို့၏ ဌာနေဒေသများမှာ စီးပွားရေးအပိုင်သိမ်းရန် ပစ္စည်းများသာ ဖြစ်လာကြရသည်။ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဒေသတို့မှာ ခရီးသွားများ ဆွဲဆောင်ရာတို့ ဖြစ်လာကြသည်။ ပဋိပက္ခဖြစ်ရာဒေသတို့တွင် ပိုင်ဆိုင်မှု မပြနိုင်၍ အစိုးရက ကော်ပိုရေးရှင်းများ၊ လာရောက်ရွှေ့ပြောင်းနေထိုင်သူများ၊ ခရိုနီများဆီ ရောင်းချရန် “မြေလွတ်၊ မြေရိုင်းများ” ဖြစ်သွားပြန်သည်။ မြေသိမ်းခံရ၍ နိုင်ငံခြားထွက်ကာ လူကုန်ကူးခံရသူများပင် ရှိလာသည်။
ထိုမျှမက သတ္တုတွင်းမျိုးစုံနှင့် ရောင်းဝယ်မှုများကို ပြည်ထောင်စုက အမြင့်ဆုံး ချုပ်ကိုင်နိုင်သည်။ ယင်းသို့သော ချုပ်ကိုင်မှုကို လူအများစု၏ ဆန္ဒသဖွယ် (တကယ်တမ်း တခါမှ လူထုက ဆန္ဒသဘော မပေးသော်လည်း) “အုပ်ချုပ်ခံသဘောတူမှုကို ကျေနပ်စွာ တရားဝင်ပေးထားသည့် လူမှုပဋိညာဉ်သဖွယ်“ ချုပ်ကိုင်ထားလိုက်လေတော့ရာ ဒေသခံတို့မှာ ရေအားလျှပ်စစ်နားတွင် မီးပျက်ပြီး ကျောက်စိမ်းတွင်း၊ ရေနံတွင်းများ အပေါ်မှာ နေ့ဖို့ညစာ ရှာကြရခက်ကုန်တော့သည်။ စစ်များကြောင့်လည်း လယ်ထွန် ပျိုးကြဲ ကျောင်းသွားရင်း မိုင်းများလည်း နင်းမိကြရ ပြန်တော့သည်။ ထိုအဖြစ်များသည် လုပ်စားကိုင်စား ဗမာလူထု အကျိုးခံစားရခြင်းလည်း မဟုတ်ပဲ၊ ဗမာလူမျိုးလက္ခဏာကိုသုံးကာ တရားဝင်မှုရှာနေသော တာဝန်ခံမှု မပြုနိုင်သည့် နိုင်ငံတော်ကြောင့် ဖြစ်နေရသည်မှာ ထင်ရှားပါသည်။
(၆) “လူမျိုး” အဆင့်အတန်းကို ခွဲခြား၍ ဟောပြောကြသည်။
ဗမာလက္ခဏာကို ဗဟိုပြုသည့် နိုင်ငံတော်၏ ဖွဲ့စည်းပုံနှင့် မူဝါဒများအောက်တွင်၊ ဗမာမဟုတ်သော တိုင်းရင်းသားတို့သည် ဥပဒေအရဖြစ်စေ၊ လက်တွေ့ဘဝတွင်ဖြစ်စေ ဒုတိယတန်းစား နိုင်ငံသားများအဖြစ် ရောက်ရှိသွားသည်။ လူမှုရေးအရ၊ နိုင်ငံရေးအရ၊ အစိုးရမူဝါဒအရ ဒုတိယတန်းစားများ ဖြစ်ကုန်ကြသည်ကို မငြင်းနိုင်ပါ။ မှတ်ပုံတင် ပြုလုပ်လျှင် မည်ကဲ့သို့ ခွဲခြားဆက်ဆံခံရခြင်း အခြေခံ ပြဿနာများ ရှိနေခြင်း၊ ဆိုကရေးတီး ပြိုင်ပွဲများကဲ့သို့ နိုင်ငံတော် စပွန်ဆာပေးသည့် ယဉ်ကျေးမှုမြှင့်တင်ခြင်းများတွင် မပါရဝင်သည်ဖြစ်ခြင်းတို့က အားလုံးလည်း သိပြီးဖြစ်၍ ပြန်ပြောင်း၍ ထောက်ပြရန်ပင် မသင့်တော့သော ကိစ္စ ဖြစ်နေပေပြီ။ သို့ရာတွင် လူမှုရေး၊ နိုင်ငံရေးတို့တွင် ဒုတိယတန်းစား နိုင်ငံသားများ ဖြစ်ကုန်ပုံကို နည်းနည်းပြောရပါဦးမည်။
နိုင်ငံရေးကို အရင်းအမြစ် မျှဝေခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ မည်သည့် အရင်းအမြစ်များ မည်သူက ပိုင်ဆိုင်ပြီး မည်သည့်အချိန်တွင် ရရှိနိုင်သည်ကို စဉ်းစားရသည်။ နိုင်ငံရေးသည် “အုပ်စုအလုပ်” ဖြစ်သည်။ လူများမည်သို့ စုဖွဲ့သင့်သည်၊ မည်ကဲ့သို့ သိက္ခာပိုင်းတန်းတူညီမျှ ဖြစ်ကြမည်ဟူသည့် စဉ်းစားချက်သည် နိုင်ငံရေးအလုပ်များ၏ ဗဟိုတွင် တည်ရှိသည်။ ဗမာတို့သည် “ဗမာ” ဟူ၍ စုဖွဲ့ရန် ဆန္ဒမရှိတတ်ကြပေ။ အကြောင်းမှာ လူအများစုဖြစ်နေခြင်း၊ ဇစ်မြစ်နှင့် ဝိသေသကို တိုက်ခိုက်မခံရသည်သာမက နိုင်ငံတော်က စပွန်ဆာပေးထားခြင်း၊ အတွင်းအာဏာတိုက်ပွဲ ပြန်ဖြစ်နေခြင်းတို့က အဓိကဖြစ်သည်။ လူနည်းစုများကသာ မိမိတို့ကိုယ်ကို ကာကွယ်လို၍ မိမိတို့ထိခိုက်မှုအရ စုဖွဲ့ကြသည့်အခါ ထိုအစုအဖွဲ့များသည် အစွဲကြီးသော၊ အသုံမဝင်သော၊ ခေတ်နောက်ပြန်ဆွဲသော စုဖွဲ့မှုအဖြစ် သမုတ်ကြသည်။
တဘက်ကလည်း ထိုပြဿနာမှာ ဗမာများနှင့် တိုင်းရင်းသားများကြားတွင်သာ ရှိသည်မဟုတ်ပဲ လူမျိုးကြီးများနှင့် လူမျိုးစုများ အကြားတွင်လည်း ရှိခဲ့သည်၊ ရှိနေသည်။ တိုင်းရင်းသားဆိုတိုင်း တပုံတည်း မဟုတ်ပေ။ 'နိုင်ငံတော်ကို တော်လှန်ခြင်း' (Against the State) နှင့် အတူတူရှိကြသည့် အခြားတိုင်းရင်းသား အထက်လွှာကို တော်လှန်ခြင်း' (Intra-ethnic Elite Conflict) ဟူ၍ ကွဲပြားသော လှုပ်ရှားမှုများ ရှိနေသည်။ဥပမာ ပအိုဝ်းတို့သည် ပဒေသရာဇ် စော်ဘွားတို့ကို တော်လှန်၍ စုဖွဲ့ခဲ့ကြခြင်း ဖြစ်သည်ကို သတိပြုရန် လိုသည်။ သျှမ်းနီ၊ တအာင်း စသည့် စုဖွဲ့မှု တို့သည် မိမိတို့ ထိခိုက်ခံစားရမှုကို အခြေခံပြီး စုဖွဲ့လာခြင်း ဖြစ်သည်။ မွန်သည်ပင်လျှင် မူလပင်မ နိုင်ငံရေးတွင်သာ ဦးဆောင်ပါဝင်နေရာမှ နောင်တွင်မူ ခွဲခြားစိုးမိုး ခံရသည်ဟု မြင်လာ၍ ထိခိုက်မှုအရ စုဖွဲ့ခြင်း ဖြစ်လာရသည်ဟု သုံးသပ်နိုင်သည်။
ဌာနေတိုင်းရင်းသား လူမျိုးကြီးများကလည်း မိမိတို့၏ စုဖွဲ့မှုအတွင်းမှ လူမျိုးစုများကို မိမိတို့နှင့် တသားတည်း အမျိုးသားလူထုတခုအဖြစ် နှလုံးစိတ်ချ ဘဝင်ကျအောင် မစုနိုင်ပဲ ဖိနှိပ်မှုများ ဖြစ်ခဲ့သည်တို့ ရှိရာ အက်ကွဲကြောင်းများ ရှိနေသည်။ အက်ကွဲကြောင်းများ ပိုဆိုးစေရန် အနာပေါ်တုတ်ကျစေသည့် လုပ်ရပ်များလည်း ရှိသည်။ နမူနာအားဖြင့် ပြည်ထောင်စုပွဲများတွင် လူမျိုးကြီး ဝတ်စားဆင်ယင်ပုံများကို စုံတွဲပေး၍ ပိုနည်းသော လူနည်းစုများကိုမူ အဖြစ်သဘော ဝတ်စုံပြည့်တဦးမျှ ထည့်ပြသည့် ပုံစံများသည် သင်္ကေတအားဖြင့် တဆင့်ခံသဘော သက်ရောက်စေသည်။ သို့မဟုတ် လက်နက်ကိုင်များနှင့် ဆွေးနွေးသည့် ပွဲများတွင် လူမျိုးကြီးများကို မျက်နှာသာပိုပေးခြင်းမျိုးလည်း ရှိသည်။
“ဗဟိုချုပ်ကိုင်ထားသောနိုင်ငံ” ကို ယုံကြည်သူများက တိုင်းရင်းသားဒေသများရှိ အမျိုးသားလူထု ဖြစ်တည်မှုများနှင့် ခိုင်မာမှုများကို အမျိုးမျိုးတူးဖြိုမည်သာ ဖြစ်ကြသည်။ ယင်းနိုင်ငံသည် အရင်းအမြစ်များ၊ သစ္စာများ၊ လုပ်အားများကို သွင်းအားစု (Input) အဖြစ် အကုန်တောင်းခံသော်လည်း လုံခြုံမှု၊ ဖွံ့ဖြိုးမှုနှင့် ဂုဏ်သိက္ခာ ရလဒ် (Output) တို့ကို ညီမျှအောင်မပေးနိုင်ပေ။ ယဉ်ကျေးမှုဝါးမျိုခံရသည့် ပြဿနာများသည် ပင်မအဓိကပြဿနာ မဟုတ်ကြောင်း၊ နိုင်ငံရေးဗဟိုချက်တွင် ထည့်ရန် မလိုကြောင်း၊ ဈေးလျှော့ကြမည်သာ ဖြစ်သည်။ ထိခိုက်ခံစားရသူများ၏ သမိုင်းဒဏ်ရာ၊ နိုင်ငံရေးအမွေအနှစ်များ၏ တိုက်စားခံရမှု၊ အသိုက်အမြုံ စည်းလုံးမှုပြိုကွဲမှု၊ ဒေသ၏ ယဉ်ကျေးမှု ဝါးမျိုခံရမှု စသည်တို့မှတဆင့် ဘေးသို့ဖယ်ထုတ်ခံရသည့် စုဖွဲ့မှုများမှာမူ သိပ်အရေးမကြီးသည့်၊ သိပ်တရားမဝင်သည့် ဒုတိယတန်းစား စုဖွဲ့မှုများအဖြစ် မြင်ကြသည်။ တိုင်းရင်းသား လူထုများ၊ အမျိုးသမီးများ၊ LGBTQ စုဖွဲ့မှု စသူတို့လည်း ဒုတိယတန်းစား နိုင်ငံသားများ ဖြစ်ကုန်တော့သည်။ တိုင်းရင်းသား၊ ဗုဒ္ဓဘာသာမဟုတ်သူ၊ ဗမာစကားကို မတတ်သည့် အမျိုးသမီး/ LGBT များသာဖြစ်လျှင် လူ့ဂုဏ်သိက္ခာကို ခံစားရဖို့ရာ ခက်ပေတော့မည်။
(၇) ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားစေရေး အုပ်ထိန်းပေးသည့်နှယ် ပြုမူနေသည်များ တွေ့ရသည်။ ထိုသို့ အုပ်ထိန်းပေးရန်လည်း နိုင်ငံ့အာဏာကို သုံးစွဲသည်။
ကိုလိုနီခေတ်တွင် ဥရောပသားတို့က အာရှသား၊ အာဖရိကသားတို့ကို လူရိုင်းများ၊ မယဉ်ကျေး သူများသဖွယ် ဆက်ဆံကြရာ ကျမ်းရိုးလစ်ဘရယ်ဝါဒ (Classical Liberalism) သည် လူကိုယဉ်ကျေးစေသော အင်အားတခု (Civilizational Force) ဟု သတ်မှတ်ပြီး ဖြန့်ဖြူးခဲ့ကြသည်။[21] အယူသီးမှုများ ရှိသော၊ ဓလေ့ထုံးတမ်း အစွဲကြီးသော အာရှသားများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် မထိုက်တန်သေးသည့်နှယ် ပြောဆိုခဲ့ကြပြီး ဒဏ္ဍာရီဂန္ဓာရီမှော်ဆန်သည့် ပုံပြင်ဇာတ်လမ်းများ ရေးသားခဲ့ကြကာ ဖျော်ဖြေရေးနေရာများသို့ ပို့ခဲ့ကြသည်။ ယခုမြန်မာနိုင်ငံတွင်လည်း ယင်းအခြေအနေ ဖြစ်နေသည်။ မြို့ကြီးသားများက စီးပွားရေးမလုပ်တတ်သော ပြည်နယ်သားများကို စီးပွားရေးဖွံ့ဖြိုးအောင်၊ နိုင်ငံရေးနားမလည်သည့် ဌာနေတိုင်းရင်းသားတို့ကို နိုင်ငံရေး လမ်းတည့်အောင်၊ ပညာမတတ်သေးသည့် ဌာနေတိုင်းရင်းသားတို့ကို ပညာတတ်ရအောင် မီးအိမ်ရှင်များ လုပ်ပေးနေသည်ဟူ၍ ဇာတ်အိမ်များ ဖြစ်လေတော့သည်။
နိုင်ငံ့အာဏာနှင့် ဥပဒေသည် မည်သည့်အခါတွင်မှ ဘက်လိုက်မှု လုံးဝကင်းသည့် အဖြူထည် မဟုတ်ပေ။ လူဖြူများထုတ်သော ဥပဒေသည် လူဖြူမျက်စိဖြင့် လောကကို ကြည့်ထားခြင်း ဖြစ်သည်။ ယောက်ျားများရေးသည့် ဥပဒေသည် လောကကို ယောက်ျားများ၏ မျက်စိဖြင့် ကြည့်ထားခြင်းဖြစ်သည်။ ယင်းအချက်ကို အလွန်လေးနက်စွာ သဘောပေါက်ရန် လိုသည်။ ဌာနေတိုင်းရင်းသားမျက်စိဖြင့် ဥပဒေများကို ကြည့်ပါက ဖွဲ့စည်းပုံကစပြီး ပြင်ရပေလိမ့်မည်။ ဗမာတို့ ပြင်လိုသည့် အချက်များနှင့်လည်း မတူညီပေ။ ယင်းဥပဒေများက ထွက်ပေါ်လာသော အာဏာတို့မှာ ဌာနေတိုင်းရင်းသားတို့ မျက်စိထဲတွင် တရားဝင်မှု နည်းပါးသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ယင်းအာဏာဖြင့် ချပေးလာသည့် စီမံကိန်းနှင့် မူဝါဒများ သည်လည်း ကိုယ့်လက်ကိုယ့်ခြေ မဟုတ်သည့်အတွက် တရားဝင်မှု နည်းပါးသည်ဟု ခံစားရသည်ကလည်း ဆန်းပြားထွေလာ မဟုတ်ပေ။ မြန်မာ့ “ဗဟို” အစိုးရက “စေတနာကောင်း” ဖြင့် စီမံချက်များကို “ချပေး” သည်ဟု ဆိုသည့်တိုင် ဌာနေတိုင်းရင်းသားတို့အဖို့ “မိမိတို့ သယံဇာတကို သုံးစွဲလျက် နိုင်ငံရေး၊ လူမှုစီးပွား အစီအမံများ ချခွင့်နှင့် ပညာရေးအင်စတီကျူးရှင်းများကို လက်ဝါးကြီးအုပ် စီမံထားသည်” ဟူသည့် အမြင် ရှိနေမည်သာဖြစ်သည်။
နိုင်ငံရေးလူထု အုပ်စုတိုင်းတွင် ငြင်းပယ်မရသည့် “ကိုယ့်ကြမ္မာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ဟူသည် မိမိတို့ အနာဂတ်လားရာလမ်းကို ကိုယ်တိုင်ရွေးချယ်နိုင်မည့် တရားဝင်အာဏာနှင့် စွမ်းရည်ရှိမှုမျိုးကို ဆိုလိုသည်။ ယင်းအချက်သည့် ကမ္ဘာ့နိုင်ငံရေးကို စည်းနှောင်သည့် Erga Omnes သဘောဖြစ်သည်။[22]
(၈) ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နှင့် မထိုက်တန်သေးသည့်နှယ် ပြုမူနေခြင်းများ ရှိသည်။
ဗမာအများစုအဖို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ယဉ်ကျေးမှု စိုးမိုးခွင့်၊ ဇာတ်အိမ်သမိုင်း ဖြန့်ဖြူးခွင့်၊ ဘာသာစကား သုံးစွဲခွင့်၊ လူဝင်မှုကိုထိန်းချုပ်ပိုင်ခွင့်မှာ တနိုင်ငံလုံးတွင် ပျံ့နှံ့တည်ရှိနေသည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံနှင့် ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုများကြောင့် မိမိတို့၏ ဘာသာစကား၊ သမိုင်းနှင့် ယဉ်ကျေးမှုသည် နိုင်ငံ၏ လက္ခဏာအဖြစ် အလိုအလျောက် တည်ရှိပြီးဖြစ်၍ 'ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်' သည် သီးခြားတောင်းဆိုရန် မလိုသော အခြေအနေတရပ် ဖြစ်နေသည်။ တိုင်းရင်းသားတို့အတွက်မူ ဝိသေသလက္ခဏာများ ကိုယ့်ဘာသာ ရွေးချယ်တည်ဆောက်၍ မရနေပေ။ ဌာနေတိုင်းရင်းသား လူမျိုးတို့အဖို့ မိမိတို့သမိုင်းစဉ်နယ်မြေများတွင် မိမိတို့ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး ပြုလုပ်လိုသည့်စိတ် ရှိပေသည်။ သို့သော် စစ်တပ်လက်ထက်တွင် စစ်ဘုရင်များအား ဂုဏ်တင်ပြီး အရပ်သား အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများသာ ရနေခဲ့သည်။ တိုကင်ပေးခံထားသော ဗမာနိုင်ငံရေး ရေစီးကြောင်းသစ္စာခံ “လူမျိုးစုတူ” ဝန်ကြီးတချို့တော့ တွေ့ရသည်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၏ ဝိသေသလက္ခဏာများကို လိုသလို ကွက်၍ သုံးစွဲမှုကိုသာ ခံနေရပြီး တကယ်တမ်း နိုင်ငံရေးဈေးဆစ်နိုင်စွမ်း အပြည့်အဝမရချေ။
(၉) သွေးခွဲအုပ်ချုပ်မှုများကို တွေ့ရသည်။
သွေးခွဲအုပ်ချုပ်သည်ဟု ပြောလိုက်လျှင် ကိုလိုနီဗြိတိသျှကိုသာ ပြေးမြင်တတ်ကြသည်။[23] သို့သော် အစိုးရတိုင်းတွင် ယင်းအကျင့်လေးများ မကြာခဏရှိကြသည်။ မျှတအောင် ပြောရလျှင် အစိုးရသည် လူထုက စည်းလုံးနေပါသည်ဟူသော ပုံရိပ်ကို နိုင်ငံတကာအား ပြချင်သည်။ သူတို့၏ တရားဝင်မှု ပုံရိပ်ကောင်း ရရှိရန် ဖြစ်သည်။ တဘက်က လူထုအတွင်းတွင် အားလုံး တပြေးညီ တသားတည်း ဖြစ်သွားတာကို မနှစ်မြို့ပေ။ လူထုကညီညာလျှင် အစိုးရမင်းတို့ ထိုင်ခုံလှုပ်ကြသည့်အတွက် ဖြစ်သည်။ ထို့ကြောင့် “လူမျိုးလူထု” များကို “လူမျိုးစု” ငယ်လေးများ ဖြစ်သွားအောင် လေသံပစ်ခွဲထုတ်တတ်သည်ဟု Gagnong က ဆိုသည်။[24]
စီးပွားရေးကို ကြည့်ပါ။ အစိုးရဟူသည် တကယ်တမ်းလူတွေဆီက အခွန်ကောက်ပြီး လူထုအတွက် ဝန်ဆောင်မှု ပြန်ပေးသည်ဟု ပြောသော်လည်း တကယ်တမ်း လုပ်စားကိုင်စား လူထု၏ အခွန်များကို မှီခိုရန် မလိုပေ။ ဗဟိုဘဏ်ကို ကိုင်ထားသလို သဘာဝသယံဇာတများကိုလည်း ကိုင်ထားသည်။ ခရိုနီများကို အခွန်လျှော့ပေးပြီး ပူးပေါင်းတတ်သလောက်၊ လူထုအတွက် တကယ်လိုအပ်သည့် အင်စတီကျူးရှင်းများ အတွက် ပိုက်ဆံသုံးရန် လက်တွန့်ကြသည်။ နိုင်ငံတော်သည် တည်ငြိမ်မှုရရေးအတွက် အာဏာရှိသင့်သည်ဟု သတ်မှတ်သော လူအုပ်စုများလက်တွင် အာဏာ တည်ရှိနေအောင် လုပ်ပေးနေသည့် အဖွဲ့များသာဖြစ်သည်။
ယင်းကဲ့သို့သော သဘာဝရှိသည့် နိုင်ငံတော်တွင် လူမျိုးကြီးဝါဒများ ရောထည့်လိုက်က ပိုဆိုးကုန် တော့သည်။ နမူနာ တခုပြပါဦးမည်။ ဗမာလူမျိုးကြီး ဝါဒသည် စော်ဘွားတို့၏ ပဒေသရာဇ် အုပ်ချုပ်မှုကို နှောက်ယှက်ရန် ကြံစည်ပြီးဖြစ်သည့်အခါ နိုင်ငံတော်အာဏာအားဖြင့် ငြိမ်းချမ်းသာယာဖို့ ကန့်သတ်မှု လုပ်ရမည့်အစား ဖဆပလ အစိုးရက ဒေသလူမျိုးစုတို့ထံ လျှို့ဝှက်ပြီး သေနတ်များပေးကာ စော်ဘွားတို့အား ဆန့်ကျင်စေသေးသည်။ လူထု၏ ဖိနှိပ်ခံရမှုပပျောက်ရေးကို လုပ်ရန်၊ စော်ဘွားပဒေသရာဇ်တို့ကို ကန့်သတ် ပယ်ဖျောက်ရန် လုပ်ရသည်မှာ လွန်စွာလိုအပ်သည်။ သို့ရာတွင် ယင်းစနစ်ကို စစ်ဝါဒဖြင့် အစားထိုးခြင်း၊ အစိုးရဖြစ်လျက် တရားမဝင် ခိုး၍ ရန်တိုက်ခြင်းသည် မည်သည့်နည်းနှင့်မျှ မှန်ကန်သည်ဟု မဆိုနိုင်ပေ။
နိုင်ငံတော်စီမံချက်ဖြစ်သည့် ဗမာဇာတ်သွင်းရေး
မြန်မာနိုင်ငံတွင် "ဗမာဇာတ်သွင်းခြင်း (Burmanization)" ကို ပြဿနာတရပ်အဖြစ် ဌာနေတိုင်းရင်းသား အများအပြားက ယူဆကြ၏။ သို့သော် ဤစကားလုံး၏ အမှန်တကယ် အဓိပ္ပာယ်ကို နားလည်ရန် ပိုမိုနက်နဲသော ခွဲခြမ်းစိတ်ဖြာမှု လိုအပ်သည်ကို တွေ့ရပေသည်။
“ဗမာဇာတ်သွင်းခြင်း” ဟူသည် ဗမာလူမျိုးဗဟိုပြု၍ မောင်းနှင်သော ယဉ်ကျေးမှုပေါင်းစည်းရေးကို ညွှန်းဆိုနေတတ်သော်လည်း အမှန်တကယ်တွင် စနစ်နှင့်တကွဖြစ်နေတဲ့ပြဿနာများ (Systemic problems) များမှ ပေါက်ဖွားလာသော အရာဖြစ်သည်။ ဤသည်မှာ ဗမာလူမျိုးများအပါအဝင် တိုင်းရင်းသားအားလုံးအပေါ် ဗမာဝိသေသအရေခြုံနိုင်ငံတော်၏ ဗဟိုချုပ်ကိုင်သော နိုင်ငံရေးစနစ်၊ ဥပဒေများ၊ လုပ်ငန်းစဉ်များနှင့် အာဏာဖွဲ့စည်းပုံများကို သွတ်သွင်းခြင်းအဖြစ် ပိုမိုတိကျစွာ ဖော်ပြနိုင်သည်ဟု ဆိုရပေမည်။ ဤခွဲခြားမှုသည် သာမန်လုပ်စားကိုင်စား ဖိနှိပ်ခံဗမာပြည်သူများကို စနစ်တကျဖိနှိပ်မှုအတွက် မတရားအပြစ်တင်ခြင်းကို ရှောင်ရှားရန် အရေးကြီးလှပေသည်။
ကိုလိုနီခေတ်ဦးကာလတွင် ဗြိတိသျှတို့သည် "Burmanization" ဟူသော ဝေါဟာရကို ရိုးရှင်းသော လုပ်ငန်းစဉ်တခုအဖြစ် စတင်အသုံးပြုခဲ့သည်။ ၎င်းသည် ဗမာဘာသာစကားနှင့် ဓလေ့ထုံးတမ်းများကို အုပ်ချုပ်ရေးယန္တရားတွင် ထည့်သွင်းအသုံးပြု၍ ဒေသခံများအတွက် ပိုမိုလက်တွေ့ကျစေရန် ရည်ရွယ်ပြီး "ဗမာဇာတ်သွင်း" ဟု ဆိုလိုခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဤဖြစ်စဉ်သည် ပိုမိုရှုပ်ထွေး၍ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သော ဗျူဟာတခုအဖြစ် ပြောင်းလဲလာခဲ့သည်။ ယနေ့တွင် "ဗမာဇာတ်သွင်းခြင်း (Burmanization)" သည် တနိုင်ငံလုံးကို ဗမာ့လက္ခဏာသွတ်သွင်းခြင်း၊ ဌာနေလူမျိုးများကို ဗမာ့သမိုင်း၊ ဗမာ့လက္ခဏာနှင့် ဗမာ့လူနေမှုပုံစံကို ပဓာနထားလာအောင် ပြုလုပ်ခြင်းများအဖြစ် ဖိအားပေးသည့် လုပ်ငန်းစဉ်တခုအဖြစ် သတ်မှတ်နိုင်သည်။ ၎င်းသည် ဗမာမဟုတ်သော ယဉ်ကျေးမှုများ၊ ဘာသာစကားများ၊ နိုင်ငံရေးအမွေအနှစ်များနှင့် သင်္ကေတများကို ဗမာယဉ်ကျေးမှု၏ လွှမ်းမိုးမှုအောက်တွင် ရပ်တည်စေရန် နိုင်ငံတော်က ထောက်ပံ့ပေးပြီး ဖိအားပေးသည့် ဖြစ်စဉ်တခု ဖြစ်လာသည်။
ဗမာဇာတ်သွင်းခြင်း၏ အဓိကအချက်မှာ ဗဟိုချုပ်ကိုင်မှုနှင့် ခွဲခြား၍မရပေ။ ကိုလိုနီခေတ်က ဗြိတိသျှတို့သည် “Burmanization” ဟူသော ဝေါဟာရကို ရုံးလုပ်ငန်းများကို ဗမာများ နားလည်အောင် သင်ကြားပေးသည်ဟူသည့် ရိုးရှင်းသော အဓိပ္ပာယ်ဖြင့် စတင်ခဲ့သည်ဟု မှတ်သားရပေသည်။ သို့သော် လွတ်လပ်ရေးရပြီးနောက် ဖဆပလအစိုးရနှင့် နောက်ပိုင်း စစ်အစိုးရများက ဗဟိုချုပ်ကိုင်မှုများကို ဆက်ခံခဲ့သည်။ ဗမာလူတန်းစားများ၏ လွှမ်းမိုးမှုသည် ဗဟိုချုပ်ကိုင်မှုကို ပိုမိုခိုင်မာစေခဲ့၏။ ဤဗဟိုချုပ်ကိုင်မှုသည် ဗမာလူထု၏ ဆန္ဒများကို ထင်ဟပ်မှု သက်သက်မဟုတ်ဘဲ နိုင်ငံတော်အင်စတီကျူးရှင်း (institution)၊ ဥပဒေနှင့် စီးပွားရေးမူဝါဒများမှတဆင့် အာဏာကို တမင်တကာ စုစည်းခြင်း ဖြစ်သည်ဟု မှတ်ယူရပေမည်။ ဌာနေလူမျိုးတို့အမြင်တွင် ဗဟိုချုပ်ကိုင်ရေးလုပ်ငန်းစဉ်သည် တိုင်းရင်းသားအုပ်စုများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို စနစ်တကျ တိုက်စားသောကြောင့် ဗမာဇာတ်သွင်းခြင်းနှင့် ထပ်တူကျခဲ့သည်ဟုလည်း ယူဆကြပေသည်။
ဗဟိုချုပ်ကိုင်မှုသည် နိုင်ငံရေးအာဏာကိုသာမကဘဲ အကြမ်းဖက်ခွင့်အာဏာ၊ စီးပွားရေးအာဏာနှင့် သမိုင်း ဇာတ်ကြောင်းကို လက်ဝါးကြီးအုပ်ရန် ရည်ရွယ်သည့် လုပ်ရပ်များကိုပါ ဆိုလိုသည်။ ဤနည်းလမ်းများဖြင့် အာဏာသည် စစ်တပ်နှင့် လူနည်းစုအထက်တန်းလွှာများလက်ထဲတွင် စုစည်းသွားသည်။ ဗမာဇာတ်သွင်းခြင်းဆိုင်ရာ မူဝါဒများကို အားပေးသည့် နိုင်ငံတော်သည် ယဉ်ကျေးမှုကို အာဏာခိုင်မာစေရန် ကိရိယာတခုအဖြစ် အသုံးချသည်။
ဗမာဇာတ်သွင်းခြင်းသည် နိုင်ငံတော်၏ ဥပဒေနှင့် အင်စတီကျူးရှင်းဆိုင်ရာ ယန္တရားများမှလည်း လည်ပတ်သည်။ မြေယာစီမံခန့်ခွဲရေးဥပဒေကဲ့သို့သော ဥပဒေများသည် တိုင်းရင်းသားအုပ်စုများ၏ မြေယာအလေ့အထများကို လျစ်လျူရှုပြီး အထောက်အထားမပြနိုင်မှုကို အခြေခံကာ ဗဟိုချုပ်ကိုင်သော မြေယာပိုင်ဆိုင်မှုပုံစံများကို အသုံးပြု၍ မြေယာများကို လုယူသွားသည်။ ခရိုနီ၊ စစ်တပ်နှင့် နိုင်ငံကဲ့သို့ အာဏာကိုင်နိုင်သူများကို ပိုမိုဦးစားပေးသည်။ ဗမာဘာသာစကားဖြင့် ပို့ချပြီး အလွန်ဗဟိုချုပ်ကိုင်ထားသော ပညာရေးစနစ်သည် တိုင်းရင်းသားဘာသာစကားများနှင့် သမိုင်းများကို ဘေးဖယ်ထားပြီး အမျိုးသားလက္ခဏာကို ဗမာဗဟိုပြု ဇာတ်ကြောင်းတခုပတ်လည်တွင် ဘောင်ခတ်ထားသည်။
နိုင်ငံတော်မူဝါဒက မောင်းနှင်သော ဤလုပ်ငန်းစဉ်များသည် အမှန်တကယ်တွင် ဗဟိုချုပ်ကိုင်သော နိုင်ငံတော်၏ ကိရိယာများဖြစ်သော်လည်း ရုတ်တရက်ကြည့်လျှင် ဗမာယဉ်ကျေးမှု၏ ဇာတိသဘာဝ ဖြစ်သည်ဟု ထင်ရသည်။ ယင်းဗမာအရေခြုံမှုကို ဗမာလူထုကလည်း မောဟဖြင့် လျစ်လျူရှုမိတတ်သည်။ နိုင်ငံ၏ အာဏာတွန်းပို့မှုနှင့် ဝါဒဖြန့်မှုကြောင့် "ငါ့မြေ၊ ငါ့ရေ၊ ငါရသင့်သည့် သယံဇာတ၊ အားလုံးချစ်သင့်သည့် ခေါင်းဆောင်၊ အားလုံးသိသင့်သည့် သမိုင်း၊ အားလုံးယုံရမည့်စနစ်" ဟူသည့် အမြင်တွင် မျောပါသွားတတ်သည်။
ဤ "ဗမာဇာတ်သွင်းခြင်း" ယန္တရားသည် မတော်တဆ သို့မဟုတ် သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။ ၎င်းကို တမင်တကာ တည်ဆောက်ထိန်းသိမ်းထားခြင်းမှာ နိုင်ငံတော်ကို ချုပ်ကိုင်ထားသော အစိုးရ၊ စစ်တပ်နှင့် အထက်တန်းလွှာများအတွက် ရှင်းလင်းပြတ်သားသော နိုင်ငံရေး၊ စီးပွားရေးနှင့် မဟာဗျူဟာမြောက် အကျိုးအမြတ်များ ရရှိသောကြောင့် ဖြစ်သည်။ ဌာနေတိုင်းရင်းသားများနှင့် ပြည်သူလူထုတရပ်လုံး၏ နစ်နာဆုံးရှုံးမှုများအပေါ် အခြေခံ၍ ရရှိလာသော ၎င်းအကျိုးအမြတ်များကို အောက်ပါအတိုင်း အကျဉ်းချုပ် စာရင်းပြုစု ဖော်ပြနိုင်သည်။
- မြေယာသိမ်းယူခြင်းနှင့် နယ်မြေထိန်းချုပ်ခြင်း - ဌာနေတိုင်းရင်းသားလူမျိုးစုများ၏ မြေယာရပိုင်ခွင့်များကို ဖျက်သိမ်းလိုက်ခြင်းကြောင့် နိုင်ငံတော်အတွက် မြေယာသိမ်းယူရန် ပိုမိုလွယ်ကူလာသည်။
- သယံဇာတထုတ်ယူခွင့် - မြေယာအခွင့်အရေးများ မရှင်းလင်းသည်ကို အခွင့်ကောင်းယူ၍ နိုင်ငံတော်နှင့် ကုမ္ပဏီများသည် သဘာဝသယံဇာတများကို လွယ်ကူစွာ ထုတ်ယူနိုင်သည်။
- အာဏာစိန်ခေါ်မှုများကို ဖယ်ရှားခြင်း - ရိုးရာအုပ်ချုပ်ရေးစနစ်များကို အစားထိုးခြင်းဖြင့် နိုင်ငံတော်၏ ထိန်းချုပ်မှုကို ဆန့်ကျင်သော အင်အားစုများ လျော့နည်းလာသည်။
- နိုင်ငံရေးဗဟိုချုပ်ကိုင်မှု - နိုင်ငံတော်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော အုပ်စုများနှင့် ညှိနှိုင်းစရာမလိုဘဲ အာဏာကို စုစည်းနိုင်သည်။
- တရားရေးစနစ် ရိုးရှင်းခြင်း - တရားဝင်စနစ်တခုတည်းကို အသုံးပြုခြင်းဖြင့် လူမျိုးစုပေါင်းစုံနှင့် စာချုပ်ချုပ်ဆိုရန် မလိုအပ်တော့ပေ။
- ယဉ်ကျေးမှုနှင့် ဘာသာစကား ဖျက်သိမ်းခြင်း - ဘာသာစကားနှင့် ယဉ်ကျေးမှုမျိုးစုံကို ထိန်းသိမ်းရန် နိုင်ငံ၏ ကုန်ကျစရိတ်များ လျော့ကျသွားသည်။
- လူမှုရေး သရုပ်လက္ခဏာကို ထိန်းချုပ်ခြင်း - နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးစုများကို ခွဲခြားသတ်မှတ်ပေးခြင်းကြောင့် ၎င်းတို့၏ စုပေါင်းခုခံနိုင်မှုများ အားနည်းလာသည်။
- လုပ်သားအင်အား - ဌာနေတိုင်းရင်းသားလူမျိုးစုများသည် လစာနည်းသည့် အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်ရပြီး အခြေခံစီးပွားရေးအုတ်မြစ်ကို ထောက်ပံ့ပေးသော်လည်း ၎င်းတို့၏ လုပ်အားကို လုံလောက်စွာ အသိအမှတ်ပြုခြင်းမခံရပေ။
- တိုင်းရင်းသားမြေယာအခွင့်အရေး လျော့နည်းခြင်း - ယဉ်ကျေးမှုအမှတ်ရမှုများ အားနည်းလာသောကြောင့် ဆုံးရှုံးသွားသည့် မြေယာများကို ပြန်လည်ရယူရန် ခက်ခဲလာသည်။
- အခြေချနေထိုင်သူများ၏ လွှမ်းမိုးမှုကို ပုံမှန်ဖြစ်စေခြင်း - နိုင်ငံတော်၏ တခုတည်းသော အမှတ်သညာသည် ပုံမှန်ဖြစ်လာပြီး တိုင်းရင်းသားလူမျိုးစုများ၏ ကွဲပြားမှုများ နောက်ချန်ကျန်ရစ်သည်။
- ခုခံမှုလှုပ်ရှားမှုများကို အားနည်းစေခြင်း - ယဉ်ကျေးမှုဆက်တိုက်မှု ပျက်သုဉ်းသွားသောကြောင့် သမိုင်းကြောင်းဆိုင်ရာ အုတ်မြစ်မှ ရယူသည့် ခုခံမှုများ ပြတ်တောက်သွားသည်။
- ပညာရေးအတွင်းသို့ ဝါဒဖြန့်ခြင်း - နိုင်ငံတော်၏ ပညာရေးစနစ်သည် ဌာနေတိုင်းရင်းသားဗဟုသုတများကို နိုင်ငံတော်၏ တန်ဖိုးများနှင့် အစားထိုးလိုက်သည်။
- ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ - လွှမ်းမိုးသည့် ဗုဒ္ဓဘာသာကို အသုံးချပြီး အမျိုးသားရေး တည်ဆောက်သူများအတွက် အားဖြည့်ပေးသည်။
- လူမှုဖူလုံရေး ကုန်ကျစရိတ် လျှော့ချခြင်း - ပေါင်းစည်းသွားခြင်းကြောင့် တကွဲတပြားစီ တာဝန်ယူပေးရမည့် လူမှုဖူလုံရေး ကုန်ကျစရိတ်များ လျော့ကျသွားသည်။
- ယဉ်ကျေးမှုဝါးမျို အမြတ်ထုတ်ခြင်း - တိုင်းရင်းသားယဉ်ကျေးမှုများ အားနည်းလာသည်နှင့်အမျှ ၎င်းတို့၏ ယဉ်ကျေးမှုများကို ပြန်လည်ထုတ်လုပ်ပြီး ခရီးသွားလုပ်ငန်းကဲ့သို့ ဈေးကွက်တင်နိုင်သည်။
- စစ်တပ်အင်အား ဖြည့်တင်းခြင်း - ဗမာပင်မနိုင်ငံရေးအတွင်း ပေါင်းစည်းသွားသည့် လူများသည် စစ်တပ်အတွက် တပ်သားတဦးချင်းဖြစ်စေ၊ BGF ကဲ့သို့သော အဖွဲ့များဖြစ်စေ လူအင်အားစုဆောင်းရာတွင် ပါလာနိုင်သည်။
- ဇာတ်ကြောင်း ထိန်းချုပ်ခြင်း - နိုင်ငံတော်သည် သမိုင်းကို ပြန်လည်ရေးသားပြီး အတွင်းဘက်လှည့်သည့် ကိုလိုနီကဲ့သို့ လွှမ်းမိုးမှုစနစ်ကို သမိုင်းအရ တိုးတက်မှုတခုအဖြစ် ပြသသည်။
- နိုင်ငံတကာဝေဖန်မှု လျှော့ချခြင်း - ပုံစံအားဖြင့် တလုံးတည်းသော လူ့အဖွဲ့အစည်းသည် လူနည်းစုအခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်သည့် နိုင်ငံတကာဝေဖန်မှုများကို လျှော့ချနိုင်သည်။
- ပုဂ္ဂလိကပိုင်ဆိုင်မှုစနစ်အောက်သို့ ဥပဒေအရ စုပ်ယူခြင်း - စုပေါင်းပိုင်ဆိုင်မှုများသည် ခရိုနီနှင့် လုပ်ငန်းကြီးများအတွက် ပုဂ္ဂလိကပိုင်ဆိုင်မှုစနစ်သို့ ဦးတည်သွားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည်။
- အခွန် တိုးချဲ့ခြင်း - ပေါင်းစည်းသွားသည့် လူဦးရေသည် အခွန်ငွေကို တိုးမြင့်စေသည်။
- လူမှုရေး ခိုင်မာမှု လျှော့ချခြင်း - ရိုးရာအထောက်အပံ့စနစ်များ ပြိုကွဲသွားသောကြောင့် နိုင်ငံတော်ကြီးအပေါ် မှီခိုလာရသည်။
- ယဉ်ကျေးမှု တမျိုးတည်းဖြစ်ခြင်း - တမျိုးတည်းသော ယဉ်ကျေးမှုသည် ဗြူရိုကရက်များအတွက် စီမံခန့်ခွဲရန် ပိုမိုလွယ်ကူသည်။
- ဘာသာစကား ပြန်လည်ထွန်းကားရေး ကုန်ကျစရိတ် လျှော့ချခြင်း - နိုင်ငံတော်သည် ဘာသာစကားမျိုးစုံကို ထောက်ပံ့ရန် စရိတ်များ မကုန်တော့ပေ။
- နိုင်ငံတော် အမှတ်တံဆိပ် ဖော်ထုတ်ခြင်း - တပြေးညီရောချထားသော ဇာတ်ကြောင်းသည် နိုင်ငံတော်ကို ကမ္ဘာတွင် ပိုမိုရိုးရှင်းစွာ ဖော်ပြနိုင်သည်။
- ဌာနေလူမျိုးတို့၏ စနစ်ကို အားနည်းစေခြင်း - ရိုးရာဥပဒေစနစ်များကို နိုင်ငံတော်၏ ဥပဒေစနစ်က အစားထိုးလိုက်သည်။
- မြို့ပြချဲ့ထွင်မှုကို တင်းကြမ်းဒလဟောလုပ်ဆောင်ခြင်း - မြို့ပြများသည် စီးပွားရေးမှီခိုမှုနှင့် ထိန်းချုပ်မှု၏ အချက်အချာဖြစ်လာသည်။
- ခုခံမှုကို ပုဂ္ဂလိကဘဝအတွင်းသို့ ရွှေ့ပြောင်းခြင်း - တိုင်းရင်းသားနိုင်ငံရေးအမှတ်သညာသည် ရိုးရာဓလေ့တခုအဖြစ် ပြောင်းလဲသွားသည်။
- ဖခင်လို စိုးမိုးသည့် တရားဝင်မှု - နိုင်ငံတော်သည် ၎င်း၏ တရားဝင်မှုနှင့် ဆုံးဖြတ်ချက်လုပ်ရပ်များကို "တရားဝင်မှုရှိသည့်" မစ်ရှင်အဖြစ် ဖော်ပြသည်။
- ဌာနေလူမျိုး ညီညွတ်မှုကို ဖြိုခွဲခြင်း - ဌာနေလူမျိုးများကို လူမျိုးစုအုပ်စုငယ်များအဖြစ် ကွဲပြားမှုများ ဖန်တီးလိုက်ခြင်းကြောင့် ၎င်းတို့၏ စုပေါင်းလှုပ်ရှားနိုင်မှုများ အားနည်းလာသည်။
- နိုင်ငံတကာအဖွဲ့အစည်းများ၏ ကဏ္ဍ - တညီတညွတ်တည်းဖြစ်သော လူ့အဖွဲ့အစည်းသည် နိုင်ငံတကာတွင် တည်ငြိမ်ပြီး တိုးတက်မှုရှိသည့် အသွင်အပြင်ကို ဖော်ပြနိုင်သည်။
ဗမာဇာတ်သွင်းခြင်းသည် ယဉ်ကျေးမှုကိစ္စသက်သက် မဟုတ်ဘဲ စီးပွားရေးထိန်းချုပ်မှုနှင့် ပတ်ဝန်းကျင်ဒေသများမှ သယံဇာတများကို ထုတ်ယူရန် ဗဟိုနိုင်ငံတော်၏ တွန်းအားပေးမှုအကြောင်းလည်း ဖြစ်သည်။ ကျောက်စိမ်း၊ သစ်၊ မြေရှားသတ္တု၊ သဘာဝဓာတ်ငွေ့ကဲ့သို့သော သဘာဝသယံဇာတ ကြွယ်ဝသည့် ဌာနေတိုင်းရင်းသားဒေသများသည် ဗဟိုချုပ်ကိုင်သော စီးပွားရေးမူဝါဒများအောက်တွင် စနစ်တကျ အမြတ်ထုတ်ခံခဲ့ရသည်။ ဤသယံဇာတထုတ်ယူမှုသည် သဘာဝကြွယ်ဝမှုအပေါ် အကျိုးအမြတ်အနည်းငယ်သာ မြင်တွေ့ရသော ဒေသခံအသိုင်းအဝိုင်းများ၏ ပေးဆပ်မှုစရိတ်ဖြင့် ဗဟိုနိုင်ငံတော်နှင့် ၎င်းနှင့်ဆက်နွယ်သော လူတန်းစားများကို အကျိုးဖြစ်ထွန်းစေသည်။
ပုံ - ဗမာဇာတ်သွင်းမှုဒိုင်းနမစ်
ရလဒ်အနေဖြင့် ဌာနေတိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ သမိုင်းကြောင်းနှင့် ဝေးကွာလာကာ စီးပွားရေးအရ ချို့တဲ့လာပြီး မြေယာသိမ်းယူမှုများနှင့် လူကုန်ကူးမှုများကို ရင်ဆိုင်ကြရပြီး လူမှုရေးအရ ပြိုကွဲလာသည်။ ဗမာဇာတ်သွင်းခြင်းသည် ယဉ်ကျေးမှုဆိုင်ရာ ဖော်ပြချက်များကို ပြောင်းလဲရုံသာမက လူ့အဖွဲ့အစည်း၏ အခြေခံအဆောက်အအုံကိုပါ ပြောင်းလဲစေသည်။ နိုင်ငံတော်က မြေများသိမ်းယူခြင်းကြောင့် အခြားနိုင်ငံများတွင် အလုပ်သွားလုပ်ရင်း လူကုန်ကူးခံရခြင်းများလည်း ရှိသည်။ အခြားဒေသများတွင် အလုပ်သွားလုပ်ရင်း တောရိုင်းဥပဒေကဲ့သို့ အားနည်းသူများ နင်းပြားဖြစ်ကုန်ကြရသည်။
တကယ်တမ်း ဗမာဇာတ်သွင်း၏ အဓိကအကျိုးကျေးဇူးခံစားရသူများမှာ သာမန်ပြည်သူများ မဟုတ်ဘဲ စီးပွားရေးအလွှာနှင့် နိုင်ငံတော်အထက်တန်းလွှာများသာ ဖြစ်သည်။ စစ်တပ်သည် အာဏာနှင့် အမြတ်အစွန်းများကို တိုးချဲ့ရန် ဤဖြစ်စဉ်ကို အသုံးချကာ စီးပွားရေးအကျိုးအမြတ်များ ရယူသည်။ အာဏာရှိအုပ်စုများနှင့် ပတ်သက်သူများသည် မယှဉ်နိုင်သော စီးပွားရေးအခွင့်အလမ်းများကို ရရှိပြီး ဗမာနိုင်ငံရေးသမားများသည် ဖခင်ကဲ့သို့သော ပုံသဏ္ဌာန်ဖြင့် တရားဝင်မှုကို အသုံးချကာ အာဏာတည်ဆောက်သည်။ နိုင်ငံတကာအဖွဲ့အစည်းများသည်လည်း လူမျိုးစုပေါင်းစုံနှင့် လုပ်ကိုင်ရမည့်အစား ဗဟိုချုပ်ကိုင်မှုရှိသော နိုင်ငံတော်နှင့် လုပ်ကိုင်ရသည်က ပိုမိုလွယ်ကူသည်ဟု ယူဆကာ ရောချပစ်သည်။ ဤဖြစ်စဉ်သည် အထက်တန်းလွှာများအတွက် အကျိုးအရှိဆုံး ဖြစ်သည်။
ဆိုလိုသည်က ဗမာဇာတ်သွင်းခြင်းသည် ယဉ်ကျေးမှုကွဲပြားမှုကို နိုင်ငံရေးနှင့် စီးပွားရေး ထိန်းချုပ်မှုအတွက် လက်နက်အဖြစ် အသုံးချသည့် ဗျူဟာတခု ဖြစ်သည်။ ဤစနစ်သည် အပေါ်ယံတွင် ဗမာလူထုကို အနည်းနှင့်အများ အကျိုးရှိစေသည်ဟု မြင်ရသော်လည်း ဤမှတဆင့် အထက်တန်းလွှာများက အမြတ်အစွန်းရရှိကြပြီး စစ်တပ်က ပြည်တွင်းစစ်ကို ပြသကာ တရားဝင်မှုကို ထုတ်လုပ်နိုင်သလို စစ်သားလည်း စုဆောင်းကာ စီးပွားရေးအမြတ်အစွန်းလည်း ရှာဖွေသည်။ ဤအရာများသည် ရေရှည်တွင် ဗမာလူထုအတွက်ပါ ပြန်လည်ထိခိုက်စေမည်ဖြစ်သည်။
အနာဂတ်သစ်
ဆွေးနွေးချက်တလျှောက် မီးမောင်းထိုးပြခဲ့သည့် အဓိကကျသော အဆိုမှာ “ဗဟိုချုပ်ကိုင်မှုသည်ပင် ဗမာဇာတ်သွင်းခြင်း ဖြစ်သည်” (Centralization is Burmanization) ဟူသော အချက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် တွေ့ကြုံနေရသော ပြဿနာသည် ဌာနေတိုင်းရင်းသားများက ဗမာလူများစု၏ ယဉ်ကျေးမှု သို့မဟုတ် လူမျိုးသွတ်သွင်းမှုတခုပြုခြင်းအဖြစ် မကြာခဏ မြင်ကြသော်လည်း၊ နိုင်ငံတော်က မောင်းနှင်သော ဗဟိုချုပ်ကိုင်မှု၏ ဖော်ပြချက်တခု အဖြစ် ဆွေးနွေးပါက ပိုမိုတိကျသည်။
ဗမာဇာတ်သွင်းခြင်းတွင် အသုံးပြုသော ဝေါဟာရ "ဗမာ" သည် နိုင်ငံတော်၏ အာဏာမဲ့ပြည်သူများကို မဟုတ်ဘဲ ဗဟိုနိုင်ငံတော်နှင့် သူ၏ အာဏာဖွဲ့စည်းပုံ၊ အင်စတီကျူးရှင်း၊ အမွေအနှစ်၊ ဖြစ်စဉ်နှင့် ယန္တရားများကို ရည်ညွှန်းကြောင်း အသိအမှတ်ပြုခြင်းသည် ဤဖိနှိပ်သော စနစ်များကို ဖြိုဖျက်ရန်နှင့် ပို၍ပါဝင်မှုရှိပြီး မျှတသော နိုင်ငံရေးအစီအစဉ်တခုကို မြှင့်တင်ရန် အရေးကြီးသည်။ မြန်မာနိုင်ငံတွင် ဗဟိုချုပ်ကိုင်မှုသည် ဗမာယဉ်ကျေးမှု၏ ဇာတိလွှမ်းမိုးမှုကို ထင်ဟပ်ခြင်းသက်သက်ကြောင့် မဟုတ်ဘဲ ဥပဒေများ၊ အင်စတီကျူးရှင်းများနှင့် မူဝါဒများမှတဆင့် ဗဟိုချုပ်ကိုင်မှုကို အာဏာသက်ရောက်စေသော နိုင်ငံတော်ယန္တရား၏ ထုတ်ကုန်တခု ဖြစ်သောကြောင့် ဗမာဇာတ်သွင်းခြင်းနှင့် ထပ်တူကျသည်ဟု မှတ်ယူရမည်။
ဤနားလည်မှုသည် အရေးကြီးသောအချက်နှစ်ချက်ကို ညွှန်ပြနေသည်။
ပထမအချက်မှာ သာမန်ဗမာလူမျိုးအများအပြားသည်လည်း ဤဗဟိုချုပ်ကိုင်သော စနစ်၏ သားကောင်များ ဖြစ်ကြသည် ဟူသောအချက်ဖြစ်သည်။ သူတို့သည် အထူးသဖြင့် ကျေးလက်ဒေသ သို့မဟုတ် ဘေးဖယ်ထားခံရသော ဒေသများတွင် နေထိုင်သူများဖြစ်ပြီး တူညီသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိမှုကို ရင်ဆိုင်ရသည်။ မတူညီသောပုံစံများဖြင့်သော်လည်း တိုင်းရင်းသားလူနည်းစုများကဲ့သို့ပင် တူညီသော အာဏာရှင်ဆန်သည့် ဖွဲ့စည်းပုံများ၏ သက်ရောက်မှုကို ခံစားရသည်။ ဆိုလိုသည်မှာ တိုင်းရင်းသားများသည် လူမှုစီးပွားရေးနှင့် ဇစ်မြစ်နှစ်ခုလုံး ဖိနှိပ်ခံရချိန်တွင် ဗမာများက ဇစ်မြစ်ဖိနှိပ်မခံရသော်လည်း လူမှုစီးပွား ဖိနှိပ်ခံရသည်။
ဒုတိယအချက်မှာ ပြဿနာ၏ အရင်းမြစ်သည် လူမျိုးရေး မုန်းတီးမှုထက် ဖွဲ့စည်းပုံဆိုင်ရာ မညီမျှမှုတွင် တည်ရှိနေသည် ဟူသောအချက်ဖြစ်သည်။ ဤရှုမြင်ပုံသည် “ဗမာ” နှင့် “တိုင်းရင်းသား” ဟူ၍ ရန်သူသဖွယ် ခွဲခြားမြင်ခြင်းကို ကျော်လွှားစေပြီး၊ အားလုံးကို ဖိနှိပ်နေသည့် ဗဟိုချုပ်ကိုင်သော နိုင်ငံတော်စနစ် ကို ဘုံရန်သူအဖြစ် သတ်မှတ်ရန် လမ်းဖွင့်ပေးသည်။ "အမေရိကန်က အရှေ့အလယ်ပိုင်းတွင် ရှုပ်သွားသည်" ဟု ပြောလျှင် အမေရိကန်နိုင်ငံ၏လူထုကို အပြစ်တင်ခြင်းမဟုတ်ဘဲ အမေရိကန်အစိုးရကို ပြောခြင်းဟု နားလည်ကြသည်။ သို့ရာတွင် ဗမာက တိုင်းရင်းသားဒေသတွင် အမြတ်ထုတ်သည်ဟု ပြောလျှင် ဗမာလူမျိုးများ အတွက် နိုင်ငံရေးစနစ်ကို ပြောသည်ဟု နားမလည်ဘဲ မိမိတို့၏ ဇစ်မြစ်ကို ထိသည်ဟု နားလည်တတ်ကြသည်။ ထို့ကြောင့် ဗမာဇာတ်သွင်းခြင်းကို ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းစဉ်တခုထက် နိုင်ငံတော်က မောင်းနှင်သော လုပ်ငန်းစဉ်အဖြစ် နားလည်ဖွင့်ဆိုခြင်းသည် ဗမာနှင့် ဗမာမဟုတ်သော အုပ်စုများအကြား စည်းလုံးညီညွတ်မှု မြှင့်တင်ရန် မရှိမဖြစ် လိုအပ်သည်။
လုပ်စားကိုင်စား နိစ္စဓူဝလူထုကြီးသည် မြန်မာနိုင်ငံတော်မှ ဗမာ့ဝိသေသလက္ခဏာနှင့် ဗမာ့ လောကအမြင်အခြေပြု သမိုင်းကြောင်းဝါဒဖြန့်မှုကို စပွန်ဆာပေးခြင်းကြောင့် ပြင်းထန်သော လူမှုဇစ်မြစ်နှင့် ဘဝနေနည်းများကို လွယ်ကူစွာ ချိတ်ဆက်နိုင်သော်လည်း ပြဿနာကို ဖန်တီးသူများ မဟုတ်ပေ။ ပြဿနာသည် ဗမာ့ဝိသေသကို ဖြန့်ဖြူးထုတ်လုပ်သည့် နိုင်ငံတော်၏ စနစ်တွင်သာ တည်ရှိပေသည်။ ထို့ကြောင့် လုပ်စားကိုင်စားလူထုသည် မောဟဖြင့် ကိုယ်ချင်းစာရန် ခက်နေသည်ကို ထပ်ကာထပ်ကာ အပစ်တင်ခြင်းဖြင့် အကျိုးမရှိပေ။ ဗဟိုချုပ်ကိုင်သော နိုင်ငံတော်နှင့် ၎င်း၏ ဖိနှိပ်သော ယန္တရားများအပေါ် စုပေါင်းဝေဖန်မှုတခုကို လုပ်သင့်သော်လည်း အာဏာမဲ့လူထုကို မောဟမှ ရရှိသည့် အခွင့်အရေးများ ထက်ကျော်လွန်၍ လိုအပ်သည်ထက် ပိုမတွန်းသင့်ပေ။
အနာဂတ်တွင် ဗမာဇာတ်သွင်းခြင်းကို အနည်းဆုံး မဏ္ဍိုင်သုံးခုဖြင့် ဖြေရှင်းရန် စဉ်းစားကြည့်နိုင်သည်။
မဏ္ဍိုင် (၁) - ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဤသည်မှာ ဖက်ဒရယ်စနစ် တည်ဆောက်ရေးဖြစ်သည်။ ၎င်းက အာဏာခွဲဝေမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် နေရာ (space) ကို ဖန်တီးပေးသည်။
မဏ္ဍိုင် (၂) - အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional Justice) ဤသည်မှာ "သမိုင်းဒဏ်ရာ" နှင့် "သမိုင်းတာဝန်ရှောင်လွှဲမှု" တို့ကို တိုက်ရိုက်ဖြေရှင်းသည့် နည်းလမ်းဖြစ်သည်။အမှန်တရားဖော်ထုတ်ရေး ကော်မရှင်များ (Truth Commissions) ဖွဲ့စည်းခြင်း။
အားလုံးပါဝင်သော သမိုင်းပြန်လည်ရေးသားရေး စီမံကိန်းများ။
အတိတ်က ကျူးလွန်မှုများအတွက် ပြည်သူလူထုရှေ့ တရားဝင်တောင်းပန်ခြင်း။
မဏ္ဍိုင် (၃) - ပညာရေးနှင့် ယဉ်ကျေးမှု ပြုပြင်ပြောင်းလဲရေး ဤသည်မှာ "National Narcissism" နှင့် "အဖအုပ်စိုးလိုစိတ်" တို့ကို ရေရှည်ဖြေရှင်းမည့် နည်းလမ်းဖြစ်သည်။ယဉ်ကျေးမှုမျိုးစုံကို အသိအမှတ်ပြုသော ပညာရေးစနစ် (Multicultural Education)။
မိခင်ဘာသာစကားဖြင့် ပညာသင်ကြားခွင့် ကို အာမခံခြင်း။
ဘာသစကားများ ထိန်းသိမ်းဖွံ့ဖြိုးစေမှုကို Affirmative action တခုအဖြစ် ပံ့ပိုးခြင်း။
နိုင်ငံပိုင်မီဒီယာများတွင် လူမျိုးအားလုံး၏ ပုံရိပ်ကို မျှတစွာ ကိုယ်စားပြုဖော်ပြခြင်း။
ဤမဏ္ဍိုင်များသည် ကနဦးစဉ်းစားချက်များအတွက် လှုံ့ဆော်ပေးရန်သာဖြစ်ပြီး ပြည့်စုံသည့်အဖြေ (Complete Solution) မဟုတ်ပါ။
အပြန်အလှန်လေးစားခြင်းက တိုင်းရင်းသားမရွေး အုပ်စုအားလုံးက အသိုင်းအဝိုင်းတိုင်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဂုဏ်သိက္ခာကို လေးစားသော ဖက်ဒရယ်စနစ်တခုအတွက် ထောက်ခံအားပေးနိုင်သည့် ဗဟိုချုပ်ကိုင်မှုကို စုပေါင်းဆန့်ကျင်ရေးအတွက် ဖြစ်နိုင်ခြေကို ဖွင့်ပေးသည်။ ဗမာဝိသေသလက္ခဏာကို ဗဟိုပြုသည့် နိုင်ငံမျိုးမဟုတ်ဘဲ အမျိုးသားလူထုအစုံ၏ ဝိသေသလက္ခဏာကို ကိုယ်စားပြုနိုင်သည့် အခြေခံ ဖြစ်ရန် လက်ရှိ ဗဟိုချုပ်ကိုင်မှုကို ဆန့်ကျင်သော မျှဝေထားသည့် တိုက်ပွဲအပေါ် အာရုံစိုက်ခြင်းဖြင့် မြန်မာ ပြည်သူအားလုံးသည် စုံလင်ကွဲပြားမှုကို လေးစားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို သေချာပိုင်စွာ ရနိုင်သည့် အနာဂတ်ကို ဖန်တီးနိုင်မည်ဖြစ်သည်။
ဤသို့သော အနာဂတ်ကို တည်ဆောက်ရန်အတွက်၊ စုံလင်ကွဲပြားမှုအခြေခံသည့် လူ့အသိုင်းအဝိုင်း၊ တဦးက တဦးကို မစိုးမိုးမချုပ်ချယ်သည့် လူ့အသိုင်းအဝိုင်းပုံ ဖြစ်လာစေရန်အတွက် အခြားဒဿနသုံးခုကို လေ့လာရမည်ဖြစ်သည်။
- နိုင်ငံရေးသည် အုပ်စုအလုပ်ဖြစ်၍ လူမှုရေးသရုပ်လက္ခဏာ (Identity) မှ ကွဲပြား၍ တည်ရှိရန် မဖြစ်နိုင်ခြင်း။ (နိုင်ငံရေးသည် လူပုဂ္ဂိုလ်တဦးချင်းစီ၏ အခွင့်အရေးမျှသာမကဘဲ၊ လူမျိုး၊ ကျားမ၊ ဒေသ စသည့် စုပေါင်းဝိသေသလက္ခဏာများ၏ အခွင့်အရေးနှင့် ကိုယ်စားပြုမှုကိုပါ အသိအမှတ်ပြုရန် လိုအပ်သည်။)
- မောဟခြုံလွှာ (Veil of Ignorance)[25] ဖြင့် လူတိုင်းကို တန်းတူသည်ဟု ကြည့်ရန်မှာ အာဏာစီးဆင်း တည်ဆောက်မှု တန်းတူမှန်ကန်သော လူ့ဘောင်ဖြစ်ရန် လိုခြင်း။ (လူ့အဖွဲ့အစည်း၏ စည်းမျဉ်းများကို ရေးဆွဲရာတွင် မိမိသည် မည်သည့်လူမျိုး၊ မည်သည့်အလွှာတွင် မွေးဖွားလာမည်ကို မသိဟု ယူဆကာ အားလုံးအတွက် မျှတမည့် စနစ်ကို ဖန်တီးရန် လိုအပ်သည်။)
- ငြိမ်းချမ်းရေးအတွက် ဖြေရှင်းရာတွင် ကိုယ်စားပြုမှုများ၌ လူများသာမက သမိုင်းဒဏ်ရာများကိုပါ ထည့်သွင်းဖြေရှင်း၍ ကိုယ်စားပြုမှုပေးရန် လိုခြင်းတို့ ဖြစ်သည်။ (အတိတ်က မတရားမှုများနှင့် သမိုင်းဆိုင်ရာ နာကျင်မှုများကို အသိအမှတ်မပြုဘဲ ရှေ့ဆက်၍မရနိုင်ပါ။ ထိုဒဏ်ရာများကို ကုစားရန်နှင့် ထပ်မဖြစ်စေရန် အာမခံချက်ပေးနိုင်မည့် နိုင်ငံရေးစနစ်ကို တည်ဆောက်ရမည်။)
ဤစာနှင့် တိုက်ရိုက်မဆိုင်သဖြင့် အကျယ်မပြောတော့ပါ။ သို့သော် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ပြဿနာသည် လှိုက်စားနေပြီး ဖြေရှင်းရမည့် အနာဆွေးဖြစ်သည်မှာ ထင်ရှားပါသည်။ ဤပြဿနာကို ဖြေရှင်းရန်မှာ လူမျိုးတမျိုးနှင့်တမျိုး အပြစ်တင်နေခြင်းထက်၊ အားလုံးကို ဖိနှိပ်ထားသည့် နိုင်ငံတော်၏ ဗဟိုချုပ်ကိုင်မှု ယန္တရားကို အတူတကွ ဖြိုဖျက်ပြီး၊ စစ်မှန်သော တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်မည့် ဖက်ဒရယ်စနစ်သစ်တခုကို တည်ဆောက်ခြင်းဖြင့်သာ ဖြစ်နိုင်မည် ဖြစ်ပါသည်။
-----------------------
[1] "မြန်မာ" နှင့် "ဗမာ" အသုံးအနှုန်းကွဲပြားမှုသည် ဘာသာဗေဒပညာရှင်များနှင့် သမိုင်းပညာရှင်များကြား ဆွေးနွေးစရာဖြစ်နေခဲ့သည်။ သမိုင်းပညာရှင် သန့်မြင့်ဦး အပါအဝင် ပညာရှင်များက ၁၉၈၉ ခုနှစ် နဝတ အစိုးရက နိုင်ငံအမည်ကို မပြောင်းလဲမီအချိန်ထိ ဤစကားလုံးနှစ်လုံးသည် အပြန်အလှန် ဖလှယ်သုံးစွဲနိုင်သော စကားလုံးများဖြစ်ပြီး၊ "မြန်မာ" သည် စာရေးစကား (Literary form) ဖြစ်ကာ "ဗမာ" သည် ပြောစကား (Colloquial form) ဖြစ်ကြောင်း ထောက်ပြကြသည်။ ကိုလိုနီခေတ်မတိုင်မီနှင့် ကိုလိုနီခေတ် စာပေများတွင် လူမျိုးကိုရည်ညွှန်းရာ၌ ဤစကားလုံးနှစ်မျိုးလုံးကို အခြေအနေအလိုက် သုံးစွဲခဲ့ကြသည်။ သို့ရာတွင် မြမ္မာဆိုသော စကားလုံးကို ကျောက်စာများတွင် တွေ့ရသဖြင့် ရှေးပဝေသဏီကပင်ရှိခဲ့သည်ကို သေချာ မြင်ရပါသည်။ ထို့အပြင် ဗမာဟု မဆိုခင် ဗရမ္မာဟူသော အသံအခေါ်ကို နှစ်ပေါင်း ၆၀၀ ကျော်မျှကပင် နိုင်ငံခြားသားများ သုံးစွဲနေကြသည်ကို အသေအချာ တွေ့ရသည်။
[2] ဧရာဝတီမြစ်ဝှမ်းဒေသရှိ မင်းနေပြည်တော်များသည် စစ်ပွဲများတွင် ဖမ်းဆီးရမိသော သုံ့ပန်းများ၊ ကြေးစားစစ်သားများနှင့် ရွှေ့ပြောင်းအခြေချသူများကို "အမှုထမ်း" အစုအဖွဲ့များအဖြစ် ဖွဲ့စည်းကာ ဗမာလူ့အဖွဲ့အစည်းအတွင်းသို့ သွတ်သွင်း (Assimilate) ခဲ့ကြသည်။ ဥပမာ - ၁၇ ရာစုတွင် တရုတ်ပြည်မှ ထွက်ပြေးလာသော ယုံလီဘုရင်၏ နောက်လိုက်များသည်လည်းကောင်း၊ ပေါ်တူဂီကြေးစားစစ်သား (ဘရင်ဂျီ) များသည်လည်းကောင်း နောက်ပိုင်းတွင် ဗမာအမည်ခံယူပြီး ဗမာလူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းများ ဖြစ်လာကြသည်။
[3] ၁၉၃၀ ပြည့်နှစ်များတွင် ပေါ်ပေါက်ခဲ့သော တို့ဗမာအစည်းအရုံးသည် အမျိုးသားရေးစိတ်ဓာတ် လှုံ့ဆော်ရန်အတွက် "ဗမာ" ဟူသော ဝေါဟာရကို နိုင်ငံအတွင်း နေထိုင်သူအားလုံးကို ကိုယ်စားပြုသည့် နိုင်ငံရေးဝေါဟာရ (Political Term) အဖြစ် အသုံးပြုခဲ့သည်။ "ဗမာပြည်သည် တို့ပြည်" ဟူသော ကြွေးကြော်သံတွင် ပါဝင်သော ဗမာသည် လူမျိုးစုတစုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ ကိုလိုနီဆန့်ကျင်ရေး အင်အားစုအားလုံးကို စုစည်းရန် ရည်ရွယ်သည်။
[4] သမိုင်းကို ပညာရပ်တခုအနေဖြင့် မသင်သော နိုင်ငံဟူ၍မရှိ၊ ပြန်မပြောသော နိုင်ငံဟူ၍မရှိ။ Wikipedia နှင့် Britannica ကဲ့သို့သော စွယ်စုံကျမ်းကြီးများတွင် ရေးမည်လည် ဖြစ်သည်။ ဘာရေးစေချင်သနည်း၊ ဘာတွေသိထားသနည်း။ လူတဦးကို သမိုင်းအမြင်နှင့် ဇစ်မြစ်ကို မေးလိုက်ပါက “နိုင်ငံရေးအရ” လူမျိုးခံယူချက်ကို သိနိုင်ပါလိမ့်မည်။
[5] Dr. လျန်မှုန်းဆာခေါင်းအပါအဝင် တိုင်းရင်းသားအရေး လေ့လာသူပညာရှင်များက "Burmanization" (ဗမာဇာတ်သွင်းခြင်း) သည် ယဉ်ကျေးမှုအရ လွှမ်းမိုးခြင်းသက်သက်မဟုတ်ဘဲ နိုင်ငံတော်တည်ဆောက်ပုံ (State Building) ကိုယ်တိုင်က ဗဟိုချုပ်ကိုင်မှု (Centralization) ကို အခြေခံထားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ဗဟိုမှ တိုက်ရိုက်အုပ်ချုပ်သည့် ယန္တရားတွင် အသုံးပြုသော ဘာသာစကား၊ ဥပဒေနှင့် စီမံခန့်ခွဲမှုပုံစံများသည် လူများစု (ဗမာ) ၏ ယဉ်ကျေးမှုအပေါ်တွင်သာ အခြေခံထားသဖြင့် ဗဟိုချုပ်ကိုင်ခြင်းသည် အလိုအလျောက် ဗမာဇာတ်သွင်းခြင်း ဖြစ်သွားရသည်။
[6] အီတလီ မာ့က်စ်ဝါဒီ တွေးခေါ်ပညာရှင် Antonio Gramsci (၁၈၉၁-၁၉၃၇) ၏ "Cultural Hegemony" (ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်မှု) သီအိုရီကို ရည်ညွှန်းသည်။ သူ၏ Prison Notebooks တွင် အုပ်စိုးသူလူတန်းစားသည် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အင်အားသုံးရုံသာမက ပညာရေး၊ မီဒီယာနှင့် ဘာသာရေးအစရှိသည့် ယဉ်ကျေးမှုလမ်းကြောင်းများမှတဆင့် ၎င်းတို့၏ စံနှုန်းများကို "Common Sense" (လူတိုင်းလက်ခံထားသည့် အမှန်တရား) ဖြစ်လာအောင် ဖန်တီးတည်ဆောက်ကြသည်ဟု ဖော်ပြထားသည်။
[7] ပြင်သစ်ဧကရာဇ် နပိုလီယံကို အလွန်အမင်းလေးစားကြည်ညိုပြီး ကိုယ်ကျိုးမငဲ့ဘဲ သစ္စာစောင့်သိခဲ့သည်ဟု ဆိုကြသော ပြင်သစ်စစ်သား Nicolas Chauvin ကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ သူသည် သမိုင်းတွင် တကယ်ရှိခဲ့သူ ဟုတ်မဟုတ် အငြင်းပွားဖွယ်ရာရှိသော်လည်း ပြင်သစ်ပြဇာတ်များမှတဆင့် သူ့အမည်သည် "မျက်စိမှိတ် မျိုးချစ်စိတ်ပြင်းထန်သူ" (Blind Patriotism) ဟူသော အဓိပ္ပာယ်ဖြင့် တွင်ကျယ်လာခဲ့သည်။
[8] ၁၉၆၀-၇၀ ခုနှစ်များတွင် အနောက်တိုင်း၌ အမျိုးသမီးလွတ်မြောက်ရေးလှုပ်ရှားမှု (Second-wave feminism) များ အားကောင်းလာချိန်တွင် အမျိုးသားများက အမျိုးသမီးများအပေါ် လွှမ်းမိုးချုပ်ကိုင်လိုစိတ်နှင့် အမျိုးသားသာ အမြတ်ဆုံးဟူသော ဝါဒရှိသူများကို "Male Chauvinist Pig" ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။ Merriam-Webster.com Dictionary ကိုကြည့်ပါ။
[9] "National Narcissism" (Collective Narcissism) သည် လူမှုစိတ်ပညာဆိုင်ရာ ဝေါဟာရတခုဖြစ်ပြီး မိမိတို့လူမျိုး သို့မဟုတ် နိုင်ငံသည် အခြားသူများထက် သာလွန်သည်ဟု အလွန်အမင်း ထင်မြင်ယူဆခြင်းဖြစ်သည်။ ဤစိတ်အခြေအနေရှိသူများသည် မိမိတို့လူမျိုးအပေါ် ဝေဖန်မှုများကို လက်မခံနိုင်ဘဲ ရန်လိုစွာ တုံ့ပြန်တတ်ကြသည်။
[10] "Fundamental Attribution Error" (အခြေခံ ယူဆချက်အမှား) ဆိုသည်မှာ လူမှုစိတ်ပညာဝေါဟာရဖြစ်သည်။ လူတဦး (သို့မဟုတ် လူမျိုးတစု) ၏ အပြုအမူကို ဝေဖန်သုံးသပ်ရာတွင် ထိုသူကြုံတွေ့နေရသည့် ပြင်ပပတ်ဝန်းကျင် အခြေအနေများ (Situational factors) ကို ထည့်မတွက်ဘဲ ထိုသူ၏ ပင်ကိုယ်စရိုက် (Personality) ကြောင့် ဖြစ်သည်ဟု ပုံသေကောက်ချက်ချခြင်းကို ဆိုလိုသည်။ (ဥပမာ - တော်လှန်ရေးလုပ်နေရခြင်းကို အခြေအနေကြောင့်ဟု မမြင်ဘဲ၊ "ထိုလူမျိုးက" ခေါင်းမာသောကြောင့်ဟု မြင်ခြင်းမျိုးဖြစ်သည်။)
[11] အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ "Make America Great Again" လှုပ်ရှားမှုကဲ့သို့သော Populism (လူကြိုက်များရေးဝါဒ) ကို ရည်ညွှန်းသည်။ နိုင်ငံရေးခေါင်းဆောင်များသည် လူများစု၏ စိုးရိမ်ပူပန်မှုများနှင့် အမျိုးသားရေးစိတ်ဓာတ်ကို အသုံးချပြီး ၎င်းတို့ကိုယ်တိုင်ကို "နိုင်ငံကို ကယ်တင်မည့် သူရဲကောင်း" အဖြစ် ပုံဖော်ကာ အာဏာရယူလေ့ရှိသည်။
[12] ၁၉၂၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် နာမည်ကျော် "ရောမချီတက်ပွဲ" (March on Rome) မတိုင်မီ Naples မြို့၌ ပြောကြားခဲ့သော အီတလီ ဖက်ဆစ်ခေါင်းဆောင် မူဆိုလီနီ၏ မိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်သည်။ ဖက်ဆစ်ဝါဒသည် အမှန်တရားအပေါ် အခြေခံရန်မလိုဘဲ လူမျိုးကြီးမြတ်ရေး ဒဏ္ဍာရီ (Myth) အပေါ်တွင် အခြေခံ၍ တည်ဆောက်ထားကြောင်း ဝန်ခံထားခြင်းဖြစ်သည်။
[13] "Internal Colonialism" (အတွင်းဘက်လှိုက်စားသော ကိုလိုနီဝါဒ) သီအိုရီကို ၁၉၇၀ ပြည့်လွန်နှစ်များတွင် Michael Hechter နှင့် Robert Blauner တို့က စတင်ဖော်ထုတ်ခဲ့သည်။ နိုင်ငံတနိုင်ငံတည်းဖြစ်သော်လည်း ဗဟိုချက်မ (Core) မှ လူမျိုးကြီးများက အစွန်အဖျားဒေသ (Periphery) ရှိ လူနည်းစုများ၏ သယံဇာတနှင့် လုပ်အားကို ခေါင်းပုံဖြတ်ပြီး ဖွံ့ဖြိုးမှုမရှိအောင် ထိန်းချုပ်ထားသည့် စနစ်ကို ဆိုလိုသည်။
[14] ၁၉၉၄/၁၉၉၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မြန်မာ့ကျောက်မျက်ရတနာဥပဒေသည် ကျောက်စိမ်းနှင့် ရတနာထွက်ရှိရာ နယ်မြေများမှ ဒေသခံများ၏ ပိုင်ဆိုင်ခွင့်ကို ပိတ်ပင်ပြီး နိုင်ငံတော်အစိုးရ (ထိုစဉ်က နဝတ/နအဖ) နှင့် ၎င်းတို့ အကျိုးတူပူးပေါင်းထားသော ကုမ္ပဏီများကိုသာ လက်ဝါးကြီးအုပ်ခွင့် ပေးခဲ့သည်။ ၎င်းသည် သယံဇာတ ဗဟိုချုပ်ကိုင်မှု၏ ထင်ရှားသော သာဓကဖြစ်သည်။
[15] ကနေဒါနိုင်ငံတွင် ၁၉ ရာစုနှောင်းပိုင်းမှ ၁၉၉၆ ခုနှစ်အထိ ကျင့်သုံးခဲ့သော "Indian Residential School" စနစ်ကို ဆိုလိုသည်။ ဌာနေတိုင်းရင်းသား ကလေးငယ်များကို မိဘများထံမှ အတင်းအဓမ္မ ခွဲထုတ်၍ ဘော်ဒါဆောင်ကျောင်းများတွင် ထားရှိကာ မိခင်ဘာသာစကား ပြောဆိုခွင့် ပိတ်ပင်ခြင်း၊ ခရစ်ယာန်ဘာသာသို့ အတင်းအကျပ် ကူးပြောင်းစေခြင်းများ ပြုလုပ်ခဲ့သည်။ ယင်းကို ယခုအခါ "ယဉ်ကျေးမှုဆိုင်ရာ လူမျိုးတုံးသတ်ဖြတ်မှု" (Cultural Genocide) အဖြစ် ကနေဒါအစိုးရက တရားဝင် ဝန်ခံထားသည်။
[16] ဤနေရာတွင် Gramsci ၏ သီအိုရီကိုပင် ထပ်မံညွှန်းဆိုသည်။ နိုင်ငံရေးအာဏာတည်မြဲစေရန် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (Police/Military) ထက် စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှု (Cultural Hegemony) က ပိုမိုထိရောက်ကြောင်း၊ ပညာရေးနှင့် ယဉ်ကျေးမှုမှတဆင့် အုပ်စိုးသူ၏ အတွေးအခေါ်များကို လက်ခံလာအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုလိုသည်။
[17] ကုန်းဘောင်ခေတ်တွင် ဘကြီးတော်မင်းလက်ထက် ၁၈၂၆ ခုနှစ်၌ အင်္ဂလိပ်တို့နှင့် ရန္တပိုစာချုပ်ကို ချုပ်ဆိုခဲ့ရသော်လည်း၊ နန်းတက်လာသော ညီတော် သာယာဝတီမင်း (၁၈၃၇-၁၈၄၆) က "ငါသည် ငါ့နောင်တော်၏ လုပ်ရပ်များအတွက် တာဝန်မရှိ၊ ထိုစာချုပ်ကို အသိအမှတ်မပြု" ဟု ငြင်းဆန်ခဲ့ဖူးသည်။ ဤသည်မှာ မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုတွင် အစိုးရအဆက်ဆက် (Institution) တာဝန်ယူမှုထက် ပုဂ္ဂိုလ်စွဲ (Personalism) က လွှမ်းမိုးနေပုံကို ပြသသော သာဓကဖြစ်သည်။
[18] NLD (LA) ခေါ် လွတ်မြောက်နယ်မြေရောက် NLD အဖွဲ့ဝင်များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ဒီမိုကရေစီအင်အားစုများနှင့် သဘောတူညီချက်များ (ဥပမာ - မဲသရောထ သဘောတူညီချက်) ရယူခဲ့သော်လည်း ပြည်တွင်းရှိ NLD ဗဟိုက ယင်းသဘောတူညီချက်များကို ပါတီ၏ တရားဝင်သဘောထားအဖြစ် အပြည့်အဝ အသိအမှတ်ပြုရန် ဝန်လေးခဲ့ခြင်း သို့မဟုတ် ငြင်းပယ်ခဲ့ခြင်းများကို ရည်ညွှန်းသည်။
[19] ၁၉၅၀ ပြည့်လွန်နှစ်များ ဖဆပလ ပါတီကွဲပြီးနောက် "တည်မြဲ ဖဆပလ" နှင့် တိုင်းရင်းသားခေါင်းဆောင်များကြား ဆက်ဆံရေး တင်းမာမှုများကို ရည်ညွှန်းသည်။ ထိုစဉ်က ဖဆပလ ခေါင်းဆောင်အချို့သည် တိုင်းရင်းသားခေါင်းဆောင်များကို နိုင်ငံရေးအတွေ့အကြုံနုနယ်သူများဟု သဘောထားကာ "မင်းတို့ ဘာနားလည်လို့လဲ" ဟူသော သဘောဖြင့် ဖိနှိပ်ဆက်ဆံခဲ့သည့် သမိုင်းဖြစ်ရပ်များကို ဆိုလိုသည်။
[20] နိုင်ငံရေးသိပ္ပံပညာရှင် Christopher Anderson နှင့် အခြားသူများ တင်ပြသော "Losers' Consent" သီအိုရီဖြစ်သည်။ ဒီမိုကရေစီစနစ် ရေရှည်ခိုင်မြဲရန်အတွက် ရွေးကောက်ပွဲတွင် ရှုံးနိမ့်သူများက ရလဒ်ကို လက်ခံပြီး စနစ်အတွင်း ဆက်လက်ရှိနေရန် သဘောတူညီချက် (Consent) လိုအပ်သည်။ သို့သော် မြန်မာနိုင်ငံကဲ့သို့သော အခြေအနေတွင် ရှုံးနိမ့်သူ (လူနည်းစု) များသည် မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် ဝိသေသလက္ခဏာများ ပျောက်ပျက်မည့် အန္တရာယ်ရှိနေသဖြင့် ထို Consent ကို မပေးနိုင်ခြင်းဖြစ်သည်။
[21] ၁၉ ရာစု ဂန္ထဝင်လစ်ဘရယ်ဝါဒီများဖြစ်သော John Stuart Mill ကဲ့သို့သော ပုဂ္ဂိုလ်များပင်လျှင် "လူရိုင်း" (Barbarians) ဟု သူတို့သတ်မှတ်သူများကို အုပ်ချုပ်ခြင်းသည် ၎င်းတို့ကို ယဉ်ကျေးလာစေရန် (Civilizing Mission) ဖြစ်သဖြင့် တရားမျှတသည်ဟု ယူဆခဲ့ကြသည်။ ကိုလိုနီဝါဒကို ကျင့်ဝတ်အရ မှန်ကန်သည်ဟု ဥရောပသားများက ဖြေရှင်းချက်ထုတ်ရာတွင် ဤအယူအဆကို အသုံးပြုခဲ့ကြသည်။
[22] "Erga Omnes" သည် နိုင်ငံတကာဥပဒေဆိုင်ရာ လက်တင်ဝေါဟာရဖြစ်ပြီး "လူတိုင်းအပေါ် (သို့) နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးအပေါ် တာဝန်ရှိမှု" ဟု အဓိပ္ပာယ်ရသည်။ "ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်" (Self-determination) သည် နိုင်ငံတကာဥပဒေတွင် Erga Omnes အဆင့်ရှိသော အခွင့်အရေးဖြစ်ပြီး နိုင်ငံတိုင်းက လေးစားလိုက်နာရန် တာဝန်ရှိသည်။
[23] ကိုလိုနီခေတ်လွန်နိုင်ငံတွင် ကျန်ခဲ့သည့် စီမံအုပ်ချုပ်ရေးယူနစ် Administrative Units များ၏ လုပ်ဆောင်ချက် ကလည်း သက်ရောက်မှုရှိသည်မှာ သေချာပါသည်။ ဆိုရှယ်ဒါဝင်အယူအဆခေတ်မှ ဗြိတိသျှတို့ လေ့လာ၍ ချန်ခဲ့သည့် လူမျိုးဆိုင်ရာ အမြင်များမှာလည်း ကျန်ခဲ့သည်။ အမျိုးသားနိုင်ငံအမြင်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးသင့် မပေးသင့် တန်ဖိုးဖြတ် အမြင်များကလည်း ကျန်ရစ်ခဲ့သည်။
[24] နိုင်ငံရေးသိပ္ပံပညာရှင် V.P. Gagnon Jr. ၏ The Myth of Ethnic War စာအုပ်ကို ရည်ညွှန်းသည်။ သူက လူမျိုးရေးပဋိပက္ခများသည် လူထုအချင်းချင်း မုန်းတီး၍ ဖြစ်ရခြင်းထက် နိုင်ငံရေးအီလစ် (Elite) များက ပြည်တွင်းပြုပြင်ပြောင်းလဲရေးများကို ရှောင်လွှဲရန်နှင့် ၎င်းတို့အာဏာမြဲစေရန်အတွက် လူမျိုးစုစိတ်ဓာတ်များကို တမင်လှုံ့ဆော် ဖန်တီးယူခြင်းဖြစ်ကြောင်း တင်ပြထားသည်။
[25] Veil of Ignorance ခေါ် မောဟခြုံလွှာဟူသည့် အယူအဆကို John Rawls မှ တင်ပြခဲ့ခြင်းဖြစ်ပြီး၊ လူမှုရေးစနစ်နှင့် ဥပဒေများကို ချမှတ်ရာတွင် အခွင့်အရေး၊ ဂုဏ်ပုဒ်၊ ဝင်ငွေ၊ လူမျိုး၊ ဘာသာ သို့မဟုတ် မွေးရာပါ စွမ်းရည်များကို မသိရှိဘဲ မစဉ်းစား ဘက်မလိုက်ဘဲ ဆုံးဖြတ်ခြင်းကို ဆိုလိုသည်။ ကောင်းကျိုးမှာ ယင်းအခြေအနေတွင် ဘုံကောင်းကျိုး (Common Good) ကိုသာ ရှေ့ရှုသည်။ အချို့သူများ မမျှတမှုဒဏ်ကို ခံစားရနိုင်ခြေရှိသည်ကို စိုးရိမ်သောကြောင့် အဆိုးရွားဆုံးသော သူများအတွက်ပါ အကျိုးရှိစေမည့် (လူမှုရေး တရားမျှတသော) စည်းမျဉ်းများကိုသာ ရွေးချယ်ချမှတ်နိုင်ခြင်း ဖြစ်သည်။ သို့သော် ဆိုးပြစ်မှာ ဤအယူအဆသည် လက်တွေ့တွင် အကောင်အထည်ဖော်ရန် ခက်ခဲခြင်း၊ လူသားများ၏ လက်တွေ့ စိတ်ခံစားမှုနှင့် သမိုင်းကြောင်းဆိုင်ရာ ကွဲပြားမှုများကို လျစ်လျူရှုခြင်းဖြစ်နိုင်သလို ရရှိလာသော စည်းမျဉ်းများသည် စစ်မှန်သော လူသားအတွေ့အကြုံနှင့် ကင်းကွာ၍လည်း နေနိုင်သေးသည်။
Comments
Post a Comment