Skip to main content

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

လူတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ ဘာမှမသိတဲ့ အခြေအနေကနေ ဉာဏ်ပညာ ပွင့်လင်းသွားတဲ့ အဆင့်ဆီ ချက်ချင်းကြီး ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်မှာ ဖြတ်သန်းရတဲ့ အဆင့်တွေ ရှိတယ်။ အဆင့်တခုစီက ရှုပ်ထွေးမှုတွေထဲ နစ်မွန်းမသွားစေဘဲ အကြောင်းအရာတွေကို ပိုပြီး လက်ခံနိုင်စွမ်း ရှိလာအောင် ကူညီပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်နဲ့ တင်းတင်းကျပ်ကျပ် သတ်မှတ်ကန့်သတ်ခံထားတာမျိုး မဟုတ်ဘဲ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ ပိုရှင်းအောင်ပြောရရင် ဦးနှောက်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ် ဖွင့်ဆိုပုံတွေ ကွဲပြားသွားတာပါ။

အရှင်းလင်းဆုံး ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ပြောင်းလဲသွားတဲ့ ဒီအဆင့် ၅ ဆင့်အကြောင်းကို အသေအချာ လေ့လာကြည့်ကြရအောင်။

 

အဆင့် ၁ - ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်း

ဘယ်သင်ယူမှု ခရီးစဉ်မှာမဆို အစပိုင်းမှာ ဦးနှောက်က ရှင်းလင်းပြတ်သားမှုကိုပဲ လိုလားတယ်။ ပြတ်သားတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ မြန်မြန်ဆန်ဆန် ခွဲခြားသတ်မှတ်နိုင်ဖို့ လိုအပ်တယ်။ ဒါဟာ အားနည်းချက် မဟုတ်ဘဲ ရှင်သန်ရေးအတွက် သုံးတဲ့ နည်းဗျူဟာတခု ဖြစ်ပါတယ်။

ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက် အတွဲလိုက်အနေနဲ့ ဦးနှောက်ထဲ ဝင်လာတယ်။

  • အမှန် နဲ့ အမှား

  • မှန်ကန်ခြင်း နဲ့ မှားယွင်းခြင်း

  • မိမိ နဲ့ သူတပါး

  • လုံခြုံခြင်း နဲ့ အန္တရာယ်ရှိခြင်း

  • အကောင်း နဲ့ အဆိုး

ဒီဆန့်ကျင်ဘက် အတွဲတွေက ရှုပ်ထွေးတဲ့ လောကကြီးကို ရိုးရှင်းသွားစေတယ်။ ဒါတွေဟာ လက်တွေ့ဘဝကို အတိအကျ ဖော်ပြနေတာ မဟုတ်ဘဲ လမ်းမပျောက်အောင် အကြမ်းဖျင်း ဆွဲထားတဲ့ မြေပုံတွေသာ ဖြစ်ပါတယ်။ ကလေးတယောက်အတွက် လောကကြီးက အန္တရာယ်များပြီး ရှုပ်ထွေးတဲ့အတွက် ဒီလို ဆန့်ကျင်ဘက် အတွဲတွေ လိုအပ်တယ်။ လူကြီးတွေမှာလည်း ပင်ပန်းနွမ်းနယ်တဲ့အခါ၊ ဖိအားများတဲ့အခါ ဒါမှမဟုတ် ကြိုးကိုင်ခြယ်လှယ် ခံရတဲ့အခါမျိုးမှာ ဒီအတွေးအခေါ် ပုံစံဆီ ပြန်ရောက်သွားတတ်တယ်။ ဒီအဆင့်က လမ်းညွှန်မှုကိုပဲ ပေးနိုင်ပြီး အမှန်တရားကိုတော့ အပြည့်အဝ မပေးနိုင်ပါဘူး။

 

အဆင့် ၂ - အဖြူအမည်းထက်မကတဲ့ အတိမ်အနက် ရောင်စဉ်တန်းပမာ နားလည်ခြင်း

အချိန်နည်းနည်း ကြာလာတဲ့အခါ ဆန့်ကျင်ဘက်တွေကြားမှာ တိကျတဲ့ စည်းမျဉ်းတွေ မရှိဘူးဆိုတာကို သင်ယူသူက သဘောပေါက်လာတယ်။ အဖြူနဲ့ အမည်းကြားထဲမှာ မီးခိုးရောင် အဆင့်ဆင့် ရှိနေသလိုမျိုးပေါ့။

ဒီအဆင့်ရောက်ရင် နားလည်မှုက ဒါမဟုတ်ရင် ဟိုဟာ ဆိုတဲ့ပုံစံကနေ ပိုပြီး သို့မဟုတ် လျော့ပြီး ဆိုတဲ့ ပုံစံမျိုး ပြောင်းလာတယ်။

  • ပူတာနဲ့ အေးတာ ကြားထဲမှာ နွေးတာ၊ ခပ်စိမ့်စိမ့်အေးတာတွေ ရှိလာတယ်။

  • အမှန်နဲ့ အမှား ကြားထဲမှာ ရည်ရွယ်ချက်၊ အခြေအနေ၊ အတိုင်းအတာနဲ့ ထိခိုက်မှု ဆိုတာတွေ ပါဝင်လာတယ်။

  • မှန်ကန်ခြင်းနဲ့ မှားယွင်းခြင်း ကြားထဲမှာလည်း ဖြစ်နိုင်ခြေ၊ သေချာမှုနဲ့ အဓိပ္ပာယ် ဖွင့်ဆိုမှုတွေအဖြစ် ထပ်ပြီး ကွဲထွက်သွားတယ်။

ဒီအဆင့်က အနုစိတ် ကွဲပြားမှုတွေကို စတင်မိတ်ဆက်ပေးတယ်။ ဒါဟာ ဝေဖန်ပိုင်းခြား တွေးခေါ်မှုရဲ့ ပထမဆုံး ခြေလှမ်းအစစ်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အားနည်းချက်ကတော့ ဝင်ရိုးတခုတည်းအပေါ်မှာပဲ စဉ်းစားနေသေးတာပါ။ အရောင်အသွေး အမျိုးမျိုးကို ခွဲခြားနိုင်ပေမဲ့ ဘာသာရပ် တခုနဲ့တခု ဖြတ်ကျော်ဆက်စပ်တဲ့ အပိုင်းတွေကိုတော့ မကိုင်တွယ်နိုင်သေးပါဘူး။ ဒါကို အတွေ့အကြုံကနေ သင်ယူရနိုင်တယ်။

 

အဆင့် ၃ - ချိတ်ဆက်ကဏ္ဍတွေနဲ့၊ ပုံသဏ္ဌာန်နဲ့ နားလည်ခြင်း

သင်ယူသူဟာ မျဉ်းဖြောင့် တကြောင်းတည်း စဉ်းစားတဲ့အမြင်ကနေ ကျော်လွန်သွားတဲ့အခါ အမြင်ပေါင်းစုံနဲ့ တွေးခေါ်တဲ့ နယ်ပယ်သစ်တခုဆီ ရောက်လာတယ်။ ဒီအဆင့်မှာ ရှင်းလင်းချက်တွေက ချိတ်ဆက်ပုံသဏ္ဌာန်တွေအဖြစ် စတင်ပေါ်ပေါက်လာတယ်။ ဒါကို ပုံဆွဲပြရင် ပိုရှင်းပါတယ်။ ဇယားတွေ၊ စက်ဝိုင်းတွေနဲ့ ကွင်းဆက်တွေ ဖတ်တတ်ဖို့ လိုလာတယ်။ အကြောင်းအရာတခုဟာ ကဏ္ဍအများကြီးနဲ့ အဆက်အစပ်ရှိတယ်။

ဇယားကွက်တခုက ဖြစ်ရပ်တခုဟာ တချိန်တည်းမှာ အရာများစွာ ဖြစ်နိုင်ကြောင်း အသိအမှတ်ပြုတယ်။ ကိုယ်ကျင့်တရားကို ဥပမာပေးရရင် အကောင်းနဲ့ အဆိုးဆိုတဲ့ အတိုင်းအတာ တခုတည်းအစား ရည်ရွယ်ချက်၊ အကျိုးဆက်၊ လူမှုစံနှုန်း၊ အာဏာနဲ့ စိတ်ခံစားမှု သက်ရောက်မှုစတဲ့ သီးခြား အကြောင်းအရာတွေကို ဇယားကွက်က ဖော်ပြပေးတယ်။ ဒါကြောင့် သင်ယူသူကို ဘေးတိုက် ဆက်စပ်မှုတွေနဲ့ ဘာသာရပ်ဖြတ်ကျော် ချိတ်ဆက်မှုတွေကို မြင်နိုင်စေပါတယ်။

ဒီဇယားကွက် အတွေးအခေါ် ရင့်ကျက်လာတဲ့အခါ အစွန်းနှစ်ဖက်ဟာ မကြာခဏ ထိစပ်နေကြောင်း တွေ့လာရတယ်။ စက်ဝိုင်းဟာ ဆန့်ကျင်ဘက်တွေ ပြန်လည်ပေါင်းစည်းသွားခြင်းကို ကိုယ်စားပြုတယ်။ လွတ်လပ်မှုနဲ့ ပရမ်းပတာဖြစ်မှုဟာ အဆုံးစွန်မှာ ကွဲပြားမနေတော့ဘူး။ သေချာမှုနဲ့ မသိနားမလည်မှု နှစ်ခုစလုံးက အစွဲကြီး တယူသန်မှုကို ဖြစ်စေတယ်။ အစွန်းရောက်လက်ဝဲနဲ့ အစွန်းရောက်လက်ယာတို့ရဲ့ အာဏာရှင်ဆန်တဲ့ အလေ့အထတွေ တူညီလာတာမျိုးတွေ ဖြစ်ပါတယ်။

စက်ဝိုင်းပုံ တွေးခေါ်မှုက ဝိရောဓိတွေကို အသိအမှတ်ပြုတယ်။ စနစ်တွေဟာ မျဉ်းဖြောင့်အတိုင်း မဟုတ်ဘဲ သံသရာလည်နေကြောင်း မြင်တယ်။ ဒါဟာ ဘာသာရပ်ပေါင်းစုံ တွေးခေါ်မှု၊ အနတ္တတရား၊ အုပ်စုခွဲခြားမှုတွေရဲ့ မရေရာမှုနဲ့ ဆက်နွှယ်မှုဆိုင်ရာ အမြင်တွေ အားကောင်းလာတဲ့ အဆင့်ဖြစ်ပါတယ်။

 

အဆင့် ၄ - စနစ်နဲ့ အပြန်အလှန်မှီခိုမှုကို နားလည်ခြင်း

သင်ယူသူက ဖွဲ့စည်းပုံကို စတင်မြင်လာတဲ့အခါ စနစ်တွေကိုပါ နားလည်လာတယ်။ စနစ်ကျကျ တွေးခေါ်မှုဟာ ဆက်ဆံရေးတွေကို အကြမ်းဖျင်း ပုံဖော်ရုံသာမက အဲဒီဆက်ဆံရေးတွေက အချိန်နဲ့အမျှ အကျိုးဆက်တွေကို ဘယ်လိုဖြစ်ပေါ်စေသလဲ ဆိုတာကိုပါ လေ့လာတယ်။ ရာသီဥတု၊ ဘာသာစကား၊ ကိုလိုနီစနစ်၊ အမှတ်သညာ၊ စိတ်ခံစားမှု၊ နိုင်ငံတော်၊ ဈေးကွက်၊ ဘာသာတရား ဒီအရာအားလုံးဟာ စနစ်တွေချည်းပါပဲ။

ဒီအဆင့်မှာ သင်ယူသူက အောက်ပါအချက်တွေကို သိမြင်လာနိုင်ပါတယ်။

  • တုံ့ပြန်မှုကွင်းဆက်များ

  • မမျှော်လင့်ဘဲ ပေါ်ထွက်လာတဲ့ အပြုအမူများ

  • မျဉ်းဖြောင့်မကျတဲ့ သက်ရောက်မှုများ

  • အချိန်ကြာမှ ပေါ်ထွက်လာတဲ့ အကျိုးဆက်များ

  • အပြန်အလှန်မှီခိုမှုများ

  • မရည်ရွယ်တဲ့ အကျိုးဆက်များ

စစ်မှန်တဲ့ နိုင်ငံရေး သို့မဟုတ် ခေါင်းဆောင်မှုဆိုင်ရာ နားလည်တတ်ကျွမ်းမှုဆိုတာ ဒီအဆင့်ကနေ စတင်ပါတယ်။

 

အဆင့် ၅ - သမိုင်းစဉ်နဲ့ လူသားပါဝင်မှုကို နားလည်ခြင်း

စနစ်တခုကို နားလည်ဖို့ဆိုရင် သူ့ရဲ့ သမိုင်းကြောင်းကိုပါ နားလည်ဖို့ လိုပါတယ်။ အစိတ်အပိုင်း တခုစီမှာ သမိုင်းစဉ်ရှိသလို ဆက်နွှယ်မှုတွေမှာလည်း သမိုင်းစဉ် ရှိတယ်။ သမိုင်းစဉ်ဆိုတာ ရက်စွဲတွေအကြောင်း မဟုတ်ဘဲ အတွေးအခေါ်၊ အဖွဲ့အစည်းနဲ့ အပြုအမူတွေဟာ အချိန်နဲ့အမျှ ဘယ်လို စုပုံလာသလဲ ဆိုတာကို နားလည်ခြင်း ဖြစ်တယ်။ ဒီကနေတဆင့် လူသားတွေရဲ့ ပါဝင်ပတ်သက်မှုကြောင့် ဘာတွေ ပြောင်းလဲလာတယ်ဆိုတာကိုပါ လေ့လာနားလည်လာပါလိမ့်မယ်။

သမိုင်းစဉ်နဲ့ တွေးခေါ်မှုက အောက်ပါအချက်တွေကို ဖော်ထုတ်ပေးပါတယ်။

  • သမိုင်းဆိုင်ရာ မတော်တဆဖြစ်ရပ်များ

  • လမ်းကြောင်းမှီခိုမှု

  • အလှည့်အပြောင်းဖြစ်စေတဲ့ အဖြစ်အပျက်များ

  • မေ့လျော့ခံရတဲ့ အခြားရွေးချယ်စရာများ

  • ယဉ်ကျေးမှုဆိုင်ရာ မှတ်ဉာဏ်များ

  • အမွေဆက်ခံလာတဲ့ ယူဆချက်များ

ဒီအဆင့်က အဖွဲ့အစည်းတွေအောက်မှာ ကိန်းအောင်းနေတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အနည်အနှစ်တွေကို ဖော်ထုတ်ပြတယ်။ စနစ်တွေဟာ မလွှဲမရှောင်သာတဲ့ ကံကြမ္မာမဟုတ်ဘဲ ပြန်လည်ပုံဖော်နိုင်တဲ့ သမိုင်းဆိုင်ရာ စီမံမှုတွေသာဖြစ်ကြောင်း ဒီအဆင့်ရောက်မှ သင်ယူသူက ကောင်းကောင်း မြင်လာနိုင်ပါတယ်။

 

ဒီအဆင့် ၅ ဆင့် ဘာကြောင့် အရေးကြီးသလဲ

နိုင်ငံရေးငြင်းခုံမှု၊ ကိုယ်ကျင့်တရားဆိုင်ရာ ပဋိပက္ခနဲ့ ပညာရေးစိန်ခေါ်မှုတိုင်းဟာ ဒီနားလည်မှုအဆင့်တွေကြားက တိုက်ဆိုင်မှု တစိတ်တပိုင်း ဖြစ်နေတတ်တယ်။ အဆင့် ၁ မှာ ရှိနေသူက သစ္စာဖောက်မှုလို့ မြင်တဲ့အရာကို အဆင့် ၄ မှာ ရှိနေသူက ဖွဲ့စည်းပုံဆိုင်ရာ မက်လုံးတွေအဖြစ် မြင်တယ်။ အဆင့် ၂ မှာ ရှိနေသူက အနုစိတ်ကွဲပြားမှုကို မြင်ပေမဲ့ အဆင့် ၃ မှာ ရှိနေသူက ဝိရောဓိကို မြင်တယ်။ အဆင့် ၄ မှာ ရှိနေသူက ရှုပ်ထွေးမှုကို မြင်ပေမဲ့ အဆင့် ၅ မှာ ရှိနေသူက အဲဒီရှုပ်ထွေးမှုကိုယ်တိုင် ဘယ်လိုဖြစ်ပေါ်လာသလဲ ဆိုတာကို မြင်တယ်။

ဒါကြောင့် သင်ကြားခြင်းဆိုတာ အကြောင်းအရာတွေကို ပို့ချခြင်းသက်သက် မဟုတ်ဘဲ လူတွေကို အဆင့် ၁ ကနေ အဆင့် ၅ ဆီ လမ်းညွှန်ပေးခြင်းပဲ ဖြစ်ပါတယ်။

 


အနှစ်ချုပ် မှတ်သားရန်

လူသားတွေရဲ့ နားလည်နိုင်စွမ်းဟာ အဆင့် ၅ ဆင့်နဲ့ ချဲ့ထွင်ကြီးထွားလာနိုင်တယ်။

  • ၁။ ဆန့်ကျင်ဘက်နှစ်ခု - လောကကြီးကို ဆန့်ကျင်ဘက်များအဖြစ် လျှော့ချခြင်း

  • ၂။ အတိုင်းအတာ အတိမ်အနက် - လောကကြီးကို အတိမ်အနက်၊ ရောင်စဉ်တန်းလို ရွေ့လျားမှုတွေနဲ့ ဖော်ပြခြင်း

  • ၃။ ချိတ်ဆက်ပုံသဏ္ဌာန် - လောကကြီးကို ဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ မြေပုံထုတ်သလို နားလည်ခြင်း

  • ၄။ စနစ်အတွေး - လောကကြီးကို အပြန်အလှန်မှီခိုမှုနဲ့ နားလည်ခြင်း

  • ၅။ သမိုင်းစဉ် - လောကကြီးကို အချိန်နဲ့ လူသားပါဝင်မှုကတဆင့် ရှင်းပြခြင်း

ဒီအဆင့်တွေဟာ တခုကို တခု အစားထိုးသွားတာ မဟုတ်ဘဲ မျက်နှာစာတခုမက ရှိနေတာဖြစ်ပြီး သုတအသိတွေ စုပုံလာတာ ဖြစ်တယ်။ အသိဉာဏ်အရှိဆုံးသော တွေးခေါ်ရှင်တောင် တခါတလေ ဆန့်ကျင်ဘက် အတွေးအခေါ်ဆီ ပြန်ရောက်သွားတတ်တယ်။ ကလေးတယောက်ကလည်း စနစ်တွေကို အလိုလို သိမြင်နိုင်တယ်။ ဒါပေမဲ့ ဉာဏ်ပညာရင့်ကျက်မှုရဲ့ ဦးတည်ရာကတော့ ရှင်းလင်းပါတယ်။ ရိုးရှင်းမှုကနေ ဆက်စပ်ချိတ်ဆက်မှုဆီ၊ အဲဒီကနေ သမိုင်းစဉ်နားလည်မှု‌‌တွေနဲ့ လူသားလွတ်မြောက်မှုဆီ သွားတာပဲ ဖြစ်ပါတယ်။

နားလည်မှုဆိုတာ အချက်အလက်တွေ ပိုသိလာတာကြောင့် မဟုတ်ဘဲ ပိုမိုပြည့်စုံတဲ့ ပုံသဏ္ဌာန်တွေနဲ့ တွေးခေါ်တတ်လာတာကြောင့် ပိုမိုနက်ရှိုင်းလာတာ ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။



Comments

Popular posts from this blog

မြန်မာနိုင်ငံ၏ အခြေအနေ

မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။ [1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။ မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီ...

ရာမညဒေသနှင့် မွန်အမျိုးသားလူထု နိုင်ငံရေးအမွေအနှစ်

မွန်လူမျိုးများသည် နှစ်ပေါင်းထောင်ချီသမိုင်းနှင့် တည်ရှိသောလူမျိုးများဖြစ်သည်။ ပြည်ထောင်စုရှိ အခြားတိုင်းရင်းသားများနှင့် ကွဲပြားသော ဘာသာစကားနှင့် ယဉ်ကျေးမှု လက္ခဏာများ ရှိကြသည်။ ဒေသတွင်းတွင် လူမျိုးအများစု ပြောသောစကားများမှာ Sino-Tibetan ဘာသာစကား အနွယ်ဝင် ဖြစ်သော်လည်း မွန်တို့ပြောသော ဘာသာစကားမှာ ဝ၊ တအာင်းတို့နှင့် အနွယ်တူသည့် Austroasiatic ဘာသာစကားအနွယ်ဝင် ဖြစ်သည်။ ပို၍စောသည့် Proti-austroasiatic ဘာသာစကားများကိုမူ တရုတ်ပြည်တောင်ပိုင်း သို့မဟုတ် ဗီယက်နမ်မြစ်နီမြစ်ဝှမ်းဘက်တွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ မှ ၅၀၀၀ ကြား စတင်ခဲ့သည်ဟုမှန်းရပြီး မွန်ခမာအနွယ်တို့သည် တရုတ်ပြည်မှ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများသို့ ပျံ့နှံ့သည်ဟု ပညာရှင်များက ယူဆကြသည်။ အိန္ဒိယအရှေ့ပိုင်းရှိ မုန်ဒ/မွန်ဒလူမျိုးများသည်လည်း Austroasiatic ဘာသာစကားပြောကြသူများ ဖြစ်သည်။ သမိုင်းပညာရှင်များက ယင်းလူမျိုးများကို အရှေ့တောင်အာရှတွင် ဆန်စပါးစိုက်ပျိုးခြင်းကို ကျွမ်းကျင်ခဲ့ကြသော ရှေးဦးမျိုးနွယ်များဖြစ်သည်ဟု ယုံကြည်ကြသည်။ [1] မွန်တို့သည် ဒေသတွင်း ပထမဆုံး အိန္ဒိယဒေသ အက္ခရာများကို လက်ခံကျင့်သုံးပြီး သက္ကတနှင့် ပါဠိ ဘာသာတ...