မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။[1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။
မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီးပါးအထိ ကြာမြင့်လာပြီဖြစ်သည့် ပြည်တွင်းစစ်ကြီးသည် နိုင်ငံနှင့်လူထုတည်ဆောက်ရေး မအောင်မြင်ကြောင်းကို ရှင်းလင်းစွာပင် ပြသနေသည်။ ဗဟိုချုပ်ကိုင်မှုစနစ်က ဒေသဆိုင်ရာ နိုင်ငံရေးဆိုင်ရာ ပါဝင်ပိုင်ဆိုင်မှုအသိကို ဖျက်ဆီးခဲ့ပြီး၊ “အမျိုးသားနိုင်ငံ” အဖြစ် တည်ဆောက်ရန် ကြိုးစားခဲ့သော စီမံကိန်းသည်လည်း ဘယ်တုန်းကမှ လူမျိုးစုအားလုံးကို တန်းတူပါဝင်စေခဲ့ခြင်း မရှိပေ။[2] ဤအခြေအနေများသည် နက်ရှိုင်းသော ပဋိပက္ခများကို မွေးဖွားပေးခဲ့ပြီး ယနေ့အထိ ပဋိပက္ခများကို ဖြေရှင်းရ ခက်ခဲစေသော အကြောင်းရင်းများပင် ဖြစ်သည်။[3]
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာမှာ ကျယ်ပြန့်ရှုပ်ထွေးပါသည်။ အလွန်အမင်း “အရှင်းလွန်” အောင် လုပ်ထားရာကျသည့် ရှင်းပြချက် (Oversimplified explanations) များက မြန်မာ့ပုစ္ဆာသည် “အကျိုးစီးပွား ပြဿနာ” ဟု ခပ်လွယ်လွယ်ပြောမိသော်လည်း ပြဿနာများစွာ၏ ခြုံငုံရှုမြင်မှုတွင် မတရား စိုးမိုးသွတ်သွင်း ခံရသော အမျိုးသားလူထုများစွာ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ပြဿနာ၊ စည်းလုံးရေးခေါင်းစဉ်အောက်က ကြီးနိုင်ငယ်ညှဉ်း “တောရိုင်းဆန်” သည့် နိုင်ငံရေးအလေ့အထများစွာ၊ ထိန်းချုပ်နယ်မြေနှင့် သယံဇာတဆိုင်ရာ တဘက်စောင်းနင်း တိမ်းညွှတ်မှုများ၊ ဒီမိုကရေစီခေါင်းစဉ်အောက်က လူနည်းစု၏ အနိုင်ကျင့်ခံရမှုကြောင့် ရပိုင်ခွင့် ဆုံးရှုံးမှုများ၊ စစ်တပ်၏ နိုင်ငံရေးဦးဆောင်မှုကို လက်ဝါးကြီးအုပ်လိုမှု၊ စစ်ဝါဒနှင့် အခြားပြဿနာမျိုးစုံ ပါဝင်သည်။ သိသာထင်ရှားသည့် အချက်မှာ ပြီးခဲ့သည့် ကျဆုံးသွားသော နိုင်ငံရေး အသွင်ကူးပြောင်းမှုနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီးတခုဖြစ်သည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆီသို့ ခြေလှမ်းများ လှမ်းလာခဲ့ကြသော်လည်း အသွင်ကူးပြောင်းရေးမှာ လွန်စွာဝေးကွာနေခဲ့သည်။ အစိုးရအပေါ်တွင် စစ်တပ်၏ သြဇာလွှမ်းမိုးမှု ကြီးမားလွန်းကာ စစ်မှန်သော အရပ်သားထိန်းချုပ်မှု မရှိပေ။[4] ဌာနေလူမျိုး တိုင်းရင်းသား ဒေသများအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မည့် အင်စတီကျူးရှင်းများလည်း မရှိသေးခင်မှာပင် ဒီမိုကရေစီ အမည်ခံ အရင်းရှင်နီယိုလစ်ဘရယ် အင်စတီကျူးရှင်းများ အမြန်ရောက်လာသည်။[5] ယင်းအခြေအနေသည် ခိုင်မာသော ဒီမိုကရေစီ မူဘောင်များ ထူထောင်ရေးနှင့် ကျစ်လျစ်သော ဒီမိုကရေစီ အင်စတီကျူးရှင်းများ စုဖွဲ့နိုင်ရေးကို အဟန့်အတား ဖြစ်စေခဲ့ပေသည်။
ပုံ - ၂၀၂၀ ဇူလိုင် မှ ၂၀၂၄ ဒီဇင်ဘာလအထိ မြန်မာ့လက်နက်ကိုင်ပဋိပက္ခများ (Source: myanmar.iiss.org)
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ဟု အမည်တပ်ခံရသော အမျိုးသားလူထုခုခံစစ်ပွဲများသည် နှစ်ပေါင်း ၇၀ ကျော်သွားပြီဖြစ်သည်။ စစ်ပွဲများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ခုခံစစ်၊ လူမျိုးရေး ပဋိပက္ခများနှင့် ပြည်တွင်းပြည်ပ စစ်ဘေးရှောင်ရသည့် ဒုက္ခသည်ရွှေ့ပြောင်းမှုများ နိုင်ငံအနှံ့အပြား အတောမသတ်ဖြစ်နေဆဲ ဖြစ်သည်။ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအစိုးရအဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ စစ်တပ်ဘက်သို့ ပေါင်းသွားသော နယ်ခြားစောင့်တပ်များနှင့် အခြားပြည်သူ့စစ် လက်နက်ကိုင်စုဖွဲ့မှုများလည်း ရှိသည်။ စစ်ဘေးရှောင်များမှာ နိုင်ငံနေရာအနှံ့အပြားသို့ ရွှေ့ပြောင်းနေထိုင်ရပြီး ဆိုးရွားလွန်းလှသော လူသားချင်းစာနာမှုလိုအပ်ချက် အခြေအနေများကို ဖြစ်ပေါ်ခဲ့သည်။ တော်လှန်ရေးအဖွဲ့ အချင်းချင်းကြားလည်း တိုက်ခိုက်မှုများ ရှိခဲ့သည်။ စစ်ကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်မှုနှင့် စစ်ဘေးရှောင် ဒုက္ခသည် အကျပ်အတည်းသည် မြန်မာနိုင်ငံတွင် အလွန်အမင်းအရေးကြီးသော ပြဿနာရပ်ဖြစ်သည်။ ပြည်တွင်းနေရပ် စွန့်ခွာရသူများနှင့် စစ်ရှောင်ဒုက္ခသည်များ၏ အတိဒုက္ခကို လွှမ်းခြုံနိုင်မည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးရန်၊ သူတို့၏ လူ့အခွင့်အရေးများကို ကာကွယ်ရန် ယခုတိုင် လုံလုံလောက်လောက် မျှမျှတတ စွမ်းဆောင်နိုင်ခြင်း မရှိပေ။ စွမ်းဆောင်သည့်အကူအညီများကလည်း စစ်တပ်၏ အသုံးချခြင်းကို ခံနေရပြီး အကူအညီပေးသူများကလည်း ယင်းအချက်ကို သေချာကိုင်တွယ်နိုင်ခြင်း မရှိလှသေးပေ။[6]
အုပ်ချုပ်မှုစနစ်နှင့် အဂတိလိုက်စားမှုသည် မြန်မာနိုင်ငံအတွက် လက်တွေ့သိသာသော နောက်ထပ် အတားအဆီးများ ဖြစ်သည်။ အုပ်ချုပ်မှုအပိုင်းတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တာဝန်ခံမှုကင်းမဲ့ခြင်းနှင့် အဂတိလိုက်စားမှုများ ရှိခြင်းတို့သည် ဖုံးကွယ်ရမည့်အရာများ မဟုတ်ပေ။ တိုင်းပြည်သည် အုပ်ချုပ်ရေး မတည်ငြိမ်မှုများဖြင့် ရုန်းကန်ခဲ့ရပြီး လက်ရှိကာလတွင် စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် တနိုင်ငံလုံး အုပ်ချုပ်ရေးစနစ် ပျက်ပြားနေသည်။ မြန်မာနိုင်ငံတွင် ရှေးခေတ်မှစကာ ယခုတိုင် အာဏာအပြောင်းအရွှေ့နှင့် အနာဂတ်အတွက် မသေချာမရေရာမှုများ ဖြစ်ပေါ်လျက်ရှိသည်။ အဆင့်ဆင့် အဂတိလိုက်စားမှုနှင့် အာဏာ အလွဲသုံးမှုတို့ကြောင့် မြေယာအခွင့်ရေးများနှင့် အငြင်းပွားမှုများစွာလည်းရှိသည်။ အာဏာသိမ်းကာလတွင်း စစ်တပ်က မြေယာသိမ်းမှုများ ထပ်တိုး၍ပင် လုပ်ပြန်သည်။ မြေယာသိမ်းမှုများကြောင့် လူမှုရေးနှင့် နိုင်ငံရေး တင်းမာမှုများကိုလည်း ဖြစ်ပေါ်စေသည်။ မြေယာအသုံးချရာတွင်လည်း ဒေသခံလူထုများအမြင်ကို လေးစားမှု မရှိသလောက် ဖြစ်ခဲ့သည်။ မြေယာအရင်းအမြစ်များကို တရားမျှတ၍ သာတူညီမျှရရှိရေး အာမခံသည့် ဘက်စုံ မြေယာပြုပြင်ပြောင်းလဲမှု မတည်ဆောက်နိုင်သေးပေ။[7] ယေဘုယျအားဖြင့် အစိုးရဌာန ရုံးကနားသွားကြလျှင် လာဘ်ထိုးရသည့် “လက်ဖက်ရည်ဖိုး” ယဉ်ကျေးမှုကလည်း ခိုင်တွယ်နေသေးသည်။[8]
တရားဥပဒေစိုးမိုးခြင်းမရှိသလို လွတ်နေသည့်ရာဇဝတ်ဂိုဏ်းများစွာလည်း တွေ့ရသည်။ ခိုင်မာသော တရားဥပဒေစိုးမိုးမှု မရှိခြင်းနှင့် တရားစီရင်ရေးဆိုင်ရာ လက်တွေ့လွတ်လပ်မှုမရှိခြင်းသည် အငြင်းပွားမှုများကို တရားမျှတစွာ စနစ်ကျကျ ဖြေရှင်းနိုင်ရေးအတွက် အဟန့်အတားဖြစ်စေပြီး တရားမျှတသော လူ့အဖွဲ့အစည်း ပေါ်ပေါက်စေရေးကို နှောင့်နှေးစေသည်။ မြန်မာနိုင်ငံတွင်း ဒေသအချို့တွင် နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများ၊ မာဖီးယားများနှင့် ချိတ်ဆက်ထားသော လက်ဝေခံအစုအဖွဲ့များ ခြေကုပ်လျက် ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေသည်။ ထိုဂိုဏ်းများ၏ ဩဇာမှာ အစိုးရထဲအထိ ပေါက်ရောက်လျက်ရှိပြီး လောင်းကစားနှင့် ငွေကြေးခဝါချခြင်းများ တွင်ကျယ်စွာ ပြုလုပ်သည်။ မြန်မာနိုင်ငံ၏ ရာဇဝတ်မှုညွှန်းကိန်းမှာ ကမ္ဘာ့တွင် တတိယအဆိုးဆုံးဖြစ်သည်။ ရာဇဝတ်ဂိုဏ်းများကြောင့် ထိခိုက်ခံရသူများအတွက်လည်း လုံလောက်မျှတသည့် ကာကွယ်ပေးမှု၊ ထောက်ပံ့မှု လုံးဝမပြုနိုင်ပေ။
လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ မမျှတမှုများသည်လည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဓနသုခ တည်ဆောက်ရေးအတွက် သိသာထင်ရှားသော စိန်ခေါ်မှုများ ဖြစ်ပေါ်စေပါသည်။ မကြာသေးမီနှစ်များအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသော်လည်း နိုင်ငံသည် လူမှုစီးပွားအခြေအနေကွာဟချက်များနှင့် ဆင်းရဲမွဲတေမှု မြင့်မားနေမှုများကို ဆက်လက်ရင်ဆိုင်နေရသည်။[9] အာဏာမသိမ်းမီက အရပ်သားတပိုင်း အစိုးရ၏ လက်ထက်တွင်ပင် စီးပွားရေးဆိုင်ရာ၊ ဓနဥစ္စာမညီမျှမှုမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီး အရင်ကတည်းကပင် တရားဝင်မဟုတ်သော စီးပွားရေးများမှာလည်း လွန်စွာထွန်းကားနေခဲ့သည်။ များစွာသောပြည်သူတို့မှာမူ တရားဝင်အလုပ်အကိုင် အခွင့်အလမ်းများနှင့် လူမှုရေး အကာအကွယ်များ လက်လှမ်းမီမှု ကင်းမဲ့နေသည်။ နိုင်ငံခြားတွင် သွားရောက်အလုပ်လုပ်ကိုင်ရမှုများ များပြားသည်။ တဦးချင်းအတွက်နှင့် အသေးစားစီးပွားရေး လုပ်ငန်းများ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများစွာရှိနေပြီး စွန့်ဦးတီထွင်မှုနှင့် စီးပွားရှာနိုင်မှုကို အဟန့်အတား ဖြစ်စေသည်။ ကိုဗစ်ကြောင့်လည်း စီးပွားရေးပိုင်းတွင် ယုတ်လျော့ရမှုရှိသည်။ စစ်အာဏာသိမ်းကာလတွင် ရစရာမရှိအောင် စီးပွားရေးထိခိုက်ကြရသလို လောင်းကစား၊ မူးယစ်ဆေး၊ လူကုန်ကူးမှုတို့ ထွန်းကားသလို သစ်ခိုးထုတ်မှုနှင့် သက်နုရေနံအပါအဝင် ရေနံများ တရားမဝင်တူးယူမှု စသည်တို့ကဲ့သို့ သဘာဝပတ်ဝန်းကျင် ထိခိုက်စေသောစီးပွားရေးများလည်း များလာသည်။[10]
ပုံ - ၂၀၂၄ နှစ်လယ် မြန်မာနိုင်ငံ၏ ခံနိုင်ရည်ရှိမှုအညွှန်းမှတ်နှင့် ရာဇဝတ်မှုအညွှန်းမှတ်
ပုံ - ၂၀၂၅ နိုဝင်ဘာလထုတ် မြန်မာနိုင်ငံ၏ ရာဇဝတ်မှုအညွှန်းမှတ်နှင့် ခံနိုင်ရည်ရှိမှုအညွှန်းမှတ်
(Source: Global Organized Crime Index)
အားနည်းသော လူမှုဖူလုံရေးစနစ်သည် လူနည်းစုအသိုင်းအဝိုင်းများ အပါအဝင် ထိခိုက်လွယ်သော အုပ်စုများ၏ ရင်ဆိုင်နေရသော အခက်အခဲများကို အကာအကွယ် မပေးနိုင်ပေ။ တိုင်းရင်းသားလူနည်းစုများနှင့် ဘာသာရေးလူနည်းစုများအပေါ် အနိုင်ကျင့်ဗိုလ်ကျမှုနှင့် လူမှုနိုင်ငံရေးတွင် ခွဲခြားဆက်ဆံချန်လှပ်ထားမှုသည် လူမှုစည်းလုံးရေးနှင့် နိုင်ငံတည်ငြိမ်ရေးအတွက် အလွန်ကြီးသော ပြဿနာဖြစ်သည်။ ထင်ရှားသော ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်မှုနှင့် ယခုတိုင် လူမှုရေး၊ ဆက်သွယ်ရေး၊ ကျန်းမာရေးနှင့် ဈေးကွက်များ လက်လှမ်းမီမှုမှ ကန့်သတ်ထားခြင်းတို့ကဲ့သို့သော အခြေအနေများက နိုင်ငံအတွက် အရှက်ရစရာဖြစ်ခဲ့ရသည်။
အမျိုးသမီးများနှင့် လိင်စိတ်ခံယူချက် ကွဲပြားသူများအပေါ် အကြမ်းဖက်မှုများသည်လည်း ဆက်လက် တည်ရှိနေသည်။ အလုပ်သမားများလည်း ဆက်လက်ဖိနှိပ် ခံနေရသည်။ ၂၀၂၁ စစ်အာဏာ သိမ်းပြီးနောက် လူမှုရေးအစေးကပ်မှု ထပ်မံပျက်စီးသွားပြီး စစ်ကောင်စီကို ထောက်ခံသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံသူများ၊ ကြားနေသူများ၊ မည်သူ့ကိုမျှ မနှစ်သက်သူများစသည်ဖြင့် တစစီ ကွဲထွက်သွားသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများမှတဆင့် ဂေဟစနစ်၏ ဟန်ချက်မညီမှု တိုးမြင့်လာကာ ပြည်သူများ ဘဝချမ်းသာကို သိသိသာသာ ခြိမ်းခြောက်လာသည်။ သစ်တောပြုန်းတီးမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတို့သည် ဒေသတွင်းရှိ အဖိုးတန် သက်ရှိဇီဝမျိုးစုံ မျိုးကွဲများနှင့် ဂေဟဗေဒ အရင်းအမြစ်များကိုပါ ဆုံးရှုံးသွားစေသည်။ အနာဂတ်တွင် ပင်လယ်ရေမျက်နှာပြင် တစတစမြင့်တက်မှု၊ ပြင်းထန်သော ရာသီဥတု အခြေအနေများနှင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲခြင်းအပါအဝင် ရာသီဥတု မူမမှန်မှု၏ သက်ရောက်မှုများကို ပိုမိုတိုးမြှင့်ကာ ဆိုးရွားစွာထိခိုက်ခံစားနိုင်ချေ ရှိပါသည်။ ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ ညစ်ညမ်းမှုထိန်းချုပ်ရေး၊ အမှိုက်စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့သည် အနာဂတ်အတွက်ကော လက်ရှိအတွက်ပါ အလွန်အရေးကြီးလာသည့် ပြဿနာများဖြစ်သည်။
ပြည်သူ့ကျန်းမာရေးကဏ္ဍသည် ကျန်းမာရေးစောင့်ရှောက်မှု အရင်းအမြစ် နည်းပါးခြင်း၊ ရောဂါဘယ ထူပြောခြင်းနှင့် မိခင်နှင့်ကလေးကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ အပါအဝင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေ ရသည်။ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု ဖြန့်ဝေပေးနိုင်သည့် ဌာနများနှင့် လေ့ကျင့်ထားသော ကျွမ်းကျင်ပညာရှင်များ နည်းပါးခြင်းကြောင့် ကျန်းမာရေးဝန်ဆောင်မှုများကို မျှမျှတတ ခွဲဝေပေးနိုင်ခြင်း မရှိပေ။ ပိုဆိုးသည်မှာ ကျန်းမာရေးစောင့်ရှောက်မှုကိုပင် ဗဟိုဦးစီးစနစ်အုပ်ချုပ်ရေး၏ လက်တံသဖွယ် ဖြန့်ကျက်ကာ ဌာနေတိုင်းရင်းသားဒေသများတွင်း ထိုးဖောက်ဝင်ရောက်ပြီး ပြဿနာများ တစတစနှင့် တိုးမြင့်လာစေသည်။ မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေး၊ ကုသရေးနှင့် ပြန်လည် ထူထောင်ရေးတို့ အတွက် လက်တွေ့မဟာဗျူဟာများ အားနည်းလွန်းသလို မူးယစ်ဆေးဝါးကို လက်နက်သဖွယ် ကျင့်သုံးမှု ရှိသည်ဟူသည့် စွပ်စွဲချက်များလည်းရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းကို အမြင့်မားဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်သလို အလွန်များပြားလှသည့် စိတ်ကြွဆေးပြားများ အမျိုးစုံ ထွက်ရှိရာဒေသလည်း ဖြစ်သည်။[11] ထိုဘိန်းနှင့် မူးယစ်ဆေးဝါးများစွာတို့သည် ရပ်တန့်မရနိုင်သည့် စစ်ပွဲများ၏ ဘောဂဗေဒ (War Economy) တစိတ်တပိုင်းလည်း ဖြစ်နေလေသည်။
ပုံ - ကျန်းမာရေး ထိခိုက်ခံရမှုများ
မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် လူ့အခွင့်အရေးပြဿနာများမှာ ကမ္ဘာတွင်လည်း နာမည်ဆိုးဖြင့် ကျော်ကြားလှပါသည်။ လူနည်းစုများကို နည်းမျိုးစုံဖြင့် သတ်ဖြတ်ဖိနှိပ်မှု၊ စစ်ရာဇဝတ်မှုများ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ချိုးဖောက်ခံရခြင်း၊ သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ခြင်း၊ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ထိန်းချုပ်စောင့်ကြည့်ခြင်းများသည် စစ်အစိုးရကော၊ အရပ်သားဦးဆောင်အစိုးရတို့ကပါ ပြုလုပ်ခဲ့ကြသည်။[12] စစ်အာဏာသိမ်းကာလတွင် စစ်ရာဇဝတ်မှုများ မိုးထိတိုးတက်၍ များလာသည်။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလ လက်နက်ကိုင်အစုအဖွဲ့များ များပြားလာရာတွင် တရားစီရင်မှုမရှိပဲ သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ အကြောင်းမဲ့ အဓမ္မ ဖမ်းဆီးထားခြင်း၊ နှိပ်စက်ခြင်း၊ မုဒိန်းကျင့်ခြင်းစသည်တို့ကို နှစ်ဘက်လုံးတွင် (အချိုးအစား ကွာခြားသည့်တိုင်) ဖြစ်နေသည်ကို ငြင်းမရပေ။ စစ်တပ်အနေဖြင့်တော့ ယင်းလုပ်ရပ်များကို ရှေးကပင် ဖောဖောသီသီ ကျင့်သုံးရုံမက အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခြင်း၊ အင်အားအဆမတန် သုံးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရွာများအိမ်များကို မီးရှို့ခြင်း၊ လေကြောင်းမှ ပစ်မှတ်မခွဲခြားပဲ ဗုံးကျဲခြင်းများကိုလည်း လုပ်ခဲ့သည်။ ယခုကတော့ ပို၍တိုးလုပ်နေသည်။
ပညာရေးစနစ်မှာလည်း ကြီးမားသောစိန်ခေါ်ချက် ဖြစ်သည်။ ဌာနေတိုင်းရင်းသားဒေသတို့တွင် မိမိတို့ နားလည်သောစကားဖြင့်ပင် ပညာဆည်းပူးခွင့် မရသည့် အခြေအနေများရှိသည်။
အခြေခံအဆောက်အုံ ချွတ်ခြုံကျမှုများမှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး တိုးတက်မှုကို အဟန့်အတား ဖြစ်စေသည်။ မြန်မာနိုင်ငံသည် လမ်းတံတား၊ ဆေးရုံ၊ အိမ်ယာနှင့် အခြေခံအဆောက်အအုံ မလုံလောက်ခြင်း၊ ရေသန့်နှင့် မိလ္လာလက်လှမ်းမီမှု အကန့်အသတ်ရှိခြင်းနှင့် လျှပ်စစ်မီးမလုံလောက်ခြင်းတို့ ဖြစ်ပေါ်လျှက်ရှိသည်။ အဆိုပါ ချို့ယွင်းချက်များသည် အခြေခံဝန်ဆောင်မှုများ လက်လှမ်းမီပံ့ပိုးပေးမှုကို အဟန့်အတားဖြစ်စေရုံသာမက စက်မှုစွမ်းရည်များ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း လျော့ပါးစေကာ ကမ္ဘာ့ စီးပွားရေးတွင် ပါဝင်နိုင်မှုကိုပါ အဟန့်အတား ဖြစ်စေသည်။ စနစ်မကျသော မြို့ပြအသွင် ကူးပြောင်းမှုသည် အရင်းအမြစ်ပဋိပက္ခများ တိုးလာခြင်း၊ လူထုများ မျှဝေသုံးစွဲနိုင်သည့် နေရာများနှင့် အိမ်ယာလိုအပ်ချက် တိုးလာခြင်းများ ပုံမကျပန်းမကျဖြစ်မှုနှင့် ပြည်သူ့ဝန်ဆောင်မှုများအပေါ် ဆင့်ကဲပေါ်လာသည့်ဖိအားများ အပါအဝင် စိန်ခေါ်မှုများ ဖြစ်လာသည်။
ပုံ - မြန်မာနိုင်ငံအပေါ်မှ ၂၀၂၀ ခုနှစ် ညဘက်မီးရရှိမှုကို ရိုက်ယူထားခြင်း (Source: MIMU)
အထက်ပါပြဿနာများမှာ မြန်မာ့နိုင်ငံ၏ နိုင်ငံရေး သဘာဝကို ကျေလည်အောင် မပြုလုပ်နိုင်မှုမှ ပေါက်ပွား လာရသည့် အရှိတရားများမှ အချို့သာဖြစ်သည်။ ရလဒ်က မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှု၊ မတည်ငြိမ်မှုနှင့် အခွင့်အရေးများကို အကာအကွယ် မပေးနိုင်ခြင်းများအတွက် ကျွမ်းကျင်သူနှင့် လူငယ်များ နိုင်ငံခြားသို့ ထွက်ခွာကြရ၍ ဦးနှောက်ယိုစီးခြင်းများပြားစွာ ရှိလာသည်။[13] အထူးသဖြင့် ဌာနေတိုင်းရင်းသားဒေသများတွင် မြေယာများ အသိမ်းခံရမှု၊ အလုပ်အကိုင် ရှားပါးမှုနှင့် ဖိနှိပ်မှုများကြောင့် နိုင်ငံခြားတွင် သွားရောက်နေထိုင် လုပ်ကိုင်မှုများ များစွာတွေ့ရသည်။ ကျွမ်းကျင်ပညာရှင်များကို နိုင်ငံအတွက် အထောက်အကူပြု နိုင်စေရန် ဆွဲဆောင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ မြှင့်တင်ခြင်းနှင့် ဆန်းသစ်တီထွင်မှုများ ပြုရန်အတွက် အထောက်အကူပြုသည့် ပတ်ဝန်းကျင် ဖန်တီးခြင်းများသည် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် အောင်မြင်ခြင်း မရှိခဲ့ပေ။ မြန်မာတွင် စီမံခန့်ခွဲရေးပြဿနာအများစုသည် နိုင်ငံရေး ပြဿနာများမှ ပေါက်ပွားလာခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါလိမ့်မည်။ မြန်မာတိုင်းရင်းသားများသည် မြန်မာနိုင်ငံ၏ မြေနေရာ ဘယ်ကိုရောက်ရောက် အပြုံးများဖြင့် ကြိုကြသလို ဖော်ရွေတတ်ကြပါသည်။ သို့ရာတွင် ပြဿနာများတွင် လုံခြုံငြိမ်းချမ်းရေး၊ ဖွံဖြိုးရေးနှင့် လွတ်လပ်မှု ရရှိရေးတို့သည် ကျိန်စာများသဖွယ် ရှိနေခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါသည်။
-------------
[1] လူသားဖွံ့ဖြိုးမှုညွှန်းကိန်းတွင် အနိမ့်ဆုံးနီးပါးမျှဖြစ်နေတတ်ပြီး ၂၀၂၅ အစီရင်ခံမှုတွင် ၁၀ နိုင်ငံတွင် အဆင့် ၉ ဖြစ်၏။
[2] ဗဟိုချုပ်ကိုင်မှုစနစ်၊ အမျိုးသားနိုင်ငံတော်စနစ်တို့သည် ကွဲပြားသော လူ့အဖွဲ့အစည်းများတွင် အာဏာကို မျှဝေခြင်းဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကြိုးပမ်းသော ဗဟုလူထုတွင်း ဒီမိုကရေစီဖော်ဆောင်သည့် စနစ်နှင့် ဆန့်ကျင်သည် (Arend Lijphart, Democracy in Plural Societies, 1977)။
[3] နိုင်ငံတော်၏ အခြေခံလုပ်ငန်းဆောင်တာများကို မလုပ်ဆောင်နိုင်ခြင်း၊ လူ့အဖွဲ့အစည်းကို ကာကွယ်မပေးနိုင်ခြင်း တို့သည် နိုင်ငံတော် ပြိုလဲမှုကို ဖြစ်စေသည် (Robert Rotberg, When States Fail, 2004)။
[4] စစ်တပ်သည် လွှတ်တော်လေးပုံတပုံနှင့် အဓိက ဝန်ကြီးဌာနများကို ကိုင်ထားသည်။
[5] နိုင်ငံရေးယဉ်ကျေးမှု အသွင်မပြောင်းရသေးခင် စီးပွားရေးတဘက်စောင်းနင်းဖြစ်စဉ်နှင့် အရပ်ဘက်အဖွဲ့အစည်းများ မခိုင်မာသေးခင် NGO-nization စောစီးစွာ ဖြစ်လာခဲ့သည်ဟု ဆွေးနွေးကြသူများစွာ ရှိပါသည်။
[6] ယခုတိုင် ဗိုလ်မင်းအောင်လှိုင်ထိန်းချုပ်ထားသည့် “မှတ်ပုံတင်” စာရင်းရှိမှ ရံပုံငွေကို ချပေးသည့်အစီအစဉ်များက ရှိနေသေး၏။ တာဝန်ခံမှုခေါင်းစဉ်အောက်က စစ်တပ်ထိန်းချုပ်မှုကို တရားဝင်အောင် လုပ်ပေးသလိုလည်း ဖြစ်နေသည်။
[7] “The Farmer Becomes the Criminal” | Human Rights and Land Confiscation in Karen State. (2016, November 3). Human Rights Watch. https://www.hrw.org/report/2016/11/03/farmer-becomes-criminal/human-rights-and-land-confiscation-karen-state
[8] Frontier. (2025, August 4). Bribes, graft and kickbacks: Corruption with impunity. Frontier Myanmar. https://www.frontiermyanmar.net/en/bribes-graft-and-kickbacks-corruption-with-impunity/
[9] အရပ်သားတပိုင်းအစိုးရလက်ထက်တွင် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုကို လူအုပ်စုများစွာက ခံစားခဲ့ရသည်။ သို့သော် ဆင်းရဲချမ်းသာကွာဟမှုလည်း ပို၍ပင်ကြီးလာသည်။
[10] United Nations Development Programme (UNDP). (2025). Myanmar's enduring polycrisis: Four years into a tumultuous journey.
[11] Yong, B. N. (2023, December 12). Myanmar overtakes Afghanistan as top opium producer. https://www.bbc.com/news/world-asia-67688413
[12] Amnesty International. (2024). Myanmar 2024. https://www.amnesty.org/en/location/asia-and-the-pacific/south-east-asia-and-the-pacific/myanmar/report-myanmar/
[13] Ghorpade, Y., Imtiaz, M. S., & Han, T. (2024). Emigration Intentions of High-Skilled Youth in Myanmar. World Bank.
Comments
Post a Comment