Skip to main content

၁၉၂၅ ခုနှစ် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲ

သမိုင်းနောက်ခံအခြေအနေ
၁၉၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဥပဒေပြုကောင်စီအတွက် ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော ဤဥပဒေပြုကောင်စီသည် ဥပဒေပြုရေးအာဏာ အပြည့်အဝမရှိဘဲ ဘုရင်ခံအား အကြံပေးရသော အဖွဲ့အစည်းသဘောသာ ဆောင်နေဆဲဖြစ်သည်။ ကောင်စီတွင် နေရာ ၁၀၃ နေရာရှိသော်လည်း တိုင်းရင်းသားများ ပါဝင်ယှဉ်ပြိုင်ရွေးချယ်ခံနိုင်သော နေရာမှာ အသိုင်းအဝိုင်းမဟုတ်သော (Non-communal) နေရာ ၅၈ နေရာနှင့် လူမျိုးစုအလိုက် ခွဲဝေထားသော နေရာများသာ ပါဝင်ပြီး ကျန် ၂၃ နေရာကို ဘုရင်ခံက စိတ်ကြိုက်ခန့်အပ်ခြင်းနှင့် ရာထူးအရ ပါဝင်သူများဖြင့် ဖွဲ့စည်းထားသည်။

နိုင်ငံရေးအခြေအနေနှင့် ယှဉ်ပြိုင်မှု
ဤရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအသစ်များ ပေါ်ထွက်လာပြီး ယှဉ်ပြိုင်မှု ပိုမိုပြင်းထန်လာခဲ့သည်။ ဦးတုတ်ကြီး ဦးဆောင်သော ဆွာရပ်ဂ်ျ / သရာဇ (Swaraj) ပါတီသည် အိန္ဒိယနိုင်ငံရေးလှုပ်ရှားမှုများကို အားကျကာ ပေါ်ပေါက်လာပြီး ကိုယ်စားလှယ်လောင်း ၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ကိုလိုနီအစိုးရနှင့် ပနံသင့်သော ရွှေတောင်ကြားပါတီ (Independent Party) က ကိုယ်စားလှယ်လောင်း ၈၅ ဦးဖြင့် အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ အမျိုးသားပါတီ (Nationalist Party) က ကိုယ်စားလှယ်လောင်း ၄၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

မဲပေးသူဦးရေနှင့် ရွေးကောက်ပွဲရလဒ်
၁၉၂၂ ခုနှစ် ပထမအကြိမ် ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် ပြည်သူလူထု၏ စိတ်ဝင်စားမှု အနည်းငယ် တိုးတက်လာသည်ကို တွေ့ရသည်။ မဲပေးပိုင်ခွင့်ရှိသူ ၁,၈၂၃,၂၄၇ ဦး (၁ ဒသမ ၈ သန်းကျော်) ရှိသည့်အနက် ၁၆ ဒသမ ၂၆ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့ကြရာ ယခင် ၆ ဒသမ ၉ ရာခိုင်နှုန်းထက် မြင့်တက်လာခြင်းဖြစ်သည်။ ရွေးကောက်ပွဲရလဒ်အရ အမျိုးသားပါတီက ၂၅ နေရာရရှိပြီး မဲအများဆုံး အနိုင်ရပါတီ ဖြစ်လာခဲ့သည်။ ရွှေတောင်ကြားပါတီက နေရာ ၂၀၊ ဟုမ္မရူးပါတီက ၁၁ နေရာနှင့် ဆွာရပ်ဂ်ျပါတီက ၉ နေရာ အသီးသီး ရရှိခဲ့ကြသည်။ ဆွာရပ်ဂ်ျပါတီသည် မျှော်မှန်းသလောက် အောင်မြင်မှုမရခဲ့ဘဲ ခေါင်းဆောင် ဦးတုတ်ကြီးကိုယ်တိုင် ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် ရှုံးနိမ့်ခဲ့ရသည်။

နောက်ဆက်တွဲအခြေအနေ

ရွေးကောက်ပွဲရလဒ်အရ အမျိုးသားပါတီသည် မဲအများဆုံး ရရှိခဲ့သော်လည်း ကိုလိုနီအုပ်ချုပ်ရေးယန္တရား၏ သဘောသဘာဝအရ အစိုးရဖွဲ့စည်းခွင့် မရခဲ့ပေ။ ဗြိတိသျှဘုရင်ခံသည် မဲအများဆုံးရသည့်ပါတီကို မျက်နှာသာမပေးဘဲ ၎င်းတို့နှင့် အဆင်ပြေမည့် ရွှေတောင်ကြားပါတီကိုသာ ပွဲထုတ်ခဲ့သည်။ ထို့ကြောင့် ရွှေတောင်ကြားပါတီမှ ဂျေအေမောင်ကြီး ဦးဆောင်သော အစိုးရအဖွဲ့ကိုသာ ဖွဲ့စည်းပေးခဲ့သည်။ အစိုးရအဖွဲ့တွင် ဘုရင်ခံက တိုက်ရိုက်ခန့်အပ်သော ဝန်ကြီး ၂ ဦးအဖြစ် ဘဏ္ဍာရေးဝန်ကြီး ဆာဝီလျံကိနှင့် ပြည်ထဲရေးဝန်ကြီး ဦးမေအောင်တို့ ပါဝင်ပြီး၊ ပညာရေးဝန်ကြီးအဖြစ် ဒေါက်တာဘရင်၊ သစ်တောရေးဝန်ကြီးအဖြစ် ဦးအရိမ်တို့ကို ခန့်အပ်ခဲ့သည်။ ဤဖြစ်စဉ်က ရွေးကောက်ပွဲတွင် မည်သူနိုင်သည်ဖြစ်စေ အာဏာ၏ ဗဟိုချက်သည် ဘုရင်ခံလက်ထဲတွင်သာ ရှိနေသေးကြောင်း ထင်ရှားစေခဲ့သည်။

Comments

Popular posts from this blog

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

လူတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ ဘာမှမသိတဲ့ အခြေအနေကနေ ဉာဏ်ပညာ ပွင့်လင်းသွားတဲ့ အဆင့်ဆီ ချက်ချင်းကြီး ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်မှာ ဖြတ်သန်းရတဲ့ အဆင့်တွေ ရှိတယ်။ အဆင့်တခုစီက ရှုပ်ထွေးမှုတွေထဲ နစ်မွန်းမသွားစေဘဲ အကြောင်းအရာတွေကို ပိုပြီး လက်ခံနိုင်စွမ်း ရှိလာအောင် ကူညီပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်နဲ့ တင်းတင်းကျပ်ကျပ် သတ်မှတ်ကန့်သတ်ခံထားတာမျိုး မဟုတ်ဘဲ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ ပိုရှင်းအောင်ပြောရရင် ဦးနှောက်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ် ဖွင့်ဆိုပုံတွေ ကွဲပြားသွားတာပါ။ အရှင်းလင်းဆုံး ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ပြောင်းလဲသွားတဲ့ ဒီအဆင့် ၅ ဆင့်အကြောင်းကို အသေအချာ လေ့လာကြည့်ကြရအောင်။   အဆင့် ၁ - ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်း ဘယ်သင်ယူမှု ခရီးစဉ်မှာမဆို အစပိုင်းမှာ ဦးနှောက်က ရှင်းလင်းပြတ်သားမှုကိုပဲ လိုလားတယ်။ ပြတ်သားတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ မြန်မြန်ဆန်ဆန် ခွဲခြားသတ်မှတ်နိုင်ဖို့ လိုအပ်တယ်။ ဒါဟာ အားနည်းချက် မဟုတ်ဘဲ ရှင်သန်ရေးအတွက် သုံးတဲ့ နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက် အတွဲလိ...

မြန်မာနိုင်ငံ၏ အခြေအနေ

မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။ [1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။ မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီ...

ရာမညဒေသနှင့် မွန်အမျိုးသားလူထု နိုင်ငံရေးအမွေအနှစ်

မွန်လူမျိုးများသည် နှစ်ပေါင်းထောင်ချီသမိုင်းနှင့် တည်ရှိသောလူမျိုးများဖြစ်သည်။ ပြည်ထောင်စုရှိ အခြားတိုင်းရင်းသားများနှင့် ကွဲပြားသော ဘာသာစကားနှင့် ယဉ်ကျေးမှု လက္ခဏာများ ရှိကြသည်။ ဒေသတွင်းတွင် လူမျိုးအများစု ပြောသောစကားများမှာ Sino-Tibetan ဘာသာစကား အနွယ်ဝင် ဖြစ်သော်လည်း မွန်တို့ပြောသော ဘာသာစကားမှာ ဝ၊ တအာင်းတို့နှင့် အနွယ်တူသည့် Austroasiatic ဘာသာစကားအနွယ်ဝင် ဖြစ်သည်။ ပို၍စောသည့် Proti-austroasiatic ဘာသာစကားများကိုမူ တရုတ်ပြည်တောင်ပိုင်း သို့မဟုတ် ဗီယက်နမ်မြစ်နီမြစ်ဝှမ်းဘက်တွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ မှ ၅၀၀၀ ကြား စတင်ခဲ့သည်ဟုမှန်းရပြီး မွန်ခမာအနွယ်တို့သည် တရုတ်ပြည်မှ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများသို့ ပျံ့နှံ့သည်ဟု ပညာရှင်များက ယူဆကြသည်။ အိန္ဒိယအရှေ့ပိုင်းရှိ မုန်ဒ/မွန်ဒလူမျိုးများသည်လည်း Austroasiatic ဘာသာစကားပြောကြသူများ ဖြစ်သည်။ သမိုင်းပညာရှင်များက ယင်းလူမျိုးများကို အရှေ့တောင်အာရှတွင် ဆန်စပါးစိုက်ပျိုးခြင်းကို ကျွမ်းကျင်ခဲ့ကြသော ရှေးဦးမျိုးနွယ်များဖြစ်သည်ဟု ယုံကြည်ကြသည်။ [1] မွန်တို့သည် ဒေသတွင်း ပထမဆုံး အိန္ဒိယဒေသ အက္ခရာများကို လက်ခံကျင့်သုံးပြီး သက္ကတနှင့် ပါဠိ ဘာသာတ...