Skip to main content

နားလည်မှုတူရေး ဝေဖန်ပေး

မြန်မာ့တိုင်းရင်းသားရေးရာပုစ္ဆာသည် နိုင်ငံ၏ဖွဲ့စည်းမှုတွင် တာဝန်ခံမည့် ညှိနှိုင်းဆွေးနွေးနိုင်သူအဖြစ် ဆောင်ရွက်နိုင်သော ဘုံအာဏာစုဖွဲ့မှုမရှိခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သည်။ တနည်းဆိုရလျှင် တကယ်တမ်း တာဝန်ခံနိုင်သည့် နိုင်ငံမရှိ။


မြန်မာ့တိုင်းရင်းသားရေးရာပုစ္ဆာသည် နိုင်ငံ၏ဖွဲ့စည်းမှုတွင် တာဝန်ခံမည့် ညှိနှိုင်းဆွေးနွေးနိုင်သူအဖြစ် ဆောင်ရွက်နိုင်သော ဘုံအာဏာစုဖွဲ့မှုမရှိခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သည်။ တနည်းဆိုရလျှင် တကယ်တမ်း တာဝန်ခံနိုင်သည့် နိုင်ငံမရှိ။ ယင်းအချက်က နိုင်ငံတော်စုဖွဲ့မှု၏ မညီညွတ်ခြင်းနှင့် နက်နဲစွာ ဆက်စပ်နေသည်။ မြန်မာနိုင်ငံ၏ တိုင်းရင်းသားရေးရာပဋိပက္ခနှင့် နိုင်ငံရေးမတည်ငြိမ်မှု သမိုင်းသည် အမြဲတမ်း ကွဲပြားနေသော နိုင်ငံတော်၏ အုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းပုံတွင် အမြစ်တွယ်နေသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကိုင်ထားသည့် “အစိုးရ” ဟူသည့် အဖွဲ့များသည် စည်းလုံးညီညွတ်မှုထက် လွှမ်းမိုးရေးအတွက် တိုက်ပွဲဝင်နေကြလေ့ရှိသော အုပ်စုများသာ ဖြစ်လေ့ရှိခဲ့သည်။

  • ဖဆပလနှင့် ကွန်မြူနစ်၊
  • မဆလနှင့် ဗကပ၊
  • နဝတ/နအဖနှင့် NCGUB၊
  • USDP နှင့် NLD၊
  • စစ်ကောင်စီနှင့် NUG
ဆိုလိုသည်က ခေတ်အဆက်ဆက် အချိန်တိုင်း အပြန်အလှန် အမြစ်ဖြတ်ချေမှုန်းရန် ကြိုးစားနေသည့် အစုအဖွဲ့ကြီးနှစ်ခု လွန်ဆွဲသည့် နိုင်ငံရေးလက်ဝှေ့ဝိုင်းသာ ဖြစ်နေခဲ့သည်။ အကယ်၍သာ အမျိုးသားရေး စတင် ထွန်းကားသော တို့ဗမာအစည်းအရုံးမှ စတွက်လျှင် နှစ် ၁၀၀ ပြည့်တော့မည်။ ဂျီစီဘီအေမှ စတွက်လျှင် နှစ် ၁၀၀ ကျော်ပြီ။ ခေတ်တိုင်းကွဲခဲ့သည်။ ရှေ့အစိုးရလုပ်လျှင် နောက်အစိုးရက ဖျက်ခဲ့ကြသည်။ မည်ကဲ့သို့သော ရေရှည်နိုင်ငံရေးအစီအမံမဆို တည်ဆောက်၍မရ ဖြစ်နေသည်။

ဤမညီညွတ်မှုသည် နိုင်ငံရေးအာဏာနှင့် လက်နက်အာဏာတို့ကြား ဆုံချက်ကျပြီး “တာဝန်ခံမည်” ဟု “ယုံကြည်စိတ်ချ” ရသော ပင်မအာဏာစုဖွဲ့မှုတရပ် (ဗဟိုချုပ်ကိုင်မှုကို ဆိုလိုခြင်းမဟုတ်) ပေါ်လာခြင်းကို လုံးဝ ပိတ်ပင်တားဆီးထားသည်။ ဌာနေလူမျိုး တိုင်းရင်းသားအုပ်စုများနှင့်အတူ ညှိနှိုင်းဆွေးနွေးရေးအတွက်၊ နိုင်ငံရေး ရည်မှန်းချက်များအတွက် ယုံကြည်စိတ်ချရသူအဖွဲ့ဟူ၍ လုံးဝမရှိဘဲ၊ ရှာမရနိုင်ဘဲ ဖြစ်စေခဲ့သည်။ နိုင်ငံသည် ပုံမှန် နိုင်ငံတခုမဟုတ်ပဲ လူကိုအမဲပြန်လိုက်သည့်နိုင်ငံ၊ မာဖီးယားနိုင်ငံကဲ့သို့ဖြစ်လာသည်။ ဤကဲ့သို့ အူတိုင်က ကွဲနေသည့် နိုင်ငံတခုတွင် မြင်တွေ့်သည့် နယ်မြေအငြင်းပွားခြင်းများမှာ ဖြစ်နိုင်ချေရှိသည်ထက် နည်းနေပါသေးသည်ဟုပင် ဆိုရလိမ့်ဦးမည်။

၁၉၆၀ ဝန်းကျင်ကာလများမှ စ၍မြန်မာနိုင်ငံသည် စစ်ဘက်လူတန်းစားများနှင့် အရပ်ဘက်နိုင်ငံရေး အုပ်စုများအကြား နှစ်ခြမ်းကွဲနေခဲ့ပြီး တခုချင်းစီက အာဏာထိန်းချုပ်မှုအတွက် ယှဉ်ပြိုင်နေကြဆဲ ဖြစ်သည်။ အုပ်စုတခုက အခြားတခု၏ တရားဝင်မှုနှင့် အုပ်ချုပ်ရေးစွမ်းရည်ကို အားနည်းစေသော အပြန်အလှန် သုတ်သင်ရှင်းလင်းရေး သံသရာတခုကို တည်မြဲနေစေခဲ့သည်။ တပ်မတော်သည် ရိုးရာအားဖြင့် မိမိကိုယ်မိမိ စည်းလုံးညီညွတ်ရေး၏ တခုတည်းသော အုပ်ထိန်းသူအဖြစ် ရှုမြင်ပြီး ဗမာ့ဝိသေသလက္ခဏာ လွှမ်းမိုးသော ဗဟိုချုပ်ကိုင်မှုအခြေခံဖြင့် အမျိုးသားနိုင်ငံတော်အမြင်ကို ပံ့ပိုးဖြန့်ဝေခဲ့သည်။ တဘက်ကလည်း အရပ်သား နိုင်ငံရေးသမားများသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထောက်ခံသော်လည်း ပို၍ပင်အခြေခံကျသည့် နိုင်ငံရေးစည်းလုံးမှုဖြစ်တည်စေရန် လိုအပ်သော ဌာနေလူမျိုးတို့၏ နစ်နာမှုများကို ပြည့်စုံစွာ ဖြေရှင်းရန် ပျက်ကွက်ခဲ့သည်။ ဤပတ်ဝန်းကျင်မျိုးတွင် တိုင်းရင်းသားအုပ်စုများသည် အစိတ်စိတ်အမွှာမွှာကွဲပြားမှုနှင့် ယှဉ်ပြိုင်နေသော အာဏာဗဟိုချက်များရှိနေသဖြင့် ခိုင်မာသည့် နိုင်ငံရေးလမ်းပြမြေပုံတခုကို ရှာဖွေရန် မတတ်နိုင်ကြပေ။

ဌာနေလူမျိုး တော်လှန်ရေးအုပ်စုများသည် နိုင်ငံတော်ဖွဲ့စည်းမှုကို လက်မခံသဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း လက်မခံပဲ တော်လှန်သူ အများစု ဖြစ်သည်။[1] ထိုတော်လှန်မှုကို ပြေလည်စေရန် တာဝန်ခံ ညှိနှိုင်းနိုင်မည့် နိုင်ငံတော်ကို ကိုယ်စားပြုနိုင်သောအာဏာ မရှိသဖြင့် ဌာနေလူမျိုး တိုင်းရင်းသားအုပ်စုများနှင့် အဓိပ္ပါယ်ရှိသော ညှိနှိုင်းဆွေးနွေးမှုများကို လုပ်ဆောင်ရန် လုံးဝမဖြစ်နိုင်သလောက်အခြေအနေ ဖြစ်နေသည်။ ဥပမာအားဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) နှင့် ဆက်စပ်သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များနှင့် နိုင်ငံရေးဆိုင်ရာ ဒိုင်ယာလော့များသည် သဘောတူလိုက် ပျက်သွားလိုက်ဖြင့် ညီညွတ်စွာ အကောင်အထည်ဖော်ကြခြင်းမရှိပေ။ ထို့ကြောင့် နိုင်ငံတော်၏စွမ်းရည်အပေါ် ယုံကြည်မှုရှိစရာလည်း မမြင်ရသေးပေ။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအတွက် အမြဲလိုလို နိုင်ငံတော် ကိုယ်တိုင်က တာဝန်ခံနိုင်လောက်ခြင်း မရှိနေသလို၊ စစ်ဘက်နှင့် အရပ်ဘက်ဦးဆောင်သူများအကြား ဦးစားပေးမှုများ ကွဲပြားနေသောကြောင့် အာဏာသက်ရောက်အောင် လုပ်ဆောင်ရန် စွမ်းဆောင်နိုင်ခြင်း မရှိသော အစိုးရများ၊ ပြည်တွင်းစစ်ကြီး ငြိမ်းရန်မလိုလားသော စစ်အစိုးရများကို ရင်ဆိုင်ရသည်။ အထူးသဖြင့် စစ်တပ်သည် ပြည်တွင်းစစ်ကို စစ်မှန်စွာ ငြိမ်းသွားစေရန် လိုလားသူမဟုတ်ပေ။ ဖိစီးနှိပ်စက်မှုသာ ရှိသည်။

ကရင်၊ ကချင်၊ သျှမ်းနှင့် အခြား ဌာနေတိုင်းရင်းသားအုပ်စုများသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လူမှု-နိုင်ငံရေးအခွင့်အရေးများကို အသိအမှတ်ပြုရန် လွတ်လပ်ရေးမရခင်မှပင် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည်။[2] ဤတောင်းဆိုချက်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တောင်းဆိုမှုများသာမက သမိုင်းအရ သူတို့ကို ဘေးဖယ်ထားခဲ့သော နိုင်ငံတခုတွင် တန်းတူဂုဏ်သိက္ခာ ရှိသူများ၊ နိုင်ငံရေးအမွေအနှစ် တန်းတူရှိသူများအဖြစ် အသိအမှတ်ပြုခံရရေးအတွက်လည်း တိုက်ပွဲဝင်မှု ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ကွဲပြားနေသော အချုပ်အခြာအာဏာပိုင်မှု၏ သဘာဝအရ ဤတောင်းဆိုချက်များကို အနှစ်သာရရှိသော ပြောင်းလဲမှုများထက် အပေါ်ယံလိုက်လျောမှုများဖြင့်သာ ဖြေရှင်းရန်ကြိုးစားတတ်ကြပြန်သည်။ ဗဟိုစစ်တပ်က လွှမ်းမိုးသောအခါ တိုင်းရင်းသားတောင်းဆိုချက်များသည် အမျိုးသားလုံခြုံရေး၊ အမျိုးသားညီညွတ်ရေးအမည်ဖြင့် ဖိနှိပ်ခံရသည်။ အရပ်သားအစိုးရများ လွှမ်းမိုးမှုရရှိသောအခါ အင်စတီကျူးရှင်းဆိုင်ရာအာဏာအရေး သို့မဟုတ် လူများမဲနိုင် ဝါဒများဖြင့် အဓိပ္ပါယ်ရှိသော နိုင်ငံရေးဈေးဆစ်နိုင်မှုများကို ပိတ်ဆို့ပြန်၍ အပြောင်းအလဲများ ပြုလုပ်ရန် တစ်ဆို့သွားပြန်သည်။

ဗဟိုနိုင်ငံတော်အာဏာသည် လူမျိုးပေါင်းစုံ၏ စုပေါင်းခုခံမှုကို အားနည်းစေရန် ဌာနေတိုင်းရင်းသား အုပ်စုအမျိုးမျိုးကို တခုနှင့်တခု ဆန့်ကျင်စေသော ခွဲခြားအုပ်ချုပ်ရေး နည်းဗျူဟာပုံစံကိုလည်း အမြဲသုံးခဲ့သည်။ သျှမ်း-ပအိုဝ်း ပြဿနာ၊ ကချင်-သျှမ်းနီပြဿနာ၊ မွန်-ကရင် ပြဿနာ၊ ကချင်-တအာင်း ပြဿနာ စသည့် ပြဿနာအရပ်ရပ်တွင် ဖဆပလမှစပြီး ယနေ့စစ်တပ်အထိ အနည်းနှင့်အများ လက်လျှို၍ နောက်ကွယ်က ပါဝင်ခဲ့သည်ချည်းဖြစ်သည်။[3] အင်အားပိုကြီးသည့် ဘေးအုပ်စုများကို စိတ်မချနိုင်သည့် လူမျိုးအုပ်စုများအဖို့ နှစ်ဘက်မျှ ခွကစားရပြန်သည်။ တိုင်းရင်းသားများအားလုံး စုစည်း၍ ဈေးဆစ်နိုင်မည့် အခြေအနေကိုလည်း စစ်တပ်ကော၊ အရပ်သား အစိုးရများပါ မပေး။ အားလုံးဝိုင်းစု၍ အတွေ့မခံတတ်ပေ။ တွေ့ရန် ခေါ်လျှင်လည်း အဖွဲ့များကြား အတန်းစားခွဲခြားပြီး အချို့အဖွဲ့များကို မျက်နှာသာပေးပြီး အချို့အဖွဲ့များကို ဘေးမှထိုင်ပြီး နားထောင်ရုံသာ ခွဲခြား၍ ခွင့်ပြုပြန်သည်။[4] လက်နက်ကိုင် ခေါင်းဆောင်ကြီးတဦးက “စစ်တပ်လာထိုင်ပြီး ထသွားတာနဲ့ ကျွန်တော်တို့လည်း ကွဲပြီး ကျန်ခဲ့တာပဲဖြစ်နေတယ်” ဟု ပြောပြဖူးသည်။ ဤဗျူဟာသည် နိုင်ငံတော်နှင့် ထိရောက်စွာ ညှိနှိုင်းနိုင်မည့် စည်းလုံးညီညွတ်သော ဌာနေလူမျိုးတိုင်းရင်းသားတပ်ဦးတခု ဖြစ်နိုင်ခြေကို ထပ်မံအားနည်းစေသည်။

ထို့အပြင် အဖွဲ့အားလုံးအပေါ် တာဝန်ခံနိုင်သော ပင်မအာဏာ မရှိခြင်းသည် အကူးအပြောင်းကာလ တရားမျှတရေး လုပ်ဆောင်ရခက်ခဲပြီး အပြစ်ဒဏ်ကင်းလွတ်ခွင့် (Impunity) ဖြစ်သွားစေသည်။[5] ဌာနေလူမျိုး တိုင်းရင်းသား ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မြေယာသိမ်းဆည်းမှုများ လောက်မျှပင် မဖြေရှင်းနိုင်ပေ။ မြန်မာနိုင်ငံ၏ ဘုံတာဝန်ခံ အာဏာတရပ် တည်ထောင်နိုင်စွမ်း မရှိခြင်းသည် နိုင်ငံတည်ဆောက်ရေး လုပ်ငန်း အတွက် ပိုမိုကျယ်ပြန့်သော အကျိုး သက်ရောက်မှုများ ရှိသည်။ နိုင်ငံအတွင်း အုပ်စု အားလုံးက ယုံကြည်စိတ်ချနိုင်သော အာဏာစုဖွဲ့မှုအာမခံချက် သို့မဟုတ် တာဝန်ခံသည့် အင်စတီကျူးရှင်း မရှိသည့်အတွက် နိုင်ငံတော်သည် ပြည်တွင်းမှာပင် ကွဲပြားမှု သံသရာထဲ ပိတ်မိနေဆဲ ဖြစ်သည်။ တာဝန်ခံမှု မပြုနိုင်ခြင်းက တိုင်းရင်းသားပုစ္ဆာ၊ လူနည်းစုပြဿနာ၊ နိုင်ငံရေးပဋိပက္ခ သို့မဟုတ် စီးပွားရေးဆိုင်ရာ နစ်နာမှုများ အတွက် ဖြေရှင်းမခံရဘဲ အကြမ်းဖက်မှုနှင့် ပုန်ကန်မှုများ အခါအားလျော်စွာ ပေါက်ကွဲစေသည်။ အားလုံးနှင့် ကိုက်ညီပြီး ပါဝင်မှုရှိသော စည်းလုံးမှုဖြစ်နိုင်သည့် ဘုံဝိသေသလက္ခဏာ မရှိခြင်းသည် ဗဟိုနိုင်ငံတော်နှင့် သူ၏ စုံလင်သော အစိတ်အပိုင်းများအကြား ယုံကြည်မှု တည်ဆောက်ရန် ကြိုးပမ်းမှုများကို ပိုမိုရှုပ်ထွေးစေသည်။[6]

ထိုအချက်ကို ပိုဆိုးစေသည့်အချက်က စကားလုံးအသုံးနှုန်းပြဿနာဖြစ်သည်။ မြန်မာစကားများသည် ဝေါဟာရတလုံးတည်းတွင် အဓိပ္ပာယ်တခုမက မြုပ်ဝင်နေနိုင်သည်။ ထို့အပြင် စကားလုံးများ၏ ရည်ညွှန်းမှု၊ အဓိပ္ပာယ်ဖွင့်မှုများသည် အလင်္ကာများနှင့် အခင်းအကျင်းများတွင် များစွာမှီခိုနိုင်သည်။ ခေတ်အလိုက် ပြောင်းလဲမှု များစွာဖြစ်သည်လည်း ရှိသည်။ ဥပမာ “မိုက်တယ်” ဟူသော စကားလုံးပင် ခေတ်၊ အလင်္ကာ၊ အခင်းအကျင်းပေါ်တွင် ဆိုလိုချက် များစွာပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် မည်သည့်စကားလုံးက မည်သို့ ရည်ညွှန်းသနည်းဆိုသည့်အပေါ်တွင် နားလည်မှုမတူပဲ နိုင်ငံရေးပြဿနာများလည်း မဆုံးတမ်းဖြစ်လာသည်။ ဥပမာအားဖြင့် “လူမျိုး” ဆိုသည့် ဝေါဟာရကို ယနေ့ဗမာတို့က Ethnic-လူမျိုးစု၊ တနည်းပြောရလျှင် သွေးမှ ဆက်စပ်သည့် မျိုးဆက်နွယ်မှုများ (သို့) ယဉ်ကျေးမှုအစု (Biological and/or Cultural Groups) ဟု ရှုမြင်နားလည်ကာ ဌာနေလူမျိုးအသီးသီးတို့ကမူ Nations/ Ethnonations မျိုးဆက်၊ စိတ်ဓာတ်၊ နိုင်ငံရေးစုဖွဲ့မှု (Hereditary, Psychological, Political Groups) အနေဖြင့် ရှုမြင်သည်။ ခေတ်အလိုက် “လူမျိုး” ဟူသော စကား၏ ရည်ညွှန်းဖွင့်ဆိုမှုမှာ အလွန်တရာ ကွာခြားလွန်းလှသည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်လည်း သေချာဖွင့်ဆိုဖို့ ခက်ခဲကြောင်း ပြောဖူးသည်။[7] ဘာသာစကားပြဿနာဖြစ်နေသည့်အတွက် တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်များကိုယ်တိုင်ကလည်း ဗမာလူထုကိုလည်းကောင်း၊ နိုင်ငံတကာ ပညာရှင် အချို့ကို လည်းကောင်း ဝေါဟာရ နားလည်အောင် ရှင်းပြနိုင်စွမ်းနည်းခဲ့ကြသည်။ ယနေ့ ဌာနေတိုင်းရင်းသားများသည် ဗမာဟူသောအသုံးအနှုန်းကို “သွေးဇစ်မြစ်” ကို အဓိကအခြေခံသော အခေါ်အဝေါ်ဟု အထင်မှားပြောဆိုမှုကို မကြာခဏ တွေ့ရတတ်သည်။[8]

မြန်မာနိုင်ငံရှိ တိုင်းရင်းသားတော်လှန်ရေးများကို ဗဟိုနိုင်ငံစုဖွဲ့မှုနှင့် ဗမာလူများစုက မကြာခဏ မှားယွင်းစွာ နားလည်လေ့ရှိသည်။ ရိုးရှင်းသော အာဏာပြိုင်ဆိုင်မှုများ သို့မဟုတ် ယဉ်ကျေးမှုထိန်းသိမ်းရေး ကြိုးပမ်းမှုများအဖြစ် လျှော့ချပြောဆိုကြလေ့ရှိသည်။ ဤလှုပ်ရှားမှုများသည် အာဏာတိုက်ပွဲများ သို့မဟုတ် ယဉ်ကျေးမှုလက္ခဏာ ထိန်းသိမ်းရေးအကြောင်းများ သက်သက်မဟုတ်ဘဲ အခြေခံအားဖြင့် ပိုမိုနက်နဲသော ဂုဏ်သိက္ခာနှင့် သူတို့၏အသိုင်းအဝိုင်းများအတွင်း လူမှုဘဝပုံစံ၊ နိုင်ငံရေးအမွေနှစ်၊ နိုင်ငံရေးဝိသေသလက္ခဏာ၊ စီးပွားရေးအခွင့်အလမ်းများ၊ အခြေခံတန်ဖိုးအမြင်ဖန်တီးမှုများ စသည်တို့အတွက် တိုက်ပွဲဝင်နေခြင်းလည်း ဖြစ်သည်။ ဌာနေလူမျိုးများနှင့်လူနည်းစုများအတွက် လက်နက်ကိုင်တော်လှန်ရေးသည်နိုင်ငံရေးကိုယ်စားပြုမှု၊ စီးပွားရေးအရင်းအမြစ်များပြဿနာ၊ နိုင်ငံတော်၏ ထုတ်လုပ်လာသည့် ရလဒ် (Output) များကို မျှဝေရာတွင် မညီမညာဖြစ်လွန်းခြင်းနှင့် ဒြပ်ရှိ-ဒြပ်မဲ့ ယဉ်ကျေးမှုများ ထိန်းသိမ်းရေးတို့မှ စနစ်တကျ ဖယ်ထုတ်ခံရခြင်းကို အခြေခံကာ ပေါ်ထွက်လာခြင်းဖြစ်သည်။[9] အဂတိများရှိသည်မှာ မှနသော်လည်း အခြေအနေ တရပ်တည်းကို ပုံချ၍ မရပေ။

ဆက်လက်၍ ဗဟိုနိုင်ငံတော်နှင့် လူများစု၏ ဌာနေတိုင်းရင်းသား လွတ်မြောက်ရေးတိုက်ပွဲများအပေါ် မှားယွင်းသော အဓိပ္ပါယ်ကောက်ယူမှုအကြောင်း ပြောကြပါစို့။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားအုပ်စုများသည် မြေယာပိုင်ဆိုင်မှု၊ သယံဇာတထုတ်ယူခွင့်များနှင့် စီးပွားရေးအခြေခံအဆောက်အအုံရရှိမှုတို့တွင် စနစ်တကျ ဘေးဖယ်ထားခြင်းကို ကြာရှည်စွာ ရင်ဆိုင်ခဲ့ကြရသည်။ မြေယာဥပဒေများကို နားမလည်ခြင်း၊ စစ်ဖြစ်နေခြင်း၊ စစ်ရှောင်နေရခြင်း၊ အထောက်အထား မရှိခြင်းကြောင့် မြေယာဥပဒေများသည် နိုင်ငံတော်က ဗဟိုချုပ်ကိုင်၍ မြေကြီးများကို သိမ်းယူလိုက်သည့်နှယ်သာ ဖြစ်သွားသည်။ ပြဿနာက နိုင်ငံတော်သည် ဘက်မလိုက်သည့် အဖြူထည်မဟုတ်နေပေ။ နိုင်ငံတိုင်း ဘာသာစကား တခုကိုသုံးသည်၊ ဥပဒေ ကျင့်ထုံးတခုခု သုံးသည်၊ သမိုင်း တခုခုသင်မည်။ ထို့ကြောင့် ဤလောကတွင် ဘက်မလိုက်သည့် နိုင်ငံလည်း မရှိပေ။ ဤဖယ်ထုတ်ခြင်းသည် မညီမျှမှုသံသရာကို ဆထက်တိုးခိုင်မာနေစေသည်။ ဌာနေတိုင်းရင်းသားတို့၏ ကျယ်ပြန့်သော ဧရိယာများကို သဘောတူဆွေးနွေးခြင်းမရှိဘဲ နိုင်ငံတော်ထောက်ခံသော အဖွဲ့အစည်းများမှ စီမံကိန်းကြီးများ သို့မဟုတ် သယံဇာတထုတ်ယူမှုအတွက် ဥပဒေပြပြီး သိမ်းယူခဲ့သည်ကို ပြန်လည်စဉ်းစားနိုင်သည်။ ဖွဲ့စည်းပုံတွင်လည်း မြေပေါ်မြေအောက် သယံဇာတအားလုံးကို နိုင်ငံတော်အစိုးရက ပိုင်သည်ဟု ဆိုထားသည်။ ဤဘောဂဗေဒ ရှုထောင့်မှ မြင်သာသည့် မတရားမှုများသည် ဌာနေလူမျိုးတို့ တိုင်းရင်းသားဖြစ်တည်မှု၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေသည်။[10]

ဆက်စပ်တွေးတောကြည့်ပါက ဌာနေလူမျိုးတိုင်းရင်းသားအုပ်စုများ ရှာဖွေနေသော ဂုဏ်သိက္ခာသည် သူတို့၏မြေယာနှင့် သယံဇာတများကို ထိန်းချုပ်ခွင့်နှင့် အကျိုးခံစားခွင့်နှင့် ဆက်စပ်နေသည်ကို ရှင်းလင်းစွာ မြင်သာနိုင်ပါသည်။ အများစုအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် နိုင်ငံရေးရည်မှန်းချက်မျှသာ မဟုတ်ဘဲ စီးပွားရေးလိုအပ်ချက်နှင့် ခုခံရေး၏ ဂုဏ်သိက္ခာဆိုင်ရာလိုအပ်ချက်လည်း ဖြစ်သည်။ သယံဇာတများနှင့် အုပ်ချုပ်ရေးအပေါ် ဗဟိုချုပ်ကိုင်ရန် နိုင်ငံတော်၏ စူးစိုက်အာရုံထားမှုသည် ဌာနေလူမျိုး တိုင်းရင်းသား အသိုင်းအဝိုင်းများ၏ စီးပွားရေးဆိုင်ရာဆုံးဖြတ်ပိုင်ခွင့်ကို အားနည်းစေသော မူဝါဒများကို ဖြစ်ပေါ်စေခဲ့သည်။ ထွက်ပေါ်လာသော ကြွယ်ဝမှုသည် ဒေသခံလူဦးရေအား အကျိုးအမြတ် နည်းပါးစွာရပြီး မကြာခဏ ဗဟိုသို့ စီးဆင်းသွားသောကြောင့် ဆုံးရှုံးမှုခံစားချက်ကို ရေရှည်ဖြစ်နေစေခဲ့သည်။

တချိန်တည်းမှာပင် တိုင်းရင်းသားအုပ်စုများအနေဖြင့် "ဗမာဇာတ်သွင်းခြင်း" ကို ဗမာလူမျိုးများ၏ “တဦးချင်းလုပ်ဆောင်မှု” အဖြစ် မဟုတ်ဘဲ ဗဟိုနိုင်ငံတော်နှင့် ဆက်စပ်နေသော စနစ်တကျ မူဝါဒတခုအဖြစ် နားလည်မှုကို ပြောင်းလဲရန် အရေးတကြီး လိုအပ်နေသည်။ စစ်တပ်၏ ဖိနှိပ်ခံ၊ ခရိုနီများ ဂုတ်သွေးစုပ်ခံ၊ နိုင်ငံရေးအီလစ်များ၏ အမြတ်ထုတ်ခံ ဗမာ့လုပ်သားလူထုကို အပြစ်တင်မှုလျှော့ရန် လိုသည်။ ဌာနေလူမျိုး တိုင်းရင်းသားများက လူမှုရေး-စီးပွားရေးနှင့် ယဉ်ကျေးမှုဝါးမျိုဖိနှိပ်ခံရသလို ဗမာလူထုကလည်း လူမှုစီးပွားရေး အမြတ်ထုတ်ခံရခြင်း ဖြစ်နေရပါသည်။ ဗမာဇာတ်သွင်းခြင်းကို နားလည်ရာတွင် “ဗမာ” ဟူသည် အဖေဗမာ၊ အမေဗမာဖြစ်သည့် ဗမာလူထုကိုသာ ဆိုလိုနေခြင်းမဟုတ်ပဲ ဗမာ့ဝိသေသလက္ခဏာကို စပွန်ဆာပေးသည့် နိုင်ငံတော်စုဖွဲ့မှုကိုလည်းကောင်း၊ ယင်းစုဖွဲ့မှုမှ ရလာသည့် တရားဝင်မှု-အချုပ်အခြာအာဏာ-နိုင်ငံရေးအမွေ-အာဏာများကို ကျင့်သုံးသည့် နိုင်ငံရေးသမားများနှင့် ဒြပ်ရှိ-ဒြပ်မဲ့ အမွေအနှစ်များကို ဝါးမျိုသည့် မူဝါဒများကို ဆိုလိုသည်ဟု နားလည်ရန် လိုသည်။ ဗမာဇာတ်သွင်းခြင်းစနစ်ဖြစ်သည်။ ဗမာမှုပြုလိုသည့် အမျိုးသားနိုင်ငံ အိုင်ဒီယာသည်ပင် ဗြိတိသျှအမွေ ဖြစ်နေသည်။

မြန်မာနိုင်ငံ၏ ပင်မလူသိများသည့် နိုင်ငံရေးသမိုင်းများသည် အာဏာရသူ အထက်တန်းလွှာတို့၏ ဖန်တီးပုံဖော်မှုကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေသည်ဟု ဆိုရပါမည်။ ကျောင်းသုံးဖတ်စာအုပ်များတွင် ထီးပြိုင် နန်းပြိုင် ဘုရင်များ၊ တရားလွန်ချဲ့ကားထားသည့် နန်းတော်များနှင့် စစ်သူရဲကောင်းများကိုသာ အသားပေး ချီးမြှင့်ဖော်ပြလေ့ရှိပြီး လူထုများကိုမူ နောက်ဆက်တွဲ မှတ်စုမျှသာသဖွယ် ပုံဖော်ခဲ့ကြသည်။[11] ဤသို့သော ဇာတ်လမ်းများသည် လူမျိုးစုအသီးသီးတို့ မျှဝေခံစားခဲ့ရသော နာကျင်မှုများ၊ တိုက်ပွဲများနှင့် ဖိနှိပ်မှုများအပေါ် လူထုအချင်းချင်း စည်းလုံးညီညွတ်မှု တည်ဆောက်ရန်အတွက် အားမပေးဘဲ ကွဲပြားမှုကိုသာ မြှင့်တင်နေသလို ဖြစ်နေသည်။

ဆိုလိုသည်ကတော့ ယဉ်ကျေးမှုပေါင်းစည်းခြင်းနှင့် စီးပွားရေးအမြတ်ထုတ်မှုကို ဖော်ဆောင်သော မူဝါဒများနှင့် စနစ်များကို ဝေဖန်ရန် လိုအပ်သော်လည်း၊ မညီမျှမှုကို ဝေဖန်ခြင်းသည် လုပ်သင့်လိုက်ထိုက် လုပ်ရမည့် အလုပ်ဖြစ်သော်လည်း "ဗမာဇာတ်သွင်းခြင်း" ကို ဗမာလူမျိုးများ၏ စုပေါင်းရည်ရွယ်ချက် သို့မဟုတ် စရိုက်လက္ခဏာနှင့် တန်းတူထားခြင်းသည် အကျိုးရှိမည်မဟုတ်ပေ။ ဗမာဇာတ်သွင်းခြင်းသည် အာဏာကို စုစည်းရန် ဗမာဝိသေသနှင့် ကိုက်ညီသော သမရိုးကျ လက္ခဏာတခုကို စပွန်ဆာပေး၍ နိုင်ငံတော်က မောင်းနှင်သည့် ယဉ်ကျေးမှုနှင့် နိုင်ငံရေး ဗဟိုချုပ်ကိုင်မှု အစီအစဉ်တခုကို ရည်ညွှန်းပါသည်။

ဗမာဇာတ်သွင်းခြင်းကို စနစ်တခုအဖြစ် နားလည်ခြင်းသည် လုပ်စားကိုင်စား ပြည်သူတဦးချင်း အပေါ် မဟုတ်ဘဲ မညီမျှမှုကို ထိန်းသိမ်းထားသော ဖွဲ့စည်းပုံများနှင့် မူဝါဒများအပေါ် ဝေဖန်မှုများကို အာရုံစိုက်ရန် ကူညီပေးသည်။ တကယ်တမ်းတွင်မူ လုပ်စားကိုင်စား ဗမာလူထု အများအပြားသည်လည်း ဌာနေလူမျိုး တိုင်းရင်းသားများကို ဖိနှိပ်သည့် ပေါင်းစည်းရေးမူဝါဒများကို ချမှတ်သော နိုင်ငံတော်ထံမှ အမြတ်ထုတ်ခြင်းနှင့် ဝါဒဖြန့်ခြင်းကို ရင်ဆိုင်ခဲ့ကြရသည်။ ဤမျှဝေခံစားရသော တိုက်ပွဲကို အသိအမှတ်ပြုခြင်းသည် ကွဲပြားမှုထက် စည်းလုံးညီညွတ်မှုအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။

တကယ်တမ်း လောဘဖြင့် အာဏာကို ကနဦး လုယူစုဆောင်းခဲ့သူများလည်း မရှိကြတော့။ ဒေါသဖြင့် တုံ့ပြန်တော်လှန်ခဲ့သည့်သူ အများအပြားလည်း ဆုံးပါးကုန်ပြီဖြစ်သည်။ လူသစ်များလည်း ဖြည့်လာကြသည်။ စနစ်ကိုဆက်လက် မသိချင်ယောင်ဆောင်ပြီး မောဟဖြင့် ထိန်းသိမ်းခြင်း မပြုသင့်တော့ပေ။ အချင်းချင်း ပုဂ္ဂလိကအပြစ်တင်ရန် မဟုတ်ပဲ၊ စနစ်ကို ပြောင်းဖို့ လိုသည်။

ဗမာဇာတ်သွင်းခြင်းတွင် "ဗမာ" ဆိုသည့် စကားလုံးသည် ဗဟိုနိုင်ငံတော်၏ လက္ခဏာနှင့် အာဏာများ လက်ဝါးကြီးအုပ်မှု၏ သင်္ကေတကို ရည်ညွှန်းကြောင်း ပြန်၍အာရုံစိုက်ရမည် ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုသည် တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများနှင့် ရိုးရာဓလေ့များကို လျစ်လျူရှုသော၊ ဝါးမျိုလွှမ်းမိုးသော နိုင်ငံတော်မူဝါဒများ၊ ပညာရေးစနစ်များနှင့် မြေယာအုပ်ချုပ်မှု မူဘောင်များတွင် ထင်ရှားသည်။ တကယ်က ဗမာဇာတ်သွင်းခြင်း၏ အခြေခံမှာ “အာဏာကို ဗဟိုချုပ်ကိုင်ခြင်း” ဖြစ်သည်။ ဤအခြေအနေတွင် "ဗမာ" ကို ပြန်လည်နားလည်ခြင်းဖြင့် အမြတ်ထုတ်သော ယန္တရားတခုကို ဖြိုရမည်ဖြစ်ကြောင်း ရှင်းလင်းလာမည်။

ဆိုလိုသည်က ဖိနှိပ်ခံများ ညီညွတ်ရန်၊ ပေါင်းကူးရန် လူများစုနှင့် ဌာနေလူမျိုးများ နှစ်ဖက်စလုံးသည် ရှုထောင့်များကို ပြောင်းလဲရမည်။ တိုင်းရင်းသားတော်လှန်ရေးများသည် ပုန်ကန်မှုလုပ်ရပ်များသက်သက် မဟုတ်ဘဲ နိုင်ငံရေး အမွေအနှစ်ကာကွယ်ရေး၊ မျှတမှု၊ တန်းတူမှုနှင့် အသိအမှတ်ပြုမှုအတွက် တောင်းဆိုမှုများ ဖြစ်ကြောင်း နားလည်ရမည်။ ထိုနည်းတူစွာ ဌာနေလူမျိုးလူထုများသည် လူတန်းစား စနစ်တကျဖိနှိပ်မှုများနှင့် လုပ်စားကိုင်စား ရပ်ရွာလူထုဖြစ်သည့် ဗမာလူမျိုးများ၏ ရည်ရွယ်ချက်များကြား ခွဲခြားနားလည်မှုကို ပြသသည့် စကားများ သုံးစွဲသင့်သည်။ အပြန်အလှန်နားလည်မှုကို မြှင့်တင်ပြီး နိုင်ငံရေးအရ မဟာမိတ်ဖွဲ့စည်းမှုများ ပိုမို၍ တည်ဆောက်နိုင်ပါသည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသားပုစ္ဆာကို နိုင်ငံတည်းဟူသော အချုပ်အခြာစုဖွဲ့မှု၏ အာမခံမပေးနိုင်သည့် ဖွဲ့စည်းပုံဆိုင်ရာ မညီညွတ်မှုကို မဖြေရှင်းဘဲ လုံးဝမပြေလည်နိုင်ပေ။ မြန်မာနိုင်ငံ၏ ဌာနေတိုင်းရင်းသား လူနည်းစုများအပါအဝင် လူအားလုံး၏ အကျိုးစီးပွားကို ကိုယ်စားပြုနိုင်လောက်သည့် ယုံကြည်စိတ်ချရပြီး “စည်းလုံးညီညွတ်သော လူများစု” (ဗမာများ) ၏ ဖွဲ့စည်းမှုတခုသည် အာမခံပေးနိုင်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်ဆိုသလို လိုအပ်သည်။ သို့သော်လည်း ပင်မနိုင်ငံရေး ရေစီးကြောင်းအတွင်းက ဗမာများသည် စည်းလုံးညီညွတ်မှုထက် အုပ်စုတခုစီ၏ ရှင်သန်ရပ်တည်ရေးကို ဦးစားပေးသော ယှဉ်ပြိုင်နေသော အုပ်စုများအဖြစ် ကွဲပြားနေသရွေ့ ဌာနေတိုင်းရင်းသား ပုစ္ဆာသည် ဖြေရှင်း၍ မရသေးဘဲ ကျန်ရစ်မည်ဖြစ်သည်။

ယခုစာအုပ်တွင် နှစ် ၇၀ ကျော်စစ်ပွဲများ၏ အကြောင်းအရင်းဟု မှတ်ယူရမည်ဖြစ်သည့် လူမျိုးကြီး/ နိုင်ငံကြီးပဓာနဝါဒနှင့် ပတ်သက်သောစဉ်းစားဖွယ်ရာများကို အခြေခံစုဆောင်းတင်ပြရန်သာ ရည်ရွယ်ပါသည်။ တချို့အတွေးဒဿနများကို ထပ်ခါထပ်ခါ၊ ပြန်၍ရေးပါသည်။ ဆီပွတ်ကျည်ပွေ့ ဖတ်ပါများမှ အာရုံရစေရန် ဖြစ်သည်။ ဝေဖန်၍ ရေးသော စာအုပ်ဖြစ်သည်။ စစ်ရှောင်ရင်း ရေးသောစာအုပ်လည်း ဖြစ်သည်။ မူရင်းအချက်အလက် အရင်းအမြစ်များ (Primary Sources) ကို လက်လှမ်းမှီမှု အလွန်နည်းပါး၍ တဆင့်ခံ အချက်အလက် (Secondary Sources) များကို အဓိကလေ့လာရခြင်းက ပို၍ များပါသည်။ စာရေးသူသည် သမိုင်းဆရာတဦးလည်း မဟုတ်ပါ။ ပြည့်ဝကုံလုံခြင်း ရှိနိုင်မည်မဟုတ်သလို သာမန်ဖတ်ရုံဖြင့်လည်း နားလည်လွယ်မှုရအောင် ပိုမိုရည်မှန်း ရေးသားသည့်အတွက် တက္ကသိုလ်စာတမ်းသဖွယ် နည်းပညာဆန်ဆန် ပုံစံကို ရသမျှရှောင်ရှား ရေးသားပါသည်။ လေ့လာခဲ့ရသော ရည်ညွှန်းကျမ်းကိုးများကို နောက်ဆက်တွဲတွင် စုဆောင်းကာ ဖော်ပြထားပါသည်။ ယခုစာကို အလွန်အမင်းလေးပင်မနေအောင် ကြိုးစားရေးသားလိုက် ပါသည်။
----------
[1] South, A. (2008). Ethnic politics in Burma: States of conflict. Routledge.

[2] Smith, M. (1999). Burma: Insurgency and the politics of ethnicity (2nd ed.). Zed Books.

[3] South, A. (2018). Political transition in Myanmar: A new model for democratization. In N. Cheesman, M. Skidmore, & T. Wilson (Eds.), Myanmar: Politics, Economy and Society (pp. 45–62). Routledge.

[4] Smith, M., & Gelbort, J. (2023). The Nationwide Ceasefire Agreement in Myanmar: Promoting Ethnic Peace or Strengthening State Control? Transnational Institute.

[5] ဗဟိုအစိုးရ အားကောင်းစွာရှိရန်လိုသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ တာဝန်ခံပေးနိုင်သည့် အင်စတီကျူးရှင်းကို ဆိုလိုခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ပိုရှင်းလာပါလိမ့်မည်။

[6] Smith, M. (1999). Burma: Insurgency and the politics of ethnicity (2nd ed.). Zed Books.

[7] ဖဆပလ ပြင်ဆင်မှုပဏာမညီလာခံမိန့်ခွန်း။ ၁၉၄၇ ခု၊ မေလ ၁၉ ရက်နေ့၊ ဂျူဗလီဟော။

[8] Chew, I., & Jap, J. (2024). Identities and the politics of ethnicity in post-coup Myanmar. International IDEA.

[9] South, A. (2003). Ethnic politics in Burma: States of conflict. London: RoutledgeCurzon.

[10] မြေကို မည်သူပိုင်သနည်း၊ သစ်တောကို မည်သူပိုင်သနည်းဟူသည့် ပုစ္ဆာများဖြစ်သည်။ ကနေဒါကဲ့သို့သော နိုင်ငံများ တွင်ပင် ယနေ့ ဌာနေလူမျိုးတို့သည် “မြေပြန်ပေး (Land Back)” လှုပ်ရှားမှုများ လုပ်နေကြရသေးသည်။

[11] Footnote ကို ပြောလိုခြင်းဖြစ်သည်။ တိုင်းရင်းသားခေါင်းဆောင်များအမည်သည် နိုင်ငံတော်ကြီးကို သစ္စာရှိသူ၊ ထောက်ပံ့သူ၊ သို့မဟုတ်က သူပုန်အနေဖြင့်သာ ကျောင်းစာ၊ ရုံးစာ၊ တရားဝင်စာများတွင် ပါလာသည်။ အချို့သော လူမျိုးစု အကြောင်းအရာတို့မှာ မှတ်စုငယ်အဖြစ်မျှပင် ပါမလာချေ။ မြန်မာနိုင်ငံတွင် ကျောင်းပြီးဘွဲ့ရသူတဦးကို လူမျိုးစုများ၏ ခေါင်းဆောင်များ သို့မဟုတ် သမိုင်းများကို မေးကြည့်လျှင် ဖြေနိုင်သူ အလွန်ရှားမည်။ သင်လည်း မသင်ခဲ့ရပေ။ ဗမာလူမျိုး ပြဿနာကို တနိုင်ငံလုံးပြဿနာအဖြစ် ပုံဖော်သော်လည်း အခြားလူမျိုးများပြဿနာမှာ ကိုယ့်ကိစ္စကိုယ်ရှင်းရန်ဟုသာ သဘောထားခံရတတ်ပါသည်။

Comments

Popular posts from this blog

ပဒေသရာဇ် ဘုရင်ခေတ်များ - နိဒါန်း

ယခုမြန်မာနိုင်ငံဟု သိကြသော ဒေသကို အိန္ဒိယဘက်မှ စာများတွင် ဗြဟ္မာ့ဒေသ (ဗရမာဒေ့ရှ်) ဟု ညွှန်းကြသည်ကို တွေ့ရသည်။ မြို့အမည်၊ မြစ်အမည်များကို ဟိန္ဒူတို့၏ နတ်ဗြဟ္မာအမည်များ မှည့်ခေါ်ကြရာ ဗိဿနိုးမြို့၊ ဘိန္နကမြို့ (သီဝနတ်ဘုရားနှင့် ဆက်စပ်နိုင်)၊ သျှရီခတ္တရာ၊ သူရဿတီ (တနည်း သာယာဝတီ- ယခုချင်းတွင်းမြစ်)၊ ဧရာဝတီ (ဧရာဝဏ်ဆင်အမည်) စသည်ဖြင့် တွေ့ရတတ်သည့်အတိုင်း ဖြစ်သည်။ အရှေ့ဘက်ဆက်လျှင် ဒွာရဝတီ၊ လဝ (ရာမ၏ သားတော်) စသည့် အမည်များ ပေးကြသည်။ ယခုဗီယက်နမ်အထိ ဒေသဘက်ကိုမူ အင်ဒရာဒီပ (မိုးကြိုးနတ်ဘုရင်၏ကျွန်း) ဟု ခေါ်ကြ၏။ အင်ဒရာပူရ (သိကြားမြို့) လည်း ရှိသည်။ ခုနှစ်ကို သိကြားနှစ် (သက္ကရာဇ - သက္ကရာဇ်) ဟုခေါ်၏။ ဒေသကိုအခြေခံသည့် အခေါ်အဝေါ်များမှ ဗမာ၊ နောင်တွင် မြန်မာ ဟူသည့် လူမျိုးကိုညွှန်းသော စကားလုံးများ ဖြစ်လာသည်ဟု ယူဆရသည်။ [1] ဒေသကို ခေါ်သည့် အခေါ်အဝေါ်မှ လူမျိုးအမည်အဖြစ် ပြောင်းလဲလာမှုမှာ မစိမ်းပါ။ ဥပမာ ထိုင်းနိုင်ငံ၊ ထိုင်းလူမျိုးပမာ ဖြစ်သည်။ ဘရာဇီးဟူသော ဒေသအမည်မျှ ဘရာဇီးလူမျိုးဟူ၍ ပြောလာကြသလို ဖြစ်သည်။ တရုတ်တို့ဘက်မှ မှတ်တမ်းများတွင် “မြန်/မီယမ် တျင့် (緬甸)” ဟု ရေးသည်ကို တွေ့ရသည်။ မည်သို့ဆိုစေ စာလုံးရေးသည့်ခ...

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

    လူသားတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ မသိနားမလည်မှုကနေ ဉာဏ်ပညာဆီကို တမဟုတ်ချင်း ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်က ထင်ရှားတဲ့ အဆင့်အမျိုးမျိုးကို ဖြတ်သန်းသွားပြီး၊ အဆင့်တခုစီက ရှုပ်ထွေးမှုတွေကို နစ်မွန်းမသွားစေဘဲ လက်ခံနိုင်စွမ်းကို တိုးမြှင့်ပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်အလိုက် တင်းကျပ်စွာ သတ်မှတ်ထားတာ မဟုတ်ဘဲ၊ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စိတ်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပုံတွေ ကွဲပြားတာပဲ ဖြစ်ပါတယ်။ အောက်မှာတော့ အရှင်းလင်းဆုံး ရှင်းလင်းချက်ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ရွေ့လျားသွားတဲ့ ဒီအဆင့် ၅ ဆင့်အတွက် လမ်းပြမြေပုံတခုကို အသေအချာစဉ်းစားကြည့်ပြီး ဖော်ပြလိုက်ပါတယ်။ အဆင့် ၁။ ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်းအဆင့် ဘယ်သင်ယူမှုခရီးရဲ့ အစမှာမဆို စိတ်က ရှင်းလင်းပြတ်သားမှုကို လိုလားတယ်။ ခိုင်မာတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ လျင်မြန်တဲ့ အမျိုးအစားတွေကို လိုအပ်တယ်။ ဒါဟာ အားနည်းချက်မဟုတ်ဘဲ၊ ရှင်သန်ရေးအတွက် နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက်အတွဲတွေအဖြစ် ဦးနှောက်ထဲကို ဝင်...

မြန်မာနိုင်ငံ၏ အခြေအနေ

မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။ [1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။ မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီ...