Skip to main content

နိုင်ငံရေးအမွေအနှစ်ကို တူးဆွခြင်း


သမိုင်းကို ဖတ်ရှုရာတွင် အချက်အလက်များကို ရေတွက်ရုံမျှဖြင့် မလုံလောက်ဘဲ၊ ထိုအချက်အလက် များ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်ဖွင့်ဆိုမှုများနှင့် ဘက်လိုက်မှုများကို ဝေဖန်ပိုင်းခြားနိုင်ရန် လိုအပ်ကြောင်း ကျွန်ုပ်တို့ ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ယခုအခါ၊ မြန်မာ့နိုင်ငံရေး၏ အရှုပ်ထွေးဆုံးသော အပိုင်းဖြစ်သည့် ဌာနေတိုင်းရင်းသားလူထုများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုများကို နားလည်ရန် အဓိကသော့ချက်ဖြစ်သည့် "နိုင်ငံရေးအမွေအနှစ်" (Political Heritage) ဟူသော အယူအဆကို နက်ရှိုင်းစွာ တူးဆွလေ့လာရန် လိုအပ်ပါသည်။ နိုင်ငံရေးအမွေအနှစ်ဟူသည် ပြတိုက်ထဲတွင် သိမ်းဆည်းထားသော ရှေးဟောင်းပစ္စည်းတခုမဟုတ်။ နိုင်ငံရေးအမွေအနှစ်သည် လူထု၏ စုပေါင်းမှတ်ဉာဏ် (Collective Memory) ထဲတွင် အသက်ရှင်နေပြီး၊ ပစ္စုပ္ပန်၏ နိုင်ငံရေးတိုက်ပွဲများကို ပုံဖော်ကာ၊ အနာဂတ်၏ မျှော်လင့်ချက်များကို အားမာန်ဖြည့်ပေးနေသော ရှင်သန်လှုပ်ရှားနေသည့် အင်အားတခုပင် ဖြစ်သည်။[1]

နိုင်ငံရေးအမွေအနှစ်ကို ရှေးဘုရင်များ၏ နန်းတော်အပျက်အစီးများ၊ ဥပဒေကျမ်းဟောင်းများအဖြစ် ရိုးရှင်းစွာ ရှုမြင်၍မရပါ။ နိုင်ငံရေး အမွေအနှစ်သည် မျက်စိဖြင့်မြင်နိုင်သော ရုပ်ဝတ္ထုများထက် ကျော်လွန်ပြီး လူထု၏ စိတ်ဝိညာဉ်နှင့် စုပေါင်းဖြစ်တည်မှု (Collective Existence) ထဲတွင် ရှင်သန်စီးဆင်း၍နေသော တည်ရှိမှုတခု ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော်၊ အမျိုးသားအဆင့် ဖွဲ့စည်းတည်ဆောက်ပုံများ ဖျက်ဆီးခံရပြီး ဖိနှိပ်မှုအောက်တွင် ရောက်ရှိနေသော လူထုများအတွက်၊ နိုင်ငံရေးအမွေအနှစ်သည် မပျက်မစီးကျန်ရစ်သော အင်စတီကျူးရှင်းများ (Intact Institutions) အဖြစ် ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ပြီ။ အပိုင်းအစများ (Fragments) အဖြစ်သာ ရှင်သန်နေလေသည်။ ထိုအပိုင်းအစများမှာ လူမှုရေးအခမ်းအနားများ၊ မျိုးရိုးစဉ်ဆက် ပြောကြားသည့်စကားများ၊ တော်လှန်ရေး သီချင်းများနှင့် ကဗျာများ၊ နေရာဒေသဆိုင်ရာ အမည်များနှင့် ပတ်သက်သော စုပေါင်းမှတ်ဉာဏ်များနှင့် မျိုးဆက်တဆင့် လက်ဆင့်ကမ်းလာသော ဓလေ့ထုံးတမ်းအရ ကျင့်သုံးမှုများ ဖြစ်ကြသည်။ မြန်မာတို့၏ အမျိုးသားနေ့၊ ကရင်နှစ်သစ်ကူးပွဲတော်မှ လက်ချည်ပွဲ၊ ရခိုင်မှ မဟာမြတ်မုနိဘုရား၏ မူလဇာစ်မြစ်ပုံပြင်များ၊ လူမျိုးအသီးသီး၏ တော်လှန်ရေးသီချင်းများ စသည်တို့သည် ထိုသို့ ပြန့်ကျဲနေသည့် အပိုင်းအစများ၏ သာဓကများပင်။ ပြန့်ကျဲနေသော်လည်း ထိုအစိတ်အပိုင်းများကို စုစည်းလိုက်သောအခါ အားကောင်းသော လူမှုနိုင်ငံရေးဆိုင်ရာ ပုံရိပ်တခုကို ဖော်ဆောင်ပေးနိုင်စွမ်းရှိသည်။

ဤအပိုင်းအစများသည် ရှင်သန်နေရခြင်းက အတိတ်၏ တိကျသော "ကော်ပီများ" ဖြစ်သောကြောင့် မဟုတ်ချေ။ အပိုင်းအစများသည် ပစ္စုပ္ပန်လူထု၏ဘဝတွင် ခိုင်မာသည့်အဓိပ္ပာယ်များကို ဆက်လက်ပေးစွမ်း နိုင်သောကြောင့်သာ ခံနိုင်ရည်ရှိစွာ တည်ရှိနေခြင်း ဖြစ်သည်။ ဥပမာအားဖြင့် လူမျိုးတခု၏ နှစ်သစ်ကူးပွဲတော် ကျင်းပခြင်းသည် ပြက္ခဒိန်အရ နေ့ထူးနေ့မြတ်တနေ့ကို အပျော်တမ်းဆင်နွှဲခြင်းမျှသာမဟုတ်ဘဲ၊ ကြီးစိုးသော ဗမာယဉ်ကျေးမှုကြားတွင် မိမိတို့၏ သီးခြားယဉ်ကျေးမှု ဖြစ်တည်မှုကို အခိုင်အမာပြသသည့် နိုင်ငံရေးလုပ်ရပ် (Political Act) တခု ဖြစ်လာသည်။[2] နိုင်ငံတော်တခုလုံး၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံများဖြစ်သော နန်းတော်၊ စစ်တပ်၊ အုပ်ချုပ်ရေးယန္တရားတို့ ပြိုကွဲပျက်စီးသွားပြီးနောက်၌ပင်၊ အကယ်၍ လူထုက ထိုနိုင်ငံတော်ကို သူတို့၏ စုပေါင်းဖြစ်တည်မှု၏ အစိတ်အပိုင်းတခုအဖြစ် ဆက်လက်သဘောထား ခံယူနေသမျှ ကာလပတ်လုံး ထိုအမွေအနှစ်သည် နိုင်ငံရေးအရ အင်အားကြီးမားနေဆဲ ဖြစ်သည်။ ဟံသာဝတီနိုင်ငံတော်သည် ပထဝီဝင် မြေပုံပေါ်တွင် မရှိတော့သော်လည်း၊ မွန်လူထု၏ စိတ်နှလုံးသားထဲတွင်မူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ယဉ်ကျေးမှု ထွန်းကားမှုနှင့် အမျိုးသားရေးဂုဏ်သိက္ခာတို့၏ ပြယုဂ်အဖြစ် အားကောင်းသော နိုင်ငံရေးစိတ်ကူး (Political Idea) တရပ်အဖြစ် ရှင်သန်နေဆဲပင်မဟုတ်လား။ ထို့ကြောင့် “နိုင်ငံရေးအမွေအနှစ်ကို ပိုင်ဆိုင်ခြင်း” ဟူသည် ငြိမ်သက်နေသော အမွေတခု (Static Inheritance) ကို လက်ခံရယူခြင်းမဟုတ်။ ပစ္စုပ္ပန်ဝိသေသလက္ခဏာ (Present Identity) ကို ခိုင်မာစေရန်နှင့် နိုင်ငံရေးရည်မှန်းချက်များကို တရားဝင်မှုရှိစေရန်အတွက် အထောက်အကူပစ္စည်း/ငြမ်း (Scaffolding) အဖြစ် အတိတ်ကို စဉ်ဆက်မပြတ် ပြန်လည်ပြောဆိုခြင်း၊ သတိရခြင်းနှင့် ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြစ်ပါသည်။ အတိတ်ကို ပြန်လည်ပုံဖော်ခြင်းသည် ပစ္စုပ္ပန်၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဖြစ်လေသည်။

သမိုင်းဆိုင်ရာ တိကျမှုကို အလေးပေးသူများနှင့် ကြီးစိုးသောအစိုးရများက ပြန်လည်အသက်သွင်း ထားသော အမွေအနှစ်များကို "အတု"၊ "သမိုင်းလိမ်" ဟု စွပ်စွဲတတ်သည်။ ပညာရပ်ဆိုင်ရာ ဝေါဟာရဖြင့် "တီထွင်ထားသော ဓလေ့" (Invented Tradition) ဟု ဝေဖန်လေ့ရှိသည်။[3] သို့သော် နိုင်ငံရေးအမွေအနှစ်၏ တရားဝင်မှု (Legitimacy) သည် ထိုသို့သော ပြင်ပမှ တိုင်းတာမှုများဖြင့်သာ ဆုံးဖြတ်၍မရပါ။ ရာစုနှစ်များစွာ ပျောက်ကွယ်သွားပြီးမှ ပြန်လည်အသက်သွင်းလာသော နိုင်ငံရေးဆိုထုံးတမ်းစဉ်လာ ဇာတ်ကြောင်းပင်လျှင် လက်ရှိလူထု၏ ခေတ်ကာလအရ နိုင်ငံရေးရုန်းကန်လှုပ်ရှားမှုများ၊ တွေ့ကြုံခံစားနေရသော နာကျင်မှုများ၊ အနာဂတ်အတွက် မျှော်လင့်ချက်များနှင့် ရောင်ပြန်ဟပ်နေပါက ယင်း၏တရားဝင်မှုသည် အလွန်ခိုင်မာနေဆဲ ဖြစ်သည်။ ကရင်အမျိုးသားလူထုတို့၏ ကော်သူးလေ (Kawthoolei) ဆိုသည့် “တိုင်းပြည်” အယူအဆသည် ရှေးပထဝီဝင်အရ တိကျမှုရှိရန်မလိုပေ။ ကော်သူးလေသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ယဉ်ကျေးမှုရှင်သန်ရေးနှင့် လွတ်မြောက်ရေးအတွက် မျှော်မှန်းချက်များနှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာတွင် အံဝင်ခွင်ကျ ရှိနေသောကြောင့် အင်အားကြီးမားခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးအမွေအနှစ်တခု၏ မူလဘာဝစစ်မှန်မှု (Authenticity) ကို ပထဝီနှင့် သမိုင်းစာအုပ်ထဲက တိကျမှုဖြင့် သတ်မှတ်ခြင်းမဟုတ်ဟု မှတ်ရမည်။ လူထုကို လှုံ့ဆော်နိုင်စွမ်းနှင့် စည်းလုံးညီညွတ်စေနိုင်စွမ်းတို့ဖြင့်သာ သတ်မှတ်ရပါသည်။ အကယ်၍ ဇာတ်ကြောင်းတခုက လူမျိုးလူထုကို စိတ်ပိုင်းဆိုင်ရာအရ စည်းရုံးနိုင်ပြီး စုပေါင်းနိုင်ငံရေးလုပ်ဆောင်မှုအတွက် ခုခံမှုစုစည်းအင်အားဖြစ်စေနိုင်လျှင် "စစ်မှန်သော" နိုင်ငံရေးအင်အားစုတခု ဖြစ်သည်။

ပြန်လည်အသက်သွင်းခြင်းများသည် သဘာဝအားဖြင့် “လိုရာဆွဲသည့် ရွေးချယ်မှုများ (Selective)” ဖြစ်ကြသည်ကတော့ အမှန်ပင်။ ဤဖြစ်စဉ်တွင် အတိတ်မှအဆင်မပြေသော လူမျိုးစုအချင်းချင်း ပဋိပက္ခများ၊ လူမှုအလွှာ ခွဲခြားမှုများကို မေ့ထားပြီး၊ ပစ္စုပ္ပန်စည်းလုံးညီညွတ်ရေးအတွက် အသုံးဝင်သော အချက်များကိုသာ အလေးပေး ပြန်လည်ပုံဖော်ရန် ဖြစ်သည်။ ဤရွေးချယ်မှုသည် မိမိတို့စုဖွဲ့မှုများ၏ နိုင်ငံရေးဆိုင်ရာ စွမ်းအားကို အားနည်းစေခြင်း မဟုတ်ဘဲ၊ ပစ္စုပ္ပန်အတွက် ပိုမိုအဓိပ္ပာယ်ရှိပြီး အသုံးဝင်အောင် ပြုလုပ်ခြင်းသာ ပြုရသည်။ လူသားများသည် အချက်အလက်သက်သက်ဖြင့် ရှင်သန်သော သတ္တဝါများမဟုတ်။ ကျွန်ုပ်တို့သည် မိမိတို့၏ ဖြစ်တည်မှုကို အဓိပ္ပာယ်ဖွင့်ဆိုရန် ပုံပြင်များ၊ သင်္ကေတများနှင့် မျှဝေခံစားထားသော အဓိပ္ပာယ်များ (Shared Meanings) ကို လိုအပ်ကြသည်။[4] နိုင်ငံရေးအမွေအနှစ်၏ အမှန်တရားသည် မှတ်တမ်းဆိုင်ရာ တိကျမှု (Archival Accuracy) တွင် မဟုတ်ဘဲ၊ လူမျိုးလူထု၏ စုပေါင်းဘဝအတွေ့အကြုံတွင် ရှင်သန်နေသော ရောင်ပြန်ဟပ်မှု၊ ပဲ့တင်ထပ်မှုတွင် တည်ရှိပါသည်။

လွှမ်းမိုးထားသော နိုင်ငံများသည် ဌာနေလူထုများ၏ နိုင်ငံရေးအမွေအနှစ်ကို ဖျက်ဆီးရန်၊ သမိုင်းကို ပြန်လည်ရေးသားရန်၊ ဌာနေလူထုတို့၏ ယဉ်ကျေးမှုကို အားနည်းစေရန် စနစ်တကျ ကြိုးပမ်းလေ့ရှိတတ်သည်။ သို့သော် အမွေအနှစ်ဟူသည် အလွယ်တကူ ပျောက်ကွယ်သွားတတ်သော အရာမဟုတ်။ ဖိနှိပ်မှုအောက်တွင် ပုံသဏ္ဌာန်ပြောင်းလဲသွားတတ်သည်။ သိမ်းပိုက်ခြင်းသည် ရာဇပလ္လင်များကို ဖြိုချနိုင်သည်၊ ဥပဒေများကို ဖျက်သိမ်းနိုင်သည်၊ စစ်တပ်များကို ဖျက်ဆီးနိုင်သည်။ သို့သော် လူမျိုးလူထု၏ စုပေါင်းမှတ်ဉာဏ်ထဲတွင် မျိုးဆက်တဆင့် လက်ဆင့်ကမ်းလာသော ပုံပြင်များ၊ ဓလေ့ထုံးတမ်းများတွင်သာမက မေ့ဖျောက်မရသော စုပေါင်းစိတ်ဒဏ်ရာ (Collective Trauma) တို့တွင် စွဲမြဲနေသော အသိများကို အပြည့်အဝ ဖျက်ဆီးပစ်နိုင်ခြင်း မရှိပါ။ ရှုံးနိမ့်ခြင်းဟူသော အဖြစ်အပျက်ကိုယ်တိုင်ပင် အားကောင်းသော အမွေအနှစ်တခု ဖြစ်လာနိုင်သည်။ သာဓကအားဖြင့် မြောက်ဦးနန်းကျဆုံးခြင်းသည် ရခိုင်လူထုအတွက် နိုင်ငံဆုံးရှုံးမှု၏ အဆုံးသတ်မဟုတ်ဘဲ၊ မတရားဖိနှိပ်ခံရမှု၊ ခံနိုင်ရည်ရှိမှုနှင့် အဆုံးမသတ်သော ခုခံမှုတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ဇာတ်ကြောင်း (Moral Narrative) အဖြစ် အစဉ်အဆက် မှတ်မိပြောစမှတ်ပြုရသည်။

စစ်ဘေး၊ နိုင်ငံရေးဖိနှိပ်မှုများကြောင့် နေရပ်စွန့်ခွာခဲ့ရသော အဝေးရောက်သူများ (Diasporas) နှင့် ရွှေ့ပြောင်းခံရသော အသိုက်အဝန်းများ (Displaced Communities) သည် အမွေအနှစ်ကို သူတို့နှင့်အတူ သယ်ဆောင်သွားကြသည်။ နမူနာအားဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ မွန်၊ ကရင်၊ ကရင်နီ ဒုက္ခသည်စခန်းများတွင် တော်လှန်ရေးပွဲကျင်းပမှုများ၊ နိုင်ငံရေးပုံပြင်များနှင့် ယဉ်ကျေးမှုဓလေ့များသည် နေရပ်ရင်းတွင် ဖိနှိပ်မှုကြောင့် ပျောက်ကွယ်သွားနိုင်သည့် အမွေအနှစ်များကို ဆက်လက်ရှင်သန်စေပါသည်။ နိုင်ငံတော်မှ တမင်တကာ ဖိနှိပ် အသံတိတ်စေခြင်း (State-enforced Silence) နှင့် သမိုင်းမှ ဖျက်ပစ်ခြင်း (Erasure) တို့သည် "ခက်ခဲသော အမွေအနှစ်" (Difficult Heritage)[5] ကို ဖြစ်ပေါ်စေပါသည်။ ထိုအမွေအနှစ်များသည် လက်ရှိလူ့အဖွဲ့အစည်း၏ ကောင်းမွန်သော၊ ဂုဏ်ယူစရာကောင်းသောသရုပ်လက္ခဏာ (Positive Identity) နှင့် ဝိရောဓိဖြစ်နေသော၊ ရင်ဆိုင်ဖြေရှင်းရန် အကျည်းတန်သော အတိတ်၏ အကြွင်းအကျန်များ ဖြစ်သည်။ ဖြေရှင်းမရနိုင်သေးသော စုပေါင်းစိတ်ဒဏ်ရာများနှင့် သစ္စာဖောက်ခံရမှုများ (ဥပမာ ပင်လုံကတိကဝတ်ကို ချိုးဖောက်ခံရခြင်း) သည် ဖိနှိပ်ခံလူထု၏ စုပေါင်းဝိသေသလက္ခဏာ၏ ဖျောက်ဖျက်မရသော အမာရွတ်တခုအဖြစ် ဆက်လက်ကျန်ရှိ နေပါသည်။

အမွေအနှစ်သည် ပြောင်းလဲခြင်းမရှိသော ကျောက်တုံးမဟုတ်။ အမွေအနှစ်သည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် အမြဲတမ်း ပြောင်းလဲနေရသည့် ရှင်သန်နေသော သက်ရှိတခုနှင့်တူသည်။ မျိုးဆက်တိုင်းသည် သူတို့၏ မျက်မှောက်ခေတ် နိုင်ငံရေးလိုအပ်ချက်များ၊ ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် လောကအမြင်တို့အပေါ် မူတည်၍ အတိတ်၏ မည်သည့်အရာများကို အလေးပေးမည်၊ မည်သည့်အရာများကို လျစ်လျူရှုမည်ကို ပြန်လည်ရွေးချယ်ပါသည်။ ၁၉၅၀ ခုနှစ်များက ကရင်တော်လှန်ရေးသည် ကွန်မြူနစ်ဝါဒ၏ လွှမ်းမိုးမှုနှင့် ခရစ်ယာန်ဘာသာရေးဆိုင်ရာ အမှတ်အသားများကို အလေးပေးခဲ့သော်လည်း၊ ယနေ့ခေတ် ကရင်တော်လှန်ရေးသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ဖက်ဒရယ်တန်ဖိုးများကို ပိုမိုအလေးပေးလာသည်။[6] ဤသို့ ပြန်လည်တီထွင်ခြင်းပြုလိုက်တိုင်း အတိတ်ကို လိမ်လည်၍ မှားယွင်း၍ ဖော်ပြခြင်းမဟုတ်။ ခေတ်နှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခြင်း (Adaptation) ဖြစ်သည်။ အမွေအနှစ်တခု၏ ရှင်သန်မှုသည် ခေတ်ပြိုင်နိုင်ငံရေးဘာသာစကားနှင့် နိုင်ငံတကာစံနှုန်းများအဖြစ်သို့ ကူးလူးဘာသာပြန်ဆိုနိုင်စွမ်းအပေါ်တွင် မူတည်နေပါသည်။ ကျွန်ုပ်တို့ အသစ်ဟု ထင်ရသောအရာသည် မကြာခဏဆိုသလို ပိုမိုဟောင်းနွမ်းသော အဓိပ္ပာယ်များနှင့် စိတ်ခံစားမှုများကို သယ်ဆောင်လာတတ်ပြီး နိုင်ငံရေးလှုပ်ရှားမှုများကို သမိုင်းဆိုင်ရာ နက်ရှိုင်းမှု (Historical Depth) နှင့် တရားဝင်မှု (Legitimacy) ကို ပေးပါသည်။ ၂၀၂၁ နွေဦးတော်လှန်ရေးတွင် အသုံးပြုခဲ့သော သင်္ကေတအချို့နှင့် ခုခံတော်လှန်မှုပုံစံများသည် ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့် ကိုလိုနီခေတ်မှ ပုန်ကန်မှုများ၏ အမှတ်အသားများကို မသိစိတ်မှ ပြန်လည်သယ်ဆောင်လာခြင်း ဖြစ်သည်။ ဤသို့ ပြန်လည်တီထွင်ခြင်းကို ဂါယာထရီစပိဗက် (Gayatri Spivak) ၏ ဝေါဟာရကို အငှားသုံး၍ “Strategic Essentialism” ဟု ခေါ်ဆိုနိုင်ပါသည်။ မိမိတို့လူမျိုး၏ ရှုပ်ထွေးသော အတွင်းပိုင်းကွဲပြားမှုများကို ငြင်းဆိုခြင်းပြုလုပ်ရန် ပဓာန မဟုတ်ဘဲ၊ ဘုံရန်သူကို ရင်ဆိုင်ရန်အတွက် ရှင်သန်မှုအတွက် ယာယီအားဖြင့် ခိုင်မာရှင်းလင်းသော ဝိသေသလက္ခဏာတခုကို တည်ဆောက်ခြင်း ဖြစ်သည်။

နိုင်ငံရေးအမွေအနှစ်သည် ကြားနေဘက်မဲ့ (Neutral‌) အရေးအရာတခုတော့လည်း မဟုတ်။ နိုင်ငံရေး အမွေအနှစ်သည် နိုင်ငံရေးတောင်းဆိုမှုများအတွက် အားကောင်းသော အရင်းအမြစ်ဖြစ်သလို၊ မတူညီသော နိုင်ငံရေးအင်အားစုများက မိမိတို့၏ အဓိပ္ပာယ်ဖွင့်ဆိုမှုကို လွှမ်းမိုးနိုင်ရန် အပြင်းအထန် တိုက်ပွဲဝင်နေကြသည့် စစ်မြေပြင်တခုလည်း ဖြစ်သည်။ လူမျိုးလူထုအသိုက်အဝန်းများသည် တရားဝင်မှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဂုဏ်သိက္ခာတို့ကို တောင်းဆိုရန်အတွက် နိုင်ငံရေးအမွေအနှစ်ကို ကိုးကားကြပါသည်။ "ပင်လုံစာချုပ်" သည် တိုင်းရင်းသားများအတွက် သမိုင်းဝင် သဘောတူညီချက်တခုမျှသာ မဟုတ်ဘဲ၊ လူထုတန်းတူမှုအခွင့်အရေးနှင့် လူမျိုးလူထုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းဆိုရာတွင် အားအကောင်းဆုံး ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးဆိုင်ရာ အရင်းအမြစ်တခု ဖြစ်သည်။ ကြီးစိုးသော နိုင်ငံတော်များသည် "ရွေးချယ်သန့်စင်ယူသည့် အမျိုးသားရေးဝါဒ" (Curatorial Nationalism)[7] မှတဆင့် အမွေအနှစ်ကို သီးသန့်ပိုင်ဆိုင်ရန် ကြိုးပမ်းကြသည်။ သူတို့သည် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားကဲ့သို့သော ဘုရင်များကို "ပြည်ထောင်စုဖခင်များ" အဖြစ် ပုံဖော်ခြင်း၊ အထိမ်းအမှတ်များကို နိုင်ငံတော်လူထု၏ အမှတ်အသားများအဖြစ် သတ်မှတ်ခြင်း၊ သို့မဟုတ် ရုံးပိတ်ရက်များကို အမျိုးသားမှတ်ဉာဏ်အဖြစ် မြှင့်တင်ခြင်းတို့ဖြင့် "တမျိုးသားလုံး၏ တခုတည်းသော အမွေအနှစ်" ကို တည်ဆောက်ရန် ကြိုးပမ်းကြသည်။[8] ဤသည်မှာ ဗဟိုချုပ်ကိုင်ရေးလက်နက်ဖြစ်လာသည်။

ဤအမွေအနှစ်ဆိုင်ရာ စစ်ပွဲများသည် မြင်သာသော လက်နက်များဖြင့် တိုက်ခိုက်ခြင်းမဟုတ်ပေ။ အမည်များ၊ ရုပ်တုများ၊ သင်ရိုးညွှန်းတမ်းများနှင့် အသံတိတ်နေမှုများ (Silences) မှတဆင့် ဖြစ်ပေါ်ပါသည်။ ဥပမာအားဖြင့် 'ကရင်နီ' အမည်ကို 'ကယား' ဟု ပြောင်းလဲရန် ဖဆပလ၏ ကြိုးပမ်းမှု၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို တိုင်းရင်းသားဒေသများတွင် စိုက်ထူခြင်းအပေါ် အငြင်းပွားမှု၊ ကျောင်းသုံးသမိုင်းစာအုပ်များတွင် တိုင်းရင်းသားတို့၏ သမိုင်းကို ချန်လှပ်ထားခြင်းနှင့် ၁၉၆၂ နောက်ပိုင်း ဖက်ဒရယ်လှုပ်ရှားမှုအကြောင်းကို တရားဝင်သမိုင်းတွင် မဖော်ပြခြင်းတို့သည် ထိုစစ်ပွဲများ၏ သာဓကများ ဖြစ်ကြသည်။ အဆုံးစွန်တွင်၊ အာဏာရှိသူ၊ အနိုင်ရသူ၏ အမွေအနှစ်သည် "သမိုင်း" ဖြစ်လာပြီး၊ အရှုံးသမား၏ အမွေအနှစ်သည် "ယုံတမ်း" “ပုံပြင်” "သောင်းကျန်းသူတို့၏ဇာတ်လမ်းများ" အဖြစ် တံဆိပ်ကပ်ခံရလေ့ရှိသည်။ ဤယှဉ်ပြိုင်မှုအားလုံး၏ အဓိကပန်းတိုင်မှာ မည်သူ၏ အတိတ်က ပစ္စုပ္ပန်၏ တရားဝင်မှု (Legitimacy of the Present) ကို အခိုင်အမာ ကျောက်ချပေးနိုင်မည်လဲ ဟူသော မေးခွန်းပင် ဖြစ်သည်။

သမိုင်းသည် တိကျလျှင် အလွန်ကောင်းသည်။ သိုရာတွင် နိုင်ငံရေးအမွေအနှစ်၏ အဓိကတန်ဖိုးသည် သမိုင်းအရ တသွေမတိမ်းတိကျမှုတွင် မရှိ။ အဓိကလုပ်ငန်းဆောင်တာမှာ ပစ္စုပ္ပန် နိုင်ငံရေးတိုက်ပွဲများအတွက် ကိုယ်ကျင့်တရားဆိုင်ရာ ဘောင်တခုနှင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားကို ပံ့ပိုးပေးရန် ဖြစ်သည်။ အမွေအနှစ်သည် စွန့်လွှတ်အနစ်နာခံမှု၊ တရားမျှတမှုနှင့် ပိုင်ဆိုင်မှုတို့၏ စာရိတ္တသီလဆိုင်ရာ ဝေါဟာရများကို ပံ့ပိုးပေးပါသည်။ နိုင်ငံရေးတောင်းဆိုမှုများကို အကျိုးစီးပွားတောင်းဆိုခြင်း အဆင့်မှသည် ကိုယ်ကျင့်တရားအရ မှန်ကန်သော တိုက်ပွဲတခုအဖြစ်သို့ မြှင့်တင်ပေးသည်။ ပစ္စုပ္ပန် ရုန်းကန်လှုပ်ရှားမှုများကို စိတ်ကူးယဉ် ဘိုးဘွားများနှင့် ချိတ်ဆက်ပေးခြင်းဖြင့် လူထု၏ ရေရှည်ရသည့် ပေါင်းစည်းညီညွတ်မှု (Cohesion) ကို ထိန်းသိမ်းပေးပါသည်။ "ငါတို့ဟာ မနေ့ကမှ စတင်ခဲ့တဲ့ အုပ်စုမဟုတ်ဘူး၊ နှစ်ထောင်ချီတဲ့ သမိုင်းနဲ့ လူမျိုးတမျိုး" ဆိုသည့် ခံစားချက်ကို ပေးသည်။ စွမ်းအားသည် လူထုကို ပေးအပ်သော ကိုယ်ကျင့်တရားဆိုင်ရာ ဦးတည်ချက် (Moral Orientation) တွင် အဓိက တည်ရှိပါသည်။ "ငါတို့ဟာ မှန်ကန်တဲ့ဘက်မှာ ရှိတယ်" ဆိုသည့် ယုံကြည်ချက်ကို ပေးစွမ်းသည်။

ဆိုလိုသည်မှာ သမိုင်းကို အမှန်ရအောင် လေ့လာရမည်။ သမိုင်းမှန်ကို ဖော်ထုတ်ရမည်။ သို့ရာတွင် ယင်းကို လက်နက်သဖွယ်သုံးကာ ဖိနှိပ်ခံလူထုများ၏ ရွေးချယ်လုပ်ဆောင်စွမ်း (Agency) ကို ဖျက်ဆီးရန် မဟုတ်ပေ။ သမိုင်းဇာတ်ကြောင်းအပေါ် ဘာသာပြန်မှုများသည် အဘယ်ကြောင့်ပေါ်လာသည်ကို နားလည် ခံစားနိုင်သည်အထိ လေ့လာရမည်။

အာဇာနည်ဖြစ်မှုနှင့် သတိရအောက်မေ့မှုတို့သည် ရှုံးနိမ့်မှုနှင့် အရှက်ရမှုမှ ကာကွယ်ရန်အတွက် အမှတ်ဉာဏ်ကို ဒိုင်းတခုအဖြစ် ပြောင်းလဲပေးပြီး၊ "သူတို့ရဲ့ စွန့်လွှတ်မှုဟာ အလဟဿ မဖြစ်ရဘူး" ဆိုသည့် ခံယူချက်ကို မွေးမြူပေးနိုင်သည်။ ထို့ပြင် နိုင်ငံရေးအမွေအနှစ်သည် ဂုဏ်ယူဝံ့ကြွားမှု (ဇာတိမာန် - Pride)၊ နာကြည်းမှု (Resentment)၊ မျှော်လင့်ချက် (Hope) နှင့် ကြောက်ရွံ့မှု (Fear) ကဲ့သို့သော အားကောင်းသည့် စုပေါင်းစိတ်ခံစားမှုများကို မွေးမြူပေးသည်။ ဆိုလိုသည်က ထိုအချက်များသည် နိုင်ငံရေးလှုပ်ရှားမှုများအတွက် အဓိကလောင်စာ ဖြစ်သည်။

မည်သည့်လူ့အဖွဲ့အစည်းတွင်မဆို "တခုတည်းသော အမွေအနှစ်" ဟူ၍ တသံတည်း မရှိ။ နိုင်ငံရေး အမွေအနှစ်ဟူသည် အမြဲတမ်း ကွဲပြားပြီး၊ တခါတရံတွင် အချင်းချင်း ဆန့်ကျင်၍ပင်နေသော ဇာတ်ကြောင်း ဇာတ်အိမ်များစွာဖြင့် ဖွဲ့စည်းထားသည်။ လူမျိုးစုတစုအတွင်း၌ပင် ဘုရင့်မျိုးနွယ် အမွေအနှစ်၊ ဘာသာရေး အမွေအနှစ်၊ သာမန်တောင်သူလယ်သမားတို့၏ အမွေအနှစ်နှင့် ခုခံတော်လှန်ရေး အမွေအနှစ်များ အတူတကွ တည်ရှိနေနိုင်ပါသည်။ ထို့အပြင် "လူနည်းစုအတွင်းမှ လူနည်းစုများ" (Minorities within Minorities)၊ (ဥပမာအားဖြင့် သျှမ်းပြည်နယ်အတွင်းမှ ပလောင်၊ ပအိုဝ်း၊ ဝ ကဲ့သို့သော အခြားတိုင်းရင်းသားများ) တွင် ဖျက်ပစ်ခြင်း မခံရသင့်သော ထူးခြားသည့် နိုင်ငံရေးအမွေအနှစ်များ ရှိကြပါသည်။ ကြီးမားသော ဌာနေလူမျိုး အုပ်စုများ၏ အမွေအနှစ်က သူတို့၏အမွေအနှစ်ကို လွှမ်းမိုးသွားခြင်း မရှိစေရန် အထူးသတိပြုရမည်။ အမွေအနှစ်အများအပြားကို ထည့်သွင်းအသိအမှတ်ပြုခြင်း (Inclusive Recognition) သည် အားလုံးကို တပုံစံတည်းဖြစ်အောင် ပေါင်းစည်းခြင်း (Assimilation) ကို တားဆီးပေးပြီး၊ အုပ်စုတိုင်းအတွက် ဂုဏ်သိက္ခာ ကို ဖြစ်ပေါ်စေပါသည်။ အများအပြားတည်ရှိသော မှတ်ဉာဏ်စနစ်များ (Plural Memory Systems) ကို လက်ခံကျင့်သုံးခြင်းသည် အတင်းအကျပ် ညီညွတ်စေခြင်းအစား၊ မတူကွဲပြားသော အုပ်စုများအကြား အပြန်အလှန် အသိအမှတ်ပြုခြင်း နှင့် အတူယှဉ်တွဲနေထိုင်ရေးကို ပံ့ပိုးနိုင်ပါသည်။

နိုင်ငံရေးအမွေအနှစ်၏ ရှင်သန်မှုနှင့် ပြန်လည်တီထွင်မှုကို မြန်မာနိုင်ငံနှင့် ကမ္ဘာတဝန်းမှ ဥပမာများက သက်သေပြနေသည်။ ဟံသာဝတီ ကျဆုံးပြီးနောက် မွန်အမွေအနှစ်သည် ဘာသာစကား၊ ဗုဒ္ဓဘာသာဆိုင်ရာ ကျင့်သုံးမှုများနှင့် နှုတ်မှတ်ဉာဏ်တို့မှတဆင့် ရှင်သန်ခဲ့ပြီး၊ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးခေတ်ဦးတွင် ခေတ်သစ်အမျိုးသားရေးဝါဒအဖြစ် ပြန်လည်အသက်ဝင်လာခဲ့သည်။ သို့တိုင်အောင် ယနေ့မွန်ရိုးရာဝတ်စုံဟု လူသိများကြသည့် ဝတ်စုံသည် ဗမာမှုမှတဆင့် ပြန်လည်တီထွင်၍ ပြုပြင်ထားခြင်းသာ ဖြစ်သည်။ ယနေ့ခေတ် တအာင်းလှုပ်ရှားမှုများသည် ရှေးဟောင်းနိုင်ငံတခုကို တိကျစွာ ပုံတူပွားရန် ကြိုးပမ်းခြင်းမဟုတ်နိုင်။ ထို့အတူ သျှမ်းစော်ဘွားများ၏ တရားဝင်အုပ်ချုပ်မှု အဆုံးသတ်သွားပြီးနောက်၌ပင် စော်ဘွားစနစ်နှင့် ဆက်နွယ်သော ဓလေ့ထုံးတမ်းများနှင့် ဂုဏ်သိက္ခာသည် သျှမ်းလူ့အဖွဲ့အစည်းအတွင်း သင်္ကေတဆိုင်ရာ အာဏာတခုအဖြစ် မှိန်ပြပြ ဆက်လက်ရှင်သန်နေဆဲဖြစ်သည်။ ကမ္ဘာတဝန်းမှ ဥပမာများဖြစ်သော ကာ့ဒ်လူမျိုးများက သမိုင်းဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွေ့အကြုံများအပေါ် အခြေခံ၍ "ဒီမိုကရက်တစ် ကွန်ဖက်ဒရယ်စနစ်" ကို တီထွင်ခြင်း၊ ဌာနေသားအမေရိကန်တိုင်းရင်းသား (Native American) များက အစိုးရနှင့် ချုပ်ဆိုခဲ့သော သမိုင်းဝင်စာချုပ်များကို ကိုးကား၍ သူတို့၏ အချုပ်အခြာအာဏာကို တောင်းဆိုခြင်းနှင့် မျိုးသုဉ်းသတ်ခံရခြင်း ဟိုလိုကော့စ် (Holocaust) မှတ်ဉာဏ်ကို စဉ်ဆက်မပြတ် ပြန်လည်အောက်မေ့ခြင်းဖြင့် "ဘယ်တော့မှ ထပ်မဖြစ်စေရ" ဟူသော နိုင်ငံရေးကတိကဝတ်ကို တည်ဆောက်ခြင်းတို့က အမွေအနှစ်သည် အတိတ်ကို ထိန်းသိမ်းခြင်း သက်သက်မျှ မဟုတ်ဘဲ၊ ပစ္စုပ္ပန်ကို ပုံဖော်ပြီး အနာဂတ်ကို တည်ဆောက်သည့် လုပ်ငန်းစဉ် တခု ဖြစ်ကြောင်း ပြသနေသည်။ ယဉ်ကျေးမှုများ၏ရှင်သန်ရေးနှင့် လုံခြုံမှုတို့အတွက် မျက်မှောက်ခေတ် ဆန္ဒများကို စုစည်းရန်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်က အရေးကြီးသည်။

နိုင်ငံရေးအမွေအနှစ်သည် အားကောင်းသော နိုင်ငံရေးအရင်းအမြစ်တခု ဖြစ်သော်လည်း၊ မှန်ကန်စွာ မကိုင်တွယ်နိုင်ပါက အန္တရာယ်ရှိသော လက်နက်တခုလည်း ဖြစ်သွားနိုင်သည်။ အမွေအနှစ်ကို မြင့်မြတ်ပြီး မပြောင်းလဲနိုင်သော (Sacred and Immutable) အရာတခုအဖြစ် သဘောထားခြင်းသည် အေးခဲသွားစေမည်။ ပြောင်းလဲနေသော ခေတ်နှင့် လိုက်လျောညီထွေမဖြစ်နိုင်တော့ဘဲ နိုင်ငံရေးအရ အသုံးမဝင်တော့သည်အထိ ဖြစ်စေနိုင်သည်။ "စစ်မှန်သော" အမွေအနှစ်ဆိုသည်မှာ ဤသို့သာဖြစ်သည်ဟု တစုံတယောက်၊ အုပ်စုတခုက အခိုင်အမာ ပြောဆိုခြင်းသည် မကြာခဏဆိုသလို အုပ်စုအတွင်းမှ သဘောထားမတိုက်ဆိုင်မှု (Dissent) နှင့် လူနည်းစုအသံများကို အသံတိတ်စေရန်သုံးသည့် ကိရိယာတခု ဖြစ်လာတတ်သည်။ အမွေအနှစ်တခုသည် အမြဲတမ်းပွင့်လင်းရမည်၊ အငြင်းပွားခံရမည်၊ ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရမည် (Open, Contested, and Reinterpreted) ဟု ဆိုလိုသည်။ ဝေဖန်ပိုင်းခြားမှုကို ကြိုဆိုရမည်။ မိမိကိုယ်ကို ဝေဖန်မှုမရှိဘဲ (Without Self-critique) ဒဏ္ဍာရီဆန်ဆန်ဖြစ်သွားသော အမွေအနှစ်သည် အတိတ်ကရှိခဲ့သော ဖယ်ကျဉ်သော အဆင့်အတန်း ခွဲခြားမှုများ (ဥပမာအားဖြင့် အမျိုးသမီးများကို နေရာမပေးခြင်း သို့မဟုတ် အခြားလူမျိုးများကို နိမ့်ကျသူအဖြစ် ရှုမြင်ခြင်း) တို့ကို ပစ္စုပ္ပန်တွင် ပြန်လည်ထုတ်လုပ်နိုင်သည့် အန္တရာယ် ရှိပါသည်။

ဤရှုပ်ထွေးမှုများနှင့် အန္တရာယ်များကြားမှပင်၊ ကွဲပြားသော နိုင်ငံရေးအမွေအနှစ်များကို မှန်ကန်စွာ နားလည်အသိအမှတ်ပြုခြင်းသည် မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို တည်ဆောက်ရန်အတွက် အခိုင်မာဆုံးသော အခြေခံအုတ်မြစ် ဖြစ်သည်။ ရေရှည်တည်တံ့သော ဖက်ဒရယ် ပြည်ထောင်စုတခုသည် "တပြည်ထောင်၊ တမျိုးသား၊ တသမိုင်း" ဆိုသည့် အတင်းအကျပ် ပြဋ္ဌာန်းထားသော ဇာတ်ကြောင်းတခုပေါ်တွင် (a single imposed narrative) မှီခို၍ မရပါ။ အများအပြားရှိသော အမွေအနှစ်များ (plural heritages) ကို လေးစားစွာ လက်ခံရမည်။ မြှုပ်နှံထားသောနှင့် အစွန့်အဖျားရောက်နေသော (Marginalized) အမွေအနှစ်များကို ပြန်လည်အသက်သွင်းခြင်းသည် ဖိနှိပ်ခံလူထုများအတွက် ဂုဏ်သိက္ခာနှင့် နိုင်ငံရေးဆိုင်ရာ အသံကို ပြန်လည်ရရှိစေသည်။ ထည့်သွင်းစဉ်းစားသော၊ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်သော အမွေအနှစ် (Adaptive Heritage)[9] သည် လူမျိုးစုအချင်းချင်းကြား ယုံကြည်မှု (Interethnic Trust) ကို တည်ဆောက်ရန်အတွက် မျှဝေခံစားနိုင်သော ကိုယ်ကျင့်တရားဆိုင်ရာ မြေဆီလွှာ (Shared Moral Ground) အဖြစ် ဆောင်ရွက်နိုင်ပါသည်။ နိုင်ငံတော်အဆင့် သင်ရိုးညွှန်းတမ်းများ၊ ပြတိုက်များ၊ အထိမ်းအမှတ်နေ့များမှတဆင့် ထည့်သွင်းစဉ်းစားသော မှတ်ဉာဏ်ဆိုင်ရာ ကျင့်သုံးမှုများကို (Inclusive Memory Practices) အင်စတီကျူးရှင်းအထိုင်ချရမည်ဖြစ်ပါသည်။ အားလုံးကို တပုံစံတည်းဖြစ်အောင် ပေါင်းစည်းခြင်းအစား၊ မတူကွဲပြားမှုများကို လေးစားတန်ဖိုးထားသည့် လွတ်မြောက်ရေးနိုင်ငံရေး (Liberation Politics) အတွက် ခိုင်မာသော အခြေအနေများကို ဖန်တီးပေးမည် ဖြစ်သည်။ 
---------------

[1] Maurice Halbwachs ၏ Collective Memory (စုပေါင်းမှတ်ဉာဏ်) သီအိုရီအရ လူ့အဖွဲ့အစည်းသည် သမိုင်းကို တဦးချင်း မှတ်ဉာဏ်များထက် ကျော်လွန်သော စုပေါင်းလူမှုမူဘောင်များ (Social Frameworks) အတွင်းမှ ပြန်လည် အမှတ်ရကြသည်ဟု ဆိုသည်။ အတိတ်က အဖြစ်အပျက်များ၊ တော်လှန်ရေးများ၊ ဖိနှိပ်မှုများသည် ပစ္စုပ္ပန်တွင် လူမှုရေး အစီအစဉ် ကျနမှုနှင့် နိုင်ငံရေးအမွေအနှစ်ကို တိုက်ရိုက်ဩဇာ သက်ရောက်စေသည်။ အနာဂတ်အတွက် မျှော်လင့်ချက်နှင့် အိပ်မက်များကို ဖြစ်မြောက်စေရန် အားပေးသည့် အင်အားတခုဖြစ်သည်။

[2] Gayatri Spivak (ဂါယတ်ထရီ စပီဗက်) က "subaltern" (အောက်ခြေလူတန်းစား) များသည် မိမိတို့၏ ရပိုင်ခွင့်များကို တောင်းဆိုရာတွင်ဖြစ်စေ၊ နိုင်ငံရေးရည်ရွယ်ချက်အတွက် အမှတ်အသားပြုရန်ဖြစ်စေ၊ ယဉ်ကျေးမှုဆိုင်ရာ ခုခံရေးအတွက် မရှိမဖြစ်လိုအပ်သည့် အနှစ်သာရကို မဟာဗျူဟာမြောက် ထိန်းသိမ်းထားကြရသည်ဟု ဆိုသည်။

[3] Eric Hobsbawm ၏ "ဓလေ့ထုံးတမ်းများကို အစုလိုက်အပြုံလိုက် ထုတ်လုပ်ခြင်း၊ ဥရောပ ၁၈၇၀-၁၉၁၄" စာတမ်းက တီထွင်ထားသော ဓလေ့ဆိုသည်မှာ ရှေးဟောင်းဓလေ့တခုနှင့် ဆင်တူယိုးမှားဖြစ်အောင် ဖန်တီးထားပြီး အမျိုးသားရေး စိတ်ဓာတ်ကို မြှင့်တင်ရန် ရည်ရွယ်သည့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းဖြစ်ကြောင်း ရှင်းပြထားပါသည်။ သို့သော် အာဖရိကန်-အမေရိကန်များက အမေရိကန်ရောက်မှ တီထွင်လိုက်သည့် Kwanzaa (ကွန်ဇာ) ကို လေလာကြည့်ပါ။ ကွန်ဇာသည် ယဉ်ကျေးမှုမျိုးစုံပါဝင်သည့် လူ့အဖွဲ့အစည်းသို့ အမေရိကန်နိုင်ငံကြီးအမျိုးသားရေးဝါဒကို သင်ကြားပေးရန် ရည်ရွယ်ခြင်းမရှိဘဲ မိမိတို့ အခွင့်အရေးနှင့် အတွေ့အကြုံများကို ဘေးဖယ်ထား၍ အယုံအကြည်မဲ့အောင် လုပ်သော နေရာတွင် အာဖရိကန်-အမေရိကန်များကို လူမှုနိုင်ငံရေးအာဏာနှင့် လူမျိုးရေးဂုဏ်ယူမှုအတွက် ရုန်းကန်တိုက်ပွဲဝင်ရန် စည်းလုံးစေသည်။ ခုခံရေးစည်းလုံးမှု ဖြစ်စေသည်။ https://hum11c.omeka.fas.harvard.edu/exhibits/show/open-readings/redefining-american-blackness-

[4] လူသားသည် "အဓိပ္ပာယ် ရှာဖွေသော သတ္တဝါ" (Meaning-Making Animal) ဖြစ်သည်။ အချက်အလက်များကို စုဆောင်းသည့် ကွန်ပျူတာများကဲ့သို့ မဟုတ်ပါ။ ကျွန်ုပ်တို့သည် မိမိတို့၏ ကိုယ်ပိုင်အသက်တာ၊ အတူတကွရှိသော အတိတ်နှင့် အနာဂတ်အတွက် အဓိပ္ပာယ်ကို ဖန်တီးရန် လိုအပ်သော ဇီဝသက်ရှိများ ဖြစ်သည်။ ဤ "အဓိပ္ပာယ်" များကို ပုံပြင်များ (Narratives) နှင့် သင်္ကေတများ (Symbols) ဖြင့် ချုံ့ကာ သယ်ဆောင်ကြပြီး၊ ထိုအရာများကို လူ့အသိုင်းအဝိုင်း (Community) အတွင်း မျှဝေ (Share) ကြသည်။ ကလစ်ဖို့ဒ် ဂျီးရတ်စ် (Clifford Geertz) က လူသားသည် "သူ့ကိုယ်သူ ပြုပြင်ဖန်တီးထားသော သတ္တဝါ" ဟု ဆိုသည်။ သူ၏ အဆိုအရ ယဉ်ကျေးမှုဆိုသည်မှာ "အဓိပ္ပာယ်များကို မျှဝေသည့် စနစ်" ဖြစ်ပြီး၊ လူသားများသည် ဤအဓိပ္ပာယ်ကွန်ရက်အတွင်းသို့ မွေးဖွားလာကာ ယင်းမှ တဆင့်သာ မိမိ၏ဘဝ အသက်တာကို နားလည်ကြသည်ဟု ဆို၏။ ဗစ်တာဖရန်ကယ်က လူသား၏ အခြေခံအကျဆုံး မောင်းနှင်အားသည် အသက်တာအဓိပ္ပာယ် ရှာဖွေရန် ဖြစ်သည်ဟု ငြင်းဆိုသည်။ သူ၏ စခန်းအကျဉ်းသားဘဝ အတွေ့အကြုံများအပေါ် အခြေခံ၍ သက်သေပြခဲ့သည်မှာ၊ အဓိပ္ပာယ်ရှိသော ပန်းတိုင်တစ်ခုကို မျှဝေခြင်းသည် လူသားအုပ်စုတခုအား အကြမ်းဖက်မှုဆိုင်ရာ ဒဏ်ရာများကိုပင် ကျော်လွှားနိုင်စေသည့် စိတ်ပိုင်းဆိုင်ရာ ခွန်အား ဖြစ်စေသည်။

[5] ဗြိတိန်လူမှုဗေဒပညာရှင် Sharon Macdonald က ဂျာမနီနိုင်ငံ၊ Nuremberg မြို့ နာဇီခေတ်သမိုင်း အမွေအနှစ်များကို ကိုင်တွယ်ဖြေရှင်းပုံနှင့် ပတ်သက်၍ အထူးပြုလေ့လာခဲ့ပြီး "Difficult Heritage: Negotiating the Nazi Past in Nuremberg and Beyond" (၂၀၀၉) စသည့် စာအုပ်များဖြင့် ထိုသဘောတရားကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သည်။ ယေဘုယျအားဖြင့် စစ်ပွဲ၊ နိုင်ငံရေးဖိနှိပ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများ စသည့် အဖြစ်ဆိုးများနှင့် ဆက်စပ်နေသော သမိုင်းဝင်နေရာများ၊ ယဉ်ကျေးမှုဓလေ့များ သို့မဟုတ် အမှတ်အသားများကို ရည်ညွှန်းသည်။ Difficult Heritage သည် သမိုင်းကို ပြည်သူလူထုကြား မည်သို့ဖော်ပြရမည်၊ အမှတ်ရမှု၊ ကိုယ်ပိုင်လက္ခဏာနှင့် အာဏာတို့၏ ရှုပ်ထွေးသော ဆက်နွှယ်မှုတို့ကို ဆန်းစစ်ရန် အရေးပါသော အယူအဆတခုဖြစ်သည်။

[6] ကရင်လူမျိုး၏ နိုင်ငံရေးအမွေအနှစ်လမ်းကြောင်းကို နောက်ပိုင်းတွင် ပိုမိုအသေးစိတ် ဖော်ပြထားပါသည်။

[7] နိုင်ငံတော်က အမျိုးသားဆိုင်ရာ အမွေအနှစ်၊ ယဉ်ကျေးမှုနှင့် သမိုင်းကို ရွေးချယ်ခြင်း၊ စီစဉ်ခြင်းနှင့် ပြန်လည် တင်ပြခြင်းဖြင့် အမျိုးသားဝိသေသလက္ခဏာ (National Identity) ကို တည်ဆောက်သည့် လုပ်ငန်းစဉ်ကို ဆိုသည်။ နိုင်ငံတော်၏ အာဏာကို အခိုင်အမာပြသရန်နှင့် အချို့သော နိုင်ငံရေးရည်ရွယ်ချက်များအတွက် သမိုင်းကြောင်းဆိုင်ရာ ဇာတ်ကြောင်းများကို တမင်ဖန်တီးခြင်း ဖြစ်သည်။

[8] Callahan, M. (2003). Making Enemies: War and State Building in Burma. Cornell University Press.

[9] ရှေးဟောင်းအရာဝတ္ထု သို့မဟုတ် သမိုင်းပုံပြင်များကို မူရင်းအတိုင်း တောင့်တောင့်ကြီး ထိန်းသိမ်းထားခြင်းမဟုတ်ဘဲ၊ ယနေ့ခေတ်လူမှုပတ်ဝန်းကျင်၊ တန်ဖိုးများနှင့် လိုက်ဖက်ညီအောင် ပြောင်းလဲပြင်ဆင်နိုင်သည့်၊ အဓိပ္ပာယ်သစ်များ ဖွင့်ဆိုနိုင်သည့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်ကို ဆိုလိုပါသည်။

Comments

Popular posts from this blog

ပဒေသရာဇ် ဘုရင်ခေတ်များ - နိဒါန်း

ယခုမြန်မာနိုင်ငံဟု သိကြသော ဒေသကို အိန္ဒိယဘက်မှ စာများတွင် ဗြဟ္မာ့ဒေသ (ဗရမာဒေ့ရှ်) ဟု ညွှန်းကြသည်ကို တွေ့ရသည်။ မြို့အမည်၊ မြစ်အမည်များကို ဟိန္ဒူတို့၏ နတ်ဗြဟ္မာအမည်များ မှည့်ခေါ်ကြရာ ဗိဿနိုးမြို့၊ ဘိန္နကမြို့ (သီဝနတ်ဘုရားနှင့် ဆက်စပ်နိုင်)၊ သျှရီခတ္တရာ၊ သူရဿတီ (တနည်း သာယာဝတီ- ယခုချင်းတွင်းမြစ်)၊ ဧရာဝတီ (ဧရာဝဏ်ဆင်အမည်) စသည်ဖြင့် တွေ့ရတတ်သည့်အတိုင်း ဖြစ်သည်။ အရှေ့ဘက်ဆက်လျှင် ဒွာရဝတီ၊ လဝ (ရာမ၏ သားတော်) စသည့် အမည်များ ပေးကြသည်။ ယခုဗီယက်နမ်အထိ ဒေသဘက်ကိုမူ အင်ဒရာဒီပ (မိုးကြိုးနတ်ဘုရင်၏ကျွန်း) ဟု ခေါ်ကြ၏။ အင်ဒရာပူရ (သိကြားမြို့) လည်း ရှိသည်။ ခုနှစ်ကို သိကြားနှစ် (သက္ကရာဇ - သက္ကရာဇ်) ဟုခေါ်၏။ ဒေသကိုအခြေခံသည့် အခေါ်အဝေါ်များမှ ဗမာ၊ နောင်တွင် မြန်မာ ဟူသည့် လူမျိုးကိုညွှန်းသော စကားလုံးများ ဖြစ်လာသည်ဟု ယူဆရသည်။ [1] ဒေသကို ခေါ်သည့် အခေါ်အဝေါ်မှ လူမျိုးအမည်အဖြစ် ပြောင်းလဲလာမှုမှာ မစိမ်းပါ။ ဥပမာ ထိုင်းနိုင်ငံ၊ ထိုင်းလူမျိုးပမာ ဖြစ်သည်။ ဘရာဇီးဟူသော ဒေသအမည်မျှ ဘရာဇီးလူမျိုးဟူ၍ ပြောလာကြသလို ဖြစ်သည်။ တရုတ်တို့ဘက်မှ မှတ်တမ်းများတွင် “မြန်/မီယမ် တျင့် (緬甸)” ဟု ရေးသည်ကို တွေ့ရသည်။ မည်သို့ဆိုစေ စာလုံးရေးသည့်ခ...

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

    လူသားတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ မသိနားမလည်မှုကနေ ဉာဏ်ပညာဆီကို တမဟုတ်ချင်း ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်က ထင်ရှားတဲ့ အဆင့်အမျိုးမျိုးကို ဖြတ်သန်းသွားပြီး၊ အဆင့်တခုစီက ရှုပ်ထွေးမှုတွေကို နစ်မွန်းမသွားစေဘဲ လက်ခံနိုင်စွမ်းကို တိုးမြှင့်ပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်အလိုက် တင်းကျပ်စွာ သတ်မှတ်ထားတာ မဟုတ်ဘဲ၊ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စိတ်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပုံတွေ ကွဲပြားတာပဲ ဖြစ်ပါတယ်။ အောက်မှာတော့ အရှင်းလင်းဆုံး ရှင်းလင်းချက်ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ရွေ့လျားသွားတဲ့ ဒီအဆင့် ၅ ဆင့်အတွက် လမ်းပြမြေပုံတခုကို အသေအချာစဉ်းစားကြည့်ပြီး ဖော်ပြလိုက်ပါတယ်။ အဆင့် ၁။ ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်းအဆင့် ဘယ်သင်ယူမှုခရီးရဲ့ အစမှာမဆို စိတ်က ရှင်းလင်းပြတ်သားမှုကို လိုလားတယ်။ ခိုင်မာတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ လျင်မြန်တဲ့ အမျိုးအစားတွေကို လိုအပ်တယ်။ ဒါဟာ အားနည်းချက်မဟုတ်ဘဲ၊ ရှင်သန်ရေးအတွက် နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက်အတွဲတွေအဖြစ် ဦးနှောက်ထဲကို ဝင်...

မြန်မာနိုင်ငံ၏ အခြေအနေ

မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။ [1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။ မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီ...