Skip to main content

ပျူယဉ်ကျေးမှု (အေဒီ ၉ ရာစုအထိ)

ပုဂံဘုရားပုထိုးများနှင့် နန်းစုလစ်မွန်ချွန်များ မပေါ်ထွန်းမီကပင် ပျူတို့သည် မြန်မာဒေသတွင်း အစောဆုံး ယဉ်ကျေးမှုအစုများအဖြစ် ပေါ်ထွန်းခဲ့ကြသည်။ ဗြိတိသျှအင်ပါယာခေတ် သမိုင်းရေးသားမှုများတွင် ပင်ဇာတ်ကောင် မဟုတ်ခဲ့သော်လည်း[1] ပျူမြို့ပြနိုင်ငံများသည် အရှေ့တောင်အာရှ၏ မြို့ပြဖြစ်တည်မှု၊ ဝိညာဉ်ရေးရာနှင့် သံတမန်ဆက်ဆံရေးတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ မှန်းဆမှုအရ ဘီစီ ၂ ရာစုမှ အေဒီ ၉ ရာစုအထိ ယနေ့ခေတ် မြန်မာနိုင်ငံရှိရာ အထက်ပိုင်းဒေသ၏ အချက်အချာနေရာများတွင် အခြေချ နေထိုင်ခဲ့ကြပြီး[2] မြစ်ဝှမ်းများနှင့် ခြောက်သွေ့လွင်ပြင်များကို ယဉ်ကျေးမှုနှင့် ဝိညာဉ်ရေးရာ ယုံကြည်ချက် အခြေခံသည့် နယ်မြေများအဖြစ် ပြောင်းလဲခဲ့သည်။ အချို့ကလည်း ဘီစီ ၅ ရာစုလောက်က စ၍ ကောက်ယူကြ သော်လည်း များစွာလက်ခံမှု မရှိလှပါ။ ဒေါက်တာသန်းထွန်းက ပျူများ မြန်မာဒေသတွင်း ဘီစီ ၅ ရာစုက ဝင်လာသည်ဟု ဆိုပါသည်။ ယခုရေးသားသော ပျူအသိုက်အမြုံတို့အကြောင်းမှာ လက်လှမ်းမှီရာမှ ရရှိသော အထောက်အထားများကို ဆက်စပ်၍ ယုတ္တိတည်ဆောက်ကာ ရေးသားမှုများမှ ထုတ်နှုတ်ကြည့်ခြင်း ဖြစ်ပါ၏။

ဟုတ်ပါပြီ။ ပျူဆိုသည်မှာ အဘယ်နည်း။

အဲလိဇဘတ်မိုး (Elizabeth Moore) က Place and Space in Early Burma: A New Look at ‘Pyu Culture’ စာတမ်းတွင် မြန်မာ့သမိုင်းအစောပိုင်းကာလကို "အထက်မြန်မာပြည် ပျူယဉ်ကျေးမှု" နှင့် "အောက်မြန်မာပြည် မွန်ယဉ်ကျေးမှု" ဟူ၍ ရိုးရှင်းစွာ နှစ်ပိုင်းခွဲခြားလေ့ရှိသည့် အစဉ်အလာအမြင်ကို ပြန်လည် မေးခွန်းထုတ်ထားသည်။ တော်စိန်ခို၏ Burmese Sketches (1913) စာအုပ်တွင် “ရခိုင်တို့က ထပ်မံတိုက်ခိုက်သဖြင့် ယုန်လွှတ်ကျွန်းသို့ ပြောင်းရွှေ့ကာ ပျူရွာ ၁၉ ရွာမှ လူများနှင့် ပူးပေါင်း၍ ပုဂံမြို့ကို တည်ထောင်ခဲ့သည်” ဟု ဆိုသည်။ သို့ရာတွင် မိုးက ထောက်ပြသည်မှာ ဦးကုလား၏ မဟာရာဇဝင်၊ တွင်းသင်းရာဇဝင်သစ်နှင့် မှန်နန်းရာဇဝင်တို့တွင် ပျူတို့ကို လူမျိုးစုများစွာထဲမှ တစုအဖြစ်သာ ဖော်ပြထားပြီး၊ သမုဒ္ဒရာဇ် စုစည်းခဲ့သော ရွာသူကြီး ၁၉ ဦးကိုလည်း လူမျိုးတမျိုးတည်းဟု သတ်မှတ်ဖော်ပြခြင်း မရှိပေ။ မဟာရာဇဝင်၏ အဆိုအရ အချို့ရွာများသည် ပျူရွာများဖြစ်သည်။ အစဉ်အလာဒဏ္ဍာရီအရမူ လေပွေကြီး တိုက်ခတ်ပြီးနောက် ကမ်းယံ၊ ပျူနှင့် ဗမာတို့ သုံးပိုင်းကွဲသွားခဲ့သည်ဟု ဆိုသည်။

မိုးက ယခုကဲ့သို့ရေးသည်။

“ဤရာဇဝင်မှတ်တမ်းများအရ၊ ထိုရွာ ၁၉ ရွာသည် တခုနှင့်တခု မတူကွဲပြားပြီး သီးခြားယဉ်ကျေးမှု နယ်ပယ်များအဖြစ် သတ်မှတ်နိုင်လောက်အောင် ယှဉ်ပြိုင်မှုများ ရှိခဲ့ဟန်တူသည်။ သို့သော်လည်း၊ များစွာသော လူမျိုးစုများအနက် ပျူဘာသာဖြင့် ရေးထိုးထားသော ကျောက်စာများသာ ရှင်သန်ကျန်ရစ်ခဲ့သောကြောင့်၊ ထိုလူမျိုးစုအားလုံးကို စုပေါင်း၍ ‘ပျူ’ ဟု ခေါ်ဝေါ်ခဲ့ကြသည်။ တရုတ်မှတ်တမ်းများတွင် လက်အောက်ခံ နိုင်ငံငယ် ၁၈ ခု၊ ခံတပ်မြို့ ၉ မြို့၊ နှင့် လူမျိုးစုပေါင်း ၃၂ မှ ၂၉၈ အထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်ကို ထောက်ရှုလျှင် ‘ပျူယဉ်ကျေးမှု’ တခုတည်းဟူသော အသုံးအနှုန်းသည် အဆင်ပြေစေရန်အတွက်သာ ဖြစ်သည်မှာ ထင်ရှားပါသည်။”

ဘလက်ဒင် (၁၉၁၉) က “‘ပျူ’ ဟူသော အမည်မှာ အဆင်ပြေစေရန် (ကနဦး) တံဆိပ်ကပ်ထားခြင်း ဖြစ်ပြီး၊ မြန်မာ့သမိုင်းအမြင်အရ ဖြစ်နိုင်ခြေရှိသော်လည်း အပြီးသတ်အဖြစ် လက်ခံရန်မူ မဖြစ်နိုင်ပေ” ဟု မြစေတီကျောက်စာနှင့် စပ်လျဉ်း၍ ရေးခဲ့သည်။ မိုးကလည်း ပထမထောင်စုနှစ်အတွင်းက ပေါများလှသော ရှေးဟောင်းပစ္စည်းများနှင့် အရေးအသားများကို ဖော်ပြရန် ရိုးရှင်းသော အမည်တခု လိုအပ်သောကြောင့် “ပျူ” ဟု အမည်တပ်ထားခြင်း ဖြစ်သည်ဟု ရေးသည်။ ယင်းအမည်ပင် နောင်အထိ စွဲထင်သွားခြင်းဟု ဆိုသည်။

ဒေါက်တာသန်းထွန်းက ယခုလို ရေးပါသည်။

“ပျူအကြောင်း သိပ်မသိဘူး။ ပြောတတ်သမျှလည်း မမှန်တာများတယ်။ အားကိုးစရာ ရှေးဟောင်းသုတေသန (Archaeology) ပဲ ရှိတယ်။ တရုတ်မှတ်တမ်းတချို့လည်း ယူသုံးနိုင်သမျှ သုံးရမယ်။ ရှေးဟောင်းသုတေသန ကျေးဇူးကြောင့် ပျူကျောက်စာတွေထွက်လာတယ်။ အကုန်နားမလည်ဘူး၊ “စာကောင်းရင် (လူညံ့တွေက) စလေရေးပြောကြပြန်တယ်” ဆိုတာလို ရှေးပစ္စည်းတွေ့ရင် ပျူလို့ပြောတဲ့ လူညာတွေလည်း ပေါတယ်။ အခုပြော မှာလည်း အမှန်းအဆများပါတယ်။ ဒါပေမဲ့ ဆင်ခြင်စဉ်းစားပြီးမှ ပြောတဲ့ ခန့်မှန်းချက် (Studied guess) ဖြစ်ပါတယ်။ ရှေးဟောင်းသုတေသန ကြောင့် နောက်ထပ်အထောက်အထား ပေါ်လာပြန်ရင် ပြန်ညှိနှိုင်းပြီး အခု ပြောတာတွေကို ပြင်သင့်ရင် ပြင်ကြသေးတာပေါ့။”[3]

ဟုတ်ပါပြီ။ သေချာတာကတော့ ပျူယဉ်ကျေးမှုသည် တသားတည်း၊ တပြေးညီ၊ တပုံတည်း ယနေ့ မော်ဒန်နိုင်ငံကဲ့သို့ မဟုတ်ပါ။ ထိုသို့ တပြေးညီဖြစ်ရန်၊ တပြေးညီအုပ်ချုပ်ရန် ဆက်သွယ်ရေး၊ မီဒီယာ၊ မြေတိုင်း ပညာ၊ စာရင်းစစ်ပညာ၊ ဗြူရိုကရေစီလေ့ကျင့်ရေး၊ နည်းပညာ ဘာမှလည်း ယနေ့လိုမရှိခဲ့သည့် ကာလဖြစ်၏။ ထို့ကြောင့် ထိုခေတ်အကြောင်းကို နားလည်ရန် ထိုခေတ်အခြေအနေကို ပြန်တွေး၍သာ ဖတ်ရပါမည်။ လူမျိုးစု၊ အမျိုးသားလူထု၊ နိုင်ငံ၊ ယဉ်ကျေးမှုများကို ရောချ၍မသင့်ပါပေ။ ယခုစာမှာမူ ပညာရှင်တို့ထံမှ ရသလောက် ဆွဲစုထားခြင်းသာ ဖြစ်ပါသည်။

ပျူဟူသောအမည်က မြန်မာများခေါ်ခြင်း ဖြစ်ပါသည်။ ပျူလူမျိုးများက မိမိတို့ဘာသာ တုလော်ကျူဟု ခေါ်ကြသည်ဟု ဆို၏။ မွန်တို့က တိရ်စူဟု ခေါ်ကြသည်။ တရုတ်တို့က ဖျောက်ဟု ခေါ်သည်ဟု ဆိုပြန်သည်။ သို့ရာတွင် ရှေးခေတ်ပဝေသဏီ နှစ်ပေါင်းများစွာက အသံများဖြစ်၍ လေသံတိကျမှုကတော့ မသေချာလှပါ။ နမူနာအားဖြင့် 骠 (Piao) ဟူသောစကားကို မြန်မာတွင် ဖျောက် ဟု ပြောသော်လည်း တကယ်တမ်း “ပြုံး” ဟု အသံမျိုး ထွက်ပြီး ရှေးခေတ်တရုတ်တို့က ပျူ ဟူသည့်အသံနှင့် ပိုနီးစပ်စွာ ထွက်သည်ဟုလည်း ဆို၏။

ပျူတို့သည် မူးမြစ်ဝှမ်း၊ ကျောက်ဆည်လွင်ပြင်နှင့် မင်းဘူးဒေသကဲ့သို့သော ဌာနဂေဟစနစ်ဆိုင်ရာ မဟာဗျူဟာမြောက် ဇုန်များတွင် မြို့ပြနိုင်ငံများကို ထူထောင်ခဲ့သည်။[4] ပျူလူမျိုးများသည် အိန္ဒိယဩဇာ လွှမ်းမိုးမှုများကို လက်ခံပေါင်းစည်းနိုင်စွမ်း ထူးကဲပြီး လျင်မြန်စွာပင် ထင်ရှားသော ပြန်လည်တီထွင်ဖန်တီးမှု အဆင့်သို့ ရောက်ရှိခဲ့ကြသည်။ ကျယ်ပြန့်သော မြို့ပြပုံစံ (extended urban format) ကို ဖန်တီးခဲ့ကြပြီး၊ ယင်းပုံစံသည် နောက်ပိုင်းတွင် အရှေ့တောင်အာရှ ပင်မကုန်းမြေ (mainland Southeast Asia) ဒေသ တော်တော်များများရှိ မြို့ပြတည်ဆောက်မှုများကို လွှမ်းမိုးခဲ့သည်။ ထို့ပြင် ဆည်မြောင်း၊ ကုန်သွယ်မှုနှင့် နေရာအနှံ့အပြားတွင် ဘာသာရေးကို ဗဟိုပြုကြ၍ စိုက်ပျိုးရေး လူ့အသိုင်းအဝိုင်းများ တည်ထောင်ခဲ့သည်။ တူးမြောင်းများနှင့် ရေလှောင်ကန်များသည် ခြောက်သွေ့သောဒေသများကို မြေဩဇာကောင်းသော မြေများ အဖြစ် ပြောင်းလဲခဲ့ပြီး ဤအခြေခံအဆောက်အအုံများက စားနပ်ရိက္ခာကို ထောက်ပံ့ပေးခဲ့သည်။[5]

ပျူတို့၏ မြို့ပြစီမံကိန်းများကို လောကီဆိုင်ရာပညာရပ်များဖြင့် ထုံမွှမ်းစေခဲ့သည်။ ဥပမာအားဖြင့် မြို့ရိုးများကို ဘာသာရေးဒီဇိုင်းပုံစံများဖြင့် ဖန်တီးခြင်း၊ နက္ခတ်ဗေဒင်များနှင့် ချိန်ညှိထားသော ဂိတ်များ တည်ဆောက်ခြင်းနှင့် နတ်သိကြားတို့၏ ကောင်းကင်ဘုံရှိ အစီအမံကို ထင်ဟပ်စေရန် နန်းတော်ဝင်းများကို ဖွဲ့စည်းတည်ဆောက်ခြင်းတို့ ဖြစ်သည်။ ပျူခေတ်၏ မြို့ပြစိတ်ကူးတွင် စက်ဝိုင်းပုံနှင့် လေးထောင့်ပုံ နှစ်မျိုးလုံးကို ကျင့်သုံးခဲ့သည်။ နန်းတော်သည် ကမ္ဘာ၏ ဗဟိုချက်ဖြစ်ပြီး မြို့ရိုးများသည် စကြဝဠာနယ်ပယ်၏ အပြင်ဘက်အစွန်းများပမာ ဖြစ်သည်။ ရုပ်ဝတ္ထုကမ္ဘာတွင် ကိုယ်ကျင့်တရားဆိုင်ရာ စနစ်ကို ထင်ဟပ်စေရန် တည်ဆောက်ထားသည့် အစောပိုင်းဗုဒ္ဓဘာသာနိုင်ငံရေး၏ ထူးခြားချက်ဖြစ်သည်။

ပျူမြို့ပြများသည် တရုတ်နှင့် အိန္ဒိယတို့ကို ကူးလူးဆက်သွယ်ထားသော ကုန်းတွင်းကုန်သွယ်မှု လမ်းကြောင်းများတွင် ပါဝင်ပတ်သက်ခဲ့ပြီး ပိုးထည်၊ ဆား၊ ပုတီး၊ ကျမ်းစာများနှင့် အတွေးအခေါ်များကို သယ်ဆောင်သော ကုန်သွယ်လှုပ်ရှားမှုများ ရှိခဲ့သည်။ ပထဝီဝင်အနေအထားသည် ပျူတို့ကို ယဉ်ကျေးမှုဆိုင်ရာ ကြားခံလူများအဖြစ် တည်ရှိစေခဲ့ပြီး အိန္ဒိယဒေသမှ ဒဿနအမြင်များကို မိမိတို့ဌာနေပုံစံများနှင့် ပေါင်းစပ်ကာ ဒေသဓလေ့ထုံးတမ်းများအဖြစ် ကျင့်သုံးခဲ့ရာမှ နောက်ပိုင်းပေါ်ထွန်းလာသော နိုင်ငံများသို့ပင် လက်ဆင့်ကမ်း သယ်ဆောင်ပေးခဲ့သည်။ အထူးသဖြင့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ဟူသော မြို့သုံးမြို့သည် ပျူတို့၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ဝိညာဉ်ရေးဆိုင်ရာ ရည်မှန်းချက်များကို ဖော်ညွှန်းသည့် အထင်ကရမြို့များအဖြစ် တည်ရှိခဲ့သည်။ ယင်းအကြောင်းများကိုလည်း တရုတ်နှင့် အိန္ဒိယ ကျမ်းစာများတွင် မြင်ကြရသည်။[6]

ဟန်လင်းမြို့ဟောင်းသည် ကျုံးပတ်လည်နှင့် ခိုင်ခံ့သော ကာကွယ်ရေးမြို့ရိုးကြီးများဖြင့် တချိန်က ကြီးကျယ်ခမ်းနားခဲ့သော အခြေချနေထိုင်ရာတခု ဖြစ်ကြောင်း ထင်ရှားပါသည်။ မြို့ရိုး၏ ပြင်ပအလျားသည် နှစ်မိုင်နီးပါး (တောင်မှမြောက်သို့) ရှည်လျားပြီး အနံမှာမူ တမိုင်ကျော်မျှ (အရှေ့မှအနောက်သို့) ကျယ်ပါသည်။ သို့သော်လည်း နှစ်ကာလအလွန်ကြာမြင့်ပြီဖြစ်၍ ဤအုတ်မြို့ရိုးများသည် မြေသားကုန်းမို့မို့များ အဖြစ်သို့သာ လျော့ကျသွားခဲ့ပြီး၊ ကာကွယ်ရေး ကျုံးမှာလည်း လုံးဝရွှံ့နွံများဖြင့် ကောလျက် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ မြို့၏ ဗဟိုနေရာအတွင်း၊ အရှေ့တောင်ဘက်သို့ အနည်းငယ်ယွန်းသော နေရာတွင် "နန်းတော်ကုန်း" ဟု ရိုးရာအရ ခေါ်ဆိုကြသည့် နေရာတည်ရှိပါသည်။ ဤမင်းနေပြည်သည် ယခင်က ကိုယ်ပိုင် အုတ်မြို့ရိုးများဖြင့် ကာရံထားခဲ့သော်လည်း ယခုအခါတွင်မူ မြေမို့မို့ နိမ့်နိမ့်တခု ကိုသာ မြင်တွေ့ရတော့သည်။ ဤအတွင်းဘက်၊ စတုရန်းပုံ မြို့ရိုးကာရံမှုသည် တဖက်လျှင် ပေ ၁၄၀ဝ ခန့် ရှည်လျားခဲ့ပါသည်။ သမိုင်းမှတ်တမ်းများအရ ဟန်လင်းမြို့ဟောင်းတွင် တံခါး ၂၄ ပေါက် ရှိသည်ဟု အဆိုရှိသော်လည်း[7]၊ ယခုအခါတွင်မူ အရှေ့ဘက်မှ ငါးပိအိုးတံခါး၊ အနောက်ဘက်မှ ပျားကြီးတောင့်တံခါး၊ တောင်ဘက်မှ တံခါးတော်နှင့် မြောက်ဘက်မှ တကန်သာတံခါး အပါအဝင် အနည်းငယ်သာ ခွဲခြားသိမြင်နိုင်တော့သည်။ ၁၉၀၄ ခုနှစ်တွင် မြို့ရိုးအပြင်ဘက် အရှေ့တောင်ထောင့်အနီးတွင် ကျောက်စာတချပ် ကို ဖော်ထုတ်တွေ့ရှိခဲ့သည်။ ဤကျောက်စာတွင် စာကြောင်း နှစ်ကြောင်းပါပြီး၊ အခြား အဓိကပျူမြို့ ဖြစ်သည့် သရေခေတ္တရာရှိ ကြီးမားသော ကျောက်အရိုးအိုးများတွင် တွေ့ရသော ပျူစာရေးဟန်နှင့် ဆင်သည်။ အရေးကြီးသည်မှာ၊ ပျူစာကြောင်း တကြောင်းစီအောက်တွင် ရှေးဟောင်း ဗြိဟ္မီအက္ခရာဖြင့် ရေးထိုးထားသည့် စာလုံးအနည်းငယ် ပါရှိခြင်းပင်ဖြစ်သည်။ မီးသင်္ဂြိုဟ် ထားသော ကွန်လွန်သူအရိုးများမြှုပ်နှံရာ နေရာမှတ်တိုင်တခုဟု ရှေးဟောင်းသုတေသန ပညာရှင်များက ယုံကြည်ယူဆကြသည်။ ဟန်လင်းမြို့ဟောင်းအတွင်းနှင့် ဝန်းကျင်ရှိ လယ်ယာများကို ထွန်ယက်ပါက ပျူဒင်္ဂါးများကို လယ်သမားများ မကြာခဏဆိုသလို ဖော်ထုတ်တွေ့ရှိရသည်။ သရေခေတ္တရာဒင်္ဂါးနှင့် ဆင်တူသော်လည်း ပတ်ပတ်လည်ရှိ အဆောင်အယောင်များ သို့မဟုတ် အမှတ်အသားများ မှာ ကွဲပြားပါသည်။ ကုန်သွယ်မှုနှင့် သွားလာမှု၏ သက်သေအဖြစ် ဟန်လင်းပုံစံ ဒင်္ဂါးများကို သရေခေတ္တရာတွင် တခါတရံ တွေ့ရသကဲ့သို့ ပြောင်းပြန်အားဖြင့် ဟန်လင်း၌လည်း သရေခေတ္တရာပုံစံ ဒင်္ဂါးများကို တခါတရံ တွေ့ရတတ်ပါသည်။ သရေခေတ္တရာနှင့် ဗိဿနိုးကဲ့သို့သော အခြား အဓိကပျူမြို့ဟောင်းများတွင်ကဲ့သို့ပင် ဟန်လင်း၌လည်း ရှေးဟောင်းသုတေသန ပညာရှင်များသည် မြေအောက်မှ မြေပုတီးများနှင့် အရောင်အသွေး စုံသော ကျောက်ပုတီးများ ကို ဖော်ထုတ်ရရှိခဲ့သည်။ ထူးခြားသော တံဆိပ်များ သို့မဟုတ် အမှတ်အသားများ ဖြင့် တံဆိပ်ရိုက်နှိပ်ထားသော မြေအိုးမြေခွက် အပိုင်းအစများနှင့် ကွဲအက်နေသော အိုးခြမ်းကွဲများ ကိုလည်း တွေ့ရှိရသည်။

သရေခေတ္တရာမြို့တွင်မူ ဗိဿနိုးမိဖုရားသင်္ချိုင်းနေရာ တည်ရှိနေ၍ ဤရှေးဟောင်းမြို့ နှစ်မြို့သည် တချိန်တည်းမှာပင် ပြိုင်ဆိုင်ကာ ထွန်းကားခဲ့ဖွယ် ရှိသည်ဟု ယူဆစေသည်။ ဤအချက်ကို မြို့ဟောင်း နှစ်ရပ်လုံးတွင် မြို့ရိုးနှင့် ပြအိုးတို့၏ အပြိုအပျက်များကို ဒိဋ္ဌ တွေ့မြင်နိုင်ခြင်းကလည်း ထောက်ခံသည်။ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ၏ အဓိကအချက်များမှာ အောက်ပါအတိုင်းဖြစ်သည်ဟု သိရှိရသည်။
  • လူများ သေဆုံးပြီးနောက်တွင် ရုပ်အလောင်းများကို မီးသင်္ဂြိုဟ်ကြသည်။ ထို့နောက် အရိုးနှင့် ပြာများကို မြေအရိုးအိုးများ တွင် စုဆောင်းထည့်သွင်း၍ မြှုပ်နှံကြသည်။
  • အမှတ်တံဆိပ်များပါရှိသော ငွေပြားဝိုင်းကလေးများ ကို အသုံးပြုခဲ့ကြပြီး၊ ယင်းတို့ကို ယခုအခါ ပျူဒင်္ဂါး ဟု အများအားဖြင့် ခေါ်ဝေါ်ကြသည်။


ဗိဿနိုးမြို့ဟောင်း၏ ပန္ဒက်ပုံ (layout) ကိုကြည့်လျှင် အတော်ပင် ကျယ်ဝန်းသည် ဟု ထင်ရသည်။ တူးဖော်ရရှိသော အိုးများသည် ပုံစံကျနပြီး (systematic) ပန်းများနှင့် အခြားသော တန်ဆာပလာများ ဖြင့် အလှဆင်ထားသည်ကိုလည်း တွေ့နိုင်သည်။ အိုးခြမ်းကွဲအချို့ပေါ်တွင် တံဆိပ်တုံးဖြင့် ခတ်နှိပ်ထားသော အလှဆင် ရုပ်ပုံများ သည် ဤမြို့ကို အနည်းဆုံး ခရစ် ၁ ရာစုနှစ် ကတည်းက တည်ဆောက်ခဲ့သည်ဟု ခန့်မှန်း နိုင်ပါသည်။ ဤမြို့တွင် မည်သည့် လူမျိုးစုများ နေထိုင်ခဲ့သည်ကို အတိအကျ မသိရှိရသေးပါ။ သို့သော် တွေ့ရှိရသည့် အုတ်ဖြင့်ဆောက်ထားသော အဆောက်အအုံများသည် မီးသင်္ဂြိုဟ်ထားသူများ၏ အရိုးနှင့် ပြာများပါရှိသော အိုးကြီးများကို သိမ်းဆည်းရန် ဆောက်ထားခြင်း ဖြစ်သည်ဟု ယူဆရသည်။ ပျူလူမျိုးတို့သည် ဤကဲ့သို့ မီးသင်္ဂြိုဟ်ပြီး အရိုးများကို အိုးတွင် ထည့်သွင်းသိမ်းဆည်းသည့် ဓလေ့ကို ကျင့်သုံးသည်ဟု သိထားသောကြောင့် ဤမြို့တွင် နေထိုင်သူ အများစုမှာ ပျူလူမျိုးများ ဖြစ်မည်ဟု ယူဆရသည်။ အရိုးအိုးများကို ထားရှိသည့် သုသာန်ဇရပ်များ (funeral halls/rest houses for the dead) ကို မြို့တွင်း၌ရော မြို့ပြင်၌ပါ တွေ့ရခြင်းသည် သတ်မှတ်ထားသော သုသာန်နေရာ မရှိဘဲ၊ အဆင်ပြေသည့်နေရာတွင် လူသေအလောင်းကို ထားခဲ့သည်ဟု ယူဆစေသည်။ ဗိဿနိုးမြို့ဟောင်းတွင် ပျူလူမျိုးများမဟုတ်သူများလည်း နေထိုင်ခဲ့ကြဖွယ် ရှိသည်။ မြို့ကြီးများ၏ ထုံးစံအတိုင်း အမြဲတမ်နေထိုင်သူများအပြင် နောက်မှ ပြောင်းရွှေ့ဝင်လာသူများ၊ ပျူမဟုတ်သူများလည်း ရှိခဲ့ကြမည်ဟု ထင်ရသည်။ မြေကြီးထဲတွင် တိုက်ရိုက်မြှုပ်နှံသည့် ဓလေ့ကို ကျင့်သုံးသူများလည်း ရှိခဲ့မည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် မသာဇရပ်ပတ်ဝန်းကျင်ရှိ မြေပြင်မှ မြှုပ်နှံထားသော အလောင်း သုံး (၃) လောင်း၏ အရိုးစု သုံး (၃) ခု ကို တွေ့ရှိရသောကြောင့်ဖြစ်သည်။ အုတ်ခဲများအတွင်း၌ စပါးခွံများ တွေ့ရသည်။ ဗိဿနိုးမြို့ဟောင်းတွင် နေထိုင်သူများသည် ဆည်ရေသောက် စပါးစိုက်ပျိုးပြီး ဆန်စားသုံး ခဲ့ကြသည်ဟု ဆိုလိုသည်။ အသုံးပြုသော အိုးများသည် စက်လှည့် (wheel-thrown) အိုးများဖြစ်ကြပြီး အလွန်ချောမွတ် ကောင်းမွန်ကာ၊ ကောင်းစွာကျက်အောင် ဖုတ်ထားသည့် အဆင့်မြင့် အိုးများဖြစ်သည်။ အိုးပုံသဏ္ဌာန် အမျိုးမျိုး ကိုလည်း တွေ့ရှိရသည်။ အိုးများပေါ်ရှိ အလှပုံဖော်သည့် အကွက်ငယ်များ တွင် သိရိဝစ္ဆ (Srivatsa)၊ ကလသာ (Kalatha - ရေအိုး)၊ ကိတ္တိမုခ (Kirtimukha) စသည့် ပုံများကို တွေ့ရသည့်အတွက် ဟိန္ဒူအယူအဆများ ရှိခဲ့မည်ဟု ထင်ရသည်။ ကိုးကွယ်ယုံကြည်မှု တံဆိပ် လက္ခဏာများပါရှိသော ဒင်္ဂါးအနည်းငယ်ကိုလည်း တွေ့ရသည်။ တွေ့ရှိသည့် ဒင်္ဂါးကို ကြည့်ပြီး ဟိန္ဒူအယူဝါဒ ဆန်သည်ဟု ပြောနိုင်ပါသည်။ ဗိဿနိုးမြို့သည် ပျူ (သို့မဟုတ် ပျူနှင့် ဓလေ့တူသူများ) နှင့် ဓလေ့မတူသူ များပါ တွဲဖက်၍ နေထိုင်ခဲ့ကြသည့် မြို့ဖြစ်သည်။

ဒေါက်တာသန်းထွန်းက ယခုလိုရေးသည်။

“ဗိဿနိုးတူးဖော်ရေးလုပ်ကြတော့ ဒီမြို့ကို ခရစ်နှစ် ပထမရာစုနှစ်က မြို့တည်တယ်။ တတိယ ရာစုနှစ်မှာ ဖုနန်ရဲ့ရန်ကြောင့် ပျူတွေက မြို့ကိုစွန့်ပြီး အခုပြည်မြို့ ဘက်ကို ပြောင်းသွားကြလို့ ဗိဿနိုးကို မွန်တွေဝင်နေတယ်။ နောက်ခရစ်နှစ် စတုတ္ထရာစုနှစ် ရောက်တော့ ပျူတွေပဲ ဗိဿနိုးကို ပြန်လာပြီး တိုက်ခိုက်ကြလို့ မြို့ပျက်တော့မှ မွန်တွေဟာ အခု ရထားလမ်းပေါ်က ရမည်းသင်းကိုပြောင်းနေကြတယ်။ ဒီအယူအဆကိုတင်ပြတဲ့လူက ဗိဿနိုးကို ရှေးဟောင်းသုတေသနက တူးကြည့်သင့်တဲ့ ကုန်းတွေအများကြီး ထဲက နှစ်ဆယ့်ရှစ်နေရာပဲ တူးရသေးတယ်။ နောင်အခါ ဆက်ပြီးတူးရင် သူ့ အတွေးမှန်တယ်ဆိုတာကို သက်သေပြနိုင်စရာအထောက်အထားတွေ အများကြီးရနိုင်လိမ့်မယ် ထင်တယ်လို့ ဆိုပါတယ်။”[8]

သရေခေတ္တရာမြို့ဟောင်း (ယခု ပြည်မြို့ရှိရာအနီး) သည် ဗြိတိသျှ ကိုလိုနီခေတ် ကတည်းက စတင်တူးဖော်ခဲ့ပြီး ယနေ့တိုင် လာရောက်လည်ပတ်သူများနှင့် ဘုရားဖူးများအတွက် နေရာအဖြစ် ရှိနေဆဲ ဖြစ်သည်။ ကျယ်ပြန့်သော ကျုံးကြီးနှင့် စက်ဝိုင်းပုံသဏ္ဌာန် အုတ်မြို့ရိုးကြီးတို့ဖြင့် ကာကွယ်ထားသည့် တချိန်က ကြီးမားပြီး အစွမ်းထက်သော အခြေချနေထိုင်မှု ဖြစ်ခဲ့သည်။ မြို့သည် တောင်မြောက်အားဖြင့် ၂.၅ မိုင်ခန့် နှင့် အရှေ့အနောက်အားဖြင့် ၂ မိုင်ခန့် ကျယ်ဝန်းကာ စုစုပေါင်း ၅.၅ စတုရန်းမိုင်ခန့် ကျယ်ဝန်းသော ဧရိယာကို လွှမ်းခြုံထားသည်။ ခမ်းနားထည်ဝါသော မြို့ရိုး၏ အဝန်းသည် ၈.၅ မိုင်ခန့် ရှည်လျားပြီး အချို့နေရာများတွင် ၁၅ ပေအထိ မြင့်ကာ၊ တံခါးပေါက်များ နှင့် ပတ်ပတ်လည်ရှိ ကျုံး (၃၅ ပေမှ ၈၀ ပေအထိ ကျယ်သည်) တို့ ပါဝင်ပြီး နှစ်ထပ်၊ သုံးထပ်ထပ်အထိပင် ဆောက်လုပ်ထားသည်ကို တွေ့ရသည်။ မြို့၏ ဗဟိုနေရာတွင် ရိုးရာအရ နန်းတော်ကုန်းဟု သတ်မှတ်ထားသည့် စတုဂံပုံ မြေနိမ့်ကုန်းတခု ရှိသည်။ မြို့ရိုးအပြင်ဘက်၌ ရှေးဟောင်းအဆောက်အအုံများ (ဘုန်းကြီးကျောင်းများ၊ ဗိဿနိုးမိဖုရား သင်္ချိုင်းနေရာ) တွေ့ရှိရခြင်းက သရေခေတ္တရာ၏ ပိုမိုကျယ်ပြန့်သော မြို့ပြဧရိယာသည် ကာကွယ်ရေး မြို့ရိုးနှင့် ကျုံးတို့ဖြင့် ပတ်ရံထားသည့် ဧရိယာထက် လေးဆခန့် ကျယ်ဝန်းခဲ့ကြောင်း ညွှန်ပြနေပြီး၊ အဓိက ဒေသဆိုင်ရာ ဗဟိုချက် အဖြစ် အဆင့်အတန်းကို ဖော်ပြသည်။ သရေခေတ္တရာသည် စာပေယဉ်ကျေးမှု၏ ဗဟိုချက်ဖြစ်ကြောင်း သိသာသည်။ ပျူကျောက်စာများကို ဂဏန်းများနှင့် သင်္ကေတများပါတတ်သည့် အုတ်ချပ်များမှသည် အုတ်ခွက်ဘုရား (ဗုဒ္ဓရုပ်ပွားတော်ပါ မြေစေးပြားငယ်များ) နောက်ကျောနှင့် ကျောက်အရိုးအိုးကြီးများအထိ ပစ္စည်းအမျိုးမျိုးတွင် တွေ့ရှိရသည်။ သို့ရာတွင် ကျောက်စာများစွာသည် ပျက်စီးနေခြင်း သို့မဟုတ် အလွန်တိုတောင်းနေခြင်းတို့သာမက ပျူဘာသာစကားနှင့် ပတ်သက်၍ လက်ရှိအသိပညာ မပြည့်စုံသေးခြင်း တို့ကြောင့် သမိုင်းပညာရှင်များသည် အပြည့်အစုံ အဓိပ္ပာယ်ဖော်ထုတ်ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ပျူ၊ ပါဠိနှင့် သက္ကတဘာသာ တို့ဖြင့် တွေ့ရှိရသော ကျောက်စာများသည် မြင့်မားသော စာတတ်မြောက်မှုနှင့် ဉာဏ်ရည်အဆင့်မြင့်ကြခြင်းကို အတည်ပြုပေးနိုင်သည်။ ရှေးဟောင်းတူးဖော်မှုများအရ သရေခေတ္တရာရှိ ပျူအသိုက်အမြုံသည် ဘာသာရေးအစုံ ရှိကြောင်း ဖော်ပြသည်။ ဘောဘောကြီးဘုရားနှင့် အခြားနေရာများ အနီးတွင် တွေ့ရှိရသော ပါဠိဘာသာဖြင့် ရေးသားထားသည့် ရွှေချပ်လွှာ ဗုဒ္ဓကျမ်းစာများ (ဝိနည်းပိဋကတ်နှင့် အဘိဓမ္မာပိဋကတ်မှ ကောက်နုတ်ချက်များ) ပါဝင်သည်။ သို့သော် မဟာယာနဗုဒ္ဓဘာသာ နှင့် ဗြဟ္မဏအယူဝါဒ (အထူးသဖြင့် ဗိဿနိုးနတ်ကို အဓိကထား ထုလုပ်ထားသည့် ကျောက်ဆစ်လက်ရာများ) တို့၏ အထောက်အထားများက ဤဘာသာရေး အစဉ်အလာများ တွဲဖက်တည်ရှိခဲ့ကြောင်း ညွှန်ပြနေပါသည်။ ပျူလူမျိုးများသည် နေရာမြို့ကို မကောင်းဆိုးဝါးများနှင့် ရန်သူများထံမှ ကာကွယ်ရန်အတွက် ဒွါရပါလ (တံခါးစောင့်နတ်) ရုပ်တုများ စိုက်ထူသည့် ဓလေ့ဖြင့် သက်သေပြသည့် သံခေတ်ယုံကြည်မှုများ ကိုလည်း ထိန်းသိမ်းထားသည်။ ပျူလူမျိုးတို့၏ ဉာဏ်ရည်ထက်မြက်မှုနှင့် စည်းစိမ်ချမ်းသာရှိကြမှုသည် သူတို့၏ အနုပညာနှင့် ရှေးဟောင်းပစ္စည်းများတွင် ထင်ရှားသည်။ ရှေးဟောင်းသုတေသနပညာရှင်များသည် ရွှေ၊ ကြေး၊ ငွေဖြင့်ပြုလုပ်ထားသော ရုပ်တုများ နှင့် ငွေစေတီ ကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး၊ လက်မှုပညာထက်မြက်မှုကို ပြသသည်။ လှပသော ကျောက်ဆစ်လက်ရာများသည် မုခ်ဦးများ၊ ပူဇော်သော ခွက်များနှင့် ဌာပနာတိုက်များ ကို အလှဆင်ထားသည်။ ကျောက်မျက်ရတနာများဖြင့် ပြုလုပ်ထားသော လည်ဆွဲပုတီးများ၊ ငွေရေသောက် ဖလားများနှင့် ရေမွှေးဘူးများ၊ ရွှေနှင့်ငွေလက်စွပ်များသည် အထက်တန်းလွှာ၏ စည်းစိမ်ချမ်းသာမှု နှင့် မြင့်မားသော ယဉ်ကျေးမှု အဆင့်အတန်း ကို ညွှန်ပြသည်။ ရုပ်တုနှင့် ရုပ်ကြွများမှတဆင့် လူမှုဓလေ့များကို ဖော်ထုတ်နိုင်ပြီး၊ ပျူအမျိုးသားများနှင့် ပျူလူမျိုးအမျိုးသမီးများသည် များသောအားဖြင့် ခန္ဓာကိုယ်၏ အောက်ပိုင်းတွင်သာ အဝတ်အစားများ ဝတ်ဆင်လေ့ရှိကြောင်း၊ ပုတီးလည်ဆွဲများဖြင့် တန်ဆာဆင်ကြောင်း၊ ဆံပင်ရှည်များကို ထိပ်တွင် စုစည်း၍ သို့မဟုတ် ဆံထုံး ထုံးထားကြောင်း ပြသသည်။ ပျူတို့၏ အဓိကဓလေ့ တခုမှာ မီးသင်္ဂြိုဟ်ခြင်း ဖြစ်သည်။ သေဆုံးပြီးနောက်တွင် အရိုးများနှင့် ပြာများကို စုဆောင်း၍ မြေအိုးများ သို့မဟုတ် အရိုးအိုးများ တွင် ထည့်သွင်းသည်။ ထို့နောက် ဤအရိုးအိုးများကို အစုလိုက်အပြုံလိုက် မြှုပ်နှံလေ့ရှိသည်။ အရိုးအိုးများ၏ ပုံစံနှင့် အလှဆင်မှုတို့သည် ကွဲပြားလေ့ရှိပြီး၊ ယင်းမှာ သေဆုံးသူ၏ လူမှုအဆင့်အတန်းကို ထင်ဟပ်စေသည်။ မြို့တော်ပျက်စီးခြင်း၏ အတိအကျ ရက်စွဲကို ရှင်းလင်းစွာ မသိရှိရသေးသော်လည်း၊ ရှေးဟောင်းသုတေသနဆိုင်ရာ သဘောတူညီချက်များအရ သရေခေတ္တရာသည် အေဒီ ၈ ရာစုအထိ အဓိက မြို့ပြဗဟိုအဖြစ် ထွန်းကားခဲ့ပြီးနောက် အေဒီ ၉ ရာစုတွင် နောက်ဆုံးတွင် ပျက်စီးခြင်းသို့ ရောက်ရှိကာ စွန့်ပစ်ခံခဲ့ရသည်ဟု ကောက်ချက်ချကြသည်။

အသစ်မြင် မြန်မာ့သမိုင်း ဒုတိယအကြိမ် ထုတ်ဝေသည့် ၂၀၀၀ ခုနှစ် အမှာစာတွင် ဒေါက်တာ သန်းထွန်းက “နန်ကျောင်ဖျက်လို့ အေဒီ ၈၃၂ မှာ ပျူမြို့တော်ပျက်တယ်လို့ပြောတော့ လုစ်က အဲ့သည်မြို့တော် ဟာ ဟလင်း ဖြစ်ဖို့များတယ်လို့ ပြောတယ်။ မဟုတ်ပါ။ သရေခေတ္တရာပဲ ဖြစ်ပါတယ်လို့ ဦးရည်စိန်က အထောက်အထားတွေနဲ့ တင်ပြရေးသားတာတွေ ရှိနေပါတယ်” ဟု ဖြည့်စွက်ရေးသား၏။

ပျူစာသည် ဗြဟ္မီအက္ခရာများမှတဆင့် ဆင်းသက်လာသည်ဟု ယနေ့ပညာရှင်များက ပြောကြသည်။[9] တွေ့ရတတ်သည့် ဘာသာနှစ်မျိုးဖြင့် ရေးထိုးထားသော ကျောက်စာများသည် သက္ကတဘာသာ၊ လောကီရေးရာ ယုံကြည်မှုနှင့် ဒေသခံစကားများကို တတ်ကျွမ်းသော ပညာတတ်အထက်တန်းလွှာရှိမှုကို ညွှန်ပြနေသည်။ ထေရဝါဒဗုဒ္ဓဘာသာသည် မဟာယာန ပုံစံများ၊ ဟိန္ဒူဘာသာရေးသင်္ကေတများဖြင့်အတူ ဘာသာရေးဆိုင်ရာ တင်းမာမှုမျိုးက များများစားစားမရှိဟု ဆိုနိုင်၏။

တရုတ်မှတ်တမ်းများနှင့် သံတမန်မစ်ရှင်များ၏ မှတ်တမ်းများသည် ပျူခေတ်၏ ထင်ရှားဖွံ့ဖြိုးမှုကို အတည်ပြုနိုင်သည်။ ရွှေဖြင့်ရေးထွင်းထားသော ကျမ်းစာများ၊ ပါဠိကျောက်စာများနှင့် ဘုရားပုထိုးများသည် ယုံကြည်ချက်ကိုသာမက စာတတ်မြောက်မှု၊ နိုင်ငံရေးပညာနှင့် လောကအမြင်ကျယ်မှုကိုပါ ဖော်ပြသည်။ သို့ရာတွင် သတိပြုရန်လည်းရှိသည်။ ရှင်းထန်ရှူး (Xin Tangshu) [10] ကဲ့သို့ ပျူယဉ်ကျေးမှုကို ဖော်ကျူးပုံသည် ရှင်သန်ပြတ်သားသော်လည်း မှန်ကန်သောအချက်အလက်များကို ချဲ့ကားမှုများနှင့် ရောနှောဖော်ပြထားသည်။ ရွှေအုတ်ကြွပ်ခင်းထားသော နန်းတော်များရှိသည့် ကြီးကျယ်ခမ်းနားသော ပျူနိုင်ငံနှင့် လီ ၁၆၀ ကျယ်ဝန်းသည့် ဧရာမမြို့ကြီးအကြောင်း ဖော်ပြချက်များသည် ထန်မင်းဆက်၏ဟန် ဒဏ္ဍာရီပြောဆိုထားခြင်း ဖြစ်လိမ့်မည်။ ပျူသံတမန်များနှင့် နန်ချောင်ရင်းမြစ်များမှ တဆင့်စကားကြားသိရသော သတင်းများအပေါ် အလွန်အမင်း မှီခိုထားခြင်းကြောင့် ယုံကြည်စိတ်ချရမှု အကန့်အသတ်ရှိသည်။ မှတ်တမ်းပြုစုသူများသည် မြန်မာဘက်သို့ မရောက်ဖူးဘဲ၊ မူရင်းဖြစ်စဉ်များနှင့် ရာစုနှစ်များစွာ ကွာဟသွားပြီးမှ ရေးသားခဲ့ခြင်းဖြစ်နိုင်ပြီး အမှန်တကယ် ဖြစ်ရပ်များထက် စိတ်ကူးစိတ်သန်းများ ထည့်သွင်းထားသည်ဟု ယူဆရသည်။ ထို့အပြင် "国" (Guo) ဟူသော တရုတ်ဝေါဟာရ၏ အဓိပ္ပာယ်သည် ထိုကာလအတွင်း ပိုမိုဗဟိုချုပ်ကိုင်သည့် အမြင်ဖြစ်လာပြီး မှတ်တမ်း၏ နိုင်ငံရေးဆိုင်ရာ နားလည်မှုအပေါ် သိမ်မွေ့စွာ လွှမ်းမိုးခဲ့သည်ဟု ယူဆရသည်။ 


“ပျူတွေဘယ်ပျောက်သွားလဲ” (၂၀၀၅) စာအုပ်တွင် ဒေါက်တာသန်းထွန်းက “ငါ ဒီမှာဟေ့လို့ အော်လိုက်ချင်တယ်။ ဆိုလိုတာက ပျူနဲ့မြန်မာ အတူတူပဲလို့ ကျွန်တော်ထင်မိတယ်” ဟု အမှာစာတွင် အစချီပါသည်။ ထို့အပြင် “… အထက်တန်းကျသော ပျူယဉ်ကျေးမှုသည် ယခုအခါ လုံးဝ ပျောက်ကွယ်နေ ရလောက်အောင် ပျက်စီးရ၏။ အကြောင်းကိုရှာသော် အေဒီ ၈၃၂ ခုက နန်ကျောင်တို့လာရောက်၍ မြို့တော်ကို ဖျက်ဆီးပြီးနောက် လူသူအများကို သုံ့အဖြစ် ဖမ်းယူသွားခြင်း ကြောင့်လည်းကောင်း၊ ပျူ ပျက်စီးပြီးနောက်မှ မြန်မာနိုင်ငံသို့ဝင်လာသော မြန်မာတို့နှင့် ရောနှော၍ မြန်မာကလွှမ်းမိုးခြင်း ခံလိုက်ရ သဖြင့် လည်းကောင်း ဖြစ်ပါသည်။” ဟု ဖော်ပြသည်။ ယင်းအချက်က “ပျူ” သည် “မြန်မာ” ဖြစ်လာမည့် လူမျိုးများနှင့် ရောနှော၍ ယနေ့မြန်မာလူမျိုး ဖြစ်လာသည့် Ethnogenesis သီအိုရီတခု စဉ်းစားနိုင်သည်။ Ethnogenesis (လူမျိုးဖြစ်ပေါ်ခြင်း) ကို နောက်ပိုင်းအခန်းများတွင် ဆွေးနွေးထားပါသည်။

ဤကြီးမားသောမြို့များအပြင် တူးဖော်မှုနည်းပါးသော အခြားပျူခေတ်မြို့ငယ်များလည်း ရှိသည်။ ပျူတို့မှာ မြို့ပြနိုင်ငံများဖြစ်ပြီး အချင်းချင်းမဟာမိတ် ပဏ္ဏာဆက် မဏ္ဍလ မြို့ပြနိုင်ငံဆက်ဆံရေးများ[11] ရှိခဲ့ကာ ယင်းမဏ္ဍလများမှာ ကျယ်ပြန့်သည့်အတွက် ဒေါက်တာသန်းထွန်းတို့က ပထမပြည်ထောင်စုဟုပင် ခေါ်ခဲ့၏။ သို့ရာတွင် ယင်းမဏ္ဍလများမှာ ယနေ့ခေတ် အမျိုးသားနိုင်ငံနှင့် လုံးဝမတူသည်ကိုလည်း သတိချပ်ကြရာသည်။ စုသည်ဟု ဆိုလျှင်လည်း စရာရှိသည်မှာ လူမျိုးပြည်ထောင်၊ အမျိုးသားနိုင်ငံများ မဟုတ်ဘဲ မြို့ပြနိုင်ငံများသာ ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာအသိုင်းအဝိုင်းက ပျူယဉ်ကျေးမှု၏ တန်ဖိုးကို အသိအမှတ်ပြုခဲ့ပြီး ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာတို့ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာများအဖြစ် သတ်မှတ်ခဲ့သည်။[12]

သို့သော် အသိအမှတ်ပြုမှုခံရမှုမှသည် တာဝန်ယူမှုအဖြစ်သို့ ပြောင်းလဲရန် လိုအပ်လျက်ရှိနေသည်။ နေရာအများအပြားသည် ကျူးကျော်မှု၊ တရားမဝင်တူးဖော်မှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတို့နှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

ဝိသေသလက္ခဏာများသည် လူတို့ တည်ဆောက်သော အင်စတီကျူးရှင်းများဖြစ်သည့် ဘာသာရေး၊ နေရာလွတ်၊ ဘာသာစကားတို့မှတဆင့် ပုံဖော်ခံရသည်။ ပျူတို့၏ ဝိသေသလက္ခဏာသည် နောက်လာမည့် ပုဂံကဲ့သို့သော ဗမာ့လူနေမှု၊ ယဉ်ကျေးမှုနှင့် စီမံခန့်ခွဲမှုတို့အတွက် အုတ်မြစ်ချပေးခဲ့လေသည်။

-----------

[1] ဗြိတိသျှခေတ်တွင် ပျူသမိုင်းကို အာရုံစိုက်မှု နည်းပါသည်။ သို့ရာတွင် မရှိသည်တော့ မဟုတ်ပါ။ အခြားခေတ်များတွင် ပေးနိုင်သလောက် အာရုံမစိုက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ တူးဖော်လေ့လာမှုများက ရှိပါသည်။

[2] UNESCO World Heritage Center တွင် မှတ်တမ်းတင်ထားသည့်အတိုင်းဖြစ်သည်။ သို့ရာတွင် ၉ ရာစုရောက်သည်နှင့် ဝုန်းကနဲ ပျူလူမျိုးများ ပျောက်သွားသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ တကယ်တမ်း ပျူအသိုက်အမြုံများသည် ခေတ်သစ် နိုင်ငံတခုကဲ့သို့ ရှိခဲ့ခြင်းလည်း မဟုတ်၍ နိုင်ငံရေးအေဂျင်စီတွင် သီးခြားစီ ဖြစ်ကြပါသည်။

[3] ဒေါက်တာသန်းထွန်း၏ “ပျူတွေဘယ်ရောက်သွားသလဲ” စာအုပ်မှ (၂၀၀၅)

[4] Pyu Ancient Cities - Wikitravel. (2022). Wikitravel.org. https://wikitravel.org/en/Pyu_Ancient_Cities

[5] UNESCO World Heritage Center

[6] Thant Myint-U. (2012). Where China Meets India. Macmillan.

[7] လက်တွေ့ တူးဖော်မှုများက အတည်မပြုနိုင်ပါ။ အချို့ကလည်း ၁၂ ပေါက်ရှိခဲ့သည်ဟု ရေးသည်လည်း တွေ့ရ၏။

[8] မီးလောင်ပြီး ပျက်စီးသွားခဲ့သည့် အုတ်တိုက်အတွင်းရှိ မီးလောင်ထားသော တိုင်ငယ်၏ ငုတ်တိုကိုယူ၍ ကာဗွန်ဓာတ်ခွဲ စမ်းသပ်ကြည့်သည့်အခါ လွန်ခဲ့သော နှစ် ၁,၆၀ဝ ခန့်က မီးလောင်ခဲ့ကြောင်း သိရှိရသည်ဟု ဒေါက်တာသန်းထွန်းက ဆိုသည်။ (၂၀၀၄)


[9] ဗြဟ္မီအက္ခရာသည် အိန္ဒိယတိုက်ငယ်တွင် ရှေးအကျဆုံး အရေးအသားစနစ်များထဲမှ တခုဖြစ်ပြီး ဘီစီ ၃ ရာစု အသောကမင်းကြီးလက်ထက် ကျောက်စာများတွင် အဓိကတွေ့ရသည်။ ဗြဟ္မီသည် အိန္ဒိယမြောက်ပိုင်းနှင့် တောင်ပိုင်း ဟူ၍ ဒေသအလိုက် ကွဲပြားသွားခဲ့သည်။

[10] တရုတ်ဘုရင်မင်းဆက်များသည် သူတို့ကို ဗဟိုပြုသော လောကအမြင် (Sinocentric Worldview) ကို ထိန်းသိမ်းရန် လိုအပ်သည်။ ရှင်းထန်ရှူးကဲ့သို့သော မှတ်တမ်းများသည် တိုင်းတပါးနိုင်ငံများကို ဖော်ပြသည့်အခါ Ethnocentric Lens ဖြင့် ရှုမြင်လေ့ရှိသည်။ တနည်းအားဖြင့်ဆိုသော်၊ မိမိတို့၏ ယဉ်ကျေးမှုသာလွန်မှုကို ပြသရန် (သို့မဟုတ်) မိမိတို့၏ ဩဇာလွှမ်းမိုးမှုနယ်ပယ်ကို ပုံဖော်ရန်အတွက် မဟာအင်အားကြီးသည့် တိုင်းပြည်များကို ချဲ့ကားဖော်ပြခြင်း သို့မဟုတ် ရိုးရှင်းအောင် ပုံဖော်ခြင်းမျိုးလုပ်ရာ ပျူတို့၏ ဂုဏ်ကျက်သရေကို ချဲ့ကားခြင်းဖြင့် တရုတ်ပြည်နှင့် ဆက်စပ်မှုသည်လည်း တန်ဖိုးကြီးသည်ဟု ပေါ်လွင်စေခြင်း ဖြစ်နိုင်ပါသည်။ "国" သည်လည်း ရှေးက တံတိုင်းတွင်းနေလူထု သို့မဟုတ် လူမျိုးစု တခုကို ရည်ညွှန်းသော်လည်း၊ ထန်မင်းဆက်ခေတ်တွင် ပိုဗဟိုချုပ်ကိုင်သော၊ နိုင်ငံဟုဆိုရမည့်အဆင့်ရှိသော စနစ်ကို တစတစ ရည်ညွှန်းလာသည်။ ထန်ခေတ်သစ်၏ နားလည်မှုအသစ်ဖြင့် ရှေးခေတ်စာများကို ဘာသာပြန်ရေးခြင်းလည်း ဖြစ်သည်။

[11] မဏ္ဍလများအကြောင်းကို နောက်အခန်းများတွင် ဆက်လက်ရေးသားထားပါသည်။

[12] ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် သတ်မှတ်ချက်သည် ရှေးဟောင်းသုတေသနဆိုင်ရာ "ထူးခြားပြောင်မြောက်သော တန်ဖိုး" (Outstanding Universal Value) ကို အခြေခံခြင်းဖြစ်ပြီး၊ နိုင်ငံရေးအရ "ပဓာနအခြေခံအုတ်မြစ်" ဟု တရားဝင် အတည်ပြုခြင်း မဟုတ်ပါ။

Comments

Popular posts from this blog

ပဒေသရာဇ် ဘုရင်ခေတ်များ - နိဒါန်း

ယခုမြန်မာနိုင်ငံဟု သိကြသော ဒေသကို အိန္ဒိယဘက်မှ စာများတွင် ဗြဟ္မာ့ဒေသ (ဗရမာဒေ့ရှ်) ဟု ညွှန်းကြသည်ကို တွေ့ရသည်။ မြို့အမည်၊ မြစ်အမည်များကို ဟိန္ဒူတို့၏ နတ်ဗြဟ္မာအမည်များ မှည့်ခေါ်ကြရာ ဗိဿနိုးမြို့၊ ဘိန္နကမြို့ (သီဝနတ်ဘုရားနှင့် ဆက်စပ်နိုင်)၊ သျှရီခတ္တရာ၊ သူရဿတီ (တနည်း သာယာဝတီ- ယခုချင်းတွင်းမြစ်)၊ ဧရာဝတီ (ဧရာဝဏ်ဆင်အမည်) စသည်ဖြင့် တွေ့ရတတ်သည့်အတိုင်း ဖြစ်သည်။ အရှေ့ဘက်ဆက်လျှင် ဒွာရဝတီ၊ လဝ (ရာမ၏ သားတော်) စသည့် အမည်များ ပေးကြသည်။ ယခုဗီယက်နမ်အထိ ဒေသဘက်ကိုမူ အင်ဒရာဒီပ (မိုးကြိုးနတ်ဘုရင်၏ကျွန်း) ဟု ခေါ်ကြ၏။ အင်ဒရာပူရ (သိကြားမြို့) လည်း ရှိသည်။ ခုနှစ်ကို သိကြားနှစ် (သက္ကရာဇ - သက္ကရာဇ်) ဟုခေါ်၏။ ဒေသကိုအခြေခံသည့် အခေါ်အဝေါ်များမှ ဗမာ၊ နောင်တွင် မြန်မာ ဟူသည့် လူမျိုးကိုညွှန်းသော စကားလုံးများ ဖြစ်လာသည်ဟု ယူဆရသည်။ [1] ဒေသကို ခေါ်သည့် အခေါ်အဝေါ်မှ လူမျိုးအမည်အဖြစ် ပြောင်းလဲလာမှုမှာ မစိမ်းပါ။ ဥပမာ ထိုင်းနိုင်ငံ၊ ထိုင်းလူမျိုးပမာ ဖြစ်သည်။ ဘရာဇီးဟူသော ဒေသအမည်မျှ ဘရာဇီးလူမျိုးဟူ၍ ပြောလာကြသလို ဖြစ်သည်။ တရုတ်တို့ဘက်မှ မှတ်တမ်းများတွင် “မြန်/မီယမ် တျင့် (緬甸)” ဟု ရေးသည်ကို တွေ့ရသည်။ မည်သို့ဆိုစေ စာလုံးရေးသည့်ခ...

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

    လူသားတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ မသိနားမလည်မှုကနေ ဉာဏ်ပညာဆီကို တမဟုတ်ချင်း ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်က ထင်ရှားတဲ့ အဆင့်အမျိုးမျိုးကို ဖြတ်သန်းသွားပြီး၊ အဆင့်တခုစီက ရှုပ်ထွေးမှုတွေကို နစ်မွန်းမသွားစေဘဲ လက်ခံနိုင်စွမ်းကို တိုးမြှင့်ပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်အလိုက် တင်းကျပ်စွာ သတ်မှတ်ထားတာ မဟုတ်ဘဲ၊ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စိတ်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပုံတွေ ကွဲပြားတာပဲ ဖြစ်ပါတယ်။ အောက်မှာတော့ အရှင်းလင်းဆုံး ရှင်းလင်းချက်ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ရွေ့လျားသွားတဲ့ ဒီအဆင့် ၅ ဆင့်အတွက် လမ်းပြမြေပုံတခုကို အသေအချာစဉ်းစားကြည့်ပြီး ဖော်ပြလိုက်ပါတယ်။ အဆင့် ၁။ ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်းအဆင့် ဘယ်သင်ယူမှုခရီးရဲ့ အစမှာမဆို စိတ်က ရှင်းလင်းပြတ်သားမှုကို လိုလားတယ်။ ခိုင်မာတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ လျင်မြန်တဲ့ အမျိုးအစားတွေကို လိုအပ်တယ်။ ဒါဟာ အားနည်းချက်မဟုတ်ဘဲ၊ ရှင်သန်ရေးအတွက် နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက်အတွဲတွေအဖြစ် ဦးနှောက်ထဲကို ဝင်...

မြန်မာနိုင်ငံ၏ အခြေအနေ

မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။ [1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။ မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီ...