ပထမတောင်ငူအင်ပါယာ၏ အလွန်တွင် ဒုတိယအင်းဝခေတ်ဟု ခေါ်သည့် ညောင်ရမ်းမင်းဆက်သည် တချိန်က ဘုရင့်နောင်၏ သံမဏိလက်သီးအောက်တွင် စည်းလုံးခဲ့ဖူးသော ဒေသများမှ ပုန်ကန်မှုများ၊ ပြည်ပဒေသတို့မှ ကျူးကျော်မှုများနှင့် နေရာရွေ့ပြောင်းမှုများကြောင့် ပြိုလဲနေသော နိုင်ငံတော်ကို ပြန်လည်စည်းလုံးညီညွတ်စေရန်၊ တရားဝင်မှုကို ပြန်လည်ရယူရန်နှင့် ဗဟိုချုပ်ကိုင်မှုကို ပြန်လည်ရယူရန် ဘုရင်များ ကြိုးပမ်းအားထုတ်ခဲ့သည့် ခေတ်ကာလတခုဖြစ်သည်။
အင်အားကြီးမားခဲ့သောဘုရင့်နောင်၏ သားတဦးဖြစ်သူ ညောင်ရမ်းမင်းသည် နန္ဒဘုရင်လက်ထက် ညောင်ရမ်းဒေသ အုပ်ချုပ်ရေးတာဝန်ကို ရရှိခဲ့စဉ်က အင်ပါယာပြိုကွဲမှုကို ကိုယ်တိုင်တွေ့မြင်ခဲ့ရ၏။ ပဲခူး-ဟံသာဝတီနှင့် အခြားဒေသများ တောင်ငူလက်အောက်မှ ကွဲထွက်သွားသောအခါ ညောင်ရမ်းမင်းသည် ထီးနန်းကို ပြန်လည်ထူထောင်သူအဖြစ် မိမိကိုယ်ကို မင်းပြုကြောင်း ကြေငြာခဲ့သည်။ ၁၆၀၀ ပြည့်နှစ်တွင် အင်းဝကို မြို့တော်အဖြစ် ပြန်တည်ထောင်နိုင်ခဲ့သည်။
သူသည်နန်းစံသက် ၆ နှစ်သာ ကြာမြင့်ခဲ့သော်လည်း ပြန်လည်စည်းလုံးညီညွတ်ရေး၏ မျိုးစေ့များကို သယ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် သျှမ်းပြည်နယ်များတွင် စစ်ဆင်ရေးများ ပြုလုပ်၍ အာဏာစက်များ ပြန်လည်ချဲ့ထွင်ခဲ့သည်။ အရိုက်အရာဆက်ခံသူ သားတော် အနောက်ဖက်လွန်မင်းသည် အောက်မြန်မာပြည်နှင့် အထက်မြန်မာပြည်ကို ပြန်လည်ပေါင်းစည်းခြင်း၊ ဇင်းမယ်ပြည်ကို အနိုင်ယူခြင်းနှင့် ရခိုင်ကမ်းရိုးတန်းများမှ သံလွင်မြစ်ကမ်းများအထိ များပြားသောစစ်ပွဲများမှ ပေါ်ထွက်လာသော ထင်ရှားသည့် အုပ်စိုးရှင်တဦးဖြစ်သည်။
ညောင်ရမ်းခေတ်တွင် အုပ်ချုပ်ရေးဆိုင်ရာ အပြည့်စုံဆုံးအစီအမံကို ပေးခဲ့သူမှာ အနောက်ဖက်လွန်၏ ညီတော်ဖြစ်သူ သာလွန်မင်းပင် ဖြစ်သည်။ အုပ်ချုပ်ရေးဆိုင်ရာ ကျွမ်းကျင်လှသူ ဖြစ်သည်။ အင်းဝမြို့တော်သို့ ပြန်လည်ပြောင်းရွှေ့ပြီးနောက် ကျောက်ဆည်ကဲ့သို့သော အဓိက စိုက်ပျိုးရေးဇုန်များကို ပြန်လည်ပတ်ခဲ့ပြီး စီးပွားရေးစစ်တမ်း၊ စိုက်ပျိုးရေးနှင့် လူဦးရေဆိုင်ရာ အသေးစိတ်စစ်တမ်းများကို အဆင့်ဆင့် ပြုစုစေခဲ့သည်။ သာလွန်မင်း၏ စစ်ရေးဖွဲ့စည်းမှုမှာလည်း ခိုင်မာသည်။ တပ်၏ အရွယ်အစား၊ စစ်ဆင်ရေးများအတွင်း ကိုယ်ကျင့်တရားဆိုင်ရာ ကျင့်ဝတ်စည်းကမ်းနှင့် မြို့ပြများတွင် မီးဘေးအန္တရာယ်များကို ထိန်းချုပ်ရန် စနစ်များ စုံလင်စွာ တွေ့ရသည်။ ရခိုင်သံအဖွဲ့များမှ ယိုးဒယားသို့ သံအဖွဲ့များအထိ သံတမန်ဆက်သွယ်ရေးအတွက် နိုင်ငံတော်စီမံခန့်ခွဲမှုကိုလည်း တွေ့ရသည်။ ရှေ့ပိုင်းက စစ်ပွဲများကြောင့် နိုင်ငံတော်ဘဏ္ဍာနှင့် လူဦးရေနည်းပြီး အင်အားတိုးပွားရန်လည်း အလွန်လိုနေရာ စစ်တမ်းများတွင် တခုလပ်၊ တလင်ကွာ စာရင်းများ ကောက်ယူပြီး အိမ်ထောင်ပြုရန်လည်း အမိန့်ထုတ်သေးပြန်၏။ အလွန်စေ့စပ်သည့် ဘုရင်ဖြစ်သည်။
သာလွန်မင်း၏နောက် ဆက်ခံသူဘုရင်များသည် ယင်းစွမ်းရည်မျိုးကို မပိုင်ဆိုင်ခဲ့ကြပေ။ အထူးသဖြင့် ပင်းတလဲမင်းသည် မှားယွင်းသော ဆုံးဖြတ်ချက်ကြီးတခုကို ချခဲ့သည်။
၁၆၅၈ ခုနှစ်တွင် တရုတ်ပြည် မင်အင်ပါယာ၏ နောက်ဆုံးဧကရာဇ် ယုံလီသည် မြန်မာဘုရင် ပင်းတလဲမင်းထံ ရွှေပိဿာတရာပေး၍ ခိုလှုံမည်ဟု ခွင့်တောင်းသည်။[1] ၁၆၅၉ တွင် ယုံလီမင်း ရောက်လာကာ ပင်းတလဲမင်းက စစ်ပြေးဘုရင်နှင့် မှူးမတ်များကို စစ်ကိုင်းမြို့၌ နန်းဆောက်လုပ်ပေး၍ နေထိုင်စေခဲ့သည်။[2]
မန်ချူးတို့သည် ချင်းအင်ပါယာကို တည်ထောင်ပြီးနောက် ၁၆၆၀ ပြည့်နှစ်တွင် ယုံလီကို ဖမ်းဆီးရန် တပ်ကို မြန်မာနိုင်ငံသို့ ရောက်လာခဲ့ရာ အင်းဝနေပြည်တော်အနီးသို့ ရောက်ရှိလာခဲ့သည်။ မြန်မာများက ပေါ်တူဂီကြေးစား အမြှောက်တပ်များဖြင့် ခုခံခဲ့ကြပြီး ၁၆၆၁ ခုနှစ်၊ မေလတွင် ညီတော် ပြည်မင်းသား တိုက်ခိုက်မှုကြောင့် မန်ချူးတို့၏ ထိုးစစ်လည်း ရပ်တန့်သွားခဲ့သည်။ ပင်းတလဲမင်းသည် ယုံလီဧကရာဇ်သည် မိမိ၏အစောင့်အရှောက်ခံ ဖြစ်ကြောင်းဆို၍ မန်ချူးတို့ကို ဆက်လက် တိုက်ခိုက်စေခဲ့သည်။ သို့သော် ညီတော် ပြည်မင်းသားက စစ်ပန်းနေသော ပြည်သူများနှင့် စားနပ်ရိက္ခာရှားပါးမှုများကြောင့် ယုံလီဧကရာဇ်နှင့် တရုတ်လူမျိုးများကို မန်ချူးတို့ထံ အပ်နှံရန်လိုခဲ့သည်။ သို့သော် ပင်းတလဲမင်းက လက်မခံပေ။
ဤနေရာတွင် သမိုင်းများကို ရေးသားမှုပုံစံ အမျိုးမျိုး ဖြစ်၍ အတိအကျပြောရန် ခက်လှပါသည်။ မြန်မာရာဇဝင်၊ ချင်းတရုတ်မှတ်တမ်း နှင့် မင်သစ္စာခံသူတို့ မှတ်တမ်းများမှာ အနည်းငယ်မျှ ရှုပ်ထွေးပါသည်။ စစ်ပြေးတရုတ်တပ်များက ဒေသခံတို့ထံမှ စားစရာများ လုယက်ခြင်း၊ ယုံလီ၏ နန်းဆက်ကို ပြန်ထောင်လိုခြင်း၊ ချင်းမင်းဆက် စစ်တပ်၊ ပင်းတလဲမင်း၏ အကြံအစည်နှင့် ပြည်မင်း၏ စေ့ဆော်မှုများမှာ စုဆုံလာခြင်းများ ဖြစ်မည်။ မြန်မာဘက်မှ မှတ်တမ်းများတွင် တရုတ်တို့ အချင်းချင်း စကားပြောကြခြင်း အစရှိသည်တို့ကို တွေ့ရသည်မှာ စိတ်မှန်းများ ဖြစ်ပုံရပါသည်။
၁၆၆၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် စစ်သူကြီး ဝူဆန်ကွေ့သည် အင်အား ၂၀,၀၀၀ ကျော်ဖြင့် ချီတက် တိုက်ခိုက်လာကာ ယုံလီဧကရာဇ်ကို ထုတ်ပေးရန် တောင်းဆိုခဲ့ပြန်သည်။ ၁၆၆၂ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ညီတော် ပြည်မင်းသည် နောင်တော် ပင်းတလဲမင်းကို ဖမ်းဆီး နန်းချ၍ နန်းတက်ခဲ့သည်။ အကြောင်းပြချက်အားဖြင့် လူထုက ငတ်မွတ်၍ အမတ်ဗိုလ်ပါအပေါင်းက အာဏာသိမ်းရန် တိုက်တွန်းခြင်း ဖြစ်သည်ဟုဆိုသည်။ နန်းတက်ပြီးနောက် ပင်းတလဲမင်း၊ မိဖုရားခေါင်ကြီးနှင့် သားတော်၊ မြေးတော်တို့ကို ကွပ်မျက်ခဲ့သည်။ ထို့နောက် မန်ချူးတို့နှင့် စစ်ပြေငြိမ်းရန် ကြိုးပမ်းခဲ့ပြီး ၁၆၆၂ ခုနှစ်၊ ဇန်နဝါရီလတွင် ယုံလီဧကရာဇ်နှင့် သားတော်၊ မြေးတော်တို့ကို ဖောင်တော်ဖြင့် တင်ဆောင်ကာ မန်ချူးတို့ထံ အပ်နှံခဲ့သည်။[3]
ပြည်မင်းသည် နန်းတော်ကို ပြန်လည်ထူထောင်ခဲ့သော်လည်း ပုပ်သိုးမှုများ စတင်ဖြစ်ပေါ်နေပြီ ဖြစ်သည်။ ပြည်မင်းနောက်တက်သူ နရာဝရမင်း၏ နန်းစံသက်မှာက တနှစ်ပင် မပြည့်ပေ။ နတ်ရွာစံသည်ကို ဖုံးကွယ်ပြီး ညှိနှိုင်း၍ “မင်းရဲကျော်ထင်သည် အရည်အချင်းရှိသည်” ဟုသဘောတူကာ ရွေးချယ်ခံရလေသည်။ သို့သော် မင်းရဲကျော်ထင်သည် ဆုံးဖြတ်ချက် မပြတ်သားသူ၊ နက္ခတ်ဗေဒင်အကြံဉာဏ်ဖြင့် ဘွဲ့အမည်များ ပြောင်းလဲနေသောသူ ဖြစ်သည်။ နန်းသက် ၂၆ နှစ် အတွင်း နန်းတော်ကို ၂ ခါပင် အသစ်ပြန်ပြင်လိုက်သေး၏။
နောက်တက် စနေမင်း၏ နန်းစံသက်တွင် သံဃာဂိုဏ်းကွဲခြင်း၊ ပုန်ကန်မှုများ ပေါ်လာခြင်းတို့ ဖြစ်ခဲ့သည်။ မဂိုနန်းတွင်းနှင့် ဆက်ဆံရေး တိုးမြှင့်ခဲ့ပြီး နိုင်ငံတကာကုန်သွယ်မှုများကို တိုးချဲ့ခဲ့သော်လည်း သိသာထင်ရှားသော တည်ဆောက်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ မရှိပေ။ နတ်ရွာစံလျှင် တနင်္ဂနွေမင်း နန်းတက်၍ ဘကြီးတော်ပုဂံစား ပုန်ကန်သည်။ အကြောင်းမှာ စနေမင်းသည် သားတော်ကို နန်းမလွှဲခင် ညီတော်ပုဂံစားကို အိမ်ရှေ့အရာ ပေးထားခဲ့ဖူး၍ ဖြစ်၏။ ရာသီဥတုဘေးများ၊ မီးများနှင့် မဏိပူရမှ ကသည်းကျူးကျော်မှုများဖြင့် ဖိစီးခံခဲ့ရသည်။ ဇင်းမယ်ကို လက်လွှတ်လိုက်ရသည်။
တနင်္ဂနွေမင်းလွန်သော် လုပ်ရည်ကိုင်ရည်ရှိ၍ အများသူငါသဘောကျသည့် သရက်စားမင်းသားကို နန်းတင်ခြင်းမပြုဘဲ မင်းသားငယ်ကို နန်းရင်းဝန်နှင့် ဝန်ကြီးများက နန်းတင်ကြပြန်၏။ ဗေဒင်ယတြာနှင့် ပွဲလမ်းသဘင်များနှင့်သာ အချိန်ကုန်၏။[4] ထီးနန်းတက်ချိန်တွင် ညောင်ရမ်းမင်းဆက်သည် အရင်ကရှိခဲ့သည့် ခိုင်မာမှုမရှိတော့ဘဲ အလွန်အားနည်းနေပြီဖြစ်သည်။ ဆန်ပြတ်လပ်မှု၊ ထိန်းချုပ်မရသော ရာဇဝတ်မှုများနှင့် ကျောက်ဆည်ကျဆုံးခြင်းတို့သည် တဆင့်ပြီးတဆင့် ဖြစ်လာလေပြီ။ ၁၇၅၂ ခုနှစ်တွင် ပဲခူးမွန်တပ်များ တိုက်ခိုက်ခြင်းသည် ညောင်ရမ်းမင်းဆက်၏ ကြမ္မာကို အပြီးသတ်တံဆိပ်ခတ်လိုက်သည်။ နောက်ဆုံးမင်းကို မဟာဓမ္မရာဇာဓိပတိ၊ ကြာသာပတေးမင်း၊ ဟံသာဝတီရောက်မင်းဟု အမျိုးမျိုး ခေါ်ကြလေသည်။ မွန်တို့ဒေသတွင် ရေ၌ အသတ်ခံခဲ့ရလေသည်။
ညောင်ရမ်းခေတ်သည် မှတ်တမ်းထိန်းသိမ်းမှု၊ စစ်ရေးစည်းကမ်းနှင့် သယံဇာတစီမံခန့်ခွဲမှုတို့တွင် တီထွင်ဆန်းသစ်မှုများမှတဆင့် ဗဟိုချုပ်ကိုင်မှုစနစ်ကို မြှင့်တင်စမ်းသပ်သည်။ လုပ်အားနှင့် မြေယာခွဲဝေမှုတွင် တင်းကျပ်သော အစုအမှုထမ်းစနစ်သည် သစ္စာခံမှုနှင့် စီးပွားရေးထုတ်လုပ်မှုကို ဖွဲ့စည်းမှုအထိုင်ချလိုသည့် အစိုးရ၏ဆန္ဒကို ပေါ်လွင်စေသည်။ မီးဘေးကာကွယ်ရေးမှ စစ်သားတို့၏ ကျင့်ဝတ်များအထိ အရာရာတိုင်းကို ထိန်းချုပ်ရန် မကြာခဏ ထုတ်ပြန်ခဲ့သော အမိန့်တော်များသည် မိမိတို့၏ လက်လှမ်းမီခြင်းအားနည်းမှုကို သိရှိကာ စိုးရိမ်နေသော အုပ်ချုပ်သူအထက်တန်းလွှာကို ရောင်ပြန်ဟပ်နေ၏။
ဤကောင်းမွန်သော ကြိုးပမ်းမှုများရှိသော်လည်း မင်းဆက်၏ပျက်စီးမှုက ရှောင်မရခဲ့ပေ။ သဘာဝနှင့် နိုင်ငံရေးဆိုင်ရာ ဘေးအန္တရာယ်များ၊ အားနည်းသောအုပ်စိုးရှင်များ၊ မိမိကိုယ်ကို အချစ်လွန် အတ္တကြီးနေသည့် ဘုရင်များ၊ နိုင်ငံခြားဖိအားများနှင့် အင်းဝ၏ ဗဟိုချက်အပြင်ဘက်တွင် ရေရှည်တည်တံ့သော တရားဝင်မှုကို မတည်ဆောက်နိုင်ခြင်းတို့မှ ဖြစ်ပေါ်လာသော စုပေါင်းပျက်စီးမှုများမှတဆင့် ဗဟိုချုပ်ကိုင်ရန် စမ်းသပ်မှုလည်း များစွာအရာမထင် ဖြစ်ခဲ့ရပေသည်။
----------
[1] စစ်ရှုံးဘုရင်တဦးဖြစ်ရာ ယင်းပမာဏမှာ ပိုပိုသာသာရေးခြင်း ဖြစ်ပါလိမ့်မည်။ ဦးကုလား မဟာရာဇဝင်တွင် ရွှေပိဿာ တရာပေးမည်ဟု ဗန်းမော်စော်ဘွားမှ တဆင့်လျှောက်ခိုင်းကြောင်း ဆိုပါသည်။ မြန်မာတို့က ယုံလီသည် ဘုရင်ပြန်လုပ်ရန် စစ်ကစားမှုများရှိကြောင်း များစွာရေးသည့်တိုင် တရုတ်မှတ်တမ်းများကမူ စစ်ရှုံးဘုရင်တွင် လက်ကျန်အင်အား ၂၀၀၀ ပင် မပြည့်တတ်ဟု ရေးပါသည်။
[2] ပင်းတလဲမင်းသည် မိမိကိုယ်ကို မင်အင်ပါယာ၏ အရှင်သခင်အဖြစ်ခံယူကာ ယုံလီအား အဝေးမှ ဘုရင်ခံအဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်ဟု ဆို၏။ ဤအချက်မည်မျှ မှန်သည်ကိုတော့ မသိရပါ။ မှားယွင်းနိုင်မှုမြင့်ပါသည်။ ယုံလီသည် စစ်ပြေးဘုရင်ဖြစ်၍ ယင်းအာဏာနှင့် စစ်တပ် မရှိတော့သည်ကတော့ သေချာပြီဖြစ်သည်။
[3] ရက်စွဲခုနှစ်များမှာ အချို့မှတ်တမ်းများတွင် ကွဲပြားမှုရှိပါသည်။
[4] ဦးကုလား မဟာရာဇဝင်ကြီးတွင်မူ မဟာဓမ္မရာဇာဓိပတိသည် ရုပ်ချောကြောင်း၊ ဉာဏ်ကောင်းကြောင်း၊ ပေးကမ်း စွန့်ကြဲမှု အားကောင်းကြောင်း ပါဝင်သည်။
Comments
Post a Comment