Skip to main content

နေမင်းကြီးနှင့် ဂြိုဟ်ရံများ သို့မဟုတ် Solar Polity သီအိုရီ (မဏ္ဍလဆောင်းပါးတွဲ၊ ၁)

ရှေးခေတ် မြန်မာဘုရင်တွေကို "နေထွက်ဘုရင်"၊ "အာဒိစ္စဝံသ (နေမျိုးနွယ်)" စသည်ဖြင့် တင်စားခေါ်ဝေါ်လေ့ ရှိကြတယ်။ ဒီတင်စားမှုဟာ ဘုန်းတန်ခိုးကြီးမားခြင်း သက်သက်မဟုတ်ဘဲ၊ အဲဒီခေတ်က နိုင်ငံရေးစနစ် လည်ပတ်ပုံကို အကောင်းဆုံး ရှင်းပြနေတဲ့ ဥပမာတခု ဖြစ်နေတယ်။
ခေတ်သစ် သမိုင်းပညာရှင် Victor Lieberman က ရှေးခေတ် အရှေ့တောင်အာရှ နိုင်ငံတွေကို "နေစကြဝဠာပုံ နိုင်ငံရေး" (Solar Polity) လို့ အမည်တပ်ခဲ့တယ်။ ဒီသီအိုရီအရ ဘုရင်နဲ့ နေပြည်တော်ဟာ "နေမင်းကြီး" (The Sun) ဖြစ်ပြီး၊ မြို့စား၊ ရွာစား၊ စော်ဘွားတွေကတော့ "ဂြိုဟ်ရံများ" (Planets) ဖြစ်ကြတယ်။
ဒီနေ့ခေတ် နိုင်ငံတွေလို တနိုင်ငံလုံး တပြေးညီ အုပ်ချုပ်ခြင်း မဟုတ်ဘဲ၊ နေမင်းကြီးရဲ့ "ဆွဲငင်အား" (Gravity) အပေါ် မူတည်ပြီး အာဏာသက်ရောက်မှု အနီးအဝေး ကွာခြားသွားတဲ့ စနစ်ဖြစ်တယ်။
၁။ အလွှာသုံးဆင့် အုပ်ချုပ်ရေး (The Three Zones of Power)
ရှေးခေတ် ပေါက္ကံရာမ (ပုဂံ) ဒါမှမဟုတ် အင်းဝ ဘုရင့်နိုင်ငံကို လေ့လာရင် မြေပုံပေါ်မှာ အရောင်တရောင်တည်း ခြယ်ထားသလို တသားတည်း မဟုတ်ဘဲ၊ ဗဟိုကနေ အစွန်အဖျားဆီ အလွှာလိုက် ကွာခြားသွားတာ တွေ့ရမယ်။

ဇုန် (၁) - နေပြည်တော်နဲ့ ကျောက်ဆည် (The Core) - ဒါက ဘုရင်မင်းမြတ် တိုက်ရိုက်အုပ်ချုပ်တဲ့ နေရာဖြစ်တယ်။ ဥပမာ ပုဂံခေတ်ဆိုရင် ပုဂံမြို့ဝန်းကျင်နဲ့ စပါးကျီဖြစ်တဲ့ ကျောက်ဆည်ခရိုင် ဖြစ်တယ်။ ဒီနေရာမှာ ဘုရင့်အမိန့်က ထိရောက်တယ်။ အခွန်အတုတ်ကို တိုက်ရိုက်ကောက်ခံနိုင်တယ်။ ဘုရင့်တပ်မတော် (Royal Guards) အခြေစိုက်တယ်။ ဒီနေရာဟာ "နေမင်းကြီး" ကိုယ်တိုင်ဖြစ်တယ်။

ဇုန် (၂) - မြို့စားနယ်စားများ (The Inner Ring) - နေပြည်တော်နဲ့ အနည်းငယ် လှမ်းတဲ့ မြို့ကြီးတွေ (ဥပမာ ပြည်၊ တောင်ငူ) မှာ ဘုရင်က ခန့်အပ်ထားတဲ့ "မြို့စား" တွေ ရှိတယ်။ ဒါပေမဲ့ သူတို့က ဒီနေ့ခေတ် ခရိုင်အုပ်ချုပ်ရေးမှူးတွေလို "လစာစား ဝန်ထမ်း" (Civil Servants) မဟုတ်ကြဘူး။ သူတို့က အဲဒီမြို့က ရသမျှ အခွန်ကို ကိုယ်တိုင် "စား" ခွင့်ရှိသူတွေ (Eater of Cities) ဖြစ်တယ်။ သူတို့က ဘုရင်ကို သစ္စာခံထားပေမဲ့၊ လက်တွေ့မှာ ကိုယ့်တပ်၊ ကိုယ့်အစီအမံနဲ့ "ဘုရင်ငယ်" တွေလို နေထိုင်ကြတယ်။ နေမင်းကြီး (ဗဟိုဘုရင်) အားကောင်းနေသမျှ ကာလပတ်လုံး သူတို့ဟာ ဂြိုဟ်တွေလို လှည့်ပတ်နေကြမယ် ဖြစ်ပေမဲ့၊ နေမင်းကြီး အားနည်းသွားရင် (သို့မဟုတ် ဆွဲငင်အား ပျက်သွားရင်) သူတို့က လမ်းကြောင်းလွဲပြီး ပုန်ကန်သွားတတ်ကြတယ်။

ဇုန် (၃) - လက်အောက်ခံ ပိုင်နက်များ (The Outer Ring / Tributaries) - အဝေးဆုံးဖြစ်တဲ့ ရှမ်းကုန်းပြင်မြင့်၊ ရခိုင်ရိုးမ တဖက်ခြမ်း၊ ကချင်တောင်တန်း စတဲ့ ဒေသတွေ ဖြစ်တယ်။ ဒီနေရာတွေမှာ ဘုရင့်အာဏာစက်ဟာ "သီအိုရီ" အရသာ ရှိတယ်။ လက်တွေ့မှာ ဒေသခံ စော်ဘွား၊ စော်ကန်၊ ဒူဝါ၊ ရမ်အုပ် မျိုးနွယ်စုခေါင်းဆောင်တွေက သူတို့ရဲ့ ရိုးရာဓလေ့၊ ကိုယ်ပိုင်ဥပဒေတွေနဲ့ လွတ်လပ်စွာ အုပ်ချုပ်ကြတယ်။ ပတ်ဝန်းကျင်ဘုရင်တွေနဲ့ (မြန်မာ/တရုတ်/ထိုင်း ဘုရင်များ) ဆက်စပ်ရင် သူတို့ရဲ့ တာဝန်က တနှစ်တခါ "လက်ဆောင်ပဏ္ဏာ" (Tribute) ဆက်သဖို့နဲ့ စစ်ဖြစ်ရင် "စစ်သည်အင်အား" ပို့ပေးဖို့သာ ဖြစ်တာများတယ်။ ဘုရင်က သူတို့ရွာထဲ ဝင်ပြီး တရားစီရင်ခွင့်၊ အခွန်ကောက်တာ မရှိသလောက် နည်းပါးတယ်။ အဲ့လိုလုပ်လာရင်လည်း ပုန်ကန်ကြတာပဲ။

၂။ ဆွဲငင်အား ပြိုင်ပွဲ (The Gravitational Pull)
Solar Polity စနစ်ရဲ့ အဓိက သော့ချက်က "အာဏာဟာ အသေ မဟုတ်၊ အရှင် ဖြစ်တယ်" ဆိုတဲ့ အချက်ဖြစ်တယ်။
နေမင်းကြီး (ဘုရင်) ရဲ့ ဘုန်းတန်ခိုး၊ စစ်ရေးအင်အားနဲ့ စီးပွားရေး ကြွယ်ဝမှု ကြီးမားနေချိန်မှာ ဆွဲငင်အား (Gravity) ကောင်းလို့ အဝေးက ဂြိုဟ်ရံတွေ (စော်ဘွားတွေ၊ မြို့စားတွေ) ဟာ ငြိမ်ဝပ်ပိပြားစွာ လည်ပတ်နေကြတယ်။ ဒါပေမဲ့ ဘုရင်က ညံ့ဖျင်းရင်၊ ဒါမှမဟုတ် နန်းတွင်းရေး ရှုပ်ထွေးပြီး ဗဟိုအာဏာ လျော့နည်းသွားရင် ဆွဲငင်အား ကျဆင်းသွားတယ်။ အဲဒီအခါ အဝေးဆုံး ဇုန် (၃) က ဂြိုဟ်ရံတွေဟာ ပတ်လမ်းကနေ လွင့်ထွက်သွားကြတယ်။
တချို့က လွတ်လပ်ရေး ကြေညာပြီး ကိုယ်ပိုင် "နေမင်း" (အင်ပါယာသစ်) လုပ်ဖို့ ကြိုးစားတယ်။ တချို့က အနီးနားရှိ အခြား နေမင်းကြီး တစင်း (ဥပမာ- အယုဒ္ဓယ ဒါမှမဟုတ် တရုတ်) ရဲ့ ဆွဲငင်အားအောက်ကို ပြောင်းရွှေ့ခိုလှုံသွားကြတယ်။ ရှေးခေတ် စစ်ပွဲတွေ (ဥပမာ ဟံသာဝတီနဲ့ အင်းဝ စစ်ပွဲ၊ ဗမာ-ယိုးဒယား စစ်ပွဲ) ဆိုတာ အနှစ်သာရအားဖြင့် ဒီကြားခံ ဂြိုဟ်ရံတွေကို "လွန်ဆွဲလုယူတဲ့ ပွဲ" (Tug of War) သာ ဖြစ်တယ်။ နယ်မြေကို လုတာ မဟုတ်ဘဲ၊ အဲဒီနယ်မြေရှိ လူအင်အားနဲ့ သစ္စာခံမှုကို လုယူတာ ဖြစ်တယ်။ ချင်းတရုတ်-မြန်မာ စစ်ပွဲတွေဟာ ဒီသဘောတွေနမူနာပါပဲ။

၃။ ဗြူရိုကရေစီ ဒဏ္ဍာရီ
ဒီနေ့ခေတ် ကျောင်းစာအုပ်တွေမှာ "ရှေးမြန်မာမင်းများ၏ အုပ်ချုပ်ရေးစနစ်" လို့ဆိုပြီး ဝန်ကြီး၊ အတွင်းဝန်၊ မြို့ဝန် စသည်ဖြင့် ဖွဲ့စည်းပုံဇယားတွေ ဆွဲပြလေ့ရှိတယ်။ အဲဒီဇယားတွေကို ကြည့်ပြီး စာရေးသူတို့က "ဪ... ရှေးတုန်းကလည်း ဒီနေ့ခေတ် အစိုးရရုံးတွေလို စနစ်တကျ ရှိခဲ့တာပဲ" လို့ ထင်မြင်မိတတ်တယ်။

ဒါဟာ အမှားကြီးတခုပါ။

ရှေးခေတ် "လွှတ်တော်" ဆိုတာ ဒီနေ့ခေတ် ဝန်ကြီးဌာနတွေလို မူဝါဒချမှတ်ပြီး တနိုင်ငံလုံးကို စီမံတဲ့ နေရာ မဟုတ်ဘူး။ ဘုရင်နဲ့ သူ့မိသားစု၊ သူ့ကျေးကျွန်တွေရဲ့ ကိစ္စရပ်တွေကို အဓိက စီမံတဲ့ နေရာသာ ဖြစ်တယ်။ ဝေးလံတဲ့ ကျေးလက်ဒေသတွေမှာ ဗဟိုအစိုးရရဲ့ "အုပ်ချုပ်ရေး ယန္တရား" (State Machinery) ဆိုတာ မရှိသလောက် နည်းပါးတယ်။ ကျေးရွာတွေဟာ မိမိတို့ဖာသာ မိမိတို့ စီမံအုပ်ချုပ်ကြပြီး (Self-governing communities)၊ အစိုးရမင်းများ ဆိုတာ "အခွန်လာကောက်မှသာ မြင်ရတဲ့ ဧည့်သည်တွေ" သာ ဖြစ်တယ်။

"နေမင်းကြီးနဲ့ ဂြိုဟ်ရံများ" (Solar Polity) သဘောတရားကို နားလည်လိုက်မှသာလျှင် မြန်မာ့သမိုင်းရဲ့ ရှုပ်ထွေးမှုတွေကို ရှင်းရှင်းလင်းလင်း မြင်ရပါလိမ့်မယ်။ ရှေးခေတ် နိုင်ငံဆိုတာ တသွေးတသံတမိန့် စနစ်နဲ့ လည်ပတ်ခဲ့တာ မဟုတ်ဘူး။ ဗဟိုနဲ့ အစွန်အဖျားကြား အမြဲတမ်း ညှိနှိုင်းနေရတဲ့၊ အားပြိုင်နေရတဲ့၊ ပျော့ပျောင်းတဲ့ ဆက်ဆံရေး ကွန်ရက်ကြီးသာ ဖြစ်တယ်။ ဒီနေ့ခေတ် ဖက်ဒရယ် ဒီမိုကရေစီ တောင်းဆိုမှုတွေမှာ ပါဝင်နေတဲ့ "ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်" (Self-determination) ရဲ့ သမိုင်းကြောင်း ဇစ်မြစ်ဟာ ဒီ "ဇုန် (၃)" (The Outer Ring) ရဲ့ လွတ်လပ်ခဲ့ဖူးတဲ့ သမိုင်းအစဉ်အလာတွေပေါ်မှာ အခြေခံနေတာ ဖြစ်တယ်။ အတိတ်က "တပြည်ထောင်ကြီး" (Unitary State) ရှိခဲ့တယ်လို့ ပြောဆိုခြင်းဟာ သမိုင်းကို လိမ်ညာသလိုသာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

 

May be an image of map 

Comments

Popular posts from this blog

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

လူတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ ဘာမှမသိတဲ့ အခြေအနေကနေ ဉာဏ်ပညာ ပွင့်လင်းသွားတဲ့ အဆင့်ဆီ ချက်ချင်းကြီး ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်မှာ ဖြတ်သန်းရတဲ့ အဆင့်တွေ ရှိတယ်။ အဆင့်တခုစီက ရှုပ်ထွေးမှုတွေထဲ နစ်မွန်းမသွားစေဘဲ အကြောင်းအရာတွေကို ပိုပြီး လက်ခံနိုင်စွမ်း ရှိလာအောင် ကူညီပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်နဲ့ တင်းတင်းကျပ်ကျပ် သတ်မှတ်ကန့်သတ်ခံထားတာမျိုး မဟုတ်ဘဲ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ ပိုရှင်းအောင်ပြောရရင် ဦးနှောက်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ် ဖွင့်ဆိုပုံတွေ ကွဲပြားသွားတာပါ။ အရှင်းလင်းဆုံး ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ပြောင်းလဲသွားတဲ့ ဒီအဆင့် ၅ ဆင့်အကြောင်းကို အသေအချာ လေ့လာကြည့်ကြရအောင်။   အဆင့် ၁ - ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်း ဘယ်သင်ယူမှု ခရီးစဉ်မှာမဆို အစပိုင်းမှာ ဦးနှောက်က ရှင်းလင်းပြတ်သားမှုကိုပဲ လိုလားတယ်။ ပြတ်သားတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ မြန်မြန်ဆန်ဆန် ခွဲခြားသတ်မှတ်နိုင်ဖို့ လိုအပ်တယ်။ ဒါဟာ အားနည်းချက် မဟုတ်ဘဲ ရှင်သန်ရေးအတွက် သုံးတဲ့ နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက် အတွဲလိ...

မြန်မာနိုင်ငံ၏ အခြေအနေ

မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။ [1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။ မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီ...

ရာမညဒေသနှင့် မွန်အမျိုးသားလူထု နိုင်ငံရေးအမွေအနှစ်

မွန်လူမျိုးများသည် နှစ်ပေါင်းထောင်ချီသမိုင်းနှင့် တည်ရှိသောလူမျိုးများဖြစ်သည်။ ပြည်ထောင်စုရှိ အခြားတိုင်းရင်းသားများနှင့် ကွဲပြားသော ဘာသာစကားနှင့် ယဉ်ကျေးမှု လက္ခဏာများ ရှိကြသည်။ ဒေသတွင်းတွင် လူမျိုးအများစု ပြောသောစကားများမှာ Sino-Tibetan ဘာသာစကား အနွယ်ဝင် ဖြစ်သော်လည်း မွန်တို့ပြောသော ဘာသာစကားမှာ ဝ၊ တအာင်းတို့နှင့် အနွယ်တူသည့် Austroasiatic ဘာသာစကားအနွယ်ဝင် ဖြစ်သည်။ ပို၍စောသည့် Proti-austroasiatic ဘာသာစကားများကိုမူ တရုတ်ပြည်တောင်ပိုင်း သို့မဟုတ် ဗီယက်နမ်မြစ်နီမြစ်ဝှမ်းဘက်တွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ မှ ၅၀၀၀ ကြား စတင်ခဲ့သည်ဟုမှန်းရပြီး မွန်ခမာအနွယ်တို့သည် တရုတ်ပြည်မှ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများသို့ ပျံ့နှံ့သည်ဟု ပညာရှင်များက ယူဆကြသည်။ အိန္ဒိယအရှေ့ပိုင်းရှိ မုန်ဒ/မွန်ဒလူမျိုးများသည်လည်း Austroasiatic ဘာသာစကားပြောကြသူများ ဖြစ်သည်။ သမိုင်းပညာရှင်များက ယင်းလူမျိုးများကို အရှေ့တောင်အာရှတွင် ဆန်စပါးစိုက်ပျိုးခြင်းကို ကျွမ်းကျင်ခဲ့ကြသော ရှေးဦးမျိုးနွယ်များဖြစ်သည်ဟု ယုံကြည်ကြသည်။ [1] မွန်တို့သည် ဒေသတွင်း ပထမဆုံး အိန္ဒိယဒေသ အက္ခရာများကို လက်ခံကျင့်သုံးပြီး သက္ကတနှင့် ပါဠိ ဘာသာတ...