ကုန်းဘောင်မင်းဆက်သည် အင်ပါယာအတွက် အာဏာကို စုစည်းရန်သာမက၊ ကိုလိုနီနယ်ချဲ့မှုများကို မိမိလည်း ပြုလုပ်ရင်း၊ မိမိထံ ပြုလုပ်လာမှုများကိုလည်း ပြန်ခုခံရင်း၊ ခေတ်သစ်အမျိုးသားရေးလက္ခဏာကို ပုံဖော်ရန် နောက်ဆုံးသောပဒေသရာဇ်ဘုရင်များ၏ ကြိုးပမ်းမှုဖြစ်ခဲ့သည်။
တောင်ငူမင်းဆက် ပျက်စီးသောအခါ အကြီးဆုံးအာဏာဖြစ်နိုင်သည့် အဝန်းအဝိုင်း သုံးခု ပေါ်ခဲ့၏။ ယင်းတို့မှာ ဟံသာဝတီမွန်တပ်၊ ကွေ့သျှမ်းတပ်နှင့် မုဆိုးဘို ရွာသူကြီး ဦးအောင်ဇေယျတို့ဖြစ်သည်။ ယင်းတို့တွင် ဦးအောင်ဇေယျသည် အစပိုင်း၌ နိုင်ငံခြားသားနှင့် ဗမာမဟုတ်သူတို့အကြားတွင် ရေပန်းစားမှု အနည်းဆုံး ဖြစ်ခဲ့သေးသည်။ သို့ရာတွင် လူမျိုးရေးပွတ်တိုက်သည့် ပြဿနာများ ရှိလာနေသည့်အတွက် ဗမာအများစုအဖို့မူ ဦးအောင်ဇေယျသည် အကောင်းဆုံး ရွှေးချယ်မှုဖြစ်၏။[1]
ဦးအောင်ဇေယျသည် အင်းဝကို သိမ်းထားသည့် ပြန်လည်ထူထောင်သော ဟံသာဝတီတပ်များကို လျင်မြန်စွာ နှင်ထုတ်လိုက်ခြင်းမှ ကုန်းဘောင်မင်းဆက် အစပြု၏။ ၁၇၅၉ ခုနှစ်တွင် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ကို ပေါင်းစည်းခဲ့ပြီး မဏိပူရပတ်ဝန်းကျင်ဒေသကိုလည်း ပြန်လည်ရယူခဲ့ကာ သန်လျင်နှင့် ငပုတောကဲ့သို့သော ကမ်းရိုးတန်းဒေသများမှ ဥရောပသားများကြီးစိုးမှုကိုလည်း ဖယ်ထုတ်ခဲ့သည်။ ရန်ကုန်ကို ကမ်းရိုးတန်း ဗဟိုဌာနအဖြစ် တည်ထောင်ရန်အတွက် ဆုံးဖြတ်၏။ ရေကြောင်းဆက်ဆံရေးဆီသို့ ဦးတည်မှုကို ထင်ဟပ်ပြီး ဥရောပအင်အားကြီးနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးအတွက် လမ်းကြောင်းဖြစ်သလို နောင်အခါ ဖြစ်လာမည့် ပဋိပက္ခများ နှစ်ခုစလုံးအတွက် တံခါးဖြစ်လာခဲ့သည်။
စကြဝတေးမင်းဘွဲ့ကို ခံယူလိုသူ ဘုရင်များမှာ မိမိတို့ကိုယ်ကို ဇမ္ဗူဒိပ်ကျွန်း၏ စံပြများအဖြစ် ရပ်တည်လိုခဲ့ကြသည်။ ဤဝါဒသည် သင်္ကေတသက်သက်မဟုတ်ပေ။ စကြဝတေးမင်း၏ လက္ခဏာဟု ယုံကြည်ရသော ရှားပါးသော ဆင်ဖြူတော်များသည် ကုန်းဘောင်မင်းများ၏ ဘွဲ့တော်များနှင့် ရုပ်ပုံများကို တန်ဆာဆင်ခဲ့သည်။ "ဆင်ဖြူရှင်" ကဲ့သို့သော ဘွဲ့တော်များသည် ကျက်သရေရှိသော တန်ဆာဆင်ယင်မှုများ သာမက ယုံကြည်မှုများ (နက္ခတ်၊ ဗေဒင်၊ ဝိညာဉ်ရေးရာ) အတွင်းမှ တရားဝင်မှုကိုပါ ပုံဖော်သည်။ ယိုးဒယားမှ ရခိုင်အထိ၊ တနင်္သာရီမှ အာသံအထိ အောင်ပွဲတိုင်းတွင် ကုန်းဘောင်နန်းတော်သည် နယ်မြေကိုသာမက ဘာသာရေးယုံကြည်မှု၏ အသိအမှတ်ပြုမှုကိုပါ တည်ဆောက်ခဲ့သည်။
အစောပိုင်းစစ်ရေးလှုပ်ရှားမှုများသည် ဒေသတလျှောက် ကုန်းဘောင်စစ်အင်အားကို မြင်သာစေသည်။ အလောင်းဘုရား၏သား ဆင်ဖြူရှင်သည် နှစ်ပေါင်းများစွာ ကြမ်းတမ်းသော စစ်ဆင်ရေးများအပြီး ၁၇၆၇ ခုနှစ်တွင် မြို့တော်အယုဒ္ဓယကို ဖျက်ဆီးခဲ့သည်။ ဗမာ့တပ်မတော်သည် ၁၇၆၅ ခုနှစ်နှင့် ၁၇၆၉ ခုနှစ်အကြား တရုတ်ပြည် ချင်းမင်းဆက်၏ လေးကြိမ်တိုင်တိုင် ကျူးကျော်မှုများကို ရင်ဆိုင်တိုက်ခိုက်၍ အောင်နိုင်ခဲ့သည်။ နောက်ဆုံးကျူးကျော်မှုတွင် စစ်သူကြီး မဟာသီဟသူရသည် စစ်ပန်းနေသည့် စစ်သူရဲများ၊ နောက်နောင် ဆက်ဆံရေးများ ထောက်ထား၍ ကောင်းတုံစာချုပ်ကို ကိုယ့်ဘာသာဆုံးဖြတ်ချုပ်ဆိုကာ စစ်ပြေငြိမ်းခဲ့သည်။
တရုတ်-မြန်မာ စစ်ပွဲတွင် မြန်မာတို့၏ ဆုံးရှုံးမှုသည် တရုတ်တို့နှင့် နှိုင်းယှဉ်လျှင် နည်းပါးသော်လည်း လူဦးရေနှင့် အချိုးချကြည့်ပါက ထိခိုက်မှုကြီးမားလှသည်။ မြန်မာစစ်သူကြီးများက သဘောမတူကြသော်လည်း မဟာသီဟသူရသည် မိမိတာဝန်ယူ၍ ဘုရင်အား အသိမပေးဘဲ ညှိနှိုင်းရာ တရုတ်ပိုင်နက်အတွင်း ခိုလှုံနေသော စော်ဘွားများနှင့် အခြားသူပုန်၊ ထွက်ပြေးသူအားလုံးကို ပြန်ပေးရန်၊ အချုပ်အခြာအာဏာ လေးစားရန်၊ စစ်သုံ့ပန်းများ လွှတ်ရန်၊ ချစ်ကြည်ရေး သဝဏ်လွှာများနှင့် လက်ဆောင်များ ပုံမှန်ဖလှယ်ရန် စသည်တို့ ပါ၏။[2]
တရုတ်စစ်သူကြီးများက ထိုအချက်များကို သဘောတူညီခဲ့ကြသည်။[3] ၁၇၆၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ကောင်းတုံ၌ မြန်မာအရာရှိ ၁၄ ဦးနှင့် တရုတ်အရာရှိ ၁၃ ဦးတို့သည် ကောင်းတုံစာချုပ်ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။ တရုတ်တို့သည် သူတို့၏လှေများကို မီးရှို့ကာ အမြောက်များကို အရည်ကျိုခဲ့ကြသည်ဟု ဆို၏။ နှစ်ရက်အကြာတွင် ဗိုက်ဆာနေသော တရုတ်စစ်သားများသည် ညှိုးငယ်စွာ ချီတက်ထွက်ခွာသွားကြပြီး တောင်ကြားလမ်းများတွင် ထောင်ပေါင်းများစွာ အစာငတ်မွတ်၍ သေဆုံးခဲ့ကြသည်ဟု တွေ့ရသည်။[4]
စစ်ပွဲများ ရပ်တန့်ခဲ့ပြီးသော်လည်း စာချုပ်ပါ အချက်များထဲမှ မည်သည့်အချက်ကိုမျှ နှစ်ဖက်စလုံးက လေးစားလိုက်နာခြင်း မရှိခဲ့ပေ။ ဘေဂျင်းတွင် ချန်လုံဧကရာဇ်သည် စာချုပ်နှင့်ပတ်သက်၍ မကျေနပ်ခဲ့ပေ။ သံအဖွဲ့များ လက်ဆောင်ပဏ္ဍာလဲလှယ်ခြင်းသည် မြန်မာတို့၏ လက်အောက်ခံဖြစ်ခြင်းနှင့် အခွန်ဆက်ခြင်း ဖြစ်သည်ဟူသော တရုတ်စစ်သူကြီးများ၏ ဆင်ခြေပြုရှင်းပြမှုကို လက်မခံခဲ့ပေ။ တရုတ်တို့က စော်ဘွားများကို ပြန်မပေးသလို မြန်မာတို့ကလည်း တရုတ်စစ်သုံ့ပန်း ၂၅၀၀ မျှကို ပြန်မပေးဘဲ ပြန်လည်နေရာချထားခဲ့သည်။ ချင်းမင်းဆက်သည် အရေးပါသော နယ်ခြားကျွမ်းကျင်သူ အချို့ကျဆုံး၍ ငွေတာရဲလ် ၉.၈ သန်း ကုန်ကျခဲ့သည်။ သို့သော်လည်း ဧကရာဇ်သည် နောက်ထပ်စစ်ပွဲဆင်နွှဲရန် ဆယ်စုနှစ်တခုခန့် ယူနန်နယ်စပ်ဒေသများတွင် အင်အားကြီးမားသော တရုတ်စစ်တပ်ကို အထိုင်ချထားခဲ့ပြီး နှစ်ဆယ်စုနှစ်ကြာအောင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို ပိတ်ပင်ခဲ့ပြန်သည်။
ဆင်ဖြူရှင်မင်းဘက်မှသည်လည်း စစ်ဗိုလ်ချုပ်များက သူ့အားအသိမပေးဘဲ ဆောင်ရွက်ခဲ့ခြင်းကြောင့် အမျက်ဒေါသ ထွက်ခဲ့ပြီး စာချုပ်မိတ္တူကို ဆုတ်ဖြဲပစ်ခဲ့သည်။ ဘုရင်အမျက်ထွက်နေသည်ကို သိသဖြင့် မြန်မာစစ်တပ်များသည် မြို့တော်သို့ပြန်ရန် ကြောက်ရွံ့ခဲ့ကြသည်။ ၁၇၇၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် တရုတ်နှင့် မြန်မာတို့၏ ပြဿနာများကို အခွင့်ကောင်းယူ၍ ပုန်ကန်ခဲ့သော မဏိပူရသို့ ချီတက်သွားကာ တိုက်ခိုက်ခဲ့၏။ သုံးရက်ကြာ တိုက်ပွဲအပြီးတွင် မဏိပူရတပ်များ ရှုံးနိမ့်၍ အာသံစော်ဘွား ပြေးမှ ဗမာဘက်မှ သစ္စာခံသူကို နန်းတင်ပြီး ပြန်လာခဲ့ကြသည်။ သို့သော်လည်း မဟာသီဟသူရ မျက်နှာမရပေ။ ဆင်ဖြူရှင်မင်းက စစ်သူကြီး မဟာသီဟသူရအား မိန်းမဝတ်အင်္ကျီ ပေးပို့ကာ သျှမ်းပြည်နယ်သို့ အခြားဗိုလ်ချုပ်များနှင့်အတူ နယ်နှင်ခဲ့၏။[5]
မြန်မာတို့သည် နှစ်ပေါင်းများစွာ တရုတ်တို့၏ နောက်ထပ်ကျူးကျော်မှု အန္တရာယ်ကို စိုးရိမ်ခဲ့ရပြီး နယ်စပ်တလျှောက် စစ်စခန်းများလည်း ချထားခဲ့ကြသည်။ စစ်ပွဲ၏ ထိခိုက်မှုများနှင့် မြောက်ပိုင်းနယ်စပ်ကို စောင့်ကြပ်ရန် လိုအပ်နေမှုတို့သည် ထိုင်းဘက်တွင် စစ်ပွဲပြန်လည်စတင်ရန် မြန်မာ့စစ်ရေးစွမ်းရည်ကို များစွာ အဟန့်အတား ဖြစ်စေခဲ့သည်။ မြန်မာတို့ ထိုင်းသို့ နောက်ထပ်ကျူးကျော်တိုက်ခိုက်ရေးတပ်ဖွဲ့ စေလွှတ်ရန် ငါးနှစ်အထိ ကြာမြင့်သွားစေခဲ့သည်။
မြန်မာနှင့် တရုတ်တို့ သံတမန်ဆက်ဆံရေး ၁၇၉၀ ပြည့်နှစ်တွင် ပြန်လည်စတင်ခဲ့သည်။ ကုန်သွယ်မှု ပြန်လည်စတင်လိုသော သျှမ်းမှူးမတ်များနှင့် ယူနန်အရာရှိများက ကြားဝင်ခဲ့ကြ၏။ ဘိုးတော်ဘုရားအတွက် ဆက်ဆံရေး ပြန်လည်စတင်ခြင်းသည် တန်းတူသဘောဖြစ်ပြီး လက်ဆောင်များ လဲလှယ်ခြင်းကို သံတမန်ရေး ဓလေ့ထုံးတမ်းအရသာ မှတ်ယူခဲ့ကြသည်။ သို့သော် တရုတ်တို့အတွက်မူ ထိုသံတမန်မစ်ရှင်များအားလုံးကို အခွန်ဆက်ခြင်းအဖြစ် မှတ်ယူခဲ့ကြသည်။ ချင်းဧကရာဇ်သည် ဆက်ဆံရေး ပြန်လည်စတင်ခြင်းကို မြန်မာတို့၏ လက်အောက်ခံမှုအဖြစ် ရှုမြင်ခဲ့ပြီး တဖက်သတ် အောင်ပွဲခံကာ “မဟာအောင်စစ်ပွဲကြီးဆယ်ခု” စာရင်းတွင် ထည့်သွင်းခဲ့လေသည်။
ဘိုးတော်ဘုရားသည် ၁၇၈၄ ခုနှစ်တွင် ရခိုင်နယ်ဘက်ကို သိမ်းပိုက်စေသည်။ မြို့တော်ကို အမရပူရသို့ ပြောင်းရွှေ့ခဲ့သည်။ ဗုဒ္ဓဘာသာ သာသနာပြုအလုပ်များ လုပ်သည်။ လူအများအပြားကို နေရာရွေ့ပြောင်းခြင်း၊ ယဉ်ကျေးမှုများကို ဖိနှိပ်ခြင်းနှင့် စစ်ပွဲအတွက် မဖြစ်မနေ အလုပ်ခိုင်းစေခြင်းစနစ်များသည် လူ့အဖွဲ့အစည်း၏ တည်ဆောက်ပုံကို ဖိစီးလာစေခဲ့သည်။
၁၉ ရာစုအစောပိုင်း ဗမာအင်ပါယာ၏ အရွယ်အစားသည် စီမံခန့်ခွဲရေးအဖို့ မနိုင်ဝန်ဖြစ်လာခဲ့သည်။ ဘကြီးတော်လက်ထက်တွင် ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီနယ်မြေများသို့ စစ်ချဲ့ထွင်မှုကြောင့် ပထမ အင်္ဂလိပ်-ဗမာစစ်ပွဲ ဖြစ်ပွားခဲ့သည်။ စစ်ပွဲသည် ဆိုးဝါးစွာ အဆုံးသတ်ခဲ့ပြီး ရခိုင်၊ မဏိပူရ၊ အာသံ[6]နှင့် တနင်္သာရီတို့ကို လက်လွှတ်ဆုံးရှုံးစေခဲ့သလို များပြားလွန်းသော စစ်လျော်ကြေးများက ဘဏ္ဍာတိုက်ကို ကုန်ခန်းစေခဲ့သည်။ ကုန်းဘောင်မင်းဆက် ကျဆင်းမှုလမ်းကြောင်း စတင်ခဲ့ပြီဖြစ်သည်။
၁၈၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန္တပိုရ်စာချုပ်ကို ဗြိတိသျှဘက်မှ ဗိုလ်ချုပ် ကမ်းဘဲလ် (Gen. Campbell) နှင့် မြန်မာဘက်မှ မဟာမင်းလှကျော်ထင်တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဗြိတိသျှတို့သည် မြန်မာအား လျော်ကြေးအဖြစ် စတာလင်ပေါင်တသန်း ပေးဆောင်ရန် တောင်းဆိုခဲ့ရာ၊ ထိုခေတ်ကာလ ဥရောပတွင်ပင် အလွန်တရာကြီးမားသော ပမာဏဖြစ်သည်။ လျော်ကြေးပေးချေမှုကို လေးကြိမ်ခွဲ ပေးဆောင်နိုင်ရန် သတ်မှတ်ခဲ့ပြီး၊ စာချုပ်လက်မှတ်ရေးထိုးသည်နှင့် ပထမအရစ်ကို ချက်ချင်း ပေးချေရမည်ဖြစ်သည်။ ဒုတိယအရစ်ကို ရက်ပေါင်း ၁၀၀ အတွင်း ပေးသွင်းရမည်ဖြစ်ပြီး၊ ကျန်ရှိသော အရစ်နှစ်ခုကိုမူ နှစ်နှစ်အတွင်း ပြီးစီးစေရမည်ဖြစ်သည်။ အထူးသဖြင့်၊ ဒုတိယအရစ်ပေးချေပြီးစီးမှသာ ဗြိတိသျှတပ်များသည် ရန်ကုန်မှ ဆုတ်ခွာမည်ဟူသော စည်းကမ်းချက်ကို ထည့်သွင်းခဲ့သည်။ စာချုပ်အရ မြန်မာတို့သည် ပထမအရစ်အဖြစ် စတာလင်ပေါင် ၂၅၀,၀၀၀ ကို ရွှေနှင့်ငွေများဖြင့် ပေးချေကာ ဗြိတိသျှ စစ်သုံ့ပန်းများကိုလည်း ပြန်လွှတ်ပေးခဲ့သည်။ ဤလျော်ကြေးငွေသည် မြန်မာဘုရင့်နိုင်ငံတော်အပေါ် ကြီးမားသော ငွေကြေးဝန်ထုပ်ဝန်ပိုးကို သက်ရောက်စေခဲ့ပြီး နိုင်ငံဘဏ္ဍာတိုက်ကို နှစ်ပေါင်းများစွာ ဒေဝါလီခံရမည့် အခြေအနေသို့ တွန်းပို့ခဲ့သည်။ စစ်ပွဲအတွင်း ဗြိတိသျှနှင့် အိန္ဒိယတပ်ဖွဲ့ဝင် စုစုပေါင်း ၄၀,၀၀၀ ခန့် ပါဝင်ခဲ့ပြီး ၁၅,၀၀၀ သေဆုံးခဲ့ရာ ၎င်းတို့ထဲမှ ၄ ရာခိုင်နှုန်းသာ တိုက်ပွဲတွင် ကျဆုံးခြင်းဖြစ်ပြီး ကျန်သူများမှာ ရောဂါဘယများကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု G. E. Hall ရေးပါသည်။ ထို့အပြင် စစ်စရိတ်အနေဖြင့် ဗြိတိသျှအိန္ဒိယအတွက် စတာလင်ပေါင် ၁၃ သန်းခန့် ကုန်ကျခဲ့သည်။ ဤစစ်စရိတ် ကြီးမားမှုကြောင့် အိန္ဒိယ၌ ပြင်းထန်သော စီးပွားရေး အကျပ်အတည်းများ ပေါ်ပေါက်ခဲ့ပြီး ၁၈၃၃ ခုနှစ်တွင် ဘင်္ဂလားရှိ အေဂျင်စီလုပ်ငန်းများပင် ဒေဝါလီခံရသည်။ ဤအချက်များအပါအဝင် ကုန်သွယ်ရေးအမြင် ပြောင်းလဲမှုများ ရှိလာခဲ့ရာ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ၏ အာဏာကျဆင်းလာ၍ တရုတ်ပြည်နှင့် ကုန်သွယ်ခွင့် တဦးတည်းမူပိုင်ခွင့်အပါအဝင် ကျန်ရှိသော အခွင့်အရေးများကိုပါ ဆုံးရှုံးစေခဲ့သည်။ ထို့ကြောင့် စစ်ပွဲ၏ အလွန်အမင်း ကြီးမားသော လူအင်အားနှင့် ငွေကြေးကုန်ကျစရိတ်ကို အခြေခံပြီး ဗြိတိသျှတို့ဘက်မှ ဆွေးနွေးမှုများတွင် ပြင်းထန်သော စည်းကမ်းချက်များကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
တက်လာသော သာယာဝတီမင်း၊ ပုဂံမင်းတို့က စာချုပ်ကို မကျေနပ်ပေ။ ဗြိတိသျှဘက်ကလည်း ခြိမ်းခြောက်မှု၊ ဖိစီးမှုများ ဆက်၍လုပ်သည်။ သို့နှင့် မကျေမနပ်ဖြစ်နေကြရာမှ သွေးဆူလွယ်သူ ကပ္ပတိန် လမ်းဘတ်နှင့် အချင်းများကာ ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲဖြစ်သည်။ သို့ရာတွင် ဒုတိယကျူးကျော်စစ်သည် လန်ဒန်၏ မူလအစီအစဉ် မဟုတ်ပေ။ အိန္ဒိယနိုင်ငံကို အုပ်ချုပ်နေသူ ဗြိတိသျှတို့ လက်ချက်သာ ဖြစ်သည်။[7] အထူးသဖြင့် လော့ဒ်ဒါလဟိုဇီ လူလည်ကျခြင်းနှင့် ဗိုလ်လမ်းဘတ်တို့ လက်ချက်ဟုသာ ဆိုရပေလိမ့်မည်။[8]
၁၈၅၂ ခုနှစ် ဇူလိုင်လတွင် ဘုရင်ခံချုပ် ဒါလ်ဟိုဇီ (Dalhousie) ကိုယ်တိုင် ရန်ကုန်သို့ သွားရောက်၍ ဂေါ့ဒ်ဝင် (Godwin) နှင့် လမ်ဘတ် (Lambert) တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဂေါ့ဒ်ဝင်က အမရပူရ မြို့တော်အထိ ဆက်လက် ချီတက်ရန် အဆိုပြုခဲ့ပြီး၊ မြို့တော်၌ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးရန် တောင်းဆိုနေသော လန်ဒန်သတင်းစာများကလည်း ထိုအစီအစဉ်ကို ထောက်ခံခဲ့ကြသည်။ သို့သော် ဒါလ်ဟိုဇီသည် ပြည်မြောက်ဘက်ရှိ နယ်နိမိတ်မျဉ်းအထိ ချီတက်ကာ ပဲခူးတိုင်းကို သိမ်းပိုက်ခြင်းသာလျှင် ပညာရှိရာရောက်သည့် လမ်းစဉ်ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ သို့နှင့် ပဲခူးကို သိမ်းလိုက်၏။
၁၈၅၃ ခုနှစ်တွင် ပုဂံမင်းကို ပုန်ကန်နန်းချလိုက်ကာ မင်းတုန်းမင်း နန်းတက်သည်။ ငြိမ်းချမ်းရေးကို အလိုရှိကြောင်း ပြသရန် ဥရောပတိုက်သား အကျဉ်းသားအားလုံးကို လွှတ်ပေးခဲ့ပြီး၊ ဗြိတိသျှတို့နှင့် ဆွေးနွေးရန်အတွက် သံတမန်များကို စေလွှတ်ခဲ့သည်။ သို့သော် သံတမန်များ တွေ့ဆုံရာတွင် ဗြိတိသျှတို့သည် ပဲခူးတိုင်းကို သိမ်းပိုက်ရုံသာမက ကျွန်းသစ်ကြွယ်ဝသော နယ်မြေများပါဝင်သည့် မြေထဲမြို့အထိ နယ်နိမိတ်မျဉ်းကို ထပ်မံချဲ့ထွင်ထားပြီးဖြစ်သည်။ ပဲခူးကို စီမံခန့်ခွဲရန် ခန့်အပ်ထားသော ဆာ အာသာ ပါဗတ်စ် ဖယ်ယာကို အင်းဝနန်းတော်နှင့် ညှိနှိုင်းစေခဲ့သည်။ ဖယ်ယာသည် မြန်မာ့သမိုင်းနှင့် ဘာသာစကားကို ကျွမ်းကျင်သူဖြစ်သည်။ ဒါလ်ဟိုဇီသည် ငြိမ်းချမ်းရေးအတွက် မြေထဲအထိ ထပ်တိုးသိမ်းပိုက်ထားသည့် နယ်မြေကို ပြန်လည်စွန့်လွှတ်ရန် အခွင့်အရေးပေးခဲ့သော်လည်း၊ မင်းတုန်းမင်းက နိုင်ငံခြားသားများအား မြန်မာ့နယ်မြေကို ပေးအပ်သည့် မည်သည့်စာချုပ်ကိုမျှ လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သည့်အတွက် ဆွေးနွေးပွဲများ ပျက်ပြားခဲ့ရသည်။ နောက်ဆုံးတွင် မင်းတုန်းမင်းက နယ်ခြားမှ တိုက်ခိုက်မှုများ ရပ်တန့်ရန် အမိန့်ပေးထားကြောင်း အကြောင်းကြားစာပေးပို့လာသောအခါ ဒါလ်ဟိုဇီသည် စစ်ပွဲ ရပ်စဲကြောင်း တရားဝင် ကြေညာခဲ့ပြီး၊ စစ်ဖြစ်နိုင်ခြေရှိသော အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ဗြိတိသျှအစိုးရ၏ ကိုယ်စားလှယ်အဖြစ် မဟုတ်ဘဲ သတင်းရယူသူအဖြစ်သာ တရားဝင် အသိအမှတ်ပြုထားသော သတင်းအရာရှိ သောမတ်စ် စပီးယား (Thomas Spears) ကို မြန်မာမြို့တော်တွင် ခန့်အပ်ခဲ့သည်။ မင်းတုန်းမင်းနှင့် ဖယ်ရာတို့ ဆက်ဆံရေး ကောင်းမွန်သည့် အတိုင်းအတာတွင်ပင် မည်သည့် ငြိမ်းချမ်းရေးစာခုပ်မှ မချုပ်နိုင်ခဲ့ချေ။
မင်းတုန်းမင်းသည် ပြည်ပစိန်ခေါ်မှုကို ရင်ဆိုင်နိုင်ရန် မြန်မာ့နိုင်ငံရေးကို ပြန်လည်ချိန်ညှိဖိုအတွက် (နောက်ဆုံးဖြစ်သည့်) အလေးအနက် ကြိုးပမ်းမှုပြုသည်။ မန္တလေးကို မြို့တော်အသစ်အဖြစ် တည်ထောင်ခဲ့ပြီး နက္ခတ်ဗေဒင်ဆိုင်ရာ တိကျမှု၊ သင်္ကေတဆိုင်ရာ အာဏာနှင့် အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့သည်။ ခေတ်မီပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများတွင် နိုင်ငံပိုင်စက်ရုံများ တည်ထောင်ခြင်း၊ အခွန်စနစ်ကို ပြင်ဆင်ခြင်းနှင့် စံနှုန်းသတ်မှတ်ထားသော ဒင်္ဂါးပြားများ ထုတ်လုပ်ခြင်းတို့ ပါဝင်သည်။ မင်းတုန်းမင်းသည် ပဉ္စမသင်္ဂါယနာလည်း တင်ခဲ့သည်။ အင်္ဂလိပ်တို့၏ တစတစတိုးပွားလာသည့် လွှမ်းမိုးမှု အောက်မှ ဆောက်သော ဘာသာရေးခံတပ်တခုလည်း ဖြစ်သည်ဟု ဆိုသော် မှားမည်မထင်။
သို့သော် ဤကြိုးပမ်းမှုများသည် ဗြိတိသျှအင်ပါယာ၏ တိုက်စားမှုကို ဟန့်တားနိုင်ခြင်းမရှိခဲ့ပေ။ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးယန္တရားသည် အားနည်းသော အကောင်အထည်ဖော်မှုတွင် နစ်မြုပ်နေခဲ့၏။ ဒေသဆိုင်ရာ အုပ်ချုပ်သူတို့က ခွင့်ပြုချက်မရှိသော အခွန်အကောက်များကို ချမှတ်ခဲ့သည်။ မင်းတုန်းမင်း၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများသည် စီးပွားရေးကို ပြန်လည်အသက်သွင်းနိုင်သော နိုင်ငံခြားအရင်းအနှီးနှင့် ကျွမ်းကျင်မှုကို ဆွဲဆောင်နိုင်ခြင်းလည်း မရှိခဲ့ပေ။
၁၈၈၅ ခုနှစ်တွင် မန္တလေးနန်းတွင်းအရှုပ်တော်ပုံများဖြစ်ကာ အာဏာရရှိလာပြီး စုဖုရားလတ်ဘက်မှ အင်အားကြီးမားလာသည်။ ထိန်းချုပ်ခံ ရုပ်သေးဘုရင် သီပေါမင်း တက်လာ၏။ ပြင်သစ်ဩဇာလွှမ်းမိုးမှုအပေါ် စိုးရိမ်မှုလာသည့် ဗြိတိန်သည် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲကို စတင်ခဲ့သည်။ ခပ်မြန်မြန်ပင် ပြီးသွားခဲ့သော ယင်းစစ်ပွဲကြောင့် ၁၈၈၆ ခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံကို ဗြိတိသျှအိန္ဒိယ၏ အစိတ်အပိုင်းအဖြစ် ကြေညာခံခဲ့ရသည်။ ဝိတိုရိယဘုရင်မထံ "နှစ်သစ်လက်ဆောင်" အဖြစ် ပူဇော်လိုက်မှုကို ခံခဲ့ရလေသည်။
၁၂ ရက် ဒီဇင်ဘာ ၁၉၄၄ ခုနှစ်၊ ယူကေ အောက်လွှတ်တော်တွင် Norfolk အမတ် Mr. De Chair က အောက်ပါအတိုင်း ဆွေးနွေး၏။
"ပထမဆုံး ရခိုင်နဲ့ တနင်္သာရီကို သိမ်းလိုက်တဲ့ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲရယ်၊ နောက်ပြီး ရန်ကုန်ဆိပ်ကမ်းပါတဲ့ ပဲခူးလို ကြွယ်ဝတဲ့နယ်မြေကို သိမ်းခဲ့တဲ့ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲရယ်ကတော့ မြန်မာတွေ ကိုယ်တိုင် စခဲ့တာ မှန်ပါတယ်။[9] ဒါပေမဲ့၊ ၁၈၈၅ ခုနှစ်မှာ အထက်မြန်မာပြည်နဲ့ မန္တလေးကို သိမ်းပိုက်ခဲ့တဲ့ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲကျတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ နိုင်ငံရေးကြောင့် တိုက်ခဲ့ရတာပါ။
ကျုပ်တို့ဘက်က ကြည့်မယ်ဆိုရင် အဲဒီအချိန်က နန်းစံနေတဲ့ သီပေါမင်းဟာ စိတ်တိုင်းမကျစရာ ဘုရင်တပါးဖြစ်သလို၊ စိတ်တိုင်းမကျစရာ အိမ်နီးချင်းလည်း ဖြစ်နေတယ်။ အရှေ့တိုင်းထုံးစံအတိုင်း သူ့မွေးချင်းတွေကို သတ်ပြီး နန်းတက်ခဲ့တာမျိုးပေါ့။ ဒါ့အပြင် သူ့နိုင်ငံထဲက ဗြိတိသျှတွေကို နှိပ်စက်တာတွေ လုပ်ခဲ့ပေမဲ့၊ ကျွန်တော်တို့က ဝင်မစွက်ဖက်ဘဲ ခွင့်ပြုထားခဲ့တယ်။ ဒါပေမဲ့ ၁၈၈၅ မှာ ပြင်သစ်တွေက သူတို့ရဲ့ အင်ဒိုချိုင်းနားကနေတဆင့် မြန်မာနိုင်ငံကို သိမ်းဖို့ ကြံနေပြီလို့ သေချာသွားတဲ့အခါမှာတော့ ကိစ္စက ပြောင်းသွားပြီ။ အဲဒီနောက်မှ ကျုပ်တို့က မဖွယ်မရာ လောဘတကြီးသွားပြီး အထက်မြန်မာပြည်ကို သိမ်းယူလိုက်တာပါ။
သမိုင်းမှာ မှတ်ဉာဏ်ကောင်းဆိုတာ ရှိတယ်။ ဒီမသက်မသာဖြစ်ရပ်အတွက် ကျုပ်တို့ဟာ ပေးဆပ်ခဲ့ရတယ်လို့ ယုံကြည်တယ်။ ကျုပ်မြန်မာမိတ်ဆွေတဦး ပြောဖူးသလိုပဲဗျာ၊ ဒီကိစ္စသာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်က ဖြစ်ပျက်ခဲ့ရင် ပြဿနာသိပ်မရှိချင် မရှိနိုင်ပေမဲ့၊ အသက်ရှင်နေသူတွေ မှတ်မိနေသေးတဲ့ ၁၈၈၅ ခုမှာ ဖြစ်ခဲ့တာပါ။ ဗြိတိသျှတွေက သူတို့ဘုရင်ကို မန္တလေးရွှေနန်းတော်ကနေ နွားလှည်းနဲ့ ခေါ်ဆောင်သွားတာကို မြင်ခဲ့ရတဲ့ မြန်မာလူမျိုးတွေဟာ ဒီနေ့ထိ အသက်ရှင်လျက် ရှိနေသေးတယ်။ အဲဒီအချက်ကနေပဲ ကျုပ်တို့ရဲ့ ရည်ရွယ်ချက်တွေကို သံသယဝင်ကြတာတွေ အများကြီး ပေါက်ဖွားလာခဲ့တာပါ။"
ကုန်းဘောင်နန်းတော်တွင် ဘုရင်သည် နိုင်ငံတော်အာဏာ၏ ဗဟိုချက်မ ဖြစ်သည်။ စည်းမျဉ်းခံ ဘုရင်စနစ်အဖြစ် ကူးပြောင်းရန် တိုက်တွန်းမှုတခုဟု ဆိုနိုင်သည့် ရာဇဓမ္မသင်္ဂဟကျမ်းကို ဦးဘိုးလှိုင်က ရေး၍ သီပေါမင်းထံ ဆက်ခဲ့သော်လည်း ကျင့်သုံးခြင်းတော့ မခံလိုက်ရ။[10] ထိုခေတ်က ဘုရင်၏ အာဏာကို ဥပဒေဖြင့် ကန့်သတ်ရမည်ဟု မတွေးခဲ့ကြ။ ဘုရင်စိတ်ကောင်း၍ ကိုယ်ကျင့်သီလလုံရန် လိုသည်ဟုသာ မြင်ကြသည်။ သိုးဆောင်းဘုရင်ကို ဥပဒေဖြင့် ကုန့်သတ်ထားသည်ကို ကြားရသည့်အခါ စုဖုရားလတ်က ကန့်သတ်ခံရရင် ဘုရင်ဟုတ်သေးလားဟုမေး၍ ရယ်ခဲ့သည်ဟု ဆိုသည်။ ထို “လွှတ်တော်” သည် ယနေ့ကဲ့သို့ ဥပဒေပြုရေး သီးခြားအာဏာမျိုး မဟုတ်။ ဝန်ကြီးများ၏ အုပ်ချုပ်ရေးစီမံမှု ကောင်စီပုံစံဖြစ်သည်။ နယ်မြေအုပ်ချုပ်ရေးသည် ခန့်အပ်ထားသော အုပ်ချုပ်သူများအပေါ်တွင်သာ မှီခိုသည်။
လူမှုအလွှာ အဆင့်အတန်းများကို ဘုရင်များ၊ ပုဏ္ဏားများ၊ ကုန်သည်များနှင့် သာမန်ပြည်သူများဟူ၍ ဖွဲ့စည်းထားပြီး ကျွန်၊ အခွန်ထမ်းနှင့် အမှုထမ်းစသည့် အဆင့်များဖြင့် ထပ်မံခွဲခြားထားသည်။ စစ်မှုထမ်းခြင်း၊ ဘာသာရေးကုသိုလ်နှင့် နန်းတွင်းနှင့်နီးစပ်မှုတို့သည် လူမှုအဆင့်အတန်း တိုးတက်ရန် လမ်းကြောင်းများကို ပေးခဲ့သည်။ စစ်သုံ့ပန်းများကို လက်မှုပညာရှင်များ၊ စစ်သားများ သို့မဟုတ် ဘုရားကျောင်းအမှုထမ်းများအဖြစ် ပြန်လည်နေရာချထားလေ့ရှိသည်။ မဏိပူရမြင်းတပ်မှ ပြင်သစ်အမြောက်တပ်သားများအထိ ရှိပေသည်။
ထိုခေတ်တွင် ပညာရှင်များ၊ စာဆိုတော်များနှင့် ဂီတစာဆိုတော်များစွာ ပေါ်ထွန်းခဲ့ပြီး ဆေးကျမ်း၊ ဓာတ်ကျမ်းများကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ကြသည်။ မြန်မာစာပေ၌ တေးထပ်၊ လေးဆစ်သဖြန်၊ ဘောလယ်၊ ယိုးဒယား၊ ပတ်ပျိုး၊ သီချင်းကြီးများ စသည်တို့ သစ်ဆန်းစွာ ပေါ်ထွက်လာသည်။ ပညာရေးနယ်ပယ်တွင် မြန်မာစာပေသာမက ပြင်သစ်နှင့် အင်္ဂလိပ်စာပေများကိုပါ လေ့လာသင်ယူခဲ့ပြီး မန္တလေးတွင် အင်္ဂလိပ် စာသင်ကျောင်းများ ပေါ်ပေါက်ခဲ့သည်။ စက်မှုလက်မှုလုပ်ငန်းများကို သင်ကြားရန် နိုင်ငံခြားသို့ ပညာသင်များ စေလွှတ်ခဲ့ကာ ရက်ကန်းရုံ၊ ဆန်ကြိတ်ရုံ၊ လက်နက်လုပ်စက်ရုံ အပါအဝင် စက်ရုံပေါင်း ၅၀ ကျော်ကို တည်ထောင်ခဲ့သည်။ "ရတနာပုံနေပြည်တော်သတင်းစာ" အမည်ဖြင့် သတင်းစာ ပေါ်ပေါက်ခဲ့သည်။ ခရစ်ယာန်သာသနာပြုဆရာ ဒေါက်တာမှတ်ကြီးကို ထောက်ပံ့၍ သာသနာပြုခွင့်ပေးသလို အခြားသာသနာပြု များလည်း ရှိခဲ့သည်။ အစ္စလာမ်ဘာသာဝင်များသည် စစ်ရေးနှင့် ကုန်သွယ်ရေးတွင် ထူးချွန်သူများဖြစ်ပြီး နန်းတော်စောင့်တပ်၊ ကိုယ်ရံတော်တပ်များအဖြစ် ယုံကြည်ခံခဲ့ရပြီး အမှုထမ်းခဲ့ကြသည်။ သို့သော် နန်းတွင်း ဆွေမျိုးအချင်းချင်းကြား အာဏာလုမှု၊ ထုံးစံကို အားပေးလွန်း၍ ပြုပြင်ပြောင်းလဲမှုများ မအောင်မြင်ခြင်း၊ ဥရောပသားနယ်ချဲ့များကြားက အာဏာချဲ့ထွင်လုယက်ခြင်းများ အားလုံးစုဆုံလာခဲ့ပြီး ထီးနန်းပျက်သုဉ်းခဲ့၏။ ဗြိတိသျှတို့က သီပေါမင်းနှင့် စုဖုရားလတ်တို့ကို ရတနာဂီရိသို့ ဖမ်းခေါ်သွားခဲ့ပြီး မြန်မာနိုင်ငံလည်း ဗြိတိသျှလက်အောက်ရောက်ကာ အိန္ဒိယနိုင်ငံ၏ ပြည်နယ်ကြီးတခု ဖြစ်လာခဲ့လေတော့သည်။
----------
[1] လူမျိုးရေးအမြင်မှာ ယနေ့ခေတ်ကဲ့သို့ အမျိုးသားလူမျိုးရေးပုံစံတော့ မဟုတ်ပါ။ သို့သော် လူမျိုးရေးအမြင်လုံးဝ မရှိဟု ပြော၍လည်း မရပါ။ ဥပမာမြင်နိုင်ရန် ဇာတ်အိမ်တခုကို ပြပါဦးမည်။ ဟံသာဝတီတွင် အကျယ်ချုပ်ဖြင့်နေထိုင်သော မဟာဓမ္မရာဇာဓိပတိလည်း တရက်တွင် ငါးလင်ပန်းဆားနယ်တကောင်သည် ခေါင်းက ပုပ်ပွကာ သေနေသော်လည်း အမြှီးပိုင်းမှာ ဖျက်ဖျက်ခုန်ကာ လှုပ်လျက်ရှိသည်ဟူသော အဖြစ်ထူးကို သိလျှင် ဝါသနာအလျောက် “ငါးကို ငါတို့ဗမာဟု ယူရမည်။ ခေါင်းသေနေပြီဆိုသဖြင့် အကြီးအကဲဖြစ်သော ငါ့မှာ ရန်သူမွန်မင်းလက်တွင်းတွင် နေရသည်။ သို့သော် ကိုယ်အမြှီးမှာ လှုပ်ရှားရှင်သန်နေသည်ကို ထောက်လျှင် မိမိတို့ ဗမာအမျိုးသားတို့မှာ ခေါင်းဆောင်ကောင်းနှင့် တွေ့လျှင် ပြန်လည်ထူထောင်နိုင်မည့် နိမိတ်ပင်ဖြစ်သည်” ဟု ရေရွတ်နိမိတ်ဖတ်လေသည်။ ထို့ကြောင့်လည်း ဗြမိုင်းဓိရာဇာလည်း နောက်ရန်အေးစေရန် “နောင်တော် အဝမင်းတရားကို နတ်ပြည်သို့ပြောင်းရွှေ့စံမြန်းစေ” ဟုဆို၍ ရေတွင်သတ်သည်ဟု ဆိုပါ၏။
[2] တရုတ်ဘက်ရှိ မှတ်တမ်းနှင့် မြန်မာဘက်မှ မှတ်တမ်းမှာ သဘောတူညီချက်များ အပါအဝင် ကွာခြားချက်အချို့ရှိသည်။
[3] ချင်းမင်းဆက်-ကုန်းဘောင်မင်းဆက် တတိယစစ်ပွဲတွင် ချင်းလုံဧကရာဇ်က မင်းယွီ (明瑞) အား ယူနန်ဘုရင်ခံအဖြစ် ခန့်ထားကာ တိုက်ခိုက်သိမ်းပိုက် တာဝန်ပေး၏။ ဗိုလ်ချုပ်မင်းယွီသည် အလုံးအရင်းဖြင့် သိန္နီစစ်ကြောင်းမှ ချီလာသည်မှာ အင်းဝမြို့တော်နှင့် မိုင် ၃ဝ ကွာ ဆင်ဂေါင်းအရပ်သို့ ရောက်သည်။ သို့ရာတွင် မြစ်ငယ်ကြောင်းမှ ချီလာသော စစ်သူကြီးမဟာသီဟသူရ၏ စစ်တပ်များက စစ်ကြောင်းကို ဖြတ်တောက်ကာ ရိက္ခာပို့ဆောင်ရေးကို ဟန့်တားလိုက် သောကြောင့် တရုတ်စစ်တပ်သည် အင်းဝဘက်သို့ဆက်လက် မချီတက်နိုင်ဘဲ ဆင်ဂေါင်းမှပင် တပ်ဆုတ်ခဲ့ရ၏။ ၁၇၆၈ ခုနှစ် မတ်လတွင် သူ၏တပ်သည် မေမြို့တိုက်ပွဲ၌ အကြီးအကျယ် ရှုံးနိမ့်ခဲ့သည်။ သူသည် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပြီး သစ္စာစောင့်သိမှု၏ အထိမ်းအမှတ်အဖြစ် ဆံပင်ကို ဧကရာဇ်ထံ ပေးပို့ခဲ့သည်။ စစ်သူကြီး မင်ယွီ မေမြို့တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချူးစစ်ဗိုလ်ချုပ် အဲ့အာတန်းဂယ် 額爾登額 သည် မင်ယွီကို ကူညီရန် ချိန်းဆိုထားသောနေရာသို့ အချိန်မီ မရောက်ရှိခဲ့သောကြောင့် ဧကရာဇ်ချင်းလုံသည် ခုတ်ပိုင်းသတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်။ ကောင်းတုံစာချုပ် ချုပ်စဉ်က မင်းယွီမှာ မိမိကိုယ်ကို အဆုံးစီရင်ပြီးဖြစ်သည့်အတွက် တရုတ်လက်ထောက် စစ်ဦးစီးများကသာ သဘောတူ၍ ချုပ်ဆိုကြခြင်းဖြစ်သည်။ နှစ်ဘက်ဘုရင်များထံမှ စာချုပ်မှတ်တမ်းများလည်း မတူညီကြပေ။
[4] Dai, Y. (2004). A Disguised Defeat: The Myanmar Campaign of the Qing Dynasty. Modern Asian Studies, 38(1), 145–189. http://www.jstor.org/stable/3876499
[5] ၁၇၇၀ ခုနှစ် ဇန်နဝါရီလ မဟာသီဟသူရသည် ဘိုးဘိုးအောင်၏ အကူအညီဖြင့် ပေါင်းတည်မြို့ တိမ်းရှောင်ခဲ့သည်ဟု ဆို၏။ မဟာသီဟသူရသည် အသက်ချမ်းသာပေးခြင်းခံရသော်လည်း မြစ်ငယ်အရှေ့ဘက် ကြက်ယက်လယ်ပြင်သို့ ပို့ထားခြင်းခံရသည်။ အတန်ကြာမှာ ဆင်ဖြူရှင်မင်းအမျက်ပြေကာ နေပြည်တော်သို့ ဝင်ခွင့်ပြုခဲ့သည်။ သို့သော် နောင် ဘိုးတော်ဦးဝိုင်းလက်ထက်တွင်မူ မဟာသီဟသူရ၊ ဘိုးဘိုးအောင်နှင့် အခြားသူများမှာ သံသယဖြင့် သုတ်သင်ခံရလေ၏။
[6] ရန္တပိုစာချုပ်သည် အာသံသမိုင်းနှင့် အဟုံဘုရင်များ အုပ်ချုပ်မှု ကို ထာဝရပြောင်းလဲပစ်ခဲ့သည့် အဖြစ်အပျက်တခု ဖြစ်ပါသည်။ ၁၈၁၇ ခုနှစ်မှ ၁၈၂၆ ခုနှစ်အထိ ဗမာတို့၏ ကျူးကျော်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အာသံကို ပရမ်းပတာ အခြေအနေသို့ ရောက်ရှိစေခဲ့ပြီးဖြစ်သည်။ ဗမာတို့၏ နယ်မြေချဲ့မှု၊ ဗြိတိသျှတို့၏ အခွင့်အရေးယူမှုနှင့် အဟုံဘုရင်စနစ် ပြိုကွဲမှုတို့ စုံညီသွားပြီး ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ၏ ရလဒ်တခုဖြစ်ခဲ့သည်။
[7] အားနည်းသော်လည်း လက်တွေ့အခြေအနေကို လက်မခံနိုင်သေးသော အင်းဝနန်းတော်သည် ရန္တပိုစာချုပ်ပါ သတ်မှတ်ချက်ဖြစ်သော ဗြိတိသျှကိုယ်စားလှယ် (Resident) ထားရှိခြင်းကို သံတမန်ရေးရာလိုအပ်ချက်အဖြစ် မရှုမြင်ဘဲ ကြီးမားသော စော်ကားမှုအဖြစ် ရှုမြင်ခဲ့သည်။ ပထမဆုံး ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဂျွန်ကရောဖို့ဒ်နှင့် မေဂျာ ဟင်နရီ ဘာနီတို့သည် အတားအဆီးများဖြင့် ရင်ဆိုင်ခဲ့ရသည်။ ကရောဖို့ဒ်သည် "တန်ဖိုးမရှိသော" ကုန်သွယ်ရေးစာချုပ်ကို ရရှိပြီးနောက် ပြန်သွားခဲ့သည်။ ဘာနီသည် ကဘော်ချိုင့်ဝှမ်းကို ဗြိတိသျှတို့က မြန်မာ့လက်ထဲ ပြန်လည်အပ်နှံရန် ကုမ္ပဏီကို ဆွဲဆောင်နိုင်သည်အထိ ရှားရှားပါးပါး အောင်မြင်မှုရခဲ့သော်လည်း၊ ရှင်ဘုရင်အသစ်ဖြစ်သူ သာယာဝတီမင်းက သွေးထွက်သံယို အာဏာသိမ်းမှုတွင် ဘာနီဝင်ရောက်စွက်ဖက်ခဲ့ခြင်းကို မနှစ်မြို့သောကြောင့် နုတ်ထွက်ခဲ့ရသည်။ သာယာဝတီမင်းသည် ဗြိတိသျှမစ်ရှင် ပျက်စီးမှုအတွက် အလွန်အားရကျေနပ်ခဲ့ပြီး ဟာသအဖြစ် မှတ်ယူခဲ့သည်။ သူသည် နောက်ဆုံးကိုယ်စားလှယ်ကို ဗြိတိသျှတို့က ၁၈၄၀ ပြည့်နှစ်တွင် ရုပ်သိမ်းလိုက်သောအခါ ငြိမ်းချမ်းစွာ ဆက်သွယ်ရေး အတွက် တခုတည်းသော စနစ် ပျက်သုဉ်းသွားခဲ့သည်။ သာယာဝတီမင်း၊ ပုဂံမင်းတို့သည် ရန္တပိုရ်စာချုပ်ကို ငြင်းပယ်ကြ၏။
[8] ရစ်ချတ် ကော့ဘ်ဒင် သည် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲကို စတင်ရန်အတွက် ဗြိတိသျှတို့က ရေတပ်ဗိုလ်မှူးကြီး လမ်ဘတ် ကို စေလွှတ်ခြင်းနှင့် လျော်ကြေးငွေ အဆမတန် တောင်းဆိုခြင်းတို့ကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ သို့သော် အိန္ဒိယဘုရင်ခံချုပ် လော့ဒ် ဒါလ်ဟိုဇီ ကိုယ်တိုင်က လမ်ဘတ်၏ လုပ်ရပ်များကို မကြိုက်၊ ဆုံးမခဲ့သော်လည်း ဗြိတိသျှတို့၏ ဂုဏ်သိက္ခာနှင့် အရှေ့တိုင်းရှိ အခြေအနေကို ကာကွယ်ရန်အတွက် မြန်မာကို မည်သည့် အားနည်းချက်မှ မပြနိုင်ဟု ယူဆခဲ့သည်။ ထို့ကြောင့် ဒါလ်ဟိုဇီသည် ကော့ဘ်ဒင်ကို တုံ့ပြန်ရာတွင် လမ်ဘတ်၏ လုပ်ရပ်သည် စစ်ပွဲ၏ အမှန်တကယ် အကြောင်းရင်းမဟုတ်၊ စစ်ပွဲသည် ကြာမြင့်စွာကတည်းက မလွဲမသွေ ဖြစ်လာခဲ့ပြီးဖြစ်သည် ဟု ငြင်းဆိုခဲ့သည်။
[9] ဤအချက်သည် ကိုလိုနီခေတ်က ဗြိတိသျှတို့၏ အမြင်ကို ပြန်လည်တင်ပြခြင်းဖြစ်သည်။ စစ်ပွဲသည် ချဲ့ထွင်လာသော အင်ပါယာနှစ်ခု နယ်စပ်တွင် ထိပ်တိုက်တွေ့ဆုံရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
[10] မောင်ထင်ရေးသည့် ယောမင်းကြီးဦးဖိုးလှိုင်၏ အထုတ္တုပ္ပတ္တိနှင့်ရာဇဓမ္မသင်္ဂဟကျမ်းမှာ ဖတ်ရှုသင့်ပါသည်။

Comments
Post a Comment