Skip to main content

သူ့ကျွန်ဘဝ ဗမာပြည်

ကုန်းဘောင်မင်းဆက်လက်ထက် ၁၈၂၄ ခု၊ ၁၈၅၂ ခု နှင့် ၁၈၈၅ ခုနှစ်များတွင် ဗြိတိသျှတို့က ကုန်းဘောင်ဘုရင့်နိုင်ငံတော်ကို စစ်သုံးကြိမ်ပြုကာ သိမ်းယူလိုက်သည်။ ပထမကျူးကျော်စစ်တွင် ဗြိတိသျှ၏ အရှေ့အိန္ဒိယကုမ္ပဏီနှင့် ဗမာဘုရင်တို့အကြား အနောက်ဘက်ဒေသအရေးကို အခြေပြုပြီး ကြီးစွာသော စစ်ကြီးဖြစ်ခဲ့ရပြီး ရန္တပိုရ်စာချုပ် (၁၈၂၆) ဖြင့် ရခိုင်နှင့် မွန်-ကရင် ဒေသများကို ဗြိတိသျှတို့ဆီ ပေးလိုက်ရသည်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးလည်း ဖွင့်လှစ်သည်။ ၁၈၅၂ တွင်မူ အောက်ဗမာနိုင်ငံတခုလုံးကို ဗြိတိသျှတို့ ရခဲ့သည်။ ၁၈၈၆ တွင်မူ ကုန်းဘောင်နိုင်ငံတခုလုံး တိုက်ပင်မတိုက်လိုက်ရပဲ ဗြိတိသျှတို့ သိမ်းယူလိုက်ပြီး ဗမာဘုရင်သီပေါမင်းကို အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ ဖမ်းခေါ်ခဲ့သည်။ (အရှေ့စာများတွင်လည်း အနည်းငယ် အကျဉ်းချုပ်မျှ ပြော၍ ပြီးပါပြီ။) 


ပုံ - ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာစစ်ပွဲပုံရိပ်

ကိုလိုနီခေတ်သမိုင်းကိုမပြောခင် အရေးကြီးသည့်အချက်ကို အရင်ဆုံး ထောက်ချင့်ရန်မှာ ဗမာနိုင်ငံဟု သမုတ်ခေါ်ဆိုအပ်သော မြေဒေသကြီးသည် တခုတည်းစည်းရုံးသော မော်ဒန်ခေတ်မီနိုင်ငံကဲ့သို့ နိုင်ငံကြီး မဟုတ်ပေ။ ဘုရင်ပဒေသရာဇ်နယ်မြေနှင့် ပဏ္ဏာဆက်နိုင်ငံများ၊ စစ်ရှုံးဒေသများနှင့် သီးခြားဖြစ်သော ဒေသများ စုပေါင်းကာ လုံးပေါင်းပြုထားခြင်းဖြစ်သည့်အတွက် ယနေ့ခေတ်နိုင်ငံ (Modern State) များကဲ့သို့ တိကျသော နယ်နိမိတ်နှင့် ဗြူရိုကရက်တစ်ယန္တယား ခိုင်မာစွာရှိသည့် ဥရောပ၏ အမျိုးသားနိုင်ငံများကဲ့သို့ မဟုတ်ပေ (ယင်းအကြောင်းကို နောက်အခန်းများတွင် ဖော်ပြထားပါသည်)။ ကုန်းဘောင်နန်းကိုတည်သူ အလောင်းဘုရားကိုယ်တိုင်က ဂျော့ချ်ဘုရင်ထံစာပို့ရာတွင် “သုနာပရန္တတိုင်း၊ တမ္ဗဒီပတိုင်း၊ ကမ္ဘောဇတိုင်း စသော တိုင်းကြီးအပေါင်းတို့၌၊ မြန်မာပြည်၊ သျှမ်းပြည်၊ ယွန်းပြည်၊ ကသည်းပြည်၊ (ဟံသာဝတီ) ပြည်၊ ရာဇဌာနီပြည်ကြီး ထီးဆောင်းမင်းအပေါင်းတို့ကို အစိုးရတော်မူသော” ဟု ဆိုပါသည်။[1] မြန်မာနိုင်ငံကို ပုဂံက စတွက်ခြင်း၊ ပျူက စတွက်ခြင်းတို့သည် နိုင်ငံရေးအယူဝါဒမျှသာ ဖြစ်သည်။

ဘုရင်ကို ဖမ်းနိုင်ခြင်းမှာ စိုးမိုးခံနယ်များပါ သိမ်းနိုင်ခြင်း မဟုတ်ပေ။ သျှမ်းတို့မှာ စော်ဘွားများဖြင့် အုပ်ချုပ်ပြီး ကုန်းဘောင်ဘုရင်ထံတွင် ပဏ္ဏာဆက်သောနယ်ခြားနိုင်ငံငယ်များ (Vassal-Seuzuit) ဖြစ်ခဲ့ရာ ဗြိတိသျှတို့က လက်တွေ့တွင် ကုန်းဘောင်မင်းဆက် ပြုတ်ပြီးနောက်မှ စစ်ရေးဖြင့်လည်းကောင်း၊ သဘောတူ စာချုပ်များချုပ်၍လည်းကောင်း တဆင့်စီ ဆက်လက်သိမ်းယူရသည်။ ဗမာဘုရင်၏ အမြင်တွင်လည်း သျှမ်းနယ်များသည် တရုတ်ပြည်၊ ထိုင်းပြည်တို့နှင့် ကြားခံပေးသော နယ်မြေများဖြစ်သည်။ ဗမာဘုရင်နှင့် တရုတ်ဘုရင် လက်ဆောင်လဲလှယ်ကြသည်ဟု ဗမာဘက်က ရေးသော်လည်း တရုတ်မှတ်တမ်းများဘက်မှ ပဏ္ဏာဆက်သည်ဟုပင် ယူဆထားရာ ဗမာပြည်ကို ဗြိတိသျှတို့ သိမ်းစတွင် တရုတ်ချင်းမင်းဆက်အနေဖြင့် ဗြိတိသျှတို့ထံ မကျေမနပ်ကန့်ကွက်ခဲ့ကြရာ မြန်မာနှင့် တိဗက်တို့အရေးပါဝင်၍ ပီကင်းစာချုပ်ကို ဗြိတိသျှနှင့် တရုတ်ချင်းမင်းဆက်တို့ ချုပ်ဆိုလေသည်။[2]

စော်ဘွားတို့လည်း အချင်းချင်း မညီညွတ်။ မြန်မာဘုရင်ဘက် ယိမ်းသူများလည်း ရှိသလို အင်္ဂလိပ်ကို ဝင်လာစေလိုသူတို့ ရှိသည်။ အစဉ်အလာအားဖြင့် မြန်မာဘုရင်က အကိုကြီးသဖွယ်ဖြစ်သည့်တိုင် ပြဿနာ အမြဲကင်းသည်မဟုတ်။ မင်းတုန်းမင်းအလွန်တွင် သီပေါမင်းကို စော်ဘွားအချို့က ပုန်ကန်လိုက်သေးသည်။[3] ၁၈၈၉ တွင် ပထမဆုံး ဗြိတိသျှတို့သိမ်းယူသည့်သျှမ်းဒေသမှာ သီပေါနယ်ဖြစ်သည်။ အခြားဒေသများကို စစ်ရေးဖြင့်လည်းကောင်း၊ စာချုပ်များဖြင့်လည်းကောင်း တဆင့်ပြီးတဆင့် သိမ်းသွင်းယူလာရာ ၁၈၉၇ တွင် နောက်ဆုံးဗြိတိသျှအောက် ရောက်သော ဒေသမှာ ကျိုင်းတုံဒေသဖြစ်သည်။ ချင်းတောင်တန်းဒေသကိုလည်း ၁၀ နှစ်ကြာ တိုက်ယူရသည်။ ကချင်ဒေသမှာလည်း ဗြိတိသျှတို့က ဆက်လက်သိမ်းယူမှုရသည်ဖြစ်ရာ ၁၈၉၅ တွင်မှ Kachin Hills Regulation ကို ထုတ်ခဲ့ပြီး ၂၀ ရာစုအစောပိုင်းတွင်မှ ဗမာပြည်နယ်နှင့် ပေါင်းစည်းထားခဲ့သည်။ မွန်ဒေသနှင့် ရခိုင်ပြည်တို့မှာ ကုန်းဘောင်၏ ကိုလိုနီများဖြစ်နေသဖြင့် ဗမာပြည်မတွင် ပါဝင်ခဲ့သည်။[4]

ဒေသအားဖြင့် ဗမာပြည် (Burma) ဟု လုံး၍ခေါ်သော်လည်း အုပ်ချုပ်ရေးပုံစံမတူပေ။ နယ်မြေများ အလိုက် အမျိုးမျိုးလည်း ပြောင်းလဲနေခဲ့သေးသည်။ ဘေ၊ ပု၊ ရှိန်တို့ အင်္ဂလန်တွင် ဆွေးနွေးခဲ့ပြီး နောက်ပိုင်းတွင် ဗမာပြည်မကို ဒိုင်အာခီအုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ပြီး ၁၉၃၇ ခုနှစ်မှစတင်ကာ 1935 Burma Act (၉၁ ဌာန အုပ်ချုပ်ရေး) ဖြင့် ဗမာပြည်မ Burma Proper ကို ဗြိတိသျှတို့က အိန္ဒိယနိုင်ငံ၏ ပြည်နယ်တခုအဖြစ် ဗြူရိုကရက်ယန္တရားအားကောင်းကောင်းဖြင့် အုပ်ချုပ်သည်။ ယင်း Burma Act ကာလမတိုင်မီ သီးခြား ဖြစ်သော နယ်မြေများဖြစ်သည့် 1895 Kachin Hill-Tribes Regulation ဖြင့် အုပ်ချုပ်သော ကချင်တောင်တန်းဒေသ (Kachin Hill Tract)၊ 1896 Chin Hills Regulation ဖြင့် အုပ်ချုပ်သော ချင်းတောင်တန်းဒေသ (Chin Hills Region) နှင့် ၁၉၂၂ ခုနှစ်တွင် ဖွဲ့စည်းအပ်သော ပြည်ထောင်စုသျှမ်းပြည် (Federated Shan States) ဟူ၍ နယ်မြေအသီးသီး ရှိသည်။ အားလုံးကို ဘုရင်ခံမှ အုပ်ချုပ်သည်။ အနောက်ကရင်နီပြည်နယ်သည် ဗြိတိသျှကို အခွန်ပေးရသော်လည်း မူလက ၁၈၇၅ ကင်းဝန်မင်းကြီးနှင့် ဗြိတိသျှတို့ စာချုပ်ချုပ်ဆိုချက်များအရ သီးခြား အကာကွယ်ခံပြည်နယ် ဖြစ်လာခဲ့သည်။ ဗြိတိသျှတို့ထံမှ ထောက်ပံ့ကြေးငွေ လက်ခံသည့်အတွက် ၁၉၂၂ ခုနှစ်မှ စတင်ကာ သျှမ်းပြည်ထောင်စု၊ ဝပြည်နယ်များနှင့် ကရင်နီပြည်နယ်တို့ကို အင်္ဂလိပ် ကော်မရှင်နာမင်းကြီးတဦးက ကိုင်တွယ်သည်။[5]

ဗြိတိသျှတို့အုပ်ချုပ်ရေးတွင် အကောင်းအဆိုးရောနေခဲ့သည်။ ဗြိတိသျှတို့သည် ခေတ်မီ အခြေခံ အဆောက်အအုံများကို တည်ဆောက်သလို စီးပွားရေးကိုလည်း ချဲ့ထွင်တည်ဆောက်သည်။ တဘက်ကလည်း ရင်းမြစ်များစွာနှင့် လုပ်အားလုပ်သားများစွာကို ထုတ်ယူဖိနှိပ်ခဲ့သည်။ စစ်တိုက်ရန် လူများကိုလည်း ပြင်သစ်၊ မက်ဆိုပိုတေးမီးယား စသည့်စစ်မြေပြင်များသို့ ပို့ဆောင်ခဲ့သည်။ ကိုလိုနီနိုင်ငံများတွင် လူမျိုးများကို ကြည့်သည့်အခါ ပူးပေါင်းသူများ (Collaborators) နှင့် မျိုးချစ်များ (Nationalists) ဟု ခွဲခြားကြည့်ရှုခဲ့သည်။ ကရင်၊ ကချင်၊ ချင်း၊ သျှမ်း တို့မှာ ပူးပေါင်းသူများ အများစု ဖြစ်လာပြီး ဗမာတို့ကို မျိုးချစ်များဟု ဖိနှိပ်ခဲ့သည်။ ဗမာဘုရင်ကို ကြက်ငှက်ပမာ ဖမ်းယူသွားသော်လည်း သျှမ်းစော်ဘွားများ ရန်ကုန်လာလျှင် ကြည့်မြင်တိုင် ဘူတာ၌ အမြောက်ဖောက်ကာ ကြိုရသည်မှာလည်း ဗမာတို့အတွက် မခံချင်စရာဖြစ်ခဲ့ရသည်။

၂၀ ရာစုအစပိုင်းမှသည် ကိုလိုနီဆန့်ကျင်တော်လှန်ရေးများ ထွန်းကားလာခဲ့သလို အမျိုးသားရေး လှုပ်ရှားမှုများလည်း တစတစထွန်းကားလာသည်။ သခင်လှုပ်ရှားမှုများ ပေါ်လာသည်။ ဗြိတိသျှ ဆန့်ကျင်မှုများ ပိုမိုထွန်းကားစေရန် အမျိုးသားကျောင်းများတည်ထောင် သင်ကြားသည်။ နစ်ရှေး၏ ဒဿနစာများကို ဖတ်သော သခင်ဘသောင်းနှင့် လူငယ်တစုတို့ ထူထောင်ခဲ့သည့် တို့ဗမာအစည်းအရုံး အရှိန်ရလာသည်။ ၁၉၂၀ တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ဖြစ်ခဲ့သည်။

ဗမာတို့ အမျိုးသားရေးစိတ်ဓာတ်များ ထွန်းကားလာသည်ကို အင်္ဂလိပ်တို့ အရေးတယူ ပြုခဲ့ရသည်။ အင်္ဂလိပ်လူမျိုး ဘုရင်ခံဆာရယ်ဂျီနယ်ကရက်ဒေါက် (Sir Reginald Henry Craddock) က ၁၉၂၁ ခုနှစ် ဘုရင်ခံဥပဒေပြုကောင်စီမိန့်ခွန်းတွင် အစိုးရအလုပ်များကို ဗမာများနှင့်ရင်းနှီးအောင် ပြုလုပ်ပေးခြင်း၊ ဝန်ထမ်းခေါ်ခြင်းများသည် ဗမာမှုပြုပေးခြင်း (Burmanization) ဖြစ်ပါသည်ဟုဆိုရာ Burmanization ကို အင်္ဂလိပ်အစိုးရက သုံးစွဲခဲ့သည့်ပုံကို စာမျက်နှာထက် မြင်ရသည်[6]။ ထို့အပြင် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့ ရုံးပိတ်ရက်အဖြစ် အင်္ဂလိပ်အစိုးရက အတည်ပြု သတ်မှတ်ပေးခဲ့သည်။

ဗမာ့လွတ်လပ်ရေးအတွက် စစ်ရေးရော၊ နိုင်ငံရေးနည်းများပါ သုံးခဲ့ကြ၏။ ဂျပန်တို့က စစ်ရေးအတွက် ဗမာခေါင်းဆောင်များထံ လျှိုဝှက်ဆက်သွယ်သော်လည်း ဗမာအကြီးပိုင်းနှင့် ချက်ချင်းသဘောထား မကျပေ။ ဂျပန်တို့ကို မလာစေပဲ ငွေကြေးအထောက်အပံ့ယူ၍ ကိုယ့်ဘာသာတိုက်ရန် စဉ်းစားသေးသော်လည်း ဂျပန်က သူတို့အကုန်အကျနည်းရန် စဉ်းစားနေသည်။ ဒေါက်တာဘမော်က တို့ဗမာအစည်းအရုံးဝင်အချို့ကို ဂျပန်ထံမှ အကူအညီရနိုင်ကြောင်း ပြောထားသည်။ ဒီလိုနှင့် ချိတ်မိကာ ရဲဘော်သုံးကျိပ်ပေါ်လာပြီး ဂျပန်တို့လည်း မြန်မာနိုင်ငံတွင်း ရောက်လာခဲ့တော့သည်။ အင်္ဂလိပ်တို့လည်း ထွက်ပြေးကြရသည်။ ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ခန့် ကာကွယ်ရေး ဝန်ကြီးဖြစ်လာသည်။[7]

တကယ့်တကယ်တွင် ဖက်ဆစ်ဂျပန်တို့သည် ဗမာပြည်ကို မန်ချူးရီးယားကဲ့သို့ သူတို့လက်အောက်ခံ ကိုလိုနီနယ်မြေအနေဖြင့် အုပ်ချုပ်ခဲ့ခြင်းမဟုတ်ပေ။ ဘားမားလမ်းသိမ်းရန်နှင့် အိန္ဒိယ စစ်ဆင်ရေးများအတွက် ကြားခံသုံး အမြတ်ထုတ်ခဲ့ခြင်းသာ ဖြစ်သည်။[8] ၁၉၄၅ ခုနှစ်သို့အ‌ရောက်တွင်မူ ဂျပန်တို့စစ်‌ရေးရှုံးနိမ့်ကာ မဟာမိတ်တပ်တို့သည်လည်း မြန်မာပြည်သို့ ပြန်လည်တိုက်ခိုက်၍ ဝင်‌ရောက်လာသည်။ ဗမာတို့သည် နှစ်ဘက်စလုံးမှ ပါဝင်ခဲ့ကြသည်။ အစပိုင်းတွင် ဗြိတိသျှတို့ကိုတိုက်ရန် ဂျပန်တို့ဘက်မှ ပါဝင်ခဲ့ကြသော်လည်း ‌နောက်ပိုင်းတွင် ဂျပန်ကိုတိုက်ရန် အင်္ဂလိပ်တို့ဘက်မှ ပါဝင်လာခဲ့ကြသည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က ဂျပန်အင်ပါယာသည် မဟာမိတ်တပ်များထံ တရားဝင် လက်နက်ချသည်။ သြဂုတ်လမကုန်မီ မြန်မာပြည်ဆိုင်ရာ ဂျပန်တပ်မတော်၏ တပ်မှူးဗိုလ်ချုပ်ကြီး ဟိတာရိုခိမုရာ (Heitarō Kimura) က ဒေသတွင်း လက်နက်ချညှိနှိုင်းမှုများကို စတင်ရန် ဗမာပြည်တွင် သဘောတူထားပြီး ဖြစ်သည်။ ဂျပန်တို့သည် ဧပြီလက ရန်ကုန်မြို့ကို စွန့်ခွာလာခဲ့ကြသော စစ်သား ၇ သောင်းခန့်ဖြင့် မော်လမြိုင်မြို့၌ စခန်းချနေခဲ့ကြသေးသည်။ ဗိုလ်ချုပ်ကြီး ကီမုရာသည်လည်း ဆူဂါမိုတွင် ကြိုးမိန့်ဖြင့် သေဒဏ်ချမှတ်ခံရသည်။ ရဲဘော်သုံးကျိတ်ကို စေလွှတ်ရာတွင် အဓိကလူဖြစ်၍ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်ခဲ့သူ ဒေါက်တာသိန်းမောင်[9] ကိုလည်း စစ်ရာဇဝတ်မှုဖြင့်ဝရမ်းထုတ်၊ ဖမ်းဆီးထား၏။ ထောင်ထဲနေမကောင်းဖြစ်၍ ၁၉၄၆ ခုနှစ် မေလ ပြန်ပို့ရာ သင်္ဘောပေါ်တွင် ကွယ်လွန်သည်ဟု ဆိုကြ၏။ အလောင်းပြန်ရောက်မလာပေ။ ထို့အတူ ဖမ်းဆီးခံရ၍ ပြန်လွတ်လာသူ ဂျပန်ခေတ်အစိုးရအဓိပတိ ဒေါက်တာဘမော်က “ကျားသေကို ဝိုင်းခုတ်တဲ့ပွဲတွေပဲ” ဟု “ဗမာ့လက်ငင်းလွတ်လပ်ရေး အစည်းအဝေးကြီး” မိန့်ခွန်းတွင် ထည့်သွင်းပြောလိုက်ရာ မကျေနပ်မှုများ ရှိခဲ့ကြသည်။[10]

စင်စစ်တွင် ဗြိတိသျှတို့အနေဖြင့် မြန်မာနိုင်ငံကို လွတ်လပ်ပေးရန် ၁၉၄၀ ကာလများ လောက်ကပင် စဉ်းစားနေကြပါသည်။ ချင်း၊ ကချင်၊ သျှမ်း တောင်တန်းဒေသများနှင့် ကရင်ဒေသများရှိ သေနတ်ကိုင် တပ်များနှင့် ဒေသလေဗီးတပ်များသည် ဗြိတိသျှတို့ထံတွင် အမှုထမ်းကြသလို အဆင်ပြေကြသည်ဖြစ်ရာ ဗမာနိုင်ငံကို လွတ်လပ်ရေးပေးလျှင် အချို့သောဒေသများ ချန်လှပ်ခဲ့ရန် တွေးတောပြီးဖြစ်သည်။ အထူးသဖြင့် စစ်ဒဏ်ခံခဲ့ရသည့် ဗမာနိုင်ငံကို ပြန်လည်တည်ထောင်ရန် ကြိုးပမ်းနေခြင်းထက် မာလာယုကဲ့သို့သော ဒေသများက ပိုစိတ်ဝင်စားဖွယ်ရာဖြစ်သည်။ ဗြိတိသျှကွန်ဆာဗေးတစ်ပါတီကမူ ဆွဲထားရန်၊ ဓနသဟာယ နိုင်ငံများတွင် ပါဝင်စေရန် တိုက်တွန်းလိုသည်။ ထို့အပြင် အိန္ဒိယကို လွတ်လပ်ရေးပေးရလျှင် ထိုကာလအဖို့ ဗမာပြည်မသည် ပထဝီအရ မဟာဗျူဟာ မကျတော့ချေ။ သို့နှင့် ထိုအကြောင်းကို ဗမာနိုင်ငံဆိုင်ရာဝန်ကြီးမှ ဗမာဘုရင်ခံထံ ၁၉၄၃ နိုဝင်ဘာလတွင် လျှို့ဝှက်စာပေးပို့ခဲ့ရာ ဦးညီပုနှင့် ကိုစံအောင်က ဗမာ-မွတ်ဆလင် ဆရာကြီး ဦးဖေခင်ထံ လျှို့ဝှက်ပြီး အကြောင်းကြားခဲ့သည်ဟု ဦးဖေခင်က ရေးခဲ့သည်။

ဗမာတို့၏ ဂျပန်တော်လှန်ရေးသည် ကချင်၊ ရခိုင်တို့ထက် နောက်ကျသည်။ ၁၉၄၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ကချင်နှင့် မဟာမိတ်တပ်ဖွဲ့များ အားဖြည့်မှု ဖြင့် တရုတ်နှင့် Merill’s Marauders တပ်ဖွဲ့ အပါအဝင် အမေရိကန်တပ်များသည် မြစ်ကြီးနားမြို့ကို ဂျပန်တို့ လက်မှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း အရေးကြီးလှသော တိုက်ပွဲများ အပြီး အရေးကြီးသော လေယာဉ်ဆင်းကွင်းများကို ပြန်လည် ချုပ်ကိုင်လာနိုင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၅ ခုနှစ် မတ်လတွင် ဂျပန်ကို စစ်ကြေငြာသောအခါ ကချင်တို့အနေဖြင့် ဂျပန်များကို တိုက်ထုတ် ပြီး၍ မနောပွဲပင် ကျင်းပပြီးကြပြီ ဖြစ်နေသည်။ ထိုစဉ်အခါ ဗြိတိသျှဘုရင်ခံက ကချင်များကို ချက်ချင်းတန်း၍လွတ်လပ်ရေးမယူသေးပဲ အုပ်ချုပ်ရေးနှင့် သက်မွေးမှုဆိုင်ရာအတတ်များကို လေ့လာရန် ပြောလာခဲ့သော်လည်း လုံးဝလွတ်လပ်ရေးကို လိုလားခဲ့သော ကချင်ခေါင်းဆောင်ကြီးများက ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြောဆိုညှိနှိုင်းကာ ဗမာကြားဖြတ်အစိုးရကို ယုံကြည်ပြီး ဗမာနိုင်ငံတွင်ပါဝင်ရန် သဘောတူကြသည်။ ကရင်နှင့် ရခိုင်တို့ကလည်း ဖက်ဆစ်ကို ဗမာတို့ထက်စောကာ တိုက်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းခေတ်နိုင်ငံရေးအဘိဓမ္မာသည် လက်ဝဲလွှမ်း အဘိဓမ္မာဖြစ်သည်။ ထို့ကြောင့် အရင်းရှင်စနစ်၏ ယိုယွင်းမှုသည် ဂျပန်စနစ်ထက် ဆိုးသည်ဟု အမြင်ရှိသည်။[11] ဗိုလ်ချုပ်အောင်ဆန်းနှင့် အချို့သော လူမျိုးစု ခေါင်းဆောင်များကလည်း ယင်းအတိုင်းမြင်သည်။ ထို့ကြောင့်လည်း အင်္ဂလိပ်လက်အောက်က ထွက်လိုခြင်း ပြင်းပြင်းပြပြ ရှိနေသည်ကို တွေ့ရသည်။

အင်္ဂလိပ်တို့ ပြောသည်မှာ မြန်မာ့နိုင်ငံရေးတွင် လူသုံးယောက်ကို ဆွေးနွေးရန် လိုသည်၊ ထိုသူတို့မှာ ဒေါက်တာဘမော်၊ သခင်အောင်ဆန်းနှင့် ဂဠုန်ဦးစောတို့ ဖြစ်သည်[12]ဟူ၏။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အင်္ဂလိပ်အချို့မှာ အမြင်လည်းမတူ၊ အဆင်လည်းမပြေကြပေ။ နန်းရင်းဝန် ဂဠုန်ဦးစောနှင့် မတူသည်မှာ ဗိုလ်ချုပ်အောင်ဆန်းသည် အတ္တလန်တိတ်ချာတာကို အတိအလင်း ငြင်းပယ်သူဖြစ်သည်။ စစ်ပြီးသောအခါ ဂျပန်တွင် စစ်ပညာသင်လာသော၊ ဗြိတိသျှကို အရင်တိုက်ခဲ့သော၊ ကွန်မြူနစ်လက်ပတ်ကို ဝတ်လေ့ရှိသော အောင်ဆန်းကို ဗြိတိသျှအရာရှိ၊ အထူးသဖြင့် ကွန်ဆာဗေးတစ်ဝါဒီတို့ မကြိုက်ပေ။ သထုံခရိုင် ပေါင်မြို့နယ် သဲဖြူကုန်းရွာ အဗ္ဗဒူရာရှစ် အသတ်ခံရသည့် အမှုအတွက် သံသယတရားခံအဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးကာ အပြစ်ပေးရန် ကြံသည်ကို လော့ဒ်မောင်ဘက်တန်က တားဆီးခဲ့ရသည်။[13]

စစ်အပြီးတွင် မျိုးချစ်ဗမာ့တပ်မတော်နှင့် ပျောက်ကြားအဖွဲ့များကို ဗမာ့စစ်တပ်အဖြစ် ဖွဲ့စည်းရန် ကြံကြသည်။ ဗြိတိသျှတို့အမြင်တွင်မူ နဂိုရှိရင်းစွဲ ပုံမှန်ဗမာတပ် (နိုင်ငံတော်၏တပ်)၊ ဗြိတိသျှတို့လက်အောက် လုံးလုံးလျားလျားရှိသည့် ဌာနေတိုင်းရင်းသားအများစုပါသည့် (ဒေသခံ) လေဗီးများနှင့် သေနတ်ကိုင်တပ်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ့အမျိုးသားတပ်မတော် (၁၉၄၃ ဇွန်တွင် မျိုးချစ်ဗမာ့တပ်မတော်အမည်ပြောင်းခဲ့) ဟူ၍ သုံးစားရှိသည်။ ယင်းတပ်များသည် လူမျိုးသာ မတူရုံမဟုတ်ပဲ နိုင်ငံရေးအတွေးအခေါ်အားဖြင့်လည်း မတူကြပေ။ မျိုးချစ်ဗမာ့တပ်တွင် ကွန်မြူနစ်များပြီး ကျန်တပ်များမှာ ကွန်ဆာဗေးတစ်များဖြစ်သည့်အတွက် အလွန်တရာ အမြင်ကွဲပြားကြသည်။ ထို့အပြင် ဗြိတိသျှတို့ ပြန်ဝင်လာလျှင်ရှိလာမည့် လုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားကြသည်။ ခေတ်အဆက်ဆက် မိမိတို့ကိုတိုက်ခဲ့သော ဗမာတပ်များနှင့် ဗြိတိသျှတို့အကြား ယုံကြည်မှု အပြည့်အဝရှိသည်ဟု ယူဆရန် ခဲယဉ်းသည် မဟုတ်ပါလား။

ဤသို့နှင့် ကန္ဒီဌာနချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မောင့်ဘက်တန်တို့က ဗမာ့စစ်တပ်အသစ်ပုံစံကို ဦးဆောင်ဆွေးနွေးရန် ဖြစ်လာသည်။ ဗိုလ်ချုပ်အောင်ဆန်းအတွက် ထိုခရီးစဉ်အတွက်စရိတ်ကို မွန်အမျိုးသား သူဌေးဆာဦးသွင်မှ ကျခံပေးခဲ့ရာ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်များတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အာရှအရှေ့တောင်ပိုင်း (SEAC) စစ်သေနာပတိချုပ် ရေတပ်ဗိုလ်မှူးကြီး လော့ဒ်လူဝီမောင့်ဘက်တန် ခေါင်းဆောင်သော ဗြိတိသျှအင်ပါယာကိုယ်စားလှယ်အဖွဲ့တို့ နှစ်ရက်တိုင်တိုင် ဒူးတိုက်ဆွေးနွေးကြပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းမည့် တပ်မတော်နှင့်စပ်လျဉ်းသည့် သဘောတူညီချက်များ ပါဝင်သော ကန္ဒီစာချုပ်ကို လက်မှတ်ရေးထိုး ကြလေသည်။ အကျိုးဆက်အဖြစ် အင်္ဂလိပ်အုပ်ချုပ်ရေး၏အောက်ရှိ ပင်မစစ်တပ်တွင် မျိုးချစ်ဗမာ့တပ်မတော်မှ အင်အားများနှင့် တိုင်းရင်းသား လေဗီးနှင့်ရိုင်ဖယ်တပ်များ ပါဝင်ကာ တပ်အမျိုးအစားသုံးမျိုးပေါင်းပြီး ဗမာ့တပ်မတော်သစ် ဖွဲ့စည်းရန် သဘောတူလေတော့သည်။

သို့ရာတွင် ယင်းဗမာ့တပ်မတော် (နိုင်ငံတပ်) တွင် မပါရသူများမှာ အသီးသီး ခါးပိုက်ဆောင်တပ်များ ဖြစ်လာကြသည်ကို တွေ့ရသည်။ ကန္ဒီစာချုပ်သည် မျိုးချစ်ဗမာ့တပ်မတော် (PBF) ကို ဖျက်သိမ်းသည်။ PBF မှ စစ်သားအချို့ကိုသာ ရွေးချယ်၍ ဗြိတိသျှကွပ်ကဲမှုအောက်ရှိ ဗမာ့တပ်မတော်သစ်ထဲသို့ ထည့်သွင်းရန် သဘောတူညီသည်။ ဤအချက်ကို PBF မှ စစ်သားအများအပြားနှင့် ကွန်မြူနစ်များက "သစ္စာဖောက်မှု" အဖြစ် ရှုမြင်ခဲ့ကြသည်။

မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရခြင်းကို ပြန်လေ့လာလျှင် အက်တလီ မပါ၍ မဖြစ်ပေ။

၁၉၄၅ ခုနှစ် ဇူလိုင်တွင် ဗြိတိန်၌ လေဘာပါတီအနိုင်ရကာ တိုက်ရိုက်အုပ်ချုပ်သည့် ကိုလိုနီစနစ်ကို အမြန်စွန့်လွှတ်မည့် ဝန်ကြီးချုပ်အက်တလီ တက်လာခဲ့သည်။[14] ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ဂျပန်လက်နက်ချသော စာချုပ်ကိုချုပ်ဆိုခြင်းဖြင့် ဒုတိယကမ္ဘာစစ်ကြီး အပြီးသတ်သည့်နောက် အက်တလီက ဗမာနိုင်ငံကို လွတ်လပ်ရေးပေးရန် ဗြိတိသျှလွှတ်တော်ကို အကြောင်းကြားခဲ့သည်။ ထို့နောက် မည်သို့သော ကြားကာလအစိုးရကို ဖွဲ့စည်းမည်ဆိုသည့် သဘောထားများအား ဆွေးနွေးရန် ၁၉၄၇ ခုနှစ် ဇန်နဝါရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့သည် လန်ဒန်သို့ရောက်ရှိပြီး မစ္စတာအက်တလီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးနေစဉ် သျှမ်းစော်ဘွားတို့က ဗိုလ်ချုပ်အောင်ဆန်းသည် သျှမ်းပြည်ထောင်စုကို ကိုယ်စားမပြုကြောင်း သံကြိုးရိုက်သည်။ ဦးဖေခင်၊ ဦးတင်ဧနှင့် သျှမ်းလူငယ်များက တောင်ကြီးဈေးတွင် လူထုဟောပြောပွဲ အမြန်လုပ်ကာ ထောက်ခံကြောင်း စာပြန်ပို့လိုက်သည်။ သို့နှင့် တိုင်းရင်းသားလူမျိုးများနှင့် ညှိနှိုင်းရန်အချက်များ ထည့်သွင်းကာ အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့သည်။

ဗမာပြည်သို့ ပြန်ရောက်သောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် သျှမ်းပြည်ထောင်စု၊ ပင်လုံမြို့တွင် ကျင်းပနေသည့် ဒုတိယပင်လုံအစည်းအဝေးသို့ ၁၉၄၇ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် တက်ရောက်လာသည်။[15] ရှေ့ရက်များဖြစ်သော ၆ ရက်နှင့် ၇ ရက်နေ့တွင် သဘောတူထားခဲ့သည့် မူများအပေါ် ဆွေးနွေးညှိနှိုင်းကာ ဖေဖော်ဝါရီ ၁၂ တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုသည်။ ဗမာပြည်ကြားဖြတ်အစိုးရ၊ သျှမ်းပြည်ထောင်စု၏ စပ်ဖလုံကောင်စီ ကိုယ်စားလှယ်များ၊ ကချင်တောင်တန်းဒေသ ကိုယ်စားလှယ်များနှင့် ချင်းတောင်တန်း‌ဒေသ ကိုယ်စားလှယ်တို့ဟူသည့် အကြီးအမှူးအုပ်စုလေးစုမှ လက်မှတ်ရေးထိုးခဲ့ကြသည်။

နောက်ပိုင်း ကရင်နီခေါင်းဆောင်များသည်လည်း အမြင်ကွဲပြားကြကာ လွတ်လပ်မည့်ဗမာပြည်တွင် မပေါင်းလိုသူတို့နှင့် ပေါင်းလိုသူတို့အကြား အချင်းများခဲ့ကြသည်။ သဘောထားကျေလည်အောင် မညှိနိုင်ခင် ပူးပေါင်းလိုသူတို့က ဖဆပလတွင် ကိုယ်စားလှယ်များအဖြစ်ပါဝင်ကြပြီး ညှိနှိုင်းရာ ဦးနု၊ ဦးချန်ထွန်းတို့မှ သဘောတူခဲ့သည့်အတွက် ဗမာပြည်ဖွဲ့စည်းပုံတွင် ကရင်နီပြည်သည်လည်း ပါလာခဲ့သည်။ နောက်ပိုင်းတွင် အမြင်မတူမှုများ ဖြစ်လာရာ မပူးပေါင်းလိုသေးသူ ကရင်နီခေါင်းဆောင် မြို့အုပ်ဂိုဘီတူရီ အသတ်ခံရသည်။ အခြေအနေမှာ လက်နက်ဖြင့်ရှင်းကြသည့် အနေအထားရောက်လာပြီး ဗမာပြည်နှင့် ပူးပေါင်းလိုသူတို့ကလည်း ဖဆပလထံမှ စစ်ရေးအကူအညီပါယူခဲ့ကြရာမှ ယခုတိုင် ပြဿနာများ ဖြစ်ခဲ့ရသည်။

ဗမာ့လွတ်လပ်ရေးအတွက်ကိုလည်း ဆင်နွှဲရန် စိုင်းပြင်းနေကြပြီ ဖြစ်သည်။ ဗမာတို့ထုံးစံအတိုင်း လွတ်လပ်ရေးယူရန် ဗေဒင်ဖြင့် ရက်ရွေးခဲ့ကြသေးသည်။ ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချိုက ပျဉ်းမနား ဆရာဦးသန်းမောင်နှင့် တပည့်ရင်းဖြစ်သူ ဆရာမောက်တို့ကိုခေါ်၍ လွတ်လပ်ရေးဇာတာရက်ကောင်းရွေးရန် တာဝန်ပေးခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း လွတ်လပ်ရေးမယူခင်လေးတွင် နိုင်ငံရေးခေါင်းဆောင်များ လုပ်ကြံခံရခြင်းများ ဖြစ်ခဲ့သည်။ ပထမဦးဆုံး ဂဠုန်ဦးစောကို ပစ်ခတ်လုပ်ကြံခြင်းဖြစ်ခဲ့ပြီး မကြာမီပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒီးဒုတ်ဦးဘချိုအပါအဝင် နိုင်ငံခေါင်းဆောင်များကို ဂဠုန်ဦးစောက လုပ်ကြံလေသည်။ ထို့နောက် နိုင်ငံကို ဦးနုက တာဝန်လွှဲယူ ဆက်ခံလိုက်သည်။

ဩဂုတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ဗြိတိသျှအစိုးရကိုယ်စား ဂျွန်ဒဗလျူဖရီးမင်းနှင့် မြန်မာနိုင်ငံ ယာယီအစိုးရကိုယ်စား ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ျာတို့နှစ်ဦး သတောတူချုပ်ဆို၍ လက်ျာ-ဖရီးမင်းစာချုပ်ကို[16] လက်မှတ်ရေးထိုးကြသည်။ ယင်းစာချုပ်သည် အောင်ဆန်း-အက်တလီ စာချုပ်ပါ ကာကွယ်ရေးအဆုံးသတ်ချက်များအတွက် လိုအပ်ချက်အရ ချုပ်ဆိုခြင်းဖြစ်၏။ စာချုပ်အရ ဗြိတိသျှတို့သည် မြန်မာနိုင်ငံတွင် စစ်အခြေစိုက်စခန်းများ ဆက်လက်ထားရှိခွင့်နှင့် စစ်ရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ထားရှိခွင့် ရရှိခဲ့သည်။ လက်ဝဲအင်အားစုများနှင့် တိုင်းရင်းသားခေါင်းဆောင် အများအပြားက ဤစာချုပ်ကို မြန်မာ့အချုပ်အခြာအာဏာကို ထိပါးစေသော ကိုလိုနီစနစ်သစ် (neo-colonialism) ဟု ရှုမြင်ကာ ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသည် (စာချုပ်ကို နောက်ဆက်တွဲများတွင် ရှုပါ)။

လွတ်လပ်ရေးကိုပြောလျှင် “နု-အက်တလီ” စာချုပ်မပါက မပြည့်စုံပေ။ “နု-အက်တလီ” စာချုပ်မှာ မြန်မာနိုင်ငံတော် ကြားဖြတ်အစိုးရသို့ နိုင်ငံ၏ အချုပ်အခြာအာဏာ လွှဲပြောင်းပေးရန် သဘောတူကြောင်း ချုပ်ဆိုသည့် စာချုပ်ဖြစ်သည်။ "နု-အက်တလီစာချုပ်" မချုပ်မီ ဇာတာအခါ ရက်ရွေးရန် လိုအပ်သဖြင့် ဇာတာတောင်းသော်လည်း စာအသွားအလာ ရက်ကြာသွားပြီး ထိုရက်တွင် ဦးနုတို့အင်္ဂလန်သို့ မရောက်ပဲ တကယ်ချုပ်သည့်ရက်မှာ ၁၉၄၇ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ဖြစ်သွားသည်။ လွတ်လပ်ရေး အခမ်းအနားအတွက် ရန်ကုန်မြို့ မဟာမြိုင်ကျောင်းတွင် ပညာရှင်များနှင့် စုပေါင်းတွက်ချက်ကြရာ ဇန်နဝါရီလ ၆ နှင့် ၈ ရက်ဟူ၍ ဝိဝါဒကွဲလာပြီး ဗိုလ်လက်ျာ၏ဗေဒင်ဆရာ ပဲခူးဦးသက်တင်အပါအဝင် ဘုန်းကြီးတပါးနှင့် လူပုဂ္ဂိုလ်နှစ်ဦး ရွေးချယ်ပေးသည့် ဇန်နဝါရီလ ၄ ရက် (တနင်္ဂနွေနေ့) နံနက် ၄ နာရီ မိနစ် ၂၀ ကို အတည်ယူ လိုက်သည်။

သို့နှင့် ဗမာတို့အတွက် လွတ်လပ်ရေးကြေငြာစာတမ်းကို ၁၉၄၈ ခု ဇန်နဝါရီလ ၄ ရက် (တနင်္ဂနွေနေ့) နံနက် ၄ နာရီ မိနစ် ၂၀ တွင် ဖတ်ရှုနိုင်ခဲ့လေတော့သည်။ 


ပုံ - လွတ်လပ်ရေးအလံတင်စဉ်

ပြန်လှန်ကြည့်လိုက်လျှင် ဂျပန်တို့ မဟာမိတ်တို့ထံ လက်နက်ချခဲ့သော ၁၉၄၅ ခုနှစ် သြဂုတ်လမှ ၁၉၄၈ ခုနှစ် မတ်လအကြားထိ နှစ်နှစ်ခွဲဝန်းကျင်မျှသာ စစ်ကြီးကြီးမားမား မရှိဟူ၍ ပြောနိုင်သည်။[17] လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ဖဆပလခေါင်းဆောင်များအပါအဝင် “ဗမာပင်မ” နိုင်ငံရေးသမားများ၏ အကွဲအပြဲများ၊ နိုင်ငံရေးအရ သဘောတူညီချက်များကို လှည့်ဖျားကာ ကွက်ကျော်ရိုက်ခြင်း၊ မရိုးသားခြင်း၊ ညှိနှိုင်းမရခြင်းများစွာနှင့် စစ်တပ်အတွင်းတွင်လည်း ဗမာခေါင်းဆောင်များ၏ နိုင်ငံရေးအတွေးအခေါ်တို့ အကြား အက်ကြောင်းများစွာဖြစ်လာခဲ့သည်။ သို့နှင့် တိုင်းရင်းသားတို့၏ လက်နက်ကိုင်တော်လှန်ရေးများ အလျှိုလျှို ပေါ်ပေါက်လာခဲ့ကြသည်။

မြန်မာ့အနာဂတ်ကိုပြောရလျှင် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော လက်နက်ကိုင်တိုက်ပွဲများ အကြောင်းကိုလည်း ချန်လှပ်ထား၍ မရနိုင်ပေ။ သမိုင်းကို “မအ” အောင်သင်ဖို့လိုသည်ဟူသော ဒေါက်တာသန်းထွန်း၏ စကားကို ပြန်တွေးကြည့်လျှင် သမိုင်းကို လျစ်လျူရှုပြီး ပြဿနာများကို ဖြေရှင်းပါက “လူအ” များသဖွယ် ရှေ့သို့ရောက်ရန် ခက်ပေလိမ့်မည်။
---------

[1] Alaungphaya (King). (1756, May 7). [Golden Letter from King Alaungphaya of Myanmar to King Georg II of Great Britain] [Manuscript/Artifact]. Gottfried Wilhelm Leibniz Bibliothek, Hanover, Germany.

[2] ၁၈၈၆ ခုနှစ် ဇူလိုင် ၂၄ စာချုပ်မချုပ်ဆိုမီတွင် ချင်းမင်းဆက်သည် မြန်မာနိုင်ငံကို ပဏ္ဏာဆက်နိုင်ငံတခုအဖြစ် ရှုမြင်ခဲ့ပြီး၊ ဗြိတိသျှတို့က မြန်မာနိုင်ငံကို သိမ်းပိုက်ခြင်းသည် တရုတ်ဧကရာဇ်၏ ဂုဏ်သိက္ခာကို စော်ကားခြင်းဟု ယူဆခဲ့သည်။ ထိုကန့်ကွက်မှုကို ဖြေရှင်းရန်အတွက် နှစ်နိုင်ငံသည် ပီကင်း၌ စာချုပ်တရပ်ချုပ်ဆိုခဲ့သည်။ "သိက္ခာနှင့် အနှစ်သာရ" ကို အပြန်အလှန် လဲလှယ်ခဲ့သည့် သံတမန်ရေးရာ သဘောတူညီချက်ဖြစ်သည်ဟု မှတ်ရမည်။ ဗြိတိန်သည် တရုတ်၏ ပဏ္ဏာဆက်ခံယူမှုဓလေ့ကို ဆက်လက်ပြုလုပ်ခွင့်ပြုခြင်းဖြင့် တရုတ်၏ သိက္ခာကို အသိအမှတ်ပြုခဲ့ပြီး၊ တရုတ်သည် အပြန်အလှန်အားဖြင့် ဗြိတိန်၏ မြန်မာနိုင်ငံအပေါ် အချုပ်အခြာအာဏာ အပြည့်အဝရှိခြင်းကို တရားဝင် လက်ခံခဲ့သည်။ တကယ်တမ်းတော့ ဗြိတိသျှတို့က ထိုစာချုပ်ကို လိုက်နာခဲ့ခြင်း မရှိပါချေ။ ထိုမှတဆင့် နယ်နိမိတ်သတ်မှတ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးအတွက်လည်း သဘောတူညီမှု ရယူခဲ့သည်။

[3] Thant Myint-U (2006). The River of Lost Footsteps: Histories of Burma.

[4] ဗြိတိသျှတို့၏ အဆင်သင့်သော အုပ်ချုပ်ရေးဆိုင်ရာ ခွဲခြားမှု (administrative categorization) သာဖြစ်ပြီး၊ ကုန်းဘောင်ခေတ်က နိုင်ငံရေးဖွဲ့စည်းပုံကို တိုက်ရိုက်အမွေဆက်ခံခြင်း မဟုတ်ပါ။

[5] ကရင်နီအမျိုးသားနိုင်ငံရေးဆိုင်ရာ သမိုင်းမှတ်တမ်းများ၊ မိနန်ဒီ (၂၀၂၄)။

[6] 1921 Burma Gazette

[7] Aung San | Myanmar nationalist | Britannica. (2020). In Encyclopædia Britannica. https://www.britannica.com/biography/Aung-San

[8] ဂျပန်စစ်ခုံရုံးမှတ်တမ်းများ

[9] “ရဲဘော်သုံးကျိတ်အစ ဒေါက်တာသိန်းမောင်က” ဟု ဆိုရိုးရှိ၏။ ဒေါက်တာသိန်းမောင်ကို စစ်ခုံရုံးမတင်လိုက်ရပေ။

[10] ရန်ကုန်မြို့ နေသူရိန်ရုံတွင် ၉ ရက် မတ်လ ၁၉၄၇ တွင် ကျင်းပခဲ့သည်။

[11] မာ့စ်ဝါဒအမြင်အရ ဖက်ဆစ်စနစ်သည် အရင်းရှင်စနစ် ယိုယွင်းရာမှ ပေါ်လာသည်ဟု ဆိုကြသည်။ ၁၉၄၅ ခု မေလ ၁၀ ရက်နေ့ သရက်ချောင်းရွာမိန့်ခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်းက “အခုဂျပန်က ကျုပ်တို့တတွေနဲ့ တိုင်းရင်းသား အားလုံး ကို (-) သွားပေမယ့် ဆီဆွတ်လို့ တော်သေးတယ်။ အင်္ဂလိပ်လာရင် ဆီမဆွတ်ဘဲ (-) လိမ့်မယ်။ ဒါဘဲ ကျုပ်ပြောခဲ့မယ်” ဟု ပြောသွားသည်ကိုလည်း နမူနာတခုအနေဖြင့် ကြည့်နိုင်ပါသည်။

[12] စစ်အပြီးဗြိတိသျှလွှတ်တော်မှတ်တမ်းများတွင် ဒေါက်တာဘမော်၊ ဦးစော၊ ဦးအောင်ဆန်းတို့ကို အခြေခံ၍ ဆွေးနွေးကြတတ်သည်။

[13] ၁၉၄၂ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ပေါင်မြို့၊ သဲဖြူကုန်းရွာတွင် ဗြိတိသျှတို့က ခန့်အပ်ထားသော ဒေသခံ မူဆလင်ခေါင်းဆောင်တဦးဖြစ်သူ အဗ္ဗဒူရာရှစ်ကို ဝက်တကောင်နှင့်အတူ သော့ခတ်ထားသော လှည်းထဲသို့ ပစ်ထည့်ကာ ရှစ်ရက်ကြာ အစာငတ်ထားပြီးနောက်၊ အများပြည်သူအားကစားကွင်းရှိ ဂိုးတိုင်တွင် လက်ဝါးကပ်တိုင်ကဲ့သို့ ရိုက်ချည်ကာ လှံစွပ်ဖြင့် သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။ ဗိုလ်ချုပ်က ရာရှစ်သည် ဗြိတိသျှလိုလားသော လုပ်ဆောင်မှုများ၊ ရက်စက်မှုနှင့် အဂတိလိုက်စားမှုများအတွက် ပြစ်မှုထင်ရှားသည်ဟု တွေ့ရှိရ၍ စစ်ခုံရုံး (court martial) သဘောအရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် "မြန်မာကဲ့သို့သော ကျွန်နိုင်ငံများတွင် ဥပဒေနှင့်ညီမျှခြင်းသည် တရားမျှတမှုဖြစ်သည်ဟု မဆိုနိုင်ပါ" ဟု ပြောခဲ့သည်။ ၁၉၄၆ခုနှစ် ဧပြီလထုတ် ဟံသာဝတီသတင်းစာ၌ ဗိုလ်ချုပ်အောင်ဆန်းက ‘ကျွန်ုပ်လိပ်ပြာမှာ အမြဲသန့်ရှင်း လျက်’ ဆောင်းပါးရေးသားခဲ့သည်။

[14] Jenkins, R. (2019). Clement Attlee | Biography, Achievements, & Facts. In Encyclopædia Britannica. https://www.britannica.com/biography/Clement-Attlee

[15] South, A. (2008). Ethnic Politics in Burma: States of Conflict. Routledge.

[16] United Nations Treaty Series No. 904 (1947). Defence Agreement between the Government of the United Kingdom and the Provisional Government of Burma, signed at Rangoon on 29 August 1947. United Nations Treaty Series, Vol. 70, pp. 181–187. Retrieved from UN Treaty Collection

[17] တင်းမာမှုများကတော့ သူ့ဟာနှင့်သူ ရှိနေပါသည်။ အလံနီတောခိုခြင်း၊ မူဂျာဟစ်အရေး၊ လူမျိုးရေး တင်းမာမှုများ စသည်တို့ကတော့ ရှိနေပါသည်။ သို့သော် ပျံ့နှံ့သော ပြည်တွင်းစစ်မျိုး မရှိခြင်းကို ဆိုလိုပါသည်။

Comments

Popular posts from this blog

ပဒေသရာဇ် ဘုရင်ခေတ်များ - နိဒါန်း

ယခုမြန်မာနိုင်ငံဟု သိကြသော ဒေသကို အိန္ဒိယဘက်မှ စာများတွင် ဗြဟ္မာ့ဒေသ (ဗရမာဒေ့ရှ်) ဟု ညွှန်းကြသည်ကို တွေ့ရသည်။ မြို့အမည်၊ မြစ်အမည်များကို ဟိန္ဒူတို့၏ နတ်ဗြဟ္မာအမည်များ မှည့်ခေါ်ကြရာ ဗိဿနိုးမြို့၊ ဘိန္နကမြို့ (သီဝနတ်ဘုရားနှင့် ဆက်စပ်နိုင်)၊ သျှရီခတ္တရာ၊ သူရဿတီ (တနည်း သာယာဝတီ- ယခုချင်းတွင်းမြစ်)၊ ဧရာဝတီ (ဧရာဝဏ်ဆင်အမည်) စသည်ဖြင့် တွေ့ရတတ်သည့်အတိုင်း ဖြစ်သည်။ အရှေ့ဘက်ဆက်လျှင် ဒွာရဝတီ၊ လဝ (ရာမ၏ သားတော်) စသည့် အမည်များ ပေးကြသည်။ ယခုဗီယက်နမ်အထိ ဒေသဘက်ကိုမူ အင်ဒရာဒီပ (မိုးကြိုးနတ်ဘုရင်၏ကျွန်း) ဟု ခေါ်ကြ၏။ အင်ဒရာပူရ (သိကြားမြို့) လည်း ရှိသည်။ ခုနှစ်ကို သိကြားနှစ် (သက္ကရာဇ - သက္ကရာဇ်) ဟုခေါ်၏။ ဒေသကိုအခြေခံသည့် အခေါ်အဝေါ်များမှ ဗမာ၊ နောင်တွင် မြန်မာ ဟူသည့် လူမျိုးကိုညွှန်းသော စကားလုံးများ ဖြစ်လာသည်ဟု ယူဆရသည်။ [1] ဒေသကို ခေါ်သည့် အခေါ်အဝေါ်မှ လူမျိုးအမည်အဖြစ် ပြောင်းလဲလာမှုမှာ မစိမ်းပါ။ ဥပမာ ထိုင်းနိုင်ငံ၊ ထိုင်းလူမျိုးပမာ ဖြစ်သည်။ ဘရာဇီးဟူသော ဒေသအမည်မျှ ဘရာဇီးလူမျိုးဟူ၍ ပြောလာကြသလို ဖြစ်သည်။ တရုတ်တို့ဘက်မှ မှတ်တမ်းများတွင် “မြန်/မီယမ် တျင့် (緬甸)” ဟု ရေးသည်ကို တွေ့ရသည်။ မည်သို့ဆိုစေ စာလုံးရေးသည့်ခ...

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

    လူသားတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ မသိနားမလည်မှုကနေ ဉာဏ်ပညာဆီကို တမဟုတ်ချင်း ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်က ထင်ရှားတဲ့ အဆင့်အမျိုးမျိုးကို ဖြတ်သန်းသွားပြီး၊ အဆင့်တခုစီက ရှုပ်ထွေးမှုတွေကို နစ်မွန်းမသွားစေဘဲ လက်ခံနိုင်စွမ်းကို တိုးမြှင့်ပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်အလိုက် တင်းကျပ်စွာ သတ်မှတ်ထားတာ မဟုတ်ဘဲ၊ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စိတ်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပုံတွေ ကွဲပြားတာပဲ ဖြစ်ပါတယ်။ အောက်မှာတော့ အရှင်းလင်းဆုံး ရှင်းလင်းချက်ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ရွေ့လျားသွားတဲ့ ဒီအဆင့် ၅ ဆင့်အတွက် လမ်းပြမြေပုံတခုကို အသေအချာစဉ်းစားကြည့်ပြီး ဖော်ပြလိုက်ပါတယ်။ အဆင့် ၁။ ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်းအဆင့် ဘယ်သင်ယူမှုခရီးရဲ့ အစမှာမဆို စိတ်က ရှင်းလင်းပြတ်သားမှုကို လိုလားတယ်။ ခိုင်မာတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ လျင်မြန်တဲ့ အမျိုးအစားတွေကို လိုအပ်တယ်။ ဒါဟာ အားနည်းချက်မဟုတ်ဘဲ၊ ရှင်သန်ရေးအတွက် နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက်အတွဲတွေအဖြစ် ဦးနှောက်ထဲကို ဝင်...

မြန်မာနိုင်ငံ၏ အခြေအနေ

မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။ [1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။ မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီ...