Skip to main content

ဗြိတိသျှအုပ်ချုပ်ရေးအောက်မှ အပြောင်းအလဲများ


ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို ၁၈၂၄ ခုတွင် အရှေ့အိန္ဒိယကုမ္ပဏီမှတဆင့် စတင်ကျူးကျော်ခဲ့ပြီး ၁၈၈၆ ခုနှစ်တွင် ဗစ်တိုရီးယားဘုရင်မကြီးထံ နှစ်သစ်ကူးလက်ဆောင်အဖြစ် ဆက်သခဲ့ရာမှ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမရမီအထိ ရာစုနှစ်တခုကျော်ကြာ အုပ်ချုပ်ခဲ့ကြသည်။ ဤကာလအတွင်း မြန်မာနိုင်ငံသည် နက်ရှိုင်းသော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရပြီး ယင်းတို့၏ ကောင်းကျိုးနှင့် ဆိုးကျိုးများမှ ဖြစ်တည်လာသော ရေရှည်အကျိုးဆက်များကို ယနေ့တိုင် တွေ့မြင်နေရဆဲဖြစ်သည်။ ဗြိတိသျှတို့သည် အိန္ဒိယဒေသကို အုပ်ချုပ်ရာ၌ ဘုရင့်တပ် (HM Regiments)၊ လူဖြူတပ် (European Regiments) နှင့် အိန္ဒိယသားတပ် (Native Regiments) ဟူ၍ တပ်များ ဖွဲ့စည်းခဲ့သည်။[1] ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် မြန်မာတို့အတွက် အထိနာခဲ့သကဲ့သို့ အရှေ့အိန္ဒိယကုမ္ပဏီအတွက်လည်း အလွန်ကြီးမားသော အရင်းအနှီး ကုန်ကျခဲ့သည့် စစ်ပွဲတခု ဖြစ်ခဲ့သည်။ ၁၈၅၈ ခုနှစ်တွင်မူ အိန္ဒိယနိုင်ငံကို ဗြိတိသျှအစိုးရက တိုက်ရိုက်အုပ်ချုပ်မှုအောက်သို့ လွှဲပြောင်းရယူခဲ့လေသည်။

ဗြိတိသျှအုပ်ချုပ်မှုသည် မြန်မာ့စီးပွားရေး အခြေခံကို တဆစ်ချိုး၍ သိသာစွာ ပြောင်းလဲစေခဲ့သည်။ ငွေသားကိုအခြေပြုသည့် စီးပွားရေးစနစ်ကို တည်ဆောက်ခဲ့ပြီး ရထားလမ်းများ၊ ရန်ကုန်ဆိပ်ကမ်းကဲ့သို့သော ခေတ်မီအခြေခံအဆောက်အအုံများကို ဖော်ဆောင်ခဲ့ကာ ခေတ်သစ်နိုင်ငံတော်အတွက် အခွန်ကောက်ခံမှု စနစ်ကို အထိုင်ချခဲ့သည်။ ဗြိတိသျှတို့သည် မြန်မာနိုင်ငံ၏ မြေဩဇာကောင်းသော မြစ်ဝကျွန်းပေါ်ဒေသများကို ဗြိတိသျှအင်ပါယာအတွက် ဆန်စပါးကျီအဖြစ် ရှုမြင်သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့် ဆန်စပါးကဲ့သို့သော စိုက်ပျိုးရေးထွက်ကုန်များကို နိုင်ငံ၏ အဓိကပို့ကုန်ဖြစ်လာစေရန် တွန်းအားပေးခဲ့သည်။ ၁၈၆၉ ခုနှစ်တွင် စူးအက်တူးမြောင်း ဖွင့်လှစ်ပြီးနောက် ဥရောပဈေးကွက်သို့ တင်ပို့နိုင်ရန် မြန်မာနိုင်ငံအောက်ပိုင်းတွင် ဆန်စပါးစိုက်ပျိုးမှုကို အရှိန်အဟုန်ဖြင့် တိုးချဲ့ခဲ့ရာ[2] ၁၉၂၄ ခုနှစ်သို့ ရောက်သောအခါ ကမ္ဘာ့ဆန်တင်ပို့မှု၏ ထက်ဝက်နီးပါးအထိ နှစ်စဉ် တန်ချိန် ၃ သန်းကျော် တင်ပို့နိုင်ခဲ့သည်။ ဤအခြေအနေကြောင့် လွတ်လပ်ရေး ရပြီးစ မြန်မာနိုင်ငံကို "အာရှဆန်အိုးကြီး" ဟုပင် အမည်တွင်စေခဲ့သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ စပါးစိုက်လယ်မြေဧကသည် ၁၉ ရာစုအလယ်မှ ဒုတိယကမ္ဘာစစ်မတိုင်မီအထိ ဧက ၆၀,၀၀၀ ခန့်မှ ဧက ၁၀,၀၀၀,၀၀၀ နီးပါးအထိ တိုးတက်လာခဲ့သည်။ ဤသို့ ထုတ်လုပ်မှု ကြီးမားစွာ တိုးတက်လာမှုကြောင့် မြစ်ဝကျွန်းပေါ်ဒေသသို့ သိသိသာသာ ပြောင်းရွှေ့အခြေချခဲ့ရာ နိုင်ငံ၏ စီးပွားရေးနှင့် အာဏာအခြေပြုရာ ဒေသကိုပါ ပြောင်းလဲစေခဲ့သည်။

အုပ်စိုးသူတို့အမြင်တွင်မူ (ယနေ့ ဗမာ-အခြားတိုင်းရင်းသား ဆက်ဆံရေးကဲ့သို့ပင်) မြန်မာနိုင်ငံကို သူတို့က တိုးတက်အောင် များစွာလုပ်ပေးခဲ့သည်ဟု ဆိုသည်။ ဥပမာတခုကို ၁၉၄၇ ခု နိုဝင်ဘာလ ၂၅ ရက် အထက်လွှတ်တော်မှ The Earl Of Listowel ဖြစ်သူ Willam Hare ၏ ဆွေးနွေးမှုတွင် တွေ့ရပါမည်။

ဒီနေ့ နေ့လယ်ပိုင်းမှာ ခင်ဗျားတို့ရဲ့ သဘောတူညီချက်ကို တောင်းခံနေတဲ့ (လွတ်လပ်ရေးပေးရန်) ဒီဥပဒေကြမ်းဟာ မြန်မာကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝပေးဖို့ ဆိုတဲ့ မူဝါဒကို အစိုးရအဆက်ဆက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့တဲ့ အသီးအပွင့်ပဲ ဖြစ်ပါတယ်။ 

မြန်မာရဲ့ သုခချမ်းသာအတွက် ပါလီမန်ရဲ့ တာဝန်ယူမှုကာလဟာ အခုဆိုရင် (၆၁) နှစ် ကြာခဲ့ပါပြီ။ ဒီကာလကို ပြန်ကြည့်မယ်ဆိုရင် ဗြိတိသျှဘုရင်မင်းမြတ်ရဲ့ အကြီးဆုံး လက်အောက်ခံနိုင်ငံတွေထဲက တခုဖြစ်တဲ့ မြန်မာပြည်မှာ နိုင်ငံရေးလွတ်လပ်ခွင့်လမ်းကြောင်း ဘယ်လိုကျယ်ပြန့်လာခဲ့တယ်ဆိုတာကို ထင်ရှားတဲ့ နမူနာတခုအဖြစ် မြင်ရပါလိမ့်မယ်။ 

၁၉၄၂ ခုနှစ် ဂျပန်တွေ မြန်မာပြည်ထဲ မဝင်လာခင်အထိ၊ လူထုရဲ့ ကောင်းစားရေးအတွက် အသက်တမျှ အရေးပါတဲ့ တခြားကိစ္စနှစ်ခုမှာလည်း ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ စံချိန်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ အဲဒါတွေက ပဋိပက္ခသမိုင်းရှိခဲ့တဲ့ နိုင်ငံတနိုင်ငံမှာ ငြိမ်းချမ်းပြီး စည်းကမ်းရှိတဲ့ အခြေအနေတွေကို တည်ထောင်ထိန်းသိမ်းခဲ့တာရယ်၊ ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေရဲ့ စွန့်ဦးတီထွင်မှုကြောင့် အသုံးမပြုရသေးတဲ့ သတ္တု၊ သစ်တောနဲ့ ဆန်စပါး သယံဇာတတွေကို အပြည့်အဝ အသုံးချနိုင်ခဲ့တာရယ်ပဲ ဖြစ်ပါတယ်။

ဗြိတိသျှအုပ်ချုပ်ရေးကာလအတွင်းမှာ မြန်မာပြည်ဟာ အတိတ်က ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ လုံခြုံရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခဲ့တယ်ဆိုတာကို ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။ စစ်ပွဲ၊ အငတ်ဘေးနဲ့ ရောဂါဘယတွေကြောင့် လူဦးရေ ပုံမှန်လို လျော့ပါးနေရတဲ့ အခြေအနေ မရှိတော့ဘဲ၊ ၁၈၂၄ ခုနှစ်ကနေ ၁၉၄၇ ခုနှစ်အတွင်း လူဦးရေ လေးဆကျော် တိုးပွားလာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရာစုနှစ်အစပိုင်းတုန်းက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ ရောဂါဘယထူပြောတဲ့ ရွှံ့ညွန်တွေနဲ့ ဖုံးလွှမ်းနေတဲ့ သွားလာရခက်ခဲတဲ့ နေရာတစ်ခုဖြစ်ပြီး ရှင်းလင်းထားတဲ့ နေရာအနည်းငယ်မှာ သူ့ဘာသူဖြစ်နေတဲ့ ရွာလေးတွေသာ ရှိခဲ့ပါတယ်။ အခုတော့ အဲဒီဒေသဟာ ဝေလ (Wales) ဒေသထက် ဧရိယာ ပိုကျယ်တဲ့ စိမ်းလန်းတဲ့ လယ်ကွင်းတွေ ရှိတဲ့ မြေဩဇာကောင်းတဲ့ လွင်ပြင်တခု ဖြစ်နေပါပြီ။

အဲဒီမှာ နေထိုင်တဲ့ လူဦးရေ ၅ သန်း က တနိုင်ငံလုံး စားသုံးတာထက် ပိုတဲ့ ဆန်တွေကို ထုတ်လုပ်ပေးနေပြီး၊ စစ်မဖြစ်ခင်တုန်းက ကမ္ဘာပေါ်မှာ အကြီးဆုံး ဆန်တင်ပို့ရောင်းချသူ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ၁၈၂၄ ခုနှစ်မှာ မြန်မာပြည်ကို ရောက်လာတဲ့အခါ ရန်ကုန်မြို့ဟာ ဧရာဝတီ မြစ်ကမ်းနား မှာရှိတဲ့ နာမည်ကျော် ရွှေတိဂုံဘုရားကို ဝန်းရံထားတဲ့ လူဦးရေထောင်ဂဏန်းသာရှိတဲ့ မြို့ငယ်ငယ်လေး တခုပါ။ အခုတော့ ရန်ကုန်ဟာ ဆူးအက်တူးမြောင်းရဲ့ အရှေ့ဘက်မှာရှိတဲ့ အကြီးဆုံး ခေတ်မီဆိပ်ကမ်းမြို့ တခု ဖြစ်နေပြီး လူဦးရေ ၅ သိန်း ရှိနေပါပြီ။

ဗြိတိသျှတို့နဲ့ မြန်မာတို့ ဆက်နွှယ်မှု စပြီးမှ ဒီလိုပြောင်းလဲမှုတွေ အားလုံး ဖြစ်ပေါ်လာခဲ့တယ် ဆိုတာကို သမိုင်းက ဘယ်တော့မှ မမေ့ပါဘူး။

ဒီနှစ်ပေါင်းများစွာ ပါလီမန်ရဲ့ ထိန်းချုပ်မှုနဲ့ တာဝန်ယူမှုအောက်မှာ မြန်မာအပေါ် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဖော်ဆောင်ခဲ့တဲ့ စိတ်ဓာတ်ဟာ အားနည်းချက်တွေ ရှိခဲ့တယ်ဆိုတာ အလွယ်တကူ ဝန်ခံနိုင်ပေမယ့်၊ ကျွန်တော်တို့နဲ့ ဒီနိုင်ငံက လူတွေ ဂုဏ်ယူနိုင်စရာ တခုအဖြစ် အမြဲတမ်း ကျန်ရှိနေမှာပါ။ ကျွန်တော်တို့ရဲ့ သဘောထားကို ရှေးခေတ်အင်ပါယာတွေမှာ မရှိခဲ့ဖူးတဲ့ ဗြိတိသျှတို့ရဲ့ သီးသန့်တာဝန်ယူမှုနဲ့ စောင့်ရှောက်မှု သဘောတရား နဲ့ သွင်ပြင်လက္ခဏာ ဖော်ဆောင်ခဲ့ပါတယ်။

အောက်မြန်မာပြည်ရော အထက်မြန်မာပြည်ပါ ကျွန်တော်တို့ အုပ်ချုပ်မှုအောက်ကို ရောက်လာချိန် ကစပြီး ဒေသခံတွေကို အုပ်ချုပ်ရေးမှာ ပါဝင်လာအောင် စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဗြိတိသျှ အချုပ်အခြာ အာဏာ တည်ထောင်ပြီး ၁၁ နှစ်အကြာ ၁၈၉၇ ခုနှစ် မှာပဲ ဥပဒေပြုကောင်စီ ကို တည်ထောင်ခဲ့ပါတယ်။ ဒေသခံ အုပ်ချုပ်ရေးမှူးကို အကြံပေးဖို့ ဖွဲ့စည်းခဲ့တဲ့ အဲဒီကောင်စီမှာ အစိုးရဝန်ထမ်းမဟုတ်တဲ့ အရပ်သား အများစုကို ခန့်အပ်ဖို့ ခွင့်ပြုခဲ့ပြီး တကယ်တမ်းလည်း ခန့်အပ်ခဲ့ပါတယ်။

၁၉၀၉ ခုနှစ် က မော်လေ-မင်တို (Morley-Minto) ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး တွေအောက်မှာ ဥပဒေပြုကောင်စီရဲ့ အရွယ်အစားရော၊ အစိုးရဝန်ထမ်း မဟုတ်သူတွေရဲ့ အရေအတွက်ပါ တိုးချဲ့ခဲ့ပြီး မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ ဗဟိုဥပဒေပြုလွှတ်တော်မှာ ပါဝင်ခွင့်ကို ပထမဆုံးအကြိမ် ရခဲ့ပါတယ်။

ပထမကမ္ဘာစစ်အပြီးမှာ ပေါ်ပေါက်ခဲ့တဲ့ မွန်တေဂူ-ချယ်မ်းဖို့ဒ် (Montagu-Chelmsford) ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကို မြန်မာပြည်နယ်မှာ အကောင်အထည်ဖော်ဖို့ နှောင့်နှေးမှု၊ ဒွိဟဖြစ်မှုတွေ ရှိခဲ့ပေမယ့်၊ အိန္ဒိယအတွက် တာဝန်ယူမှုရှိတဲ့ အစိုးရဖွဲ့စည်းပေးမယ့် အစောပိုင်း ကတိရဲ့ ယုတ္တိကို မြန်မာပြည်သူတွေက လျင်မြန်စွာ ဖမ်းဆုပ်နိုင်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တိုးတက်မှုအသစ်တွေအတွက် တောင်းဆိုမှု တွေကို အပြင်းအထန် ဖိအားပေးခဲ့ကြပါတယ်။

၁၉၂၃ ခုနှစ် မှာ အိန္ဒိယရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ဆိုင်းငံ့ထားတာကို အောင်မြင်စွာ ကန့်ကွက်ပြီးတဲ့နောက် ဒိုင်အာခီ (Dyarchy) စနစ်ကို စတင်ကျင့်သုံးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ အိမ်နီးချင်းပြည်နယ်တွေလိုပဲ လွှဲပြောင်းပေးထားတဲ့ ကိစ္စရပ်အားလုံးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရရှိခဲ့ ပါတယ်။ တကယ်တော့ မြန်မာက အိန္ဒိယပြည်နယ်တွေထက် ပိုကောင်းခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ မြန်မာ့စီးပွားရေးမှာ အမြဲတမ်း အရေးပါခဲ့တဲ့ သစ်တောတွေကိုပါ ထိန်းချုပ်ခွင့်ရခဲ့လို့ပါ။

ဒီအချိန်ကာလ စောစောပိုင်းမှာပဲ ကျွန်တော်တို့ဟာ မြန်မာပြည်သူတွေကို အုပ်ချုပ်ရေး လုပ်ငန်း တွေမှာ တက်ကြွစွာ ပါဝင်ဖို့နဲ့ ကျွန်တော်တို့ အမြဲတမ်း ကျွမ်းကျင်ခဲ့တဲ့ အတတ်ပညာတွေကို သင်ကြားပေးဖို့ စတင်အားပေးနေပြီဆိုတာ မှတ်သားစရာပါ။ ၁၉၂၃ ခုနှစ်မှာ ဘုရင်ခံက ရွေးချယ်တဲ့ အုပ်ချုပ်မှုကောင်စီ အဖွဲ့ဝင် ၅ ဦးထဲက ၃ ဦးဟာ မြန်မာလူမျိုးတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့ကစပြီး ဒေသခံ မြန်မာလူမျိုးတွေဟာ နိုင်ငံအုပ်ချုပ်ရေးရဲ့ အဆင့်တိုင်းမှာ ပိုပြီး အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာခဲ့ပါတယ်။

တချိန်တည်းမှာပဲ မြန်မာပြည်ရဲ့ ဥပဒေပြုကောင်စီမှာလည်း ရွေးကောက်ခံ အဖွဲ့ဝင်အများစု ပါဝင်လာခဲ့ပြီး ထိုင်ခုံ ၁၀၃ နေရာထဲက ၈၀ ကို မဲဆန္ဒနယ် ကိုယ်စားလှယ်တွေက ဖြည့်ဆည်းခဲ့ပါတယ်။ ဒီကိုယ်စားလှယ်တွေဟာ ပါလီမန်ကို အပြည့်အဝထိန်းချုပ်နိုင်လာကြပါတယ်။ မြန်မာမှာ စာတတ်မြောက် မှုနှုန်း မြင့်မားတာကြောင့် ဒီကိုယ်စားလှယ်တွေကို အိန္ဒိယပြည်နယ်တိုင်းထက် ပိုမိုကျယ်ပြန့်တဲ့ ဆန္ဒမဲ ပေးပိုင်ခွင့်နဲ့ ရွေးချယ်ခဲ့ပါတယ်။ ၂၅ နှစ်အကြာမှာ မြန်မာနိုင်ငံရဲ့ အရွယ်ရောက်ပြီး လူဦးရေရဲ့ ငါးပုံတပုံ ဟာ နိုင်ငံသားတယောက်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ဆန္ဒမဲပေးပိုင်ခွင့်ကို စတင်ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် နောက်ထပ် ခြေလှမ်းတရပ်ကိုတော့ အိန္ဒိယ ဥပဒေပြုကော်မရှင်ရဲ့ အစီရင်ခံစာ ရဲ့ ရလဒ်အဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ ဒီအစီရင်ခံစာဟာ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ လော့ဒ် ဆိုင်မွန် (Viscount, Lord Simon) ရဲ့ နာမည်နဲ့ အမြဲတွဲနေမှာပါ။ အရေးကြီးဆုံးနဲ့ နောက်ပိုင်းမှာ အသိပညာအရှိဆုံးနဲ့ အမြင်အကျယ်ဆုံးအဖြစ် သက်သေပြခဲ့တဲ့ အကြံပြုချက်တွေထဲက တခုကတော့ မြန်မာနိုင်ငံကို သမိုင်း၊ ဘာသာစကား၊ ဘာသာရေး၊ လူမျိုးနဲ့ လူမှုအဖွဲ့အစည်းတွေမှာ အခြေခံကျကျ ကွာခြားနေတဲ့အတွက် ဗြိတိသျှ အိန္ဒိယရဲ့ အဓိကအပိုင်းကနေ ခွဲထုတ်သင့်တယ် ဆိုတာပါပဲ။

ဒီအကြံပြုချက်ကို အဲဒီအချိန်က (ကွန်ဆာဗေးတစ်ပါတီ) အစိုးရက လက်ခံခဲ့ပါတယ်။ ၁၉၃၁ ခုနှစ်၊ ဇန်နဝါရီလ မှာ အိန္ဒိယရေးရာဝန်ကြီးက ပါလီမန်မှာ ကြေညာချက်တခု ထုတ်ပြန်ခဲ့ပြီး အဲဒီကြေညာချက်က မြန်မာပြည်သူတွေရဲ့ စိတ်ထဲမှာ မမေ့နိုင်တဲ့အမှတ်အသားကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပန်းတိုင်ကို ပထမဆုံး လူသိရှင်ကြား အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တိုးတက်မှုဟာ အိန္ဒိယမှာ ဖြစ်ပေါ်လာမယ့် တိုးတက်မှုနဲ့ တပြေးညီ ဖြစ်နေလိမ့်မယ်၊ ဘုရင်မင်းမြတ်ရဲ့ အစိုးရဟာ မြန်မာကို ကိုယ်ပိုင်အုပ်ချုပ်ရေးလမ်းမှာ အိန္ဒိယနောက်မှာ ကျန်မနေခဲ့စေဖို့ ခိုင်မာတဲ့ တာဝန်ယူမှုတခုကို လုပ်ဆောင်ခဲ့ပြီလို့ မြန်မာပြည်မှာ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြပါတယ်။….

မြန်မာ့အမြင်ဘက်ကို လှည့်ပါစို့။

တကယ်က ကိုလိုနီစီးပွားရေးစနစ်သည် စင်စစ် ဗြိတိန်နိုင်ငံ၏ ဘဏ္ဍာတိုက်အတွက်သာ အဓိက ရည်ရွယ်ခဲ့တာ သေချာပါသည်။ ကျွန်းသစ်၊ ရေနံနှင့် ပတ္တမြားကဲ့သို့သော သယံဇာတများကို ထင်ရှားသည့် ဘုံဘေဘားမား ကော်ပိုရေးရှင်းကဲ့သို့သော ဗြိတိသျှကုမ္ပဏီများက လက်ဝါးကြီးအုပ် အမြတ်ထုတ်ခဲ့ကြသည်။ ဗြိတိသျှအစိုးရက မြန်မာ့လယ်သမားများအပေါ် ကြီးလေးသောအခွန်များ ချမှတ်ခဲ့ရာ လူထုဆင်းရဲမွဲတေမှုနှင့် ဘဝအခက်အခဲများကိုသာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့လေသည်။ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးကာလတွင် ဆန်ဈေးနှုန်းများ ထိုးကျသွားသောအခါ လယ်သမားအများစုမှာ မြေသိမ်းခံရသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ကြ ရသည်။ ဗြိတိသျှတို့၏ ကျောထောက်နောက်ခံဖြင့် လုပ်ကိုင်ကြသော အိန္ဒိယမှ လာကြသည့် ချစ်တီးယား ငွေချေးသူများသည် လွန်ကဲသော အတိုးနှုန်းများဖြင့် ငွေချေးခဲ့ရာ လယ်သမားများကို အကြွေးသံသရာမှ မလွတ်မြောက်နိုင်အောင် ပိတ်မိစေခဲ့သည်။[3] ၁၉၃၀ ပြည့်လွန်နှစ်များတွင် လယ်ယာမြေအများအပြားသည် မြန်မာတို့လက်မှ လွတ်ထွက်သွားခဲ့ပြီး နိုင်ငံခြားသားမြေရှင်များက မြစ်ဝကျွန်းပေါ်ဒေသများကို ပိုမိုထိန်းချုပ် လာခဲ့ကြသည်။ ဓနဥစ္စာများသည် နိုင်ငံခြားသို့ စီးဆင်းသွားပြီး လူမှုဒုက္ခများက ပြည်တွင်း၌ ပေါက်ဖွားကြီးထွား လာသော လူ့အဖွဲ့အစည်းတခုကို ဖန်တီးခဲ့သည်ဟု ဆိုရမည်။

ဗြိတိသျှအုပ်ချုပ်ရေးသည် ခေတ်မီသော မြန်မာနိုင်ငံယန္တရားကို ထူထောင်ခဲ့သည်မှာ ငြင်းမရသော အချက် ဖြစ်သည်။ တရားစီရင်ရေး၊ ရဲတပ်ဖွဲ့နှင့် ကျွမ်းကျင်သော အရပ်ဘက်ဝန်ဆောင်မှုများ ပါဝင်သည့် ဗဟိုဦးစီးအုပ်ချုပ်ရေးစနစ်ကို မိတ်ဆက်ခဲ့သည်။ မြန်မာဘုရင်စနစ်ကို ဖျက်သိမ်းကာ လန်ဒန်ရှိ အစိုးရကို တာဝန်ခံရသော ဗြူရိုကရေစီအုပ်ချုပ်ရေးဖြင့် အစားထိုးခဲ့သည်။ ဤပြောင်းလဲမှုသည် နိုင်ငံကို ခေတ်မီစေသော အင်အားဖြစ်ခဲ့သော်လည်း မြန်မာလူထုအများစုအတွက်မူ မိမိတို့၏ အာဏာဗဟိုချက်ကို ဖယ်ရှားလိုက်သည်ဟု ခံစားရစေ၏။ အုပ်ချုပ်ရေးမူဘောင်အနေဖြင့် ၁၈၉၇ ခုနှစ်တွင် ဥပဒေပြုကောင်စီကို တည်ထောင်ခဲ့ပြီး ၁၉၂၀ ပြည့်လွန်နှစ်များတွင် ကန့်သတ်ထားသော အာဏာများဖြင့် ဥပဒေပြုလွှတ်တော်ကို ခွင့်ပြုခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံကို ဗြိတိသျှအိန္ဒိယမှ ခွဲထုတ်ကာ ဘုရင်ခံအုပ်ချုပ်သော ကိုလိုနီအဖြစ် သီးခြားဖန်တီးခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုပေးအပ်ရန် ကတိပြုခဲ့သည်။

သို့သော်လည်း ထိုအုပ်ချုပ်ရေးစနစ်အတွင်း၌ မြန်မာလူထုအများစုကို ဖယ်ထုတ်ထားခြင်းကဲ့သို့သော နက်ရှိုင်းသည့် ပြဿနာများစွာလည်း အမြစ်တွယ်ခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေးနှင့် စစ်ဘက်ရာထူးများမှ မြန်မာတိုင်းရင်းသားများကို စနစ်တကျ ဖယ်ထုတ်ထားခဲ့ပြီး သူတို့၏နေရာတွင် အင်္ဂလိပ်-မြန်မာ ကပြားများ၊ အိန္ဒိယလူမျိုးများနှင့် ကရင်ကဲ့သို့သော လူနည်းစုတိုင်းရင်းသားများကို ရွေးချယ်၍ အစားထိုးခန့်အပ်ခဲ့သည်။ သျှမ်းစော်ဘွားနှင့် ကချင်ဒူဝါများကိုမူ သူတို့၏ဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခေါင်းဆောင်များအဖြစ် ဆက်လက်ထားရှိခဲ့သည်။ လက်နက်ကိုင်တပ်များတွင်မူ ကချင်နှင့် ချင်းလူမျိုးများက အဓိကပါဝင်ခဲ့ကြသည်။ ကျေးရွာအုပ်ချုပ်ရေး ခေါင်းဆောင်များကိုလည်း ဗြိတိသျှတို့က တိုက်ရိုက်ခန့်အပ်ခဲ့သည်။ အရေးအကြီးဆုံးမှာ ဗြိတိသျှတို့သည် မင်းနှင့် သံဃာတော်များအကြားရှိ အစဉ်အလာဆက်ဆံရေးကို ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။ မြန်မာဘုရင်မင်းမြတ်၏ ထောက်ပံ့မှုမရှိတော့သောအခါ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ၏ လူမှုရေး အခန်းကဏ္ဍမှာ မှေးမှိန်သွားခဲ့သည်။ ယခင်က မင်းဆရာများအဖြစ် လူ့အဖွဲ့အစည်းကို ဦးဆောင်ခဲ့သော သံဃာတော်များသည် ဘာသာရေးနှင့် အုပ်ချုပ်ရေးကို ခွဲခြားထားသည့် လောကီနိုင်ငံတော် (Secular) စနစ်၏ ဘေးဖယ်ခံများအဖြစ်သို့ တစတစဖြင့် ရောက်ရှိသွားခဲ့သည်။ ဤအခြေအနေများကြောင့် ဗမာလူမျိုးတို့အတွက် ဗြိတိသျှအုပ်ချုပ်မှု၏ တရားဝင်မှုကို လက်ခံရန် ခက်ခဲခဲ့သည်။

ဗြိတိသျှတို့သည် ခေတ်မီပညာရေးစနစ်ကို စတင်မိတ်ဆက်ပေးခဲ့သလို ဘုန်းကြီးကျောင်း ပညာရေးနှင့် အပြိုင် ခေတ်ကျောင်းပေါင်း (ကိုလိုနီအစိုးရကျောင်းနှင့် တိုင်းရင်းသားဝံသာနုကျောင်းပေါင်း) ၆,၀၀၀ ကျော် ပေါ်ပေါက်လာခဲ့သည်။[4] ထိုကျောင်းများတွင် ခေတ်ပညာများကို မိတ်ဆက်သင်ကြားပေးလာခဲ့သည်။ ၁၈၇၈ တွင် ကောလိပ်အဖြစ်စ တည်ထောင်ခဲ့သော ရန်ကုန်တက္ကသိုလ်[5]သည် နောင်တချိန်တွင် ကိုလိုနီအုပ်ချုပ်မှုကို စိန်ခေါ်မည့် ပညာတတ် လူငယ်များကို မွေးထုတ်ပေးခဲ့သည့်နေရာ ဖြစ်ခဲ့သည်။ ခရစ်ယာန်သာသနာပြုများ သည်လည်း ဝေးလံသော တောင်တန်းဒေသများတွင် ကျောင်းများနှင့် ဆေးခန်းများ တည်ဆောက်ခဲ့ပြီး ချင်း၊ ကချင်၊ ကရင်ကဲ့သို့သော ဌာနေတိုင်းရင်းသားလူနည်းစုများကို စာတတ်မြောက်လာစေရန် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သည်။ ဤပညာရေး စနစ်သစ်ကြောင့် အမျိုးသမီးများလည်း စာသင်ခန်းများသို့ ဝင်ရောက်လာ နိုင်ခဲ့ပြီး မြို့ပြတွင် အမျိုးသမီး စာတတ်မြောက်မှုနှုန်း အနည်းငယ်တော့ မြင့်တက်လာခဲ့သည်။ သို့သော် ဤပြောင်းလဲမှုများက ကိုလိုနီခေတ် ပညာတတ်များနှင့် ယဉ်ကျေးမှုရိုးရာအစဉ်အလာကို ထိန်းသိမ်းလိုသူများ အကြား သဘောထား ကွဲလွဲမှုများကို ဖြစ်ပေါ်လာစေခဲ့သည်။[6]

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လူသားအရင်းအမြစ် လိုအပ်ချက်ကြောင့် အိန္ဒိယမှ အလုပ်သမား ထောင်ပေါင်းများစွာ ဝင်ရောက်လာခဲ့ရာ ၁၉၂၇ ခုနှစ်တွင် အမြင့်ဆုံးအဖြစ် ၄၈၀,၀၀၀ အထိ ရောက်ရှိခဲ့သည်။ သူတို့သည် ဒေသခံများထက် လုပ်ခနိမ့်စွာဖြင့် အလုပ်လုပ်ခဲ့ရာ မြို့ပြတိုးတက်မှုကို အားဖြည့်ပေးခဲ့သော်လည်း မြန်မာလယ်သမားများအတွက်မူ အလုပ်လက်မဲ့နှုန်း မြင့်တက်စေပြီး ခိုးမှု၊ လုယက်မှုနှင့် အကြမ်းဖက်မှုများကို သက်ရောက်ခြင်း ဖြစ်ပေါ်စေခဲ့သည်။ ယင်းလူမှုရေးနှင့် လူမျိုးရေးတင်းမာမှုများသည် လွတ်လပ်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ်ကို နှိုးဆော်ခဲ့သကဲ့သို့ နောင်ကာလများအတွက်လည်း ပြဿနာမျိုးစေ့များကို ချခဲ့လေသည်။

ဗြိတိသျှအုပ်ချုပ်မှု၏ ဖိအားများကို တုံ့ပြန်သောအားဖြင့် ပညာတတ်လူငယ်များနှင့် ဘုန်းတော်ကြီးများ ဦးဆောင်သည့် အမျိုးသားရေးလှုပ်ရှားမှုများ ပေါ်ထွက်လာခဲ့သည်။ ၁၈၉၀ ပြည့်လွန်နှစ်များတွင် ယခင် ဘုရင့်အမှုထမ်းများက ပြောက်ကျားတပ်များဖွဲ့ကာ ဗြိတိသျှတပ်စခန်းများကို တိုက်ခိုက်နှောင့်ယှက် ခဲ့ကြသည်။ ဤအစောပိုင်း တော်လှန်မှုများသည် ဗုဒ္ဓဘာသာကို အခြေပြုပြီး စကြာမင်း၊ ဘိုးဘိုးအောင်၊ တုတ်ပြီးဓားပြီးဆေးကဲ့သို့သော ဒဏ္ဍာရီအယူအဆများဖြင့် လှုံ့ဆော်ခဲ့ကြသည်။ ထိုအစဉ်အလာသည် ၁၉၃၀-၁၉၃၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဆရာစံ၏ ဂဠုန်သူပုန်ထမှုကို အားဖြည့်ပေးခဲ့သည်။ ၁၉၂၀ ပြည့်နှစ် ရန်ကုန်ကောလိပ်သပိတ်ကမူ ခေတ်ပညာတတ် မျိုးဆက်သစ်တို့၏ ဆန့်ကျင်မှုကို ပြသခဲ့ပြီး နိုင်ငံတဝန်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ဤလှုပ်ရှားမှုများသည် ကိုလိုနီလက်အောက်ခံဘဝကို လက်မခံလိုသည့် စိတ်ဓာတ်ကို ပြသခဲ့ပြီး လွတ်လပ်ရေးခရီးအတွက် အမျိုးသားရေးအသိစိတ်ကို ပုံဖော်ပေးခဲ့သည်။

၁၉၃၀ ပြည့်လွန်နှစ်များတွင် အလုပ်သမားနှင့် ကျောင်းသားသပိတ်များကြောင့် ခုခံတော်လှန်ရေးမှာ ပိုမိုပြင်းထန်လာခဲ့သည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်ကို ကျောင်းသားခေါင်းဆောင်များက ဦးဆောင်ခဲ့ပြီး ပညာရေးအပေါ် ကိုလိုနီတို့၏ ထိန်းချုပ်မှုကို စိန်ခေါ်တိုက်ပွဲဝင်ခဲ့ကြသည်။ ၁၉၃၈ ခုနှစ်တွင် ချောက်မြို့ရှိ ရေနံမြေလုပ်သားများသည်လည်း ဗြိတိသျှကုမ္ပဏီများအောက်မှ ဆင်းရဲပင်ပန်းသော အလုပ်သမားဘဝကို တော်လှန်ရန် သပိတ်များကို မှောက်ခဲ့ကြသည်။ ထိုစဉ်က အလုပ်သမားများနှင့် ကျောင်းသားများသည် ရန်ကုန်မြို့လမ်းမများပေါ်တွင် ဘေးချင်းယှဉ်၍ ဂုဏ်သိက္ခာအတွက် ချီတက်တိုက်ပွဲဝင်ခဲ့ကြသည်။

ဗြိတိသျှတို့သည် ဤတော်လှန်မှုများကို ရက်စက်စွာ နှိမ်နင်းခဲ့သည်။ ၁၈၉၀ ခုနှစ်များတွင် ဗြိတိသျှနှင့် အိန္ဒိယတပ်ဖွဲ့ဝင် ၃၀,၀၀၀ ခန့်သည် ပြောက်ကျားစစ်ကို နှိမ်နင်းခဲ့ပြီး ကျေးရွာများကို မီးရှို့ကာ သူပုန်များကို ကွပ်မျက်ခဲ့သည်။ ဂဠုန်သူပုန်ထမှုတွင်လည်း လယ်သမား ၁၀,၀၀၀ ကျော် သေဆုံးခြင်း သို့မဟုတ် ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ရပြီး ခေါင်းဆောင်ဆရာစံကို ၁၉၃၂ ခုနှစ်တွင် ကွပ်မျက်ခဲ့သည်။ ထိုစဉ်က ဆရာစံအတွက် လိုက်ပါဆောင်ရွက်ပေးခဲ့သော ရှေ့နေများမှ တဦးမှာ ဂဠုန်ဦးစောဖြစ်သည်။ နှိမ်နင်းခံရသော ပုန်ကန်မှုတိုင်းသည် ဆန့်ကျင်မှုမီးခဲများကို ချန်ထားခဲ့ပြီး ထိုဖိနှိပ်မှုများကပင် ကိုလိုနီအင်ပါယာကို ဖြိုချမည့် အမျိုးသားရေး စိတ်ဓာတ်ကို မွေးမြူပေးခဲ့သကဲ့သို့ ဖြစ်ခဲ့လေသည်။
----------

[1] ကုမ္ပဏီ၏ 'ဌာနချုပ်နယ်မြေများ (Presidencies)' သုံးခုဖြစ်သော ဘင်္ဂလား၊ ဘုံဘေနှင့် မဒရပ် တို့သည် ၎င်းတို့၏ ကိုယ်ပိုင်တပ်မတော်ကို ထိန်းသိမ်းထားရှိကြသည်။ အစပိုင်းတွင် ယင်းတို့သည် အစောင့် အနည်းငယ်ထက် မပိုခဲ့ပေ။ သို့သော် ၁၇၄၀ ပြည့်လွန်နှစ်များမှစ၍ အင်္ဂလိပ်-ပြင်သစ် ပြိုင်ဆိုင်မှုသည် အိန္ဒိယသို့ ပျံ့နှံ့လာသည်နှင့်အမျှ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ ကုမ္ပဏီတပ်ဖွဲ့ဝင်များသည် ဥရောပစစ်ပညာဖြင့် သာလွန်စွာ လေ့ကျင့်ထားခြင်းနှင့် လက်နက်ခဲယမ်းများ သာလွန်ကောင်းမွန်မှုတို့ကြောင့် သူတို့၏ အရွယ်အစားထက် အဆပေါင်းများစွာ ကြီးမားသော အိန္ဒိယတပ်ဖွဲ့များကိုပင် အနိုင်ယူနိုင်ခဲ့ကြသည်။ ဥပမာအားဖြင့်၊ ဘောက်ဆာတိုက်ပွဲ (၁၇၆၄) တွင် ကုမ္ပဏီတပ်ဖွဲ့ဝင် ၇,၀၀၀ ခန့်သည် ရန်သူစစ်သား ၄၀,၀၀၀ နီးပါးကို အနိုင်ယူခဲ့သည်။ နောက်ဆုံးတွင် ဘင်္ဂလားတပ်မတော် သည် ထိုတပ်ဖွဲ့သုံးခုထဲမှ အကြီးဆုံးနှင့် အရေးအကြီးဆုံး ဖြစ်လာခဲ့သည်။ အိန္ဒိယရှိ ကုမ္ပဏီ၏ အကြီးဆုံး စစ်ဖက်ဆိုင်ရာ ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ ဗြိတိသျှ တပ်မတော် ယူနစ်အချို့ကိုလည်း တခါတရံ တပ်သုံးခုတွင် ပူးတွဲချထားလေ့ရှိသည်။ ဘုရင်မင်းမြတ်က လိုအပ်သည့်အချိန်များတွင် ဤတပ်များကို ချေးငှားပေးပြီး၊ ၎င်းတို့၏ စစ်ဆင်ရေးစရိတ်များကို ကုမ္ပဏီက ပုံမှန်အားဖြင့် တာဝန်ယူကျခံပေးသည်။ အိန္ဒိယသို့ ပထမဆုံး စေလွှတ်ခဲ့သော ဗြိတိသျှ စစ်တပ်ရင်းမှာ ၃၉ ကြိမ်မြောက် ခြေလျင်တပ်ရင်း (39th Foot) ဖြစ်ပြီး ၁၇၅၃ ခုနှစ်တွင် ရောက်ရှိလာခဲ့သည်။ ၁၉ ရာစုအစောပိုင်းတွင် ကုမ္ပဏီ၏ စစ်တပ်သည် အင်အား ၂၅၀,၀၀၀ အထိ ရှိလာခဲ့ပြီး နိုင်ငံအများအပြား၏ တပ်မတော်များ ထက်ပင် ပိုကြီးမားလာခဲ့သည်။ အရာရှိများသည် ဗြိတိသျှများဖြစ်ကြပြီး ဥရောပသားများသက်သက်ဖြင့် ဖွဲ့စည်းထားသော တပ်ရင်းများစွာ ရှိခဲ့သည်။ သို့သော် ကုမ္ပဏီစစ်သားအများစုကြီးမှာမူ အိန္ဒိယလူမျိုးများ ဖြစ်ကြသည်။ https://www.nam.ac.uk/explore/armies-east-india-company

[2] ဤအခြေအနေကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် တောကြီးမျက်မည်းများ၊ စိမ့်မြေများနှင့် ရွှံ့နွံများကို အကြီးအကျယ် ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာမြေများအဖြစ် ပြောင်းလဲခဲ့သည်။ ဤသည်မှာ ကမ္ဘာ့ထိပ်တန်း ဆန်စပါးစိုက်ပျိုးရာဒေသကြီး ဖြစ်လာစေသည်။

[3] ငွေကြေးကို အခြေခံသော စီးပွားရေးစနစ်သစ်သည် မြန်မာလူ့အဖွဲ့အစည်းကို အလွှာပေါင်းစုံ ကွဲပြားစေခဲ့သည်။ မြေပိုင်ရှင်အသစ်များ၊ မြို့ပြအလယ်တန်းစား ပညာတတ်များနှင့် လုံးဝမြေမဲ့ယာမဲ့ဖြစ်သွားသော လယ်ကူလီများဟူ၍ လူမှုအလွှာသစ်များပေါ်ပေါက်လာခဲ့သည်။ လူမှုရေးတင်းမာမှုများသည် အမျိုးသားရေး စိတ်ဓာတ်ကိုသာမက၊ လူတန်းစား ပဋိပက္ခကိုပါ မီးထိုးပေးခဲ့သည်။ ဥပမာ- ဆရာစံတော်လှန်ရေးသည် ကိုလိုနီဆန့်ကျင်ရေးသာမက၊ စီးပွားရေးအရ ဖိနှိပ်ခံ လယ်သမားများ၏ လူတန်းစားအုံကြွမှု (agrarian class revolt) လည်း ဖြစ်သည်။

[4] Lwin, T. (2000). Education in Myanmar: Its background and current status.

[5] ရန်ကုန်တက္ကသိုလ်ကို ၁၈၇၈ ခုနှစ်တွင် ဗြိတိသျှ-အိန္ဒိယရှိ ကာလကတ္တားတက္ကသိုလ် လက်အောက်ခံ ရန်ကုန် ကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့သည်။ ကိုလိုနီဒေသများ၏ ပညာရေးအတွက် ဖွဲ့စည်းထားခဲ့သော ပညာရေးဌာနမှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် အစိုးရကောလိပ် ဟု အမည်ပြောင်း ခဲ့ပြီး၊ ၁၉၂၀ တွင် ယူနီဗာစီတီ ကောလိပ် နှင့် ဂျပ်ဆင်(ယုဒသန်)ကောလိပ် ဟူ၍ ပေါ်ထွက်လာခဲ့သည်။ ယူနီဗာစီတီ ကောလိပ်မှာ ဘာသာရေး နှင့် မသက်ဆိုင်သော ကျောင်းဖြစ်ပြီး၊ ဂျပ်ဆင်ကောလိပ်မှာ နှစ်ခြင်းခရစ်ယာန် သာသနာအခြေပြုကျောင်းဖြစ်သည်။ အမေရိကန် နှစ်ခြင်း ခရစ်ယာန် သာသနာပြုအဖွဲ့မှ ဂျပ်ဆင်ကောလိပ်အား ရန်ကုန်တက္ကသိုလ် လက်အောက်ခံ သီးခြားလွတ်လပ်သည့်ကျောင်း အဖြစ် အသိအမှတ် ပြုခဲ့သည်။ ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှ၏ အစောဆုံး တက္ကသိုလ်များတွင်လည်း ပါဝင်သည်။

[6] မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း၊ အောင်ထွန်း။

Comments

Popular posts from this blog

ပဒေသရာဇ် ဘုရင်ခေတ်များ - နိဒါန်း

ယခုမြန်မာနိုင်ငံဟု သိကြသော ဒေသကို အိန္ဒိယဘက်မှ စာများတွင် ဗြဟ္မာ့ဒေသ (ဗရမာဒေ့ရှ်) ဟု ညွှန်းကြသည်ကို တွေ့ရသည်။ မြို့အမည်၊ မြစ်အမည်များကို ဟိန္ဒူတို့၏ နတ်ဗြဟ္မာအမည်များ မှည့်ခေါ်ကြရာ ဗိဿနိုးမြို့၊ ဘိန္နကမြို့ (သီဝနတ်ဘုရားနှင့် ဆက်စပ်နိုင်)၊ သျှရီခတ္တရာ၊ သူရဿတီ (တနည်း သာယာဝတီ- ယခုချင်းတွင်းမြစ်)၊ ဧရာဝတီ (ဧရာဝဏ်ဆင်အမည်) စသည်ဖြင့် တွေ့ရတတ်သည့်အတိုင်း ဖြစ်သည်။ အရှေ့ဘက်ဆက်လျှင် ဒွာရဝတီ၊ လဝ (ရာမ၏ သားတော်) စသည့် အမည်များ ပေးကြသည်။ ယခုဗီယက်နမ်အထိ ဒေသဘက်ကိုမူ အင်ဒရာဒီပ (မိုးကြိုးနတ်ဘုရင်၏ကျွန်း) ဟု ခေါ်ကြ၏။ အင်ဒရာပူရ (သိကြားမြို့) လည်း ရှိသည်။ ခုနှစ်ကို သိကြားနှစ် (သက္ကရာဇ - သက္ကရာဇ်) ဟုခေါ်၏။ ဒေသကိုအခြေခံသည့် အခေါ်အဝေါ်များမှ ဗမာ၊ နောင်တွင် မြန်မာ ဟူသည့် လူမျိုးကိုညွှန်းသော စကားလုံးများ ဖြစ်လာသည်ဟု ယူဆရသည်။ [1] ဒေသကို ခေါ်သည့် အခေါ်အဝေါ်မှ လူမျိုးအမည်အဖြစ် ပြောင်းလဲလာမှုမှာ မစိမ်းပါ။ ဥပမာ ထိုင်းနိုင်ငံ၊ ထိုင်းလူမျိုးပမာ ဖြစ်သည်။ ဘရာဇီးဟူသော ဒေသအမည်မျှ ဘရာဇီးလူမျိုးဟူ၍ ပြောလာကြသလို ဖြစ်သည်။ တရုတ်တို့ဘက်မှ မှတ်တမ်းများတွင် “မြန်/မီယမ် တျင့် (緬甸)” ဟု ရေးသည်ကို တွေ့ရသည်။ မည်သို့ဆိုစေ စာလုံးရေးသည့်ခ...

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

    လူသားတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ မသိနားမလည်မှုကနေ ဉာဏ်ပညာဆီကို တမဟုတ်ချင်း ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်က ထင်ရှားတဲ့ အဆင့်အမျိုးမျိုးကို ဖြတ်သန်းသွားပြီး၊ အဆင့်တခုစီက ရှုပ်ထွေးမှုတွေကို နစ်မွန်းမသွားစေဘဲ လက်ခံနိုင်စွမ်းကို တိုးမြှင့်ပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်အလိုက် တင်းကျပ်စွာ သတ်မှတ်ထားတာ မဟုတ်ဘဲ၊ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စိတ်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပုံတွေ ကွဲပြားတာပဲ ဖြစ်ပါတယ်။ အောက်မှာတော့ အရှင်းလင်းဆုံး ရှင်းလင်းချက်ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ရွေ့လျားသွားတဲ့ ဒီအဆင့် ၅ ဆင့်အတွက် လမ်းပြမြေပုံတခုကို အသေအချာစဉ်းစားကြည့်ပြီး ဖော်ပြလိုက်ပါတယ်။ အဆင့် ၁။ ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်းအဆင့် ဘယ်သင်ယူမှုခရီးရဲ့ အစမှာမဆို စိတ်က ရှင်းလင်းပြတ်သားမှုကို လိုလားတယ်။ ခိုင်မာတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ လျင်မြန်တဲ့ အမျိုးအစားတွေကို လိုအပ်တယ်။ ဒါဟာ အားနည်းချက်မဟုတ်ဘဲ၊ ရှင်သန်ရေးအတွက် နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက်အတွဲတွေအဖြစ် ဦးနှောက်ထဲကို ဝင်...

မြန်မာနိုင်ငံ၏ အခြေအနေ

မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။ [1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။ မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီ...