Skip to main content

သမိုင်းရေးသားခြင်းနှင့် ဆန္ဒစွဲ

တခါက ဒေါက်တာသန်းထွန်း ပြောခဲ့ဖူးပါသည်။

ပြီးပြီးသား သမိုင်းစာအုပ်တွေဟာ စိတ်မချရဘူး။ ခေတ်ပြိုင်မှတ်တမ်းတွေနဲ့ ညှိပြီး မှန်မမှန် စစ်ဆေးသုတေသနလုပ်ရမယ်။ သူတို့ထဲကလည်း ကောင်းတာယူ မကောင်း တာပယ်ရမယ်။ မင်းအကြောင်းသက်သက်ရေးတာ၊ မင်းကို အမွှန်းတင်တာ၊ မြန်မာမင်းတွေ ရက်စက်ညံ့ဖျင်းတာ၊ မြန်မာတွေ ညံ့တာ၊ မြန်မာတွေ သိပ်တော်တာ စသဖြင့် တဖက်သတ် အစွန်းထွက်ရေး ပုံမျိုးမပါဘဲ မှန်ကန်တဲ့ သမိုင်းအချက်အလက်ကို ရှာဖို့လိုပါတယ်။[1]


သမိုင်းဆိုသည်မှာ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာသက်သက် မဟုတ်ဘဲ မျိုးဆက်ပေါင်းများစွာ ဖြတ်သန်းပြီး မှတ်မိနေခြင်း၊ ပြန်ပြောပြနေခြင်းနှင့် အဓိပ္ပာယ် ဖော်ဆောင်ခြင်းများသာ ဖြစ်သည်။ သမိုင်းကို ဖတ်ရှုလေ့လာရာတွင် အတိတ်၏ မပျက်စီးသေးသော မှတ်တမ်းများဖြစ်သည်ဟု ရိုးရှင်းထုံအစွာ လက်ခံရယူ၍ မရနိုင်ပါ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အောင်နိုင်သူများ၊ အသက်ရှင်ကျန်ရစ်သူများ၊ မှတ်တမ်းတင်သူများက ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ မတော်တဆဖြစ်စေ ရှုထောင့်စုံမှ ရေးထိုးခဲ့ကြသည့် ဇာတ်ကြောင်းအလွှာပေါင်းစုံကို ဖြတ်သန်းသွားလာနေရခြင်းသာ ဖြစ်သည်။ ဤသို့ သမိုင်းဖတ်ရှုရာတွင် စာဖတ်သူများသည်ပင် ယူဆချက်များ၊ ကြောက်ရွံ့မှုများ၊ ကိုယ်ပိုင်လက္ခဏာများနှင့် လိုအင်ဆန္ဒများကို စိတ်နှင့်အတူ ယူဆောင်လာကြရာ မိမိတို့ ဖတ်ရှုရသည်ကိုသာ စိတ်အာရုံတွင် ပုံဖော်လိုက်သည်မဟုတ်ဘဲ မြင်တွေ့နိုင်စွမ်းမရှိသည်များကို ပျောက်ဆုံး စေသလို၊ မိမိတို့ မြင်တွေ့လိုသည်များကိုပါ စိတ်အာရုံက ပုံဖော်ပေးကြသည်။[2]

အတိတ်ဒဏ်ရာများ မကျက်သေးသော လူထုများ၊ လူ့အဖွဲ့အစည်းများတွင် သမိုင်းသည် မိမိကိုယ်ကို ပြန်စစ်ဆေးရမည့် ကြေးမုံအဖြစ် မဟုတ်ဘဲ တိုက်ခိုက်ရန်ဓား သို့မဟုတ် ကာကွယ်ရန်ဒိုင်းကဲ့သို့ သုံးစရာသာ ဖြစ်သွားရသည်။ သမိုင်းသည် နာကြည်းမှုများကို ယုတ္တိဆက်စပ်စရာ၊ တရားဝင်မှုကို ပေးစွမ်းရာ၊ စိတ်ကူးယဉ် အနာဂတ်အတွက် လွမ်းမောစရာပုံစံတခု ဖြစ်လာသည်။ ဤအခြေအနေတွင် သမိုင်းကို ဖတ်ရှုခြင်းသည် အသိပညာနှင့် နားလည်မှုများကို လေ့လာရှာဖွေခြင်းထက် သစ္စာစောင့်သိမှုလုပ်ရပ်တခု ဖြစ်လာတတ်သည်။ မည်သည့်အရာကို ချီးကျူးဂုဏ်ပြုမည်၊ မည်သည့်အရာကို တိတ်ဆိတ်စေမည်၊ မည်သည့်အရာကို သစ္စာဖောက်မှုဟု သတ်မှတ်မည်၊ မည်သည့်အရာကို သစ္စာစောင့်သိမှုအဖြစ် သတ်မှတ်မည် စသည်တို့မှာ မှတ်တမ်းဆိုင်ရာ အထောက်အထားများဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ ပုံဖော်ထားခြင်း မဟုတ်ဘဲ၊ နက်ရှိုင်းသော သိမြင်မှုဆိုင်ရာ စိတ်တိမ်းညွတ်မှု (Cognitive Biases) များဖြင့် ပုံဖော်ထားသော ဆုံးဖြတ်ချက်များသာ ဖြစ်တတ်သည်။ အတိတ်ကို ဝေဖန်ပိုင်းခြား စဉ်းစားလိုလျှင် လူထုက အတိတ်ကို မည်သို့ နားလည်သည်အား ထိန်းချုပ်ထားသည့် ဘက်လိုက်မှုများကို ဦးစွာ ရင်ဆိုင်ရမည် ဖြစ်သည်။

တကယ်က သိမြင်မှုဆိုင်ရာ ဘက်လိုက်မှုများသည် လူတိုင်းတွင် ရှိတတ်ပါသည်။ ဆင်ခြင်တုံတရား၏ သွေဖည်မှုများဟု တရားသေယူဆရန် မဟုတ်။ လူသားတို့ ကမ္ဘာလောကကို နားလည်ပုံ၏ ထူးခြားချက်များသာ ဖြစ်သည်။ သိမြင်မှုဆိုင်ရာ ဘက်လိုက်မှုတို့သည် ကိုယ်ပိုင်ဝိသေသလက္ခဏာကို တည်ငြိမ်စေရန်၊ ရှုပ်ထွေးမှုကို လျှော့ချရန်နှင့် ဆက်စပ်မှုကို ထိန်းသိမ်းရန် အကူအညီဖြစ်နိုင်ပါသည်။ သို့ရာတွင်၊ တည်ဆဲယုံကြည်မှုများကို အတည်ပြုပေးနိုင်သည့် ပုံစံများကို ရှာဖွေပြီး ဆန့်ကျင်ဘက် အထောက်အထားများကို ဆူညံသံများ၊ အမှားများ၊ ပူးပေါင်းကြံစည်မှုများအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခြင်းမျိုးလည်း ဖြစ်သွားတတ်သေးသည်။ အတိတ်/သမိုင်းသည် မိမိ၏ ယုံကြည်ချက်များ ခင်းကျင်းပြသရာ ပြပွဲတခု ဖြစ်လာသည်။ အလားတူပင်၊ နောက်ကြောင်းပြန်ဆန္ဒစွဲ (hindsight bias) က သမိုင်းဆိုင်ရာ ရလဒ်များကို ရှောင်လွှဲမရဟု ထင်မှတ်စေပြီး[3] မိမိတို့ကို ဘောင်ခတ်၍ သတ်မှတ်ခဲ့သော အခြေအနေများနှင့် မှားယွင်းခဲ့မှုများကို ဖျောက်ဖျက်ပစ်သည်။ ဖြစ်ပျက်ခဲ့သည့်အရာသည် ဖြစ်ကိုဖြစ်ရမည့်အရာအဖြစ် မြင်မိလာသည်။ ထို့ပြင် ဝိသေသတရားသေစွဲမှတ်သော ဘက်လိုက်မှု (bias of attribution) သည်လည်း မောဟအမြင်ဖုံးစေသည်။ "သူတို့" မတရား ပြုမူသောအခါ မွေးရာပါ ဆိုးယုတ်မှု သို့မဟုတ် ကိုယ်ကျင့်တရား ပျက်ကွက်မှုကြောင့်ဟု ယူဆပြီး၊ "ကျွန်ုပ်တို့" က အလားတူ လုပ်ဆောင်သောအခါ လိုအပ်မှု၊ လက်တုံ့ပြန်မှု၊ မြင့်မြတ်သော ရည်ရွယ်ချက်ကြောင့်ဟု ယူဆမိတတ်တော့သည်။ အောင်နိုင်ခြင်း၊ သစ္စာဖောက်ခြင်း၊ ပုန်ကန်ခြင်း စသည့် လုပ်ရပ်တခုတည်းပင် ဖတ်ရှုသူ၏ ဘောင်ပေါ် မူတည်၍ ရာဇဝတ်မှု ဟုလည်းကောင်း၊ သူရဲကောင်းဆန်သော လုပ်ရပ်အဖြစ်လည်းကောင်း မှတ်ယူနိုင်သည်။ ထိုမှတဆင့် သမိုင်းဝင် ပုဂ္ဂိုလ်များသည် လူသားများထက် စံနမူနာပုံတူများ (archetypes)[4] ဖြစ်လာကြသည်။ ဖြောင့်မတ်သော ဘုရင်၊ သစ္စာဖောက် စစ်သူကြီး၊ မြင့်မြတ်သော ခုခံရေး စသည်ဖြင့် ဖြစ်လာရသည်။ ဆက်စပ်မှုရှိနေစေရန်အတွက် နက်နဲသော အဓိပ္ပာယ်ကို မမြင်ချင်ယောင်ဆောင်ကာ စွန့်လွှတ်လိုက်ကြသည်။

ဤဘက်လိုက်မှုများကို လူပုဂ္ဂိုလ်များသာမကဘဲ ဆိုင်ရာအဖွဲ့အစည်းများ (ကျောင်းများ၊ မီဒီယာများ၊ နိုင်ငံရေးပါတီများ) အားလုံးက လက်သာသလို ရွေးချယ်ဖော်ပြခြင်းဖြင့် စုပေါင်းမှတ်ဉာဏ်ကို ပုံဖော်ကြသည်။ အထူးသဖြင့် ကိုလိုနီခေတ်လွန်၊ ပဋိပက္ခဖြင့်ကွဲပြားနေသော လူ့အဖွဲ့အစည်းများတွင် အတိတ်သမိုင်းဟူသည် အသက်ဝင်နေသော စစ်မြေပြင်တခုပမာလည်း ဖြစ်နေဆဲဖြစ်သည်။ အမျိုးသားသမိုင်းတည်ဆောက်မှုသည် မဟာဗျူဟာမြောက် ရိုးရှင်းစွာရှင်းပြနိုင်မှုကို မကြာခဏ လိုအပ်သည်။ အလောင်းဘုရား ကဲ့သို့သော ပုဂ္ဂိုလ်ကို တချို့မှတ်တမ်းတွင် စည်းလုံးစေသူနှင့် လွတ်မြောက်စေသူအဖြစ် ဖော်ပြနိုင်သော်လည်း၊ အခြားတခုတွင်မူ နယ်မြေချဲ့ထွင်သော အကြမ်းဖက်စနစ်ကို တည်ထောင်သူအဖြစ် ဖော်ပြနိုင်သည်။ ရှုထောင့် နှစ်ခုစလုံးတွင် အမှန်တရား ပါဝင်ပြီး မည်သည့်တခုမှ တခုတည်း မလုံလောက်ပေ။ ဤအခြေအနေတွင် သမိုင်းကို သေချာစွာ ဖတ်ရှုခြင်းသည် ကိုယ်ကျင့်တရားဆိုင်ရာ လုပ်ရပ်တခု ဖြစ်လာသည်။[5] ဖတ်ရှုခြင်းက သတင်းအချက်အလက် စုဆောင်းခြင်းအကြောင်း သက်သက်သာ မဟုတ်ဘဲ၊ မိမိ၏ သမိုင်းအပေါ် အနက်ဖွင့်ဆိုမှု သဘောထားကို မေးခွန်းထုတ်ရမည်ဖြစ်သည်။ အချက်အလက် သက်သက်ဖြင့် အဓိပ္ပာယ် မပေါ်ပေါက်နိုင်ဘဲ၊ ဆက်စပ်မှုများ၊ အာဏာနှင့် ရှုထောင့်များက အဓိပ္ပာယ်ကို ဖန်တီးပေးသည်ကို အသိအမှတ်ပြုရန် လိုအပ်သည်။

ဤအရာကို နားလည်ခြင်းသည် နတ္ထိဝါဒ (Nihilism) ကို ဦးတည်ခြင်း မဟုတ်သလို၊ အခြေအနေအရ လိုရာဆွဲဝါဒ (Relativism) ဆီသို့ ဦးတည်ခြင်း မဟုတ်ချေ။ လူအများကြား အဓိပ္ပာယ်ကို မည်သို့ ဖန်တီးသည်၊ အမှန်တရားများကို မည်သို့ ညှိနှိုင်းသည်၊ အတိတ်မှတဆင့် ကိုယ်ပိုင်လက္ခဏာများကို မည်သို့ ရေးသားသည်ကို ပိုမိုနက်ရှိုင်းစွာ နားလည်ရန်ဖြစ်သည်။ သမိုင်းကို ကောင်းစွာ ဖတ်ရှုနိုင်ရန် မိမိကိုယ်ကို ဘာသာစကားဆိုင်ရာ သို့မဟုတ် အရင်းအမြစ် ဝေဖန်မှုများတွင်သာမက၊ မိမိကိုယ်ကို ဆန်းစစ်ခြင်းတွင်လည်း လေ့ကျင့်ရမည်။ မိမိ ဘာကို ရှာဖွေနေသနည်း။ ဘာကို ရှာဖွေတွေ့ရှိရန် ကြောက်သနည်း။ မိမိ၏ ဆန္ဒစွဲများကို အခြေခံကာ သမိုင်းကို မည်သို့ဖြစ်စေချင်နေသနည်း။ ဤမေးခွန်းများကို တည့်မေးမှသာလျှင် သမိုင်းလေ့လာမှုများက ပိုမို နိုးကြားလာစေမည်၊ အားကောင်းလာစေမည်။ ထိုသို့ မေးလိုက်ခြင်းက တချို့ဇာတ်ကြောင်းများသည် အခြား ဇာတ်ကြောင်းများထက် ပိုမို၍ ခိုင်မာသည်၊ နီးစပ်သည်ကို ငြင်းပယ်ခြင်း မရှိ။ အမှန်တရားတွင် လည်းကောင်း၊ တရားမျှတမှုတွင်လည်းကောင်း လူအများ၏ နားလည်မှုများနှင့် မှတ်ဉာဏ်များအားလုံး တူညီခြင်း မရှိသည်ကို အသိအမှတ်ပြုရန် ဖြစ်ပါသည်။ သို့သော်လည်း အမှန်တရားအတွက် ရှာဖွေမှုများသည် “မိမိကိုယ်ကို ဆန်းစစ်ခြင်း၏ ခက်ခဲသော လမ်းကြောင်း” (Difficult journey of Self-criticism) ကို ဖြတ်သန်းရမည်ဟု အခိုင်အမာ ဆိုရမည်ဖြစ်သည်။ ဆန်းစစ်မှုပြုခြင်းသည် ဖြစ်ပျက်ခဲ့သည့်အရာကဘာလဲ ဆိုသည်ကိုသာမက၊ ယင်းဖြစ်ပျက်ခဲ့သည်များကို ကျွန်ုပ်တို့ လက်ရှိအချိန်တွင် မည်သို့ နားလည်သည်၊ ထိုအရာက အဘယ်ကြောင့် အရေးကြီးသည်ကိုပါ နားလည်ရန် သံန္နိဋ္ဌာန်ပြုခြင်း ဖြစ်သည်။

မြန်မာ့သမိုင်းကို ရေးသားခြင်းသည် ဖြစ်ရပ်များကို မှတ်တမ်းတင်ခြင်းသက်သက်မျှ ဘယ်သောအခါမျှ မဟုတ်ခဲ့ပေ။ ရှေးယခင်ရေးသားမှုများမှ ယနေ့ခေတ်ကြိုးပမ်းမှုများအထိ သမိုင်းသည် နိုင်ငံရေးကိရိယာတခု အဖြစ်နှင့်ကော ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန်အိမ်မြှောင်တခုပမာ နှစ်မျိုးလုံးအဖြစ် လုပ်ဆောင်ခဲ့သည်။ မြန်မာ့ရာဇဝင်ကျမ်းများကို လူထုကို သတင်းအချက်အလက် ပေးရန်အတွက်သာ ရေးသားခဲ့ခြင်းမဟုတ်ဘဲ၊ မင်းများကို ချီးမြှောက်ရန်၊ မျိုးချစ်စိတ်ဓာတ်ကိုနှိုးဆွရန်၊ ကိုယ်ကျင့်တရားဆိုင်ရာ ပုံပြင်ဇာတ်လမ်းများမှတဆင့် အုပ်စိုးသူများကို ဆုံးမသွန်သင်ရန် ရည်ရွယ်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။ ဤသံသရာလည်၍ ထပ်နေသော လုပ်ဆောင်ချက်များသည် မြန်မာတို့အတွက်သာ ထူးခြားသည်မဟုတ်ဘဲ၊ တကမ္ဘာလုံးတွင် တွေ့ရသည်သာ ဖြစ်ပါသည်။ သမိုင်းရေးသားခြင်းသည် အာဏာရှိသူများအတွက် သို့မဟုတ် ခုခံတော်လှန်သူများအတွက် ကိုယ့်ဘက်ကိုယ်ယက်၍ အကျိုးပြုသည့် လမ်းကြောင်းများကို ထင်ဟပ်နေကာ ဖြစ်စဉ်မှတ်ဉာဏ်သာမက ပုံပြင်ဒဏ္ဍာရီများကိုပါ ထည့်သွင်း ရေးသား၏။[6]

ရှေးဦးမြန်မာ့သမိုင်းရေးသားခြင်း၏ အဓိကလမ်းကြောင်းတခုမှာ မင်းဘုရင်များအား မြှင့်တင်ခြင်း ဖြစ်သည်။ ရာဇဝင်ကျမ်းပြုဆရာများသည် ဘုရင်များအား ဖြောင့်မတ်သောတရားနှင့် ဓမ္မကို စောင့်ထိန်းသူများ၊ သာသနာတော်၏ အုပ်ထိန်းသူများ၊ အမျိုးသားစည်းလုံးညီညွတ်မှု၏ ပုံရိပ်များအဖြစ် မကြာခဏ ပုံဖော်ခဲ့သည်။ အနော်ရထာ၊ အလောင်းမင်းတရား စသူတို့နှင့် သက်ဆိုင်သည့် စစ်ပွဲအောင်ပွဲများနှင့် နယ်ပယ်ချဲ့ထွင်မှုများကို မျိုးချစ်စိတ်ဓာတ်ဆိုင်ရာ မြှင့်တင်မှု၊ မွန်မြတ်မှုအခန်းကဏ္ဍများအဖြစ် ရောယှက်ထည့်သွင်းကာ နိုင်ငံတော်ကို စည်းလုံးညီညွတ်စေရန်နှင့် သာသနာတော်ကို ကာကွယ်ရန်အတွက် မြင့်မြတ်သောလုပ်ဆောင်ချက်များအဖြစ် ပုံဖော်ခဲ့သည်။ ရာဇဝင်ကျမ်းများသည် မှတ်တမ်းများသက်သက်မဟုတ်ဘဲ နိုင်ငံတော်၏ အာဏာကို ပြသသည့် ပြဇာတ်များပင် ဖြစ်သည်။

အနောက်တိုင်းဆရာများ မြန်မာ့သမိုင်း‌ရေးသည့် အခါတွင်တော့ အင်္ဂလိပ်ကောင်းကြောင်း အသားပေး မြန်မာဘုရင်များ ဖိနှိပ်ကြောင်းကို အတန်တန် ပြောကြသည်။ မြန်မာနိုင်ငံအတွင်းရှိ လူမျိုးစုံမှာ ရိုင်းစိုင်း၍ ယဉ်ကျေးအောင် ပြုပေးနေရသည့်ဟန် ရေးတတ်ခဲ့ကြသည်။ မြန်မာတို့ နည်းနည်းမှားလျှင် ကြီးကြီးရေး၍ မိမိတို့ များများမှားလျှင် ဆင်ခြေပေါင်းသောင်းခြောက်ထောင် ရေးပြကြသည်။ ယဉ်ကျေးသောသူများဖြစ်၍ လူကြီးလူကောင်းဆန်ကြောင်း မကြာခဏ ရေးပြကြသည်သာ ဖြစ်သည်။

နောက်ထပ် ရည်ရွယ်ချက်တခုမှာ မျိုးချစ်စိတ်ဓာတ်ကို မြှင့်တင်ရန်လည်း ဖြစ်သည်။ အထူးသဖြင့် ကိုလိုနီခေတ်နှင့် ၁၉၂၀ ပြည့်နှစ်တက္ကသိုလ်ကျောင်းသားများသပိတ် ကဲ့သို့သော ကိုလိုနီဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုများ အပြီးတွင် သမိုင်းရေးသားခြင်းကို မြန်မာ့ကိုယ်ပိုင်လက္ခဏာပေါ်တွင် စုပေါင်းမှု အားကောင်းစေရန် အသုံးပြုခဲ့သည်။ ကျောင်းသုံးသမိုင်းဖတ်စာအုပ်များနှင့် ပညာရေးဆိုင်ရာပစ္စည်းများသည် ယဉ်ကျေးမှုအမွေအနှစ်အပေါ် ဂုဏ်ယူစိတ်နှင့် နိုင်ငံခြားသားကြီးစိုးမှုကို ဆန့်ကျင်စိတ်များ ထည့်သွင်းပေးသည့် ကိရိယာများ ဖြစ်လာခဲ့သည်။[7]

တတိယမြောက် လုပ်ဆောင်ချက်မှာ အုပ်ချုပ်သူကို သတိပေးခြင်း ဖြစ်သည်။ အုပ်စိုးသူများအတွက် ကိုယ်ကျင့်တရားအကြံဉာဏ်ယူရန် မူဘောင်ကဲ့သို့ သမိုင်းကို ရေးသားသည့် ထုံးတမ်းစဉ်လာလည်း ရှိပါသည်။ ကိုလိုနီခေတ်မတိုင်မီ ရာဇဝင်ကျမ်းများတွင် ပဒေသရာဇ်[8]ဘုရင်အုပ်ချုပ်ရေးကို အချုပ်အခြာအာဏာပိုင်နှင့် ပြည်သူများအကြား ပဋိညာဉ်ဆန်သည့် အသုံးအနှုန်းများဖြင့် ဖော်ပြမှုများရှိသည်။ ဒေါက်တာသန်းထွန်းက ဘိသိက်မင်္ဂလာ အခမ်းအနားကဲ့သို့သော ထုံးတမ်းစဉ်လာများကို လူမှုပဋိညာဉ်များ (Social Contract) အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်ဟု ဆိုသည်။ ရာဇနီတိတွင် “အဝိရောဓနံ” တရားကိုမဆန့်ကျင်ရဟု ဆိုသည်။ ဘိသိက် ခံယူသည့်အခါ ဆိုးယုတ်လျှင် ခေါင်းခုနစ်စိတ်/ရှစ်စိတ် စသည်ဖြင့် ကွဲပါစေရန် ကျိန်ရသည်။[9] လက်တွေ့ကျကျ လူမှုပဋိ့ညာဉ်ဖြစ်၏။ မင်းသည် တရားမျှတသောအုပ်ချုပ်မှုကို ဆောင်ရွက်ရန်အတွက် ပြည်သူများ၏ နာခံမှုနှင့် အခွန်အခများကို ရရှိခဲ့သည်။ ဘုရင်သည် ကိုယ်ကျင့်တရားဆိုင်ရာ စည်းကမ်းကျင့်ဝတ်ကို ချိုးဖောက်ပါက ဘေးအန္တရာယ်များ ဖြစ်ပေါ်လာမည်ဟု ရေးပြခဲ့သည်။ ဤနည်းအားဖြင့် ရာဇဝင်ရေးသားမှုသည် ဂုဏ်ပြုခြင်းသက်သက်မဟုတ်ဘဲ သိမ်မွေ့သော ဝေဖန်မှုတခုလည်းဖြစ်သည်။ တည့်မရေးသည့်တိုင်၊ စာကြောင်းများကြားတွင် မြှုပ်နှံထားသည့် နိုင်ငံရေးကျင့်ဝတ်များပမာ ဖြစ်သည်။

ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက်များရှိသော်လည်း မြန်မာ့သမိုင်း ရေးသားခြင်းတွင် သိသာထင်ရှားသော တည်ဆောက်ပုံဆိုင်ရာ အားနည်းချက်များ ရှိသည်။

ပထမတခုမှာ အိန္ဒိယဒေသ၏ နက္ခတ်ဗေဒင်ဆိုင်ရာ မူဘောင်များနှင့် ဝေါဟာရများကို အလွန်အမင်း မှီခိုအားထားခြင်း ဖြစ်သည်။ သာဓကအားဖြင့် "သက္ကရာဇ်" နှင့် "ဘိသိက်" ကဲ့သို့သော စကားလုံးများသည် မြန်မာမူရင်းတီထွင်မှုများမဟုတ်ဘဲ ယဉ်ကျေးမှုဆိုင်ရာ ပြည်ပမှ ဝင်ရောက်လာသော အရာများဖြစ်သည်။ ဘုရင်အဆက်အနွယ်များအား နတ်၊ ဘုရား သို့မဟုတ် ဝိဇ္ဇာနဂါးတို့မှ ဆင်းသက်လာသောမျိုးနွယ်များနှင့် ချိတ်ဆက်ကာ ဒဏ္ဍာရီဆန်ဆန် ပုံစံဖော်ခြင်းသည် အိန္ဒိယမော်ကွန်းတင် အစဉ်အလာများကို ရောင်ပြန်ဟပ် နေသည်။ ဤသင်္ကေတဆိုင်ရာ အငှားယူမှုများသည် မျိုးနွယ်စုအခြေခံသော၊ ဘာသာရေးယုံကြည်ချက်နှင့် နတ်ဘုရားဆန်သော ဘုရင်အုပ်ချုပ်ရေး၏ ယုတ္တိမူဘောင်ကို အားဖြည့်ပေးခဲ့သည်။

ဒုတိယအချက်မှာ ဒဏ္ဍာရီနှင့် ဇာတ်ကြောင်းပုံပြင်များသည် သမိုင်းကြောင်းဆိုင်ရာ အခန်းကဏ္ဍတွင် နက်ရှိုင်းစွာ ရောယှက်နေခြင်း ဖြစ်သည်။ ဥပမာအားဖြင့်၊ အနော်ရထာလက်ထက် တရုတ်တို့ထံ သွားရောက် ခြိမ်းခြောက်မှုများကို ချဲ့ကားဖော်ပြခြင်း၊ အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရာတွင် ဇမ္ဗူ့သပြေပင် ကဲ့သို့သော စကြာဝဠာနယ်မြေများ၏ နယ်စပ်များသို့ "ရောက်ရှိခြင်း" ကဲ့သို့သော ဒဏ္ဍာရီလာဖော်ပြမှုများသည် အချက်အလက်ထက် သင်္ကေတဆိုင်ရာ ဘုရင့်အာဏာထင်ရှားမှုကို ပိုမိုဖော်ပြသည်။ ဤဇာတ်လမ်းများသည် တိကျမှန်ကန်မှုထက် လူမျိုးရေးဂုဏ်ယူမှုနှင့် ဝိညာဉ်ရေးအာဏာတည်ရှိမှုကို ဆက်၍လှုံ့ဆော်ရန်သုံးစွဲသည်။

တတိယအချက်မှာ ကိုလိုနီခေတ်အတွင်းနှင့် နောက်ပိုင်းကာလများတွင် နိုင်ငံခြားဆက်ဆံရေးများကို မှားယွင်းစွာအဓိပ္ပာယ်ဖွင့်ဆိုစေခဲ့သည်။ တရုတ်နှင့် ထိုင်းကဲ့သို့သော အိမ်နီးချင်းနိုင်ငံများကို မကြာခဏဆိုသလို ပုံပျက်ပန်းပျက်ဖြင့် ခြိမ်းခြောက်နေသည့်အရာများ သို့မဟုတ် နိမ့်ကျသောပြိုင်ဘက်များ အဖြစ် ဖော်ပြခဲ့သည်။ အချို့ဖြစ်ရပ်များကို ဖန်တီးခဲ့ပြီး၊ အမျိုးသားရေးဇာတ်လမ်းအတွက် အဆင်မပြေနိုင်သော အချို့ဖြစ်ရပ်များကို လျှော့ချဖော်ပြခြင်း၊ လုံးဝဖယ်ထုတ်ခြင်းများအထိ ပြုလုပ်ခဲ့သည်။ ဤသမိုင်းရေးရာ အမျိုးသားရေးဝါဒသည် ဒေသတွင်း အပြန်အလှန်မှီခိုမှုကို မကြာခဏ ဖြတ်တောက်ကာ အစိုးရကဖန်တီးသည့် “စံပြု” အတိတ်တခုကို ထုဆစ်ခဲ့သည်။

စတုတ္ထအချက်မှာ သမိုင်းရာဇဝင်မှတ်တမ်းများ သိသိသာသာ ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ ခိုင်မာသော မှတ်တမ်းမှတ်ရာများမရှိဘဲ ၂ ရာစုနီးပါး ကုန်လွန်ခဲ့ပြီး၊ နောင်တွင် သမိုင်းပညာရှင်များသည် ရှားပါးသော အရင်းအမြစ်များဖြင့် မှတ်တမ်းများကို ရေးဖွဲ့ခဲ့ရသည်။ ထို့ကြောင့်လည်း သမိုင်းပုံရိပ်များမှာ မှန်းဆသည့် ပုံပြင်များက အများစုဖြစ်နေ၏။ ၁၈ ရာစုရောက်သောအခါတွင် ရာဇဝင်ကျမ်းများစွာကို စစ်ဆေးထားသော သမိုင်းပစ္စည်းများထက် ကိုယ်ကျင့်တရားဆိုင်ရာ ဇာတ်ကြောင်းပုံပြင်များနှင့် ရိုးရာပုံပြင်များကို အသုံးပြု၍ ဖြည့်စွက်ခဲ့ရသည်။ ထို့အပြင် အင်းဝကို မွန်တို့နိုင်စဉ်က ဗမာ့နန်းတော်ကို မီးရှို့ကြခြင်း၊ ဟံသာဝတီပဲခူးကို အလောင်းဘုရား နိုင်စဉ်က မွန်စာပေကျမ်းများ မီးရှို့ခံရခြင်း၊ ကုန်းဘောင်ကို အင်္ဂလိပ်နိုင်စဉ်က လုယူတန်ယူ မီးရှို့တာရှို့ လုပ်သွားခြင်း အကြိမ်ကြိမ်ဖြစ်ခဲ့သဖြင့် သမိုင်းမှတ်တမ်းများ ရှိခဲ့လျှင်လည်း ပြန်ရှာမရတော့ပေ။

ထို့ကြောင့်သမိုင်းဟူသည် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုများ၏ ကစားကွင်းများလည်း ဖြစ်ခဲ့သည်ပင်။ ကိုလိုနီခေတ်လွန်သမိုင်းပညာရှင်များကမူ ပိုမိုစနစ်ကျသော သုတေသနအပေါ် အခြေခံ၍ မူဘောင်များ ချမှတ်ကာ လေ့လာခဲ့သည်။ သူတို့၏လက်ရာများသည် ယနေ့တိုင် အသုံးပြုနေဆဲဖြစ်ပြီး၊ အမွေဆက်ခံရသော မူဘောင်များအတွင်း၌ပင် ဝေဖန်ပိုင်းခြားစိတ်ဓာတ်ဖြင့် ချဉ်းကပ်သည့် ထုံးတမ်းစဉ်လာတခုကို ပြသနေသည်။

ပစ္စုပ္ပန်၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် မြန်မာ့သမိုင်းရေးသားခြင်းသည် သေသေချာချာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်လိမ့်မည်။ ပထမဦးစွာ၊ ဒဏ္ဍာရီနှင့် သမိုင်းကို ရှင်းရှင်းလင်းလင်း ခွဲခြားသတ်မှတ်ရမည်။ ဒဏ္ဍာရီများတွင် သင်္ကေတဆိုင်ရာ တန်ဖိုးရှိသော်လည်း မှန်ကန်ကြောင်း အတိအကျ စစ်ဆေးထားသည့် သိပ္ပံကဲ့သို့ အချက်အလက်များပုံစံအဖြစ် မှားယွင်းယူဆ၍ မရပေ။ ရှေးဟောင်းသုတေသန တူးဖော်မှုများသည် ဒဏ္ဍာရီလာမှတ်တမ်းများကို အတည်ပြုရန် သို့မဟုတ် စိန်ခေါ်ရန် ကူညီနိုင်သည်။ သို့ရာတွင် အတိအကျတော့ မရနိုင်ပေ။

ဒုတိယအချက်မှာ ဖန်တီးယူရသည့် အမျိုးသားရေးဝါဒကို လျှော့ချရမည်။ ဒေါက်တာသန်းထွန်းကို ပွဲတပွဲတွင် “ရေးသားတာ ကောင်းသော်လည်း အမျိုးသားရေးစိတ် ထက်သန်အောင် ထည့်ရေးပါ” ဟု ဆိုသည့်အခါ “ကျွန်တော် စေတနာမရှိဘူး” ဟုပင် ပြန်၍ဖြေသည်ဟုဆို၏။ ထိုကဲ့သို့ အဖြူထည်ဖြစ်အောင် ကြိုးစားသည့် ဆရာများရှိသည့်တိုင် သမိုင်းစာများရေးခြင်းသည် ဇာတ်ကြောင်းကို မှန်းဆခြင်းသာဖြစ်သည်။ ထို့ကြောင့် မည်သို့မျှ လုံးဝဥဿုံ အဖြူထည် အစွဲကင်းခြင်းတော့ မဖြစ်နိုင်ပေ။ နိုင်ငံကို ချစ်မြတ်နိုးခြင်းသည် မွေးရာပါ အန္တရာယ်ရှိသည့်ကိစ္စလည်း မဟုတ်ပါ။ မတူသူများကို မုန်းတီးခြင်း သို့မဟုတ် အချက်အလက်များကို ပုံပျက်ပန်းပျက်ဖြစ်စေခြင်းသို့ ပြောင်းလဲသွားခြင်းမရှိစေရန်တော့လို၏။ သမိုင်းကို ရိုးသားစွာ ချဉ်းကပ်ခြင်းတွင် ဒေသတွင်းမှ ပူးပေါင်းပါဝင်မှုများနှင့် အပြန်အလှန်မှီခိုမှုများကို အသိအမှတ်ပြုခြင်းများလည်း ပါဝင်သည်။ မြန်မာ့ကိုယ်ပိုင်လက္ခဏာကို ဒေသခံများအား ဖယ်ထုတ်ခြင်းဖြင့် တည်ဆောက်၍ မရနိုင်ပေ။

တတိယက သုတေသနအခြေခံများဖြင့် သင်ယူမှုဦးစားပေးရမည်။ ပညာရေးအဖွဲ့အစည်းများသည် စာမူလအရင်းအမြစ်များအား ခွဲခြမ်းစိတ်ဖြာခြင်းနှင့် နှိုင်းယှဉ်လေ့လာခြင်း ရှုထောင့်များကို အခြေခံသော သင်ရိုးညွှန်းတမ်းများကို မြှင့်တင်ပေးသင့်သည်။ အမှန်တရားကို ချပေးသောပုံစံများ မဖြစ်သင့်။ ဆရာများနှင့် ကျောင်းသားများ နှစ်ဘက်စလုံးမှ ကျဉ်းမြောင်းသော မှတ်တမ်းများထက် ကျော်လွန်ရှုမြင်ရန် အားပေးရမည်။ နောက်ဆုံးအနေဖြင့် မြန်မာ့သမိုင်းမှတဆင့် ပိုမိုကျယ်ပြန့်သော အာရှဒေသတွင်းနှင့် ကမ္ဘာ့အခြေအနေများတွင် လေ့လာရမည်။ တရုတ်၊ မွန်၊ ထိုင်းနှင့် ကိုလိုနီမှတ်တမ်းများကို လေ့လာ၍ ကာလ၊ ဒေသ၊ ပယောဂများ ထိုးထွင်းသိမြင်စေပြီး မျက်ကန်းအမြင်များကို စိန်ခေါ်နိုင်သည်။ ဆက်စပ်မှုရှိသော သမိုင်းရေးသားခြင်းသည် မြန်မာ့ကိုယ်ပိုင်လက္ခဏာကို အားနည်းစေမည်မဟုတ်ဘဲ ပိုမို၍ ခိုင်မာစေမည်ဖြစ်သည်။

“အတိတ်ကို ပိုင်သူသည် ပစ္စုပ္ပန်ကို ပိုင်သည်။ ပစ္စုပ္ပန်ကို ပိုင်သူသည် အနာဂတ်ကို ပိုင်သည်” ဟု ဂျော့ချ်အော်ဝဲလ်က ပြောပါသည်။[10]

အတိတ်သည် ကျွန်ုပ်တို့ နောက်တွင်သာ မရှိ။ အတိတ်သည် ကျွန်ုပ်တို့၏ ဇာတ်လမ်းများ၊ ကျွန်ုပ်တို့၏ တိတ်ဆိတ်မှုများနှင့် ကျွန်ုပ်တို့၏ သိမြင်မှုဆိုင်ရာ ပုံစံများတွင် အသက်ရှင်နေသည်။ အတိတ်သည် ကျွန်ုပ်တို့၏ နိုင်ငံရေးဆိုင်ရာ တောင်းဆိုမှုများ၊ ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရားဆိုင်ရာ မူဘောင်များ၊ ကျွန်ုပ်တို့၏ စုပေါင်း ရည်မှန်းချက်များ၏ မျက်နှာစာတွင် ကျွန်ုပ်တို့နှင့်အတူ လိုက်ပါရွေ့လျားနေသည်။ သိမြင်မှုဆိုင်ရာဆန္ဒစွဲများကို နားမလည်ဘဲ သမိုင်းကို ဖတ်ရှုခြင်းသည် မျက်လုံးကို ပတ်တီးပိတ်စည်း၍ မိုင်းကွင်းထဲ လမ်းလျှောက်ခြင်းနှင့် တူသည်။ မထောင်လွှားမှုနှင့်အတူ အပ္ပမာဒသတိရှိစွာ ဖတ်ရှုခြင်းသည် ဆွေးနွေးမှုတခုကို စတင်စေနိုင်သည်။ သေဆုံးသွားသူများနှင့်သာမက ကျွန်ုပ်တို့၏ လက်ရှိအတွေးအခေါ်တည်ဆောက်ပုံများနှင့်ပါ ဆွေးနွေးမှုလည်း ဖြစ်နိုင်ပေသည်။
-------------

[1] မြန်မာနိုင်ငံ သမိုင်းသုတေသန၊ ဒေါက်တာသန်းထွန်း။

[2] စာဖတ်သူ-တုံ့ပြန်မှု သီအိုရီ (Reader-Response Theory) အရ စာဖတ်ခြင်းသည် စာရေးသူ့ရည်ရွယ်ချက်ကို ရိုးရှင်းစွာ လက်ခံခြင်းသက်သက်မဟုတ်ဘဲ၊ စာဖတ်သူ၏ အတွေးအမြင်၊ စိတ်ခံစားမှု၊ နောက်ခံအတွေ့အကြုံနှင့် ယဉ်ကျေးမှုတို့နှင့် စာသား (Text) တို့ အပြန်အလှန် ပေါင်းစပ်ထိတွေ့မှုမှ ဖြစ်ပေါ်လာသော လုပ်ငန်းစဉ်တခုဖြစ်သည်ဟူ၏။ စာဖတ်သူ၏ ကိုယ်ပိုင်အလိုဆန္ဒနှင့် ခံယူချက်များသည် ဖတ်ရှုရသော အချက်အလက်များကို “ရွေးချယ်၍” အဓိပ္ပာယ်ဖွင့်ဆိုခြင်း (Selective Interpretation) သို့မဟုတ် အဓိပ္ပာယ်တွန့်ကျေခြင်း (Distortion) ကို ဖြစ်စေနိုင်သောကြောင့်၊ စာသားထဲတွင် တိုက်ရိုက်မပါဝင်သည့်အရာများကို စိတ်ကူးဖြင့် ဖြည့်တင်းဖော်ဆောင်ခြင်း (Filling in the Gaps) နှင့် မြင်လိုသည့် ပုံစံအတိုင်း ပုံဖော်ယူခြင်းများ ဖြစ်ပေါ်လာသည်ဟုဆိုသည်။

[3] Historical Determinism - အကြောင်းအရာတခုကို ကြည့်ပြီး လောကတွင် ဘာပြီးလျှင် ဘာဖြစ်လာမည်၊ ဘာပဲ ဖြစ်လာရမည်၊ တခြားမဖြစ်နိုင်ဟု သမိုင်းကို တရားသေသတ်မှတ်သောအရာအဖြစ် ရှုမြင်ခြင်းနှင့် ဆက်နွယ်မှုရှိသည်။ ယင်းအမြင်သည် လူ၏ ဆုံးဖြတ်နိုင်စွမ်း အေဂျင်စီကို လျှော့တွက်သည့်အမြင်ဟုလည်း ဆိုနိုင်သည်။

[4] Archetype (စံနမူနာပုံတူ) ဆိုသည်မှာ လူအများ၏ စိတ်ထဲ၌ လွှမ်းမိုးနေရာယူထားသော မူလပုံရိပ် (Original Pattern) သို့မဟုတ် စံပြပုဂ္ဂိုလ်စရိုက် အမျိုးအစား (Model Type) ကို ဆိုလိုပါသည်။ စံနမူနာပုံတူသည် သီးခြားပုဂ္ဂိုလ်တဦး၏ အသက်ရှင်ခဲ့သော အတွေ့အကြုံများထက် ကျော်လွန်၍ ကိုယ်စားပြုမှု (Representation) သဘောဆောင်ပြီး၊ အဆိုပါပုဂ္ဂိုလ်၏ အရေးကြီးဆုံး ဂုဏ်ပုဒ်များ၊ လုပ်ဆောင်ချက်များ သို့မဟုတ် ကိုယ်စားပြုသော အတွေးအခေါ်များကို စုစည်းထားသည့် သင်္ကေတဆန်ဆန်ပုဂ္ဂိုလ် ဖြစ်လာသည်။ ဥပမာ အမျိုးသားခေါင်းဆောင်တဦးသည် လူသားတဦးထက် ပို၍ လွတ်လပ်ရေးဖခင် (The Liberator)၊ ခေါင်းဆောင်ကောင်း (The Great Leader) စသည့် Archetype ဖြစ်လာသဖြင့်၊ လူများသည် လူသားပီပီရှိသည့် ပုဂ္ဂိုလ်ဆိုင်ရာ ချို့ယွင်းချက်များကို ထည့်မတွက်တော့ဘဲ ကျော်သွားပြီး၊ ကိုယ်စားပြုသော အရှိန်အဝါနှင့် စံပြပုံရိပ်ကိုသာ အမှတ်ရနေကြခြင်း ဖြစ်ပါသည်။


[5] ကိုယ်ကျင့်တရားဆိုင်ရာ လုပ်ရပ် (Moral Act) ဆိုသည်မှာ လူတဦးချင်းစီ၏ ဆင်ခြင်တုံယုတ္တိတရား (Reason) နှင့် လွတ်လပ်မှုကိုအခြေခံ၍၊ မှားသည်၊ မှန်သည်၊ ကောင်းသည်၊ ဆိုးသည် စသည့် ကျင့်ဝတ်ဆိုင်ရာ တန်ဖိုးသတ်မှတ်ချက်များ (Ethical Values) နှင့်အညီ ဆောင်ရွက်သည့် လုပ်ဆောင်ချက်ကို ဆိုလိုပါသည်။

[6] မိမိတို့လိုလားရာကို အားဖြည့်ပေးမည့် ဒဏ္ဍာရီပုံပြင်များနှင့် သူရဲကောင်းဝါဒ (Myths and Heroism) များကိုပါ ရောစပ်ထည့်သွင်းကာ မိမိဘက်ကိုယက်သော ဇာတ်ကြောင်း (Self-serving Narratives) များကို ဖန်တီးကြသည့်အတွက် သမိုင်းသည် အတိတ်ကို ဖော်ပြခြင်းထက် တကယ်တမ်းတွင် လက်ရှိအာဏာအားပြိုင်မှု (Current Power Struggle) ကို ဖော်ပြသည့် မှန်တချပ်သဖွယ် ဖြစ်နေပါသည်။ Political Instrumentalization of Memory ဟု ဆိုနိုင်သည်။

[7] Chew, I., & Jap, J. (2024). Identities and the Politics of Ethnicity in Post-Coup Myanmar. International IDEA.

[8] အနောက်နိုင်ငံ၏ မြေရှင်ပဒေသရာဇ် (Feudal) စနစ်သည် မြေယာပိုင်မှုနှင့် ခွဲဝေမှု၊ သီစားချမှုတို့အပေါ် များစွာပင် မှီခို၍ နေသော်လည်း မြန်မာနှင့် အိန္ဒိယဝန်းကျင်ရှိ ပဒေသရာဇ်စနစ်မှာမူ လူအင်အားစီမံခန့်ခွဲမှုအပေါ် ပိုမှီခိုသည်ဟု ဆိုသော် ရကောင်းပါသည်။ 


[9] ဘိသိက် ၁၃ မျိုးဟု ဦးမောင်မောင်တင်၏ ရွှေနန်းသုံးဝေါဟာရအဘိဓာန်ကရေး၍ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းတွင်မူ ၁၄ မျိုးရှိသည်ဟု ရေးသားသည်ဟု ဆိုပါသည်။ နောက်ပိုင်း ဒေါက်တာဘမော်၊ စဝ်ရွှေသိုက်စသည့် ခေါင်းဆောင်များလည်း ဘိသိက်ခံကြသည်။ 


[10] "Who controls the past controls the future: who controls the present controls the past." George Orwell ၏ “1984” စာအုပ်ထဲတွင် ပါရှိသည့် အချက်ဖြစ်သည်။ ဤကိုးကားချက်သည် ဝါဒဖြန့်ချိရေးနှင့် သမိုင်းကို ပြန်လည် ရေးသားခြင်းတို့မှတဆင့် အာဏာရှင်အစိုးရများ၏ လူမှုအသိစိတ်ကို မည်သို့ ထိန်းချုပ်ပုံကို ဖော်ပြထားသည်။


Comments

Popular posts from this blog

မြန်မာနိုင်ငံ၏ အခြေအနေ

မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။ [1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။ မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီ...

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

    လူသားတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ မသိနားမလည်မှုကနေ ဉာဏ်ပညာဆီကို တမဟုတ်ချင်း ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်က ထင်ရှားတဲ့ အဆင့်အမျိုးမျိုးကို ဖြတ်သန်းသွားပြီး၊ အဆင့်တခုစီက ရှုပ်ထွေးမှုတွေကို နစ်မွန်းမသွားစေဘဲ လက်ခံနိုင်စွမ်းကို တိုးမြှင့်ပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်အလိုက် တင်းကျပ်စွာ သတ်မှတ်ထားတာ မဟုတ်ဘဲ၊ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စိတ်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပုံတွေ ကွဲပြားတာပဲ ဖြစ်ပါတယ်။ အောက်မှာတော့ အရှင်းလင်းဆုံး ရှင်းလင်းချက်ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ရွေ့လျားသွားတဲ့ ဒီအဆင့် ၅ ဆင့်အတွက် လမ်းပြမြေပုံတခုကို အသေအချာစဉ်းစားကြည့်ပြီး ဖော်ပြလိုက်ပါတယ်။ အဆင့် ၁။ ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်းအဆင့် ဘယ်သင်ယူမှုခရီးရဲ့ အစမှာမဆို စိတ်က ရှင်းလင်းပြတ်သားမှုကို လိုလားတယ်။ ခိုင်မာတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ လျင်မြန်တဲ့ အမျိုးအစားတွေကို လိုအပ်တယ်။ ဒါဟာ အားနည်းချက်မဟုတ်ဘဲ၊ ရှင်သန်ရေးအတွက် နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက်အတွဲတွေအဖြစ် ဦးနှောက်ထဲကို ဝင်...