Skip to main content

ကရင်နီနယ်မြေများ

နှုတ်သမိုင်းကို အခြေခံ၍ ဇစ်မြစ်ကို သယ်ဆောင်ကြသည့် ကရင်နီဒေသခံတို့အတွက် ရက်၊ လ၊ ခုနှစ် အတိအကျ ဖြစ်သည့် စာပေမှတ်တမ်းများကို ရှာဖွေရန် ခက်ခဲသည်ဟုဆိုပါက ထူးဆန်းမည်မထင်လှပါ။ 

ကရင်နီ (ကယား) မင်းဆက်များကို စတင်တည်ထောင်ခဲ့သော မင်းများနှင့်ပတ်သက်၍ နန်းစံခုနှစ်သက္ကရာဇ်များနှင့် ဘွဲ့အမည်များကို တိကျစွာသိရှိရန် ခက်ခဲလှပါသည်။ သို့သော် ယနေ့ရသည့် မှတ်တမ်းများတွင်
'ဘိုးဖြူလှ' မင်းသည် ကရင်နီ (ကယား) ၏ ပထမဦးဆုံးမင်းဆက်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ခရစ်နှစ် ၁၇၀၀ ဝန်းကျင်တွင် ပထမဘိုးဖြူလှမင်းက ဘောလခဲ (မြို့နယ်) ကို စတင်တည်ထောင်ခဲ့သည်ဟု ဒေသခံတို့က ဆိုကြသည်။ ဒေသခံစကားအရ "ဘူး (ဖြူ)" သည် အေးချမ်းသာယာခြင်းကို ဆိုလိုပြီး "မို" သည် ဒေသကို ဆိုလိုသည်ဟု မှတ်ရသည်။ အေးချမ်းသာယာသော ပြည်နယ်ဒေသကို "ဘူးမို" ဟု ခေါ်ဆိုရာမှတဆင့် မြန်မာတို့က "ဘိုးဖြူလှ" ဟု အသံထွက်ခေါ်ဝေါ်လာခဲ့ကြပြီး၊ နောက်ပိုင်းတွင် ဤအသုံးအနှုန်းမှာ တွင်ကျယ်သွားသည်ဟု ဆို၏။

မြန်မာပြည်မှတ်တမ်းများတွင်မူ ပဉ္စမမြောက် ကရင်နီမင်းဆက်ဖြစ်သော ဘိုးဖြူလှမင်းလက်ထက်မှစ၍သာ အစပြုဖော်ပြထားသည်ကို တွေ့ရသည်။ ဗြိတိသျှအရာရှိ ဂျိမ်းစ်ဂျော့စကော့ (
James George Scott) ကလည်း ၎င်း၏မှတ်တမ်းတွင် (၁၈၉၀ ပြည့်လွန်နှစ်များကာလ) ဒေသခံများ၏ ပြောစကားများအရ 'ဘိုးဖြူလှ' (Poe Bya Hla) သည် ဘောလခဲနယ်ကို အုပ်ချုပ်ခဲ့သည့် ပဉ္စမမြောက် ကရင်နီမင်းဖြစ်ကြောင်းဆိုသည်ဟု ရေးသည်။ ဘောလခဲဒေသကို ကုန်းဘောင်ခေတ်စစ်ပွဲများ အစောပိုင်းကာလ ခရစ်နှစ် ၁၇၆၀ ဝန်းကျင်ခန့်တွင် တည်ထောင်ခဲ့ခြင်းဖြစ်နိုင်ပြီး၊ ၁၇၈၃ ခုနှစ် မတိုင်မီကပင် တည်ရှိခဲ့ခြင်းဖြစ်နိုင်ကြောင်း စကော့က သုံးသပ်ထားသည်။[1]


မြန်မာမင်းဆက်တို့က ကရင်နီပြည်ကို မိမိတို့ပိုင်ဆိုင်သော နယ်မြေအဖြစ် သတ်မှတ်ခဲ့ကြသော်လည်း၊ ဒေသခံတို့ကမူ သီးခြားလွတ်လပ်သောနယ်မြေအဖြစ်သာ ခံယူခဲ့ကြသည်။
 စတုတ္ထမြောက် ဘိုးဖြူလှမင်း (ခေါ်) "စောင်ရီဒူ" လက်ထက် ၁၇၆၇ ခုနှစ်နှင့် ၁၇၈၁ ခုနှစ်တို့တွင် ကုန်းဘောင်၏ ယိုးဒယားချီစစ်ပွဲများ၌ ကရင်နီ (ကယား) တပ်များ ပါဝင်ချီတက်ခဲ့ကြောင်းကို တွေ့ရှိရသည်။

ထိုစတုတ္ထမြောက်မင်းလက်ထက်တွင် "ဖားဆောင်း" မြို့ကို တည်ထောင်ကာ ဟော်နန်းဆောက်လုပ်၍ နန်းစံခဲ့သည်။ ထိုမှတဆင့် ပွန်ချောင်းအတိုင်း ဆန်တက်ပြီး "ဒုတ်ရော်" အရပ်သို့ရောက်သောအခါ ဒုတိယဟော်နန်းကို ထပ်မံတည်ဆောက်၍ နန်းစံခဲ့သည်ဟု ဆိုပါသည်။

စတုတ္ထမြောက် ဘိုးဖြူလှမင်း ကွယ်လွန်ပြီးနောက် နန်းတက်လာသော ပဉ္စမမြောက်မင်းသည် ကိုယ်ကျင့်သိက္ခာနှင့် ပြည့်စုံပြီး ဘုန်းတန်ခိုးကြီးမားသူဖြစ်သဖြင့် နယ်သူနယ်သားများ၏ အထူးလေးစားကြည်ညိုခြင်းကို ခံခဲ့ရသည်။ ထိုမင်းသည် "ဒုတ်ရော်" မှ ပွန်ချောင်းအနောက်ဘက်သို့ ပြောင်းရွှေ့ခဲ့ပြီး တဘောလျာချောင်းနှင့် တခဲလျာချောင်းတို့ ပေါင်းဆုံရာနေရာတွင် မြို့သစ်တည်ဆောက်ကာ ဟော်နန်းစိုက်ထူ၍ ကရင်နီနယ်များကို စုစည်းအုပ်ချုပ်ခဲ့သည်ဟု ဆိုသည်။

တဘောလျာနှင့် တခဲလျာချောင်းများကို အစွဲပြု၍ "တဘော-တခဲ" ဟု ခေါ်ဆိုရာမှ နောင်တွင် "ဘောလခဲ" ဟူ၍ အမည်တွင်လာခဲ့သည်။ ယင်းတလဲလူမျိုးတို့၏ ဘာသာစကားအရ ဘောလခဲဟူသည်မှာ "မိ-ဖ-မြို့" ဟု အဓိပ္ပာယ်ရကြောင်း ဆိုပါသည်။

ယင်းခေတ်တွင် ဘောလခဲနယ်မှာ တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ နယ်မြေ (၂) ပိုင်း ရှိနေခဲ့သည်ဟု သိရသည်။ တောင်ပိုင်းဘောလခဲ တွင် ဖားဆောင်း၊ မော်ချီးနှင့် နန်းဖဲ တို့ ပါဝင်သည်။ မြောက်ပိုင်းဘောလခဲ တွင် နန်းဖယ်ခုံ၊ ဒေါရောက်ခူ၊ ဆောင်းဒူးနှင့် မုဆိုး တို့ ပါဝင်သည်။

နောက်တဖန် ပဥ္စမမြောက် ဘိုးဖြူလှမင်းလက်ထက်တွင် မင်းမျိုးမင်းနွယ်တဦး (အချို့က အင်းဝမှ ဟုဆိုပြီး အချို့က မွန်-ဗမာကပြားဟုဆို၊ မူကွဲများလည်းရှိ) သည် နောက်လိုက်အင်အား အနည်းငယ်ဖြင့် ဘောလခဲမြို့သို့ ခိုလှုံလာရာမှ စွမ်းဆောင်ရည်ကော၊ ဆွဲဆောင်နိုင်စွမ်းပါရှိသူဖြစ်၍ ခယ်မတော် နှင့် ပေးစားပြီး ပွန်ချောင်း အရှေ့ဘက်ကမ်းသို့ နယ်မြေခွဲပေးအုပ်ချူပ်စေခဲ့ရာမှ အရှေ့ကရင်နီနယ်ဖြစ်လာသည်ဟု ဆိုသည်။ ထိုသူကို မောင်ပုန်ဟု ခေါ်သည်ရှိသလို၊ မောင်ဖုန်းဟုလည်း ရေးသည်။

မောင်းပုန်သည် ပွန်ချောင်းအရှေ့ဘက်သိုသွားရောက်ပြီး လွိုင်မောက်ပန်းဆေးတောင်ခြေ နန်းဟူးကန် ရေထွက်ပေါက်အနီး တောင်ကုန်းပေါ်တွင် အေဒီ ၁၈၁၀ ခုနှစ် စောလုံမြို့ကို တည်ဆောက်ခဲ့ပြီး ရှမ်းဘာသာဖြင့် (ဝမ်စပ်လုံ) မြို့ဟု ခေါ်သည်ဟု ဆိုပါသည်။ မောင်ပုန်သည် စပါးပွင့်ရာသီဖြစ်သည်ကို ယူ၍ ဘိုဖေါဒူ "ဖဖေါ့ကြီး" ဘွဲ့ကို ခံယူပြီး ကန္တရဝတီမင်းဆက်ကို စတင်တည်ထောင်ခဲ့သည်ဟု ဆိုကြသည်။ ထိုအချိန်မှစ၍ ပွန်ချောင်းအရှေ့ဘက်ရှိနယ်၊ အနောက်ဖက်နယ် ဟူ၍ ကရင်နီနယ်နှစ်ပိုင်းထင်ရှားလာသည်ဟု ဆိုသည်။ သို့သော် ကရင်နီဟူသောအမည်မှာ နောက်ပိုင်းမှ ပေါ်လာသည့်အမည်ဖြစ်သည်။ မူလက ကယားလီကေ့ဟု ခေါ်သည်ဟု ဆိုသည်။ ထိုထက်ပို၍စောသော အမည်လည်း ရှိပါသေးသည်။ ယခုအထိ ဖော်ပြခဲ့သမျှမှာ မူများ၊ ခုနှစ်များ၊ အခေါ်အဝေါ်များ များစွာကွဲပြားမှု ရှိသည့်အထဲကမှ တစိတ်တဒေသ ဖြစ်ပါ၏။ 

ဗြိတိသျှမှတ်တမ်းမှာမူ ဤသို့ဖြစ်သည်။

အရှေ့ကရင်နီနယ်ကို မောင်ပုန် (ဘွဲ့အမည် ဖဖော်ကြီး) က သီးခြားလွတ်လပ်သော ပြည်တခုအဖြစ် စတင်တည်ထောင်ခဲ့ပြီး သူ၏ ဆုပ်ကိုင်စိုးစံချိန်အတွင်း ငြိမ်းချမ်းသာယာခဲ့ဟန် တူသည်။ အာဏာရယူခဲ့သည့် အချက်မှလွဲ၍ အခြား မည်သည့် သမိုင်းမှတ်တမ်းမျှ မရှိခဲ့ပေ။ သူ၏ အာဏာကို သားဖြစ်သူ ဖဖော်ကလေး (ကရင်နီဘာသာဖြင့် စောဖျာလဆာ ဟုခေါ်သည်) က ဆက်ခံခဲ့သည်။ ဖဖော်ကလေးသည် အဖေဖြစ်သူ တည်ဆောက်ထားသည့် အခြေအနေကို ပိုမိုခိုင်မာစေလိုပုံ ရသည်။ သူသည် အင်းဝရှိ မြန်မာနန်းတော်သို့ သွားရောက်ကာ သံလွင်မြစ် အနောက်ဘက်နယ်မြေ၏ နယ်ရှင်အဖြစ် အသိအမှတ်ပြုသည့် အမိန့်တော်ပြန်တမ်းကို ရယူခဲ့သည်။ ထို့အပြင် သံလွင်မြစ် အရှေ့ဘက်ကမ်းတွင် တိုးချဲ့ခဲ့သော နယ်မြေများအတွက်လည်း အသိအမှတ်ပြုမှုရရှိရန် ဘန်ကောက်သို့ ခရီးဆန့်ခဲ့သည်ဟုလည်း ဆိုကြသည်။

၁၉၀၁ ခုနှစ်၊ အထက်ဗမာပြည်နှင့် ရှမ်းပြည်နယ်များဆိုင်ရာ မှတ်တမ်း အပိုင်း ၂ အတွဲ ၁ တွင် နယ်မြေထွေပြားပုံကို အောက်ပါအတိုင်း ဖော်ပြသည်။ (ဤထွေပြားပုံသည် ကိုလိုနီမတိုင်ခင် အသိုက်အမြုံများအတွက် ဖြစ်နေကျ ဖြစ်ပါသည်။)

" ပရဲ (Brè) နယ်မြေသည် နမ်တူ (Nam Tu) ချောင်းအထက်ပိုင်း မြစ်ဝှမ်းဒေသနှင့် အကြမ်းဖျင်းအားဖြင့် တိုက်ဆိုင်နေပါသည်။ ထိုနယ်မြေအပေါ် ဘောလခဲနှင့် ကြယ်ဘိုးကြီး မြို့စားတို့က ၎င်းတို့၏အာဏာစက်လွှမ်းမိုးကြောင်း အခိုင်အမာ ဆိုခဲ့ကြသော်လည်း၊ ၎င်းတို့သည် ထိုဒေသတွင် အမှန်တကယ် ထိရောက်စွာ အုပ်ချုပ်နိုင်ခြင်းမရှိခဲ့ပေ။ သို့ရာတွင် ၎င်းတို့သည် ထိုဒေသ၌ သစ်လုပ်ငန်းများ လုပ်ကိုင်ကြပြီး မျှောချလာသော သစ်လုံးများအပေါ် အခွန်ကောက်ခံမှုများ ပြုလုပ်ခဲ့ကြသည်။.............သို့သော်လည်း နယ်ပယ်အသီးသီးအတွက် တိကျသေချာသော နယ်နိမိတ်သတ်မှတ်ချက်များ မရှိခဲ့ပေ။ ထို့ကြောင့် ကျေးရွာတရွာစီသည် မိမိတို့ အသင့်တော်ဆုံးဟု ယူဆသော နယ်ရှင် (Chief) ထံသို့သာ အခွန်ပဏ္ဏာများ ဆက်သခဲ့ကြသည်။ စောလဖော် အုပ်စိုးသည့် အနှစ်နှစ်ဆယ်ကာလအတွင်း အရှေ့ကရင်နီဒေသသည် အတန်အသင့် တည်ငြိမ်ပြီး နယ်နိမိတ်တိကျမှုရှိခဲ့သည်။ သို့သော် အနောက်ကရင်နီဒေသတွင်မူ အချို့ကျေးရွာများသည် မြောက်ပိုင်းရှိ နယ်ရှင်သုံးဦးထံသို့ အခွန်ဆက်သကြပြီး၊ အချို့ရွာများကမူ ၎င်းတို့၏ ပထဝီဝင်တည်နေရာ မည်သို့ပင်ရှိစေကာမူ ဘောလခဲနယ်ရှိ 'ဖဘန့်' (Pa Ban) ထံသို့ ပဏ္ဏာဆက်သခဲ့ကြသည်။ ရလဒ်အနေဖြင့် နယ်မြေသတ်မှတ်ချက်များနှင့် ပတ်သက်၍ အကြီးအကျယ် ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့သည်။ နှစ်အနည်းငယ်အတွင်းမှာပင် ကျေးရွာတရွာတည်းက တနှစ်တွင် နယ်ရှင်တဦးထံ အခွန်ဆက်သပြီး၊ နောက်တနှစ်တွင် အခြားနယ်ရှင်တဦးထံသို့လည်းကောင်း၊ တခါတရံ တနှစ်တည်းမှာပင် နယ်ရှင်နှစ်ဦးစလုံးထံသို့ပါ အခွန်ဆက်သခြင်းမျိုးများ ရှိခဲ့သည်။" [2]


နောက်ပိုင်းခေတ် အရှေ့ကရင်နီနှင့် အနောက်ကရင်နီမှာ အုပ်ချုပ်သူများ အမြင်မတူ၊ မသင့်မြတ်ခဲ့တတ်ပေ။ အရှေ့ကရင်နီမှ စောဖျာမှာ ဗမာမင်းများနှင့် ပိုနီးစပ်ပြီး အနောက် ကရင်နီမှာ ဗြိတိသျှတို့နှင့် ပိုမိုနီးစပ်ခဲ့သည်ဟု ဆိုရမည်။ ၁၈၀၉ တွင် အရှေ့ကရင်နီစောဖျာဘို့ဖို့ဒူ (ခ) ဖာ့ဖော်ကြီးသည် ဇင်းမယ်ဘုရင်နှင့် မဟာမိတ်စာချုပ်ချုပ်ခဲ့သည်။ ယခင်ကလည်း ယိုးဒယားကို ဗမာတို့တိုက်လာလျှင် ကရင်နီတွင် စစ်ရှောင်တတ်သည်ဟု ထိုင်းစာပေတို့မှ သိရသည်။ ဗမာဘုရင်နှင့် နီးစပ်သည့်ဒေသများမှ တရားရုံးများတွင်လည်း ကယားစကားပြန်များ ထားရှိသည်ဟု မှတ်ကြားသိရှိရသလို မင်းကွန်း-မြင်းခုံတိုင်မင်းသားတို့၏ ပုန်ကန်မှုတွင် မင်းသားတို့က အနောက်စောဖျာနှင့် ပူးပေါင်းပြီး၊ မင်းတုန်းမင်းတပ်များနှင့် အရှေ့စောဖျာတို့ ပူးပေါင်းကာ တိုက်ခိုက်ကြ သည်လည်းရှိသည်။ ဗြိတိသျှတို့ကို တော်လှန်သူမှာလည်း အရှေ့ဒေသစောဖျာ စောလဖော် ဖြစ်လေသည်။

၁၈၁၀ တွင် ရမည်းသင်းဝန်မှ ကရင်နီကိုတိုက်ခိုက်ကာ မိုးဗြဲနှင့် စကွယ်နယ်တို့ကို သိမ်းပိုက်ပြီး ၁၈၂၃ တွင် မိုးဗြဲနယ်သူနယ်သားတို့က ပြန်သိမ်းယူသည်။ ၁၈၂၄ အရှေ့အိန္ဒိယကုမ္ပဏီနှင့် ဗမာတို့စစ်ဖြစ်ပြီး ရခိုင်နှင့် တနသ်ာရီကို ဗြိတိသျှတို့ရရှိသောအခါ ၁၈၂၆ ကရင်နီပြည်ကြယ်ဖိုးကြီးနယ် စောဖျာကေးဖိုးဒူမှ ဗြိတိသျှတို့နှင့် မဟာမိတ်ဖွဲ့ရန် မြေးတော်ကို မော်လမြိုင်သို့ လက်ဆောင်များစွာဖြင့် စေလွှတ်လိုက်သည်ဟုဆိုသည်။ ထို့နောက် ဗမာဘုရင်မှ ကရင်နီပြည်အား ကျူးကျော်တိုက်ခိုက်သည်ကိုတားဆီးပေးရန်[3] တောင်းဆိုကာ တူမီးသေနတ် အလက်တရာ ဝယ်ခဲ့သည်ဟုလည်း ဆိုသည်။ ယင်းကာလက ဗြိတိသျှတို့ထံ အစောင့်အရှောက်တောင်းခံခြင်းကို ဗြိတိသျှတို့က စိတ်မဝင်စားခဲ့ဟူ၍ သိရသည်။

၁၈၃၅ တွင် မြန်မာဘုရင်တပ်က ကရင်နီကို ထပ်မံတိုက်ခိုက်ပြန်သော်လည်း မအောင်မြင်ချေ။ ၁၈၃၇ တွင် အနောက်ကရင်နီအင်အားစုများက မိုးဗြဲနယ်မှ မြန်မာတပ်ဖွဲ့များကို တိုက်ခိုက်သည်။[4] ၁၈၃၉ တွင် လွိုင်ကော်မြို့ကို တည်ထောင်ခဲ့သည်။ ၁၈၄၅ ခုနှစ်တွင် မြန်မာဘုရင်က အနောက်ကရင်နီကို ထပ်မံတိုက်ခိုက်သည်။ ယင်းဖြစ်ရပ်ကို မအောင်မြင်သည့် တိုက်ခိုက်မှုဟု ကရင်နီသမိုင်းတွင် မှတ်သားသည်။ ဗြိတိသျှကမူ ကိုယ်စားလှယ်လွှတ်သစ္စာခံမှုပြုခဲ့သည်ဟု မှန်းဆသည်။ သို့ရာတွင် ဘွဲ့လက်ခံယူ၍ သစ္စာခံမှုပြုခြင်းများသည် အညံ့ခံမှုများမဟုတ်သည်ကိုလည်း သတိပြုရန် လိုပါသည်။

ဗြိတိသျှမှတ်တမ်းကို ဘာသာပြန်ပြပါမည်။

ယင်းကာလများတွင် အရှေ့နှင့် အနောက်ပိုင်းဒေသနှစ်ရပ်စလုံးမှ ကရင်နီလူမျိုးများသည် ရန်လိုထကြွလာကြပြီး ကျွန်ဖမ်းဆီးရန်အတွက် အနီးအနားရှိ ရှမ်းပြည်နယ်များကို ဝင်ရောက်တိုက်ခိုက် လုယက်ခဲ့ကြသည်။ ၎င်းတို့သည် တစတစ ပိုမိုရဲတင်းလာကြပြီး နောက်ဆုံးတွင် မြေလတ်ဒေသတခွင်လုံးကို သိမ်းပိုက်လွှမ်းမိုးသွားခဲ့ကာ ရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ရွာငံအထိ မြောက်ဘက်ကျကျနေရာများအထိ အမျိုးသမီးများနှင့် ကလေးငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။

ဤကဲ့သို့ ပြုမူချက်များကြောင့် မြန်မာတို့ကို ဒေါသထွက်စေခဲ့နိုင်ပြီး သူတို့၏ ထုံးစံအတိုင်း သျှမ်းပြည်နယ်များတွင် စစ်ချီတပ်ဖွဲ့တခုကို ဖွဲ့စည်းခဲ့ကြသည်။ မြန်မာသက္ကရာဇ် ၁၂၀၇ ခုနှစ် (ခရစ်နှစ် ၁၈၄၅ ခုနှစ်) တွင် ခန့်မှန်းခြေ အင်အား တသောင်းခန့်ရှိသော သျှမ်းတပ်ဖွဲ့များနှင့်အတူ မိုးဗြဲ (Möng Pai)ဆက? (Sam Ka)၊ မိုးနဲ (Möng Nai)၊ လဲချား (Lai Hka)၊ သီပေါ (Hsi Paw) နှင့် အခြားသော နယ်မြေဒေသများမှ စစ်ကူတပ်ဖွဲ့များသည် မိုးဗြဲလမ်းကြောင်းမှတဆင့် ကရင်နီနယ်အတွင်းသို့ ချီတက်လာခဲ့ကြသည်။

သူတို့သည် နောင်ပလဲသို့ ရောက်ရှိလာစဉ်က အကြီးအကျယ် ခုခံတိုက်ခိုက်ခံရခြင်း မရှိခဲ့သော်လည်း၊ ထို့ထက် ကျော်လွန်သော တောင်ကြားလမ်းကျဉ်းရှိ Möng Song ခေါ် နေရာအရောက်တွင် ကြယ်ဘိုးကြီးနှင့် ဘောလခဲတို့မှ ကရင်နီများ၏ အပြင်းအထန် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ သျှမ်းတပ်ဖွဲ့ဝင် ငါးရာခန့် ကျဆုံးခဲ့သည်ဟု ဆိုကြပြီး၊ ကျန်ရှိနေသော တပ်ဖွဲ့ဝင်များသည် နောင်ပလဲဘက်သို့ ပြန်လည်ဆုတ်ခွာခဲ့ကြရသည်။

ထို့နောက် မြန်မာဘုရင်က မြင်းတပ် အစီးတထောင်ကို စေလွှတ်ပေးခဲ့ပြီးနောက် စစ်သည်အင်အား အလုံးစုံဖြင့် တပ်ဖွဲ့သည် ရှေ့သို့ တဖန်ပြန်လည် ချီတက်ခဲ့ကြသည်။ ဤတကြိမ်တွင်မူ ကြယ်ဘိုးကြီးရွာတရွာဖြစ်သော Ti-lyin အထိ ရောက်ရှိခဲ့ကြပြီး ယင်းရွာကို မြေလှန်မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြသည်။ အခြားသော ထင်ရှားသည့် အောင်မြင်မှုများကို မှတ်တမ်းတင်ထားခြင်း မရှိသော်လည်း၊ ဤတိုက်ခိုက်မှုကြောင့်ပင် ကြယ်ဘိုးကြီးနှင့် နောင်ပလဲ့တို့သည် အင်းဝသို့ ကိုယ်စားလှယ်များ စေလွှတ်ခဲ့ကြပြီး မြန်မာအစိုးရထံတွင် အညံ့ခံ၍ ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းကို ခံယူခဲ့ကြပေမည်။

ထို့နောက်တွင် မြန်မာနှင့်သျှမ်း ပူးပေါင်းတပ်ဖွဲ့များသည် နေရပ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။ ကြယ်ဘိုးကြီးနှင့် နောင်ပလဲနယ်ရှင်များသည် ဤကာလမှစ၍ ဘောလခဲနယ်၏ လက်အောက်ခံအဖြစ်မှ လွတ်မြောက်လာခဲ့ကြသည်။ ယခင်ကမူ သူတို့သည် ထိုစော်ဘွား၏ သာမန်အမတ်များ၊ အရာရှိများ (သို့မဟုတ်) အကောင်းဆုံးဆိုလျှင် ထိုစော်ဘွားကိုယ်တိုင် ခန့်အပ်ထားသူများသာ ဖြစ်ခဲ့ကြည်။ ဤသို့ဖြင့် ကရင်နီနယ်သည် ယခုလက်ရှိ တွေ့ရသည့် ပုံစံအတိုင်း အပိုင်းပိုင်း ကွဲပြားသွားခဲ့ခြင်း ဖြစ်ပေသည်။

ဤပဋိပက္ခတွင် ဖဖော်ကလေး၏ ပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ မည်သည့်အချက်အလက်မျှ မကြားသိရတော့ပါ။ သူသည်လည်း မကြာမီမှာပင် ကွယ်လွန်သွားခဲ့ဟန်တူပါသည်။ ၎င်း၏နေရာတွင် စောဖျာတင်က ဆက်ခံခဲ့။ သို့သော် သူ၏ နန်းစံသက်တွင်းမှာမူ ထူးခြားချက်တစုံတရာ မရှိဘဲ မှေးမှိန်လွန်းလှပေသည်။

(အင်္ဂလိပ်က “အညံ့ခံ၍…. ဟန်တူသည်” ဟု မှန်းဆ ရေးသားခြင်းဖြစ်သည်ကို သတိပြုပါ။)

၁၈၅၂ ခုနှစ် အင်္ဂလိပ်-ဗမာ ဒုတိယစစ်ပွဲအပြီး အောက်ဗမာပြည်နှင့် အထက်ဗမာပြည်ခွဲခြားရန် တိုင်းတာချိန် ကြယ်ဖိုးကြီးစောဖျာကြီးမှ စစ်တောင်းမြစ်အရှေ့တောင်တန်း တလျှောက်၊ ပေါင်းလောင်းမှ တောင်ငူအရှေ့တောင်တန်းမှ ကျောက်ဆောင်၊ ကျောက်ညှပ်အထိသည် ဗမာပြည်မဟုတ်ပဲ ကရင်နီပြည်သာ ဖြစ်သည့်အတွက် ဆက်လက်တိုင်းတာခြင်း မပြုရန် ကန့်ကွက်ခဲ့သည်ဟု ကရင်နီသမိုင်းတွင် ဖော်ပြသည်။[5]

၁၈၅၇ ခုနှစ်တွင် ကရင်နီပြည်ကြယ်ဖိုးကြီးစောဖျာက သားတော်ကို တောင်ငူသို့စေလွှတ်ကာ ဗြိတိသျှဘုရင်ခံကိုယ်စားလှယ်နှင့် ချစ်ကြည်ရေးမဟာမိတ်စာချုပ်ကို ဇန်နဝါရီလ ၁၆ တွင် ချုပ်ဆိုသည်။ ထို့ကြောင့် ဗမာဘုရင်တပ်များကို အင်္ဂလိပ်ဘုရင်ခံက ဟန့်ခဲ့သည်ဟု ဆိုသည်။ ၁၈၆၃ ခုနှစ်တွင် ယင်းချစ်ကြည်ရေး မဟာမိတ်စာချုပ် ခိုင်မြဲရေး တောင်ငူကော်မရှင်နယ်မင်းကြီးနှင့် အထိမ်းအမှတ်ကတိသစ္စာ အခမ်းအနားပြုလုပ်ရာ နွားတကောင်ကိုအခမ်းအနားဖြင့်သတ်၍ ချုပ်ဆိုထားသောစာချုပ်ကို နွားချိုနှစ်ဖက်တွင်ထည့်ကာ နှစ်ဦးနှစ်ဘက် သိမ်းဆည်းကြပေသည်။ ဗြိတိသျှတို့လည်း ကရင်နီတွင် သာသနာပြုခွင့်၊ သတ္တုတူးခွင့်နှင့် အခွန်များ ရလေသည်။ 



ပုံ - ၁၈၅၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ တွင် ကရင်နီပြည်နှင့် ဗြိတိသျှတို့ ချုပ်ဆိုသည့် နွားဦးချိုစာချုပ်

ဤသို့နှင့် အင်္ဂလိပ်တို့ ဖိအားပေးသည့်အတွက် Sir Douglas Forsyth ဦးဆောင်သော သံတမန်အဖွဲ့နှင့် မင်းတုန်းမင်း၏ကိုယ်စားလှယ် ကင်းဝန်မင်းတို့သည် ၁၈၇၅ ခု၊ ဇွန်လ ၂၁ ရက်၊ မြန်မာသက္ကရာဇ် ၁၂၃၇ ခု၊ နယုန်လဆုတ် ၃ ရက်နေ့တွင် "ကရင်နီပြည်ကို မည်သူတဦးတယောက်ကမျှ စီမံခန့်ခွဲ၊ စိုးမိုးချုပ်ခြယ်ခြင်း မပြုလုပ်ရပဲ သီးသန့်လွတ်လပ်သော အခွင့်အရေးရှိသည်" ဟု ပဋိညာဉ်လက်မှတ်ရေးထိုးကြသည်။ အနောက်ကရင်နီမှ ဗမာတို့ထွက်ခွာရပြီး ဗမာတို့ သံတမန်ရေးအရှုံးပေါ်ခြင်းဖြစ်သည်။ ယင်းဇွန်လ ၂၁ ရက်နေ့သည်ပင်လျှင် ကရင်နီအမျိုးသားနေ့ ဖြစ်ပေသည်။ နယ်မြေတိုင်းတာရေးလုပ်ငန်းများကို ၁၈၈၅ တွင် နယ်စပ်နယ်နိမိတ်ကိုလည်းကောင်း၊ ၁၈၈၇ မှ ၁၈၉၂ အတွင်း ကရင်နီစောဖျာများ၊ စာဟွားများ၏ နယ်များကိုလည်းကောင်း တိုင်းတာသတ်မှတ်ခဲ့သည်။[6]


ပုံ - ဒါဘာပွဲတက် စော်ဘွားများနှင့် စောဖျာများ
(
ရှေ့တန်း (ဝဲမှယာ) - မိုင်းပွန်စော်ဘွားစဝ်ခွန်ထီး၊ ကျိုင်းတုံစော်ဘွား စဝ်ခမ်းပု၊  မိုးနဲစော်ဘွား စဝ်ခွန်ကြည်၊ ညောင်ရွှေစော်ဘွား Sir စဝ်မောင်။
နောက်တန်း (ဝဲမှယာ) - သာမိုင်းခမ်းစော်ဘွား စဝ်မောင်ဖိုး၊  မိုင်းရယ်စော်ဘွား စဝ်နော်မိန်း ကန္ဒာရဝတီကယားစော်ဘွား စောလဝီ။)

တဘက်ကလည်း စောဖျာစောလဖော်၊ နောင်ပုလဲစောဖျာသူးရယ်၊ သိုက်ကလ အစရှိသော စောဖျာ၊ စာဟွားတို့က ဗြိတိသျှတို့နှင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြသည်များလည်းရှိသည်။ အထူးသဖြင့် စောဖျာ စောလဖော်သည် ကုန်းဘောင်နန်းတွင်းတွင် နေခဲ့သူဖြစ်၏။ ၁၈၈၇ တွင် အင်္ဂလိပ်သစ္စာခံသောမောက်မယ်ကို စောဖျာစောလဖော်မှ ၁၈၈၈ တွင် နှစ်ကြိမ်တိုက်ခိုက်ကာ သျှမ်းပြည်နယ်အရေးပိုင် လက်ဖတင်နယ်ဖော်လာ၏ ဦးခေါင်းကို ဖြတ်ပေးနိုင်လျှင် ငွေဒင်္ဂါးတသောင်း ဆုချမည်ဟု ကြေငြာခဲ့ပြီး အင်္ဂလိပ်တို့နှင့်လည်း တိုက်ခိုက်ခဲ့ သည်။ ၁၈၈၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် တဘက်နှင့်တဘက်အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။ ဇန်နဝါရီ ၈ ရက်တွင် အင်္ဂလိပ်တို့က စောလုံမြို့ကို သိမ်းဆည်းခဲ့ရာ စောလဖောတို့ ဆုတ်ခွာရသည်။ အင်္ဂလိပ်က ရာထူးပြန်ပေးရန် ခေါ်သော်လည်း သစ္စာမခံနိုင်သည့်အတွက် မယူခဲ့သည်ဖြစ်ရာ အင်္ဂလိပ်တို့က သီပေါမင်းပါတော်မူစဉ် ဖမ်းဆီးခဲ့သော စဝ်လဝီ[7]ကို ၁၈၈၈ တွင် အရှေ့ကရင်နီစောဖျာတင်မြှောက်ခဲ့သည်။ နောက်ကာလ ရင်ခွင်ပိုက် အုပ်ချုပ်ရေးအဖွဲ့လက်ထက်တွင် မြို့တော်ကို စောလုံမှ လွိုင်ကော်သို့ ပြောင်းလဲခဲ့လေသည်။


၁၉၁၇ ခုတွင် နောင်ပုလဲနှင့် နန်းမယ်ခုံမှ စောဖျာများကွယ်လွန်ပြီး မင်းဆက်ပြတ်လေရာ နောင်ပုလဲနယ်နှင့် နန်းမယ်ခုံနယ် နှစ်နယ်၏ လူထုဆန္ဒအရ ၁၉၁၉ ခုနှစ်တွင် ဘောလခဲနယ်နှင့် ပူးပေါင်းခဲ့သည်။ ဘောလခဲနယ်နှင့် နောင်ပုလဲနယ်အကြားတွင် ကြယ်ဖိုးကြီးနယ် ကြားခံနေသောကြောင့် နောင်တွင် နောင်ပုလဲနှင့် နန်းမယ်ခုံနယ်ကို မြောက်ဘောလခဲနယ်ဟု ခေါ်ဆိုလာပြီး မူလဘောလခဲနယ်ကို တောင်ဘောလခဲနယ်ဟု ခေါ်ဆိုလာခဲ့ကြသည်။ မြောက်ဘောလခဲနယ်ကို တောင်ဘောလခဲနယ် စောဖျာ စပ်ခွန်ငယ်က ပူးတွဲအုပ်ချူပ်ခဲ့သည်။
ဗြိတိသျှတို့က ကရင်နီပြည်စော်ဘွားများကို ကြိုးကိုင်ခဲ့ပြီး သစ်လုပ်ငန်း၊ မော်ချီးသတ္တုတွင်းစသော လုပ်ငန်းများကိုလည်း ကြီးစိုးအမြတ်ထုတ်ခဲ့သည်။ ၁၉၂၂ တွင် ထောက်ပံ့ကြေးငွေကို လက်ခံသည့်အတွက် ကရင်နီကို သျှမ်းပြည်ထောင်စုအုပ်ချုပ်ရေးနှင့် တွဲစပ်ကာ၊ “သျှမ်းပြည်တောင်၊ ကရင်နီနယ်များ နှင့် ဝနယ်” သုံးဒေသကိုအုပ်ချုပ်သော ဗြိတိသျှကော်မရှင်နာကပင် ကိုင်တွယ်သည်။[8] သို့သော် ၁၉၃၂ စက်တင်ဘာတွင် ကရင်နီတိုးတက်‌ရေး ဆည်နှင့် တူးမြောင်းများ ဖောက်လုပ်ကူညီရန် အကူအညီတောင်းရာ ဆာချားလ်အင်းနစ်စ်က ကရင်နီပြည်သည် သီးခြားလွတ်လပ်သောပြည်ဖြစ်သောကြောင့် အကူညီပေးရန် မဖြစ်နိုင်ဟု စာပြန်ဖူးသည်ဟု ကရင်နီသမိုင်းစုစည်းသူတဦးက ဆိုဖူးသည်။ နောင်တွင်ခုခံမှုများကြောင့် တောင်ကြီး၊ တောင်ငူ၊ ရမည်းသင်း အရေးပိုင်ကြီးကြပ်ကွပ်ကဲရေးအောက်သို့ ဗြိတိသျှတို့ ပြောင်းရွှေ့ သတ်မှတ်ခဲ့သည်။ သဘောတရားအားဖြင့် ဗြိတိသျှတို့ ထိန်းချုပ်သော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားသည့် Buffer area ကြားခံနယ်များအဖြစ် ဗြိတိသျှတို့က သတ်မှတ်ခဲ့သည်ဟု တွေ့ရသည်။

၁၉၃၈ ခုနှစ်တွင် ဖသိုင်းဘဟန်နှင့် ဖအိုက်မောင်ဦးတို့မှဦးဆောင်ကာ ကယန်း(ပဒေါင်)တို့က နယ်ရှင်စော်ဘွား စပ်ပညာကို တော်လှန်ရာ စော်ဘွားက အင်္ဂလိပ်တို့ထံ တိုင်တန်းခဲ့သည်။[9] သျှမ်းပြည် ကော်မရှင်နာမင်းကြီး ဖော်ဂါတီသည် အရာရှိများနှင့် လာရောက်ပြီး သိုင်းဘဟန်တို့နှင့် ဆွေးနွေးကြရာ ပဒေါင်များက နယ်ရှင်စော်ဘွားနှင့် မဆက်ဆံလိုသောကြောင့် အခွန်တော်ကို အင်္ဂလိပ် ဝန်ထောက်ထံ တိုက်ရိုက်ပေးသွင်းရန် အရေးဆိုရာ ဖော်ဂါတီက သဘောတူလိုက် သည်။ သိုင်းဘဟန်ကလည်း ချက်ချင်းပင် အခွန်တော်ကို ပေးဆောင်သည်။ ဖော်ဂါတီသည် မိုးဗြဲမှအပြန် တွင် သိုင်းဘဟန်အားစည်းရုံး၍ တောင်ကြီးသို့ခေါ်သွားကာ လွိုင်လင်ဝန်ထောက်ရုံးတွင် စာရေးအဖြစ် ခန့်အပ်ခဲ့ရာ ဒုတိယကမ္ဘာစစ်မီး သမ်းချိန်မှသာ ကရင်နီသို့ ပြန်ရောက်လေတော့သည်။

၁၉၄၂ တွင် ဗမာပြည်သို့ဝင်ရန် ကရင်နီပြည်သို့ ဂျပန်များဖြတ်သန်းထိန်းချုပ်သည့်အခါ သျှမ်းဒေသ အချို့နှင့် အရှေ့ကရင်နီပြည်ကို ဂျပန်တို့က ထိုင်းတို့ထံပေးလိုက်ရာ ဂျပန်နှင့်အတူ ထိုင်းတပ်များ တပ်စွဲခဲ့သည်။ ထိုခေတ်တွင် လူမျိုးရေးအဓိကရုဏ်းများလည်းရှိခဲ့ပြီး ဂျပန်တို့က စေ့စပ်ပေးခဲ့သည်လည်း ရှိသည်။[10] ဂျပန်တပ်က လွိုင်ကော်တွင် တပ်စွဲထားသဖြင့် မဟာမိတ်ဗုံးကြဲခံရကာ မြို့ပျက်စီးမှုများစွာရှိခဲ့သည်။ မဟာမိတ်တို့ပြန်ဝင်သည့်အခါ မဟာမိတ်တပ် ၁၃၆ နှင့် ကရင်နီတော်လှန်ရေးသမားတို့က ဂျပန်တို့ကို ကရင်နီပြည်မှ တိုက်ထုတ်ခဲ့သည်။ သိုင်းဘဟန်သည် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သည့်အတွက် အင်္ဂလိပ်တို့က နှစ်သက်ကြသလို ဗိုလ်ချုပ်အောင်ဆန်းကလည်း ဂုဏ်ပြုစာ ပေးပို့ခဲ့သည်ဟု ဆိုပါသည်။[11] ထိုင်းတို့က မဟာမိတ်ဘက်သို့ယိမ်းလာပြီး သျှမ်းပြည်နယ်မှ ဆုတ်ခွာပေးသည်။ သို့ရာတွင် ထိုင်းနိုင်ငံအား ၁၉၄၆ မှ ကုလသမဂ္ဂသို့ ဝင်ခွင့်ပေးခြင်းနှင့် ပိတ်ဆို့ခြင်းဆန်ရှင်များကို ရုတ်သိမ်းပေးခြင်းတို့နှင့် လဲလှယ်ကာ အရှေ့ကရင်နီကို တရားဝင်စွန့်လွှတ်ခဲ့သည်။[12]

ကရင်နီတို့အတွက်မူ အုပ်ချုပ်ရေးအရ လွတ်လပ်မှုရှိပြီဟု ယူဆနိုင်သည့်အနေအထားရှိလာသည်။ စင်စစ်တွင် အင်္ဂလိပ်တို့ကကိုင်တွယ်နေသော်လည်း သူတို့ကိုယ်တိုင်က လွတ်လွတ်လပ်လပ်စဉ်းစားပါဟု ပြောထားသည်။ ၁၉၄၆ ခုနှစ် ပထမပင်လုံညီလာခံသို့ ကရင်နီတို့ တရားဝင်မတက်ခဲ့ပေ။ အကြောင်းအရင်းမှာ ကရင်နီသည် ဗမာ၊ သျှမ်း၊ ကချင်၊ ချင်း နိုင်ငံရေး ယူနစ်များထက် ပိုမိုလွတ်လပ်သည့်အဆင့်အတန်းရှိရာ ဆွေးနွေးရန်မလိုသေးဟု အနောက်ကရင်နီ ခေါင်းဆောင်တို့ ယူဆခဲ့သည်။ ထိုနောက်ပိုင်းတွင် တောင်တန်းဒေသဆိုင်ရာမင်းကြီးက လွိုင်ကော်သို့ ရောက်လာရာ  စစ်လျော်ကြေးများပေးရန်၊ စစ်တပ်ဖွဲ့ပေးရန်၊ တူးမြောင်းဖောက်လုပ်ပေးရန်၊ ကျန်းမာရေး-ပညာရေး-စီးပွားရေးများ ပြုလုပ်တည်ထောင်ရန် တောင်းဆိုရာ မည်သည့်အခွင့်အရေးမျှ မရဟုလည်း ဦးမြင့်၏ ကရင်နီပြည်တွင်းရေးစာအုပ်က ဆိုပါသည်။ စတီဗင်ဆင်က တောင်တန်းဒေသအုပ်ချုပ်ရေးအဖွဲ့သို့ ဝင်ရန်ခေါ်သော်လည်း လူထုနှင့်ဆွေးနွေးဦးမည်ဟုသာ ပြန်ကြားခဲ့ကြသည်။[13]




ပုံ - ဂျပန်ခေတ် ထိုင်းနိုင်ငံသို့ပေးလိုက်သည့် နယ်များ


၁၉၄၆ ခု ဖေဖော်ဝါရီတွင် မာလာမြို့ ဂိုဘီတူရီ၏ နေအိမ်တွင် ကရင်နီနယ်သမဝါယာမအသင်းကို ဖွဲ့စည်းကာ ဂိုဘီတူရီကို ဥက္ကဋ္ဌခန့်၍  ဦးစိန်အား အသင်းဖွဲ့စည်းတည်ထောင်ရန် တာဝန်လွှဲအပ်သည်ဟု ဆိုသည်။ (နောက်ပိုင်းတွင်မူ အများသဘောမကျ၍ ရွှေငါးကျပ်သားဆုချီးမြှင့်ကာ တာဝန်မှ ရပ်နားခဲ့သည်ဟုလည်း ဆိုသည်။[14]) ယင်းအစည်းအဝေးတွင် နယ်ခြားဒေသနှင့် ပေါင်းသည်ထက် မြန်မာပြည်မနှင့် ပေါင်းသင့်ကြောင်း၊ မြန်မာနိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ်၊ ငွေကြေး၊ စီးပွားရေးနှင့် ပညာရေး အင်အားများအပြင် တင်ပို့ကုန်၊ တင်သွင်းကုန်များနှင့် ပင်လယ်ဆိပ်ကမ်းများလည်း ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ သမိုင်းကြောင်းအရ ရှေးယခင်ကတည်းကပင် ကရင်နီပြည်နယ်သည် မြန်မာနိုင်ငံနှင့် မဟာမိတ်ဆက်ဆံရေး ရှိခဲ့ဖူးသည့်အတွက် ယခုအခါတွင်လည်း ထိုရှေးဟောင်းမဟာမိတ်နှင့်သာ ဆက်လက်ပူးပေါင်းသင့်ကြောင်းများ ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်ဟုလည်း နေရှင်နယ်ဦးမြင့်၏ စာအုပ်တွင် ရေးပါသည်။

၁၉၄၆ မတ်တွင် သခင်နု၊ ဦးဖေခင်နှင့် မန်းဘခိုင်တို့ လွိုင်ကော်တွင် နိုင်ငံရေးတရားဟောရောက်လာသည်။[15] ထို့နောက် မေမြို့ တောင်တန်းဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် တွေ့ဆုံကာ ဗမာနိုင်ငံနှင့် ပူးပေါင်းရန် တင်ပြခဲ့သည်။ 

 ၁၉၄၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ တောင်ကြီးအရေးပိုင်၏ ဖိတ်ကြားချက်အရ ရှမ်း၊ ချင်း၊ ကချင်နှင့် ဝ စသော တောင်တန်းဒေသ စော်ဘွားများ၊ ဒူးဝါးခေါင်းဆောင်များတို့နှင့် တောင်ကြီးမြို့တွင် တွေ့ဆုံဆွေးနွေးရန် ရှိသဖြင့် ကရင်နီနယ်မှ ကိုယ်စားလှယ်များ သွားရောက်ခဲ့ကြပါသည်။ ကိုယ်စားလှယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
    ကန္ဒာရဝတီနယ်အတွက် - ဦးစိန် (ကရင်နီ)၊ စဝ်လပီ၊ စဝ်ဇိန၊ စောသိန်းနှင့် ဦးဘသောင်း
    ကြယ်ဘိုးကြီးနယ်အတွက် - စောရွှေနှင့် အေမြလေး
    ဘောလခဲနယ်အတွက် - စပ်ငယ်ဒူးနှင့် စောလွဇီ
    မိုးဗြဲနယ်အတွက် - သိုင်းဘဟန်
    အစိုးရကိုယ်စားလှယ် - စောဂီးလ်ဗတ်ကရာစူး
အဆိုပါ အစည်းအဝေးကို ၁၉၄၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် တောင်ကြီးမြို့၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ ဤအစည်းအဝေးတွင် ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မိုင်းပွန်စော်ဘွား စောစံထွန်းက အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။ စည်းဝေးတိုင်ပင်ရသည့် အဓိကကိစ္စမှာ တောင်တန်းဒေသ (ဖရွန်တီယာဧရိယာ) ထဲတွင် ပါဝင်ရေး သို့မဟုတ် မပါဝင်ရေး ကိစ္စရပ်ဖြစ်ရာ၊ ထိုကိစ္စနှင့်ပတ်သက်၍ ကရင်နီကိုယ်စားလှယ်များက ပြန်လည်စဉ်းစားဆွေးနွေးကြဦးမည်ဟု ပြောဆိုခဲ့ပြီးနောက် နေရပ်သို့ ပြန်လည်ရောက်ရှိလာကြသည်။
ယင်းနောက် ၁၉၄၆ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် လွယ်ကော်မြို့ ကန္ဒာရဝတီနယ်ရုံး၌ အစည်းအဝေးတရပ်ကို ကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးတွင် ကရင်နီနယ်အတွက် ကောင်စီလွှတ်တော် တရပ်ဖွဲ့စည်းရန် သင့်တော်သည်ဟု ဆုံးဖြတ်ခဲ့ကြသည့်အတိုင်း "ကရင်နီ-ပဒေါင် ကောင်စီလွှတ်တော်" ကို ဖွဲ့စည်းခဲ့ကြရာ ယင်းလွှတ်တော်အတွက် ဥက္ကဋ္ဌကို ဦးစိန်နှင့် အတွင်းရေးမှူးကို ဦးဘသောင်းတို့အား တင်မြှောက်သည်။ နယ်တနယ်လျှင် နယ်ရှင်တဦးနှင့် လူထုခေါင်းဆောင်သုံးဦးစီ ပါဝင်စေကာ၊ စုစုပေါင်းနယ်လေးနယ်အတွက် အဖွဲ့ဝင် (၁၆) ဦး ထားရှိရန် သဘောတူညီခဲ့ကြသည်ဟုဆိုသည်။ 

 

 

၁၉၄၆ ဧပြီလ ၃ ရက်နေ့တွင် ကရင်နီ-ပဒေါင်ကောင်စီကို ဖွဲ့စည်းကာ ဦးစိန်က ဥက္ကဋ္ဌဖြစ်လာသည်။ ၁၉၄၆ ဧပြီ ၂၄ တွင် ခေါင်းဆောင်များ ရန်ကုန်သို့သွားရောက်ခဲ့ရာ တောင်တန်းဒေသဆိုင်ရာမင်းကြီးက အခွင့်မရှိလျှင်ကရင်နီနယ်ပြင်သို့ မထွက်ရဟုပြောခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တွေ့ကာ ဆွေးနွေးသည်။ 

 ထို့နောက် တောင်တန်းဒေသဆိုင်ရာ မင်းကြီး မစ္စတာ စတီဗင်ဆင် (Mr. D. W. Stevenson) က ဦးဘီ၊ စောသိန်းနှင့် စောရွှေ သုံးဦးကို ခေါ်တွေ့ကာ အင်္ဂလိပ်အစိုးရမသိဘဲ ကရင်နီမှ ထွက်လာခြင်းကို အပြစ်တင်၍ “ယခုကဲ့သို့ မြန်မာပြည်သို့ လာရောက်ခြင်းကို မည်သည့်အတွက်ကြောင့် အင်္ဂလိပ်အစိုးရအား အကြောင်းမကြားခဲ့သနည်း၊ အကယ်၍သာ အကြောင်းကြားလာခဲ့ပါလျှင် မြန်မာတို့ ပြုစုစောင့်ရှောက်သကဲ့သို့ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးနိုင်ပါသည်” ဟု ပြောကြားခဲ့ရာ၊ ဦးဘီက ကရင်နီလူမျိုးများသည် မြန်မာပြည်သို့ အလည်အပတ် လာရောက်ကြခြင်းဖြစ်ရာ မည်သည့်လူမျိုးကမဆို ဧည့်ခံကျွေးမွေးပါလျှင် လက်ခံရမည်ဟု ဖြေကြားခဲ့သည်။

 ဤနေရာတွင် ကရင်နီတို့အဖို့ ဗမာပြည်မကလည်း ပူးပေါင်းဖို့ခေါ်သည်၊ ကရင်ကလည်း ကော်သူလေးပြည်တွင် ပူးပေါင်းဖို့ ခေါ်သည်၊ သျှမ်းပြည်ထောင်ကလည်း နယ်ခြားဒေသတွင် ပေါင်းလာဖို့ ခေါ်သည်၊ ဗြိတိသျှ (အထူးသဖြင့် မစ္စတာ စတီဗင်ဆင်) ကလည်း ဗမာပြည်မနှင့် မပေါင်းစေချင်၊ စသည့် ဆွဲအားတွန်းအားများကို မြင်ရပါလိမ့်မည်။

 ကရင်နီခေါင်းဆောင်များအကြား နိုင်ငံရေးအမြင်များ ကွဲလာသည်။ သျှမ်းခေါင်းဆောင်၊ ကရင်ခေါင်းဆောင်များနှင့်လည်း ဆွေးနွေးခဲ့ရာ အားလုံးက သူတို့နှင့် ရပ်တည်ရန်ပြောနေကြသည်။ ဇွန်လ ၁၇ တွင် ဗြိတိသျှတို့က စာအမှတ် ၁၁၁၆ ဖြင့် စောဖျာများ နယ်ပြင်ပသို့ မထွက်ရန်၊ ထို့အပြင် စာပုံနှိပ်ထုတ်ဝေခြင်းနှင့် ဟောပြောခြင်းများ မပြုရန် ကန့်သတ်ရာ နိုင်ငံရေးမကျေနပ်မှု မီးတောက်ကြီး လာသည်။

ဗမာနိုင်ငံနှင့် အတူပေါင်းရန်၊ မပေါင်းရန် အမြင်ကွဲကြရာမှ[16] ၁၉၄၆ စက်တင်ဘာလ ၁၁ တွင်မူ လွတ်လပ်သောကရင်နီပြည်ထောင်စုကောင်စီကို ဖွဲ့စည်းကာ ဂိုဘီတူရီကိုပင် ဥက္ကဋ္ဌအဖြစ် ခန့်ထားသည်။ ယင်းအချက်က ခေါင်းဆောင်များအကြား အက်ကွဲကြောင်းလည်းဖြစ်သည်။ ဒီဇင်ဘာ ၂၃ တွင် ဗိုလ်ချုပ်အောင်ဆန်းက လွိုင်ကော်တွင် ပူးပေါင်းရေးတရားဟောကာကရင်နီပြည်အတွင်းရေးကို ဗမာက လုံးဝ ဝင်ရောက်စွက်ဖက်မည်မဟုတ်” ဟု ကတိပေးလာသည်။ ထိုစဉ်က ကရင်နီ ခေါင်းဆောင်များကမူ ပြည်သူတို့ အမြင်ကောက်ခံရပါဦးမည်ဟု ဆိုခဲ့သည်။[17]

 ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ဒုတိယအကြိမ် ပင်လုံဆွေးနွေးပွဲတွင် ကရင်နီစောဖျာများက တရားဝင် မတက်တော့ပဲ သီးခြားလွတ်လပ်သောမူအရ အထူးတလည်ဆွေးနွေးရန်မရှိပါဟု တုန့်ပြန်ခဲ့ကြရာ ပင်လုံစာချုပ်တွင် ကရင်နီတို့ ပါဝင်မှုလည်း မရှိခဲ့ပေ။ သို့သော် စဝ်ဝဏ္ဏနှင့် စောသိန်းတို့မှ လေ့လာရေးဟုဆိုကာ အလွတ်သဘော ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ခဲ့ကြသေးသည်။ (စောဖျာစောရွှေက သွားခဲ့သော်လည်း တရုတ်များထိုင်သည့် နေရာသို့သာ သွားထိုင်နေခဲ့သည်ဟု နောင်သူ့မိတ်ဆွေကို ပြောပြကြောင်း သိရသည်။)  

မေမြို့သို့ မသွားမီ၊ ၁၉၄၇-ခုနှစ် ဧပြီလ၌၊ အစည်း အဝေး ပြုလုပ်ရာတွင် မြန်မာပြည်နှင့် တိုက်ရိုက်ပူးပေါင်း မည်၊သို့မဟုတ် တောင်တန်းဒေသများနှင့်ပူးပေါင်းမည်ကို ဆွေးနွေး ကြပြီးနောက် ဦးစိန်(ကရင်နီ)က မြန်မာပြည်နှင့် တိုက်ရိုက် ပူးပေါင်းမည်ဟု အဆိုတင်သွင်းရာ၊ ဘောလခဲ နယ် ဦးဘီမှတပါး၊ ကျန်သော လူကြီးများ အားလုံးက သဘောတူကြသည်အတိုင်း၊ နယ်ရှင်များနှင့် လူထုခေါင်း ဆောင်များ၏ ဆန္ဒအရအောက်ပါအချက်များကို သဘော တူ ဆုံးဖြတ်ကြသည်။

(က) မြန်မာပြည်နှင့် ပေါင်းရန်။
(
ခ ) ခွဲထွက်လိုသောအခါ ခွဲထွက်နိုင်ခွင့် ရှိစေရန်။
(
ဂ) မြန်မာနိုင်ငံတွင် ကရင်နီနယ်အတွက် ဝန်ကြီး တဦး ခန့်ထားရန်။
(
ဃ) မိမိတို့နယ်ကို မိမိတို့သာလျှင်စီမံဖန်တီးနိုင်ရန်။
(
င ) နောင် အနာဂတ် ကာလတွင်၊ ပူးပေါင်းခြင်း ခွဲထွက်ခြင်း အရေး ကိစ္စကို လွတ်လပ်စွာ ဖန်တီး နိုင်စေရန်တို့ ဖြစ်ပါသည်။ 

တောင်တန်းဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်က မေးမြန်းရာတွင်လည်း ကရင်နီတို့ အမြင်နှစ်မျိုး ကွဲပြားထွက်ဆိုခဲ့ကြသည်ဟု ထောက်ပြသူရှိသလို ဦးဘီမှလွဲ၍ အကုန်လက်ခံသည်ဟု ဆိုသည့်သူကလည်း ဆိုသည်။ ထိုမေမြို့ကော်မရှင်သွားစဉ်ကလည်း သဘောထားဆွေးနွေးသောအခါ သဘောထား မတိုက်ဆိုင်ကြသော်လည်း အကယ်၍ပူးပေါင်းမည်ဆိုပါက ခွဲထွက်လိုက ခွဲထွက်ခွင့်ရရန်၊ မိမိတို့ပြည်နယ် ဥက္ကဋ္ဌကို ဝန်ကြီးတဦးအဖြစ် အစိုးရအဖွဲ့တွင် ထည့်သွင်းရန်၊ လွတ်လပ်စွာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိရန်တို့အတွက် သဘောတူခဲ့ကြသည်။ 

 တင်သွင်းသောစာကို အောက်ပါအတိုင်းတွေ့ရပါသည်။

(၁) ကရင်နီနယ်သည်၊ယခင်ကရရှိထားသော အခွင့် အရေးများနှင့် လွတ်လပ်သော ကရင်နီနယ် အခွင့်အရေး များကို မထိခိုက်စေဘဲ၊ တောင်တန်းနယ် ဒေသများနှင့် ပူးပေါင်းလိုပါသည်။

(
၂) ကရင်နီနယ် ကောင်စီမှ ရွေးကောက် တင် မြှောက်သော ကိုယ်စားလှယ်တဦးကို တိုင်းပြည်ပြု လွှတ် တော်တွင် ဝင်ရောက်၍ အမှုဆောင်ဝန်ကြီး ခန့်အပ်ရန်။

(
၃) ကရင်နီပြည်တွင်းရေးကိစ္စများတွင် မြန်မာပြည်မှ ဝန်ကြီးများက အလျင်းဝင်ရောက်စွက်ဖက်ခြင်း မရှိစေဘဲ လုံးဝ ပြည်တွင်းကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့် ရှိစေရမည်။

(
၄) ဤသို့ တောင်တန်းဒေသ အစိုးရအဖွဲ့တွင် ပါဝင်ပူးတွဲ ဆောင်ရွက်ခြင်းသည်၊ နောင်အနာဂတ်တွင်၊ ပူးပေါင်းခြင်း၊ ခွဲထွက်ခြင်းနှင့် ပတ်သက်၍ လုံးဝမထိခိုက် စေရန်၊ နောင် ခွဲထွက်လိုသောအခါ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရ လွတ်လပ်စွာ ခွဲထွက်နိုင်ခွင့် ရှိစေရမည်။

(
၅) နိုင်ငံခြား ဆက်သွယ်ရေး၊ စာတိုက်၊ ကြေးနန်း၊ လမ်းပန်း အဆက်အသွယ်၊ငွေဒင်္ဂါးငွေစက္ကူ ပြုလုပ်ခြင်း၊ ကာကွယ်ရေး စသော အပြင်အပနှင့် မဆက်သွယ်ဘဲ မဖြစ်နိုင်သော ကိစ္စများကို မြန်မာနိုင်ငံဗဟိုအစိုးရ၊တောင် တန်းဒေသဆိုင်ရာ ဝန်ကြီးတို့နှင့် ကရင်နီနယ် ကောင်စီမှ ရွေးကောက် တင်မြှောက်သော ကိုယ်စားလှယ် တဦးကို တိုင်ပင် ဆောင်ရွက်သွားမည်။

(
၆) ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား ဖေါက်လုပ်ခြင်းမှစ၍ ကရင်နီနယ် ထူထောင်ရေးတွင် ကရင်နီမှ အင်အားမပြည့် အတွင်း မြန်မာပြည် ဘဏ္ဍာတော်မှ ကူညီပေးရန် လိုပါသည်။

(
၇) ဆိပ်ကမ်းခွန်၊ ပြည်ဝင် ပြည်ထွက် အကောက်ခွန်၊အမြတ်တော်ကြေးများကို ကရင်နီနယ် ပြည်ထောင်စုက အချိုးကျ ရရှိရန်။

(
၈) ကရင်နီနယ် ပြည်ထောင်စု ကောင်စီတွင် ကရင်နီနယ်များက နယ်အလိုက် ညီတူညီမျှ ပါဝင်သော ကိုယ်စားလှယ်များ တက်ရောက်စေရမည်။ ၎င်းကိုယ်စားလှယ်များသည် လူထု တင်မြှောက်သော ကိုယ်စားလှယ် များ ဖြစ်စေရမည်။ လူထုကတင်မြှောက်မည့် ရွေးကောက်ပွဲများတွင် မဲဆန္ဒပေး ရွေးကောက်ခြင်း ခံနိုင်ခွင့်အလို့ငှာ၊ ကရင်နီနယ်တွင် မွေးဖွါး၍ဖြစ်စေ၊ ကရင်နီနယ်အတွင်း ၇-နှစ်နေထိုင်ခဲ့သော သူများကိုဖြစ်စေ၊ ကရင်နီနယ် တိုင်းရင်းသား ဟု မှတ်ယူရမည်။

(
ဇ) ရွေးကောက်ပွဲသို့၊ သို့မဟုတ် လူထုက တင်မြှောက်သည့် ကိုယ်စားလှယ်များအတွက် သန့်ရှင်းသော ဆန္ဒပြနိုင်ကြရန် ကရင်နီပြည်သူပြည်သားများကို ဒီမိုကရေစီ နိုင်ငံများတွင်ရရှိသည်ဟု ဆိုသော အခွင့်အရေးများကို ခံစားခွင့် ရှိစေရန်။

(
၁ဝ) ကရင်နီ ပြည်ထောင်စု ကောင်စီသည်၊ ဘဏ္ဍာရေးအာဏာ၊ ဥပဒေပြုနိုင်ခွင့် အာဏာ၊ ပြည်တွင်းအုပ်ချုပ်မှု အာဏာ၊ အမှုဆောင်ခန့်အပ်ခြင်း အာဏာများကို စီမံပြဋ္ဌာန်းနိုင်ခွင့် ရှိစေရမည်။ 

ဤနေရာတွင် ကရင်နီအတွင်း ပြဿနာများ ရှိနေသည်ကိုလည်း သိရန်လိုသည်။ ကရင်တို့ဘက်က ထောက်ခံသူ စောဇိနနှင့် ဦးအေမြလေးတို့ ထောက်ခံသည့် စောလဝီတို့၏ ပြိုင်ဆိုင်မှုအပါအဝင် အတွင်းလှိုက်မှုများ ရှိနေခဲ့သည်။ 

ယင်းအချက်များကို သိသာစေရန် နှစ်ဘက်လုံး၏ ရေးသားချက်ကို ဖော်ပြပါမည်။

အောက်ဖော်ပြချက်မှာ ဦးမြင့်၏ ရေးသားချက် ဖြစ်ပါသည်။

ကရင်နီနယ်တွင် အင်္ဂလိပ်တို့ မြန်မာနိုင်ငံ လွတ်လပ် ရေးမပေးမီအတွင်း ကရင်နီပြည်နယ်တွင် လာရောက်နေ ထိုင်ကြသော ကရင်အရာရှိကြီးများနှင့် ကရင်လူမျိုးများ တို့သည် ကန္ဒာရဝတီစော်ဘွား ရွေးကောက်ပွဲ၌၎င်းတို့ ၏ ဩဇာညောင်းသော စောဇိနဘက်ကို မဲပေးရန် အ မျိုးမျိုးသော ဉာဏ်နီ ဉာဏ်နက်တို့ဖြင့် ချယ်လယ်သည့် အပြင် လက်နက်အားကိုးပြီး ငြိမ်းချောက်သည့် အတွက် တိုင်းရင်းသား ကရင်နီ လူမျိုးများတို့သည် မတရားသော စော်ဘွား ရွေးကောက်ပွဲကို အမြန်ပယ်ဖျက် ပေးပါရန် နိုင်ငံတော်အစိုးရသို့ လျှောက်ထားတောင်းဆိုရပါသည်။ ဤကဲ့သို့ ကရင်လူမျိုးများတို့သည် မိမိတို့နှင့် အလျင်း မသက်ဆိုင်သော ကရင်နီ လူမျိုးများ၏ စော်ဘွားကိစ္စတွင် အတင်းအဓမ္မ ချယ်လှယ်ပြုမူသည့် အတွက်ကြောင့် ကရင်နီ နယ်သူနယ်သားများသည် မခံမရပ်နိုင်အောင် ခံစားရပါသည်။ ထိုရွေးကောက်ပွဲမှာ မတရားသော ရွေး ကောက်ပွဲ ဖြစ်သည့်အားလျော်စွာ လုံးဝပယ်ဖျက်လိုက် ပြီးသည့်အပြင် ကရင်နီတို့၏ ဓလေ့ထုံးစံအရ သားတော် အကြီးဆုံးဖြစ်သော စပ်လဝီကို တင်မြှောက်ပြီးစီးသွားပြီး ဖြစ်သည်။…. ဤသို့ စစ်ရဲများ စုဆောင်းနေသော အချိန်တွင် ဦးဘီ နှင့် ကြက်ဖိုးကြီးမြို့စား စောရွှေတို့သည် စင်ပြိုင်အစိုးရ ဖွဲစည်းပြီး၊ ကရင်နီနယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရကို တော်လှန်၍၊ ကန္ဒာရဝတီနယ် စော်ဘွား ရာထူးကို စေ၁ဇိနအားပေးရန်နှင့်၊ ဘောလခဲနယ် စော်ဘွားရာထူးကို ဦးဘီက ယူရန် စီစဉ်ကြပါသည်။…. ဦးဘီ၏ လက်အောက် ငယ်သားလက်ပါးစေ လူများ တို့သည်၊ လက်နက် စွဲကိုင်ပြီးလျှင်၊ မြန်မာပြည် နှင့် ကရင်နီနယ် မပူးပေါင်းဘဲ၊ အမြန်ခွဲထွက်ရန်စာကို၊ ဘောလခဲ စောဖျာ စဝ်ငယ်ခူးအား အတင်းအဓမ္မလက်မှတ် ရေးထိုးခိုင်းပါသည်။

ဆက်လက်၍ အောက်တွင်ဖော်ပြချက်မှာ ဖရူဆိုမြို့၊ လွှတ်တော်အမတ် စောဦးရယ်၏ ကရင်နီလူမျိုး၏ နောက်ခံသမိုင်းအကျဉ်း (၁၉၉၃) မှ ဖြစ်ပါသည်။

ဒုတိယကမမ္ဘာစစ်ကြီးပြီးဆုံးသည့်နောက် ကရင်နီပြည်၏ နယ်(၃)နယ်စောဖျာ(ခေါ်)စော်ဘွားများမှာ (က)စောရွှေ-ကြယ်ဖိုးကြီးနယ်စော်ဘွား (ခ)စပ်ငယ်ဒူး-ဘောလခဲနယ်စော်ဘွား (ဂ)စပ်လဝီ-ကန္ဒာရဝတီနယ် စော်ဘွားများဖြစ်ကြသည်။ စော်ဘွားသုံးဦးအနက် ကြယ်ဖိုးကြီးနယ်စော်ဘွား စောရွှေသည် ၁၉၄၃ခုနှစ်ဂျပန်စစ် ဒုတိယကမ္ဘာအတွင်း တောင်တန်းဒေသမဟာမင်းကြီးဘသီက တင်မြောက်အသိအမှတ်ပြု၍ စော်ဘွားသုံဦးအနက် ရှေးအကျဆုံး (ဝါအကြီးဆုံး) ဖြစ်သည်။ စောရွှေသည် စော်ဘွားဘွဲ့ရရှိပြီးသည့်နောက်ဘောလခဲနယ်စပ်ငယ်ဒူးသည် စစ်အပြီး ၁၉၄၆ ခုနှစ်၌ အင်္ဂလိပ်အစိုးရက ဘောလခဲနယ် စော်ဘွားအဖြစ် တင်မြောက်အသိအမှတ်ပြုသည်။ နောက်ဆုံး စပ်လဝီအား ကန္ဒာရဝတီနယ်စော်ဘွားအဖြစ် ဦးစိန်တို့အဖွဲ့က ဗမာပြည်နှင့်ဆက်သွက်ပြီးတင်မြောက်၍ တဖက်သတ် ကြေညာခဲ့သည်။

 

၁၉၄၇ ဇွန်လတွင် တိုင်းပြုပြည်ပြုလွှတ်တော်တက်ရောက်ရန်ဟုဆိုပြီး ဂိုဘီတူရီနှင့် စဝ်သိန်းတို့ ရန်ကုန်ရောက်လာချိန်တွင် ဘုရင်ခံနှင့် တွေ့ဆုံကြရာ[18] လွတ်လပ်ပြီးသား ကရင်နီဟာ လွတ်လပ်ရေး ထပ်တောင်းစရာ မလိုပါဘူးဟု ပြောဆိုခဲ့သဖြင့် လွိုင်ကော်ပြန်လာပြီး ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ရာမြန်မာပြည်သည်မလွတ်လပ်သေးချေ၊ … ကရင်နီနယ်များသည် လုံးဝအာဏာပိုင်အုပ်ချုပ်ရေး ရရှိထားပေသည်… ဘုရင်ခံကိုယ်တိုင် ဝန်ခံသည်… မြန်မာပြည် လွတ်လပ်ရေးရပြီးသည့်အခါမှ နှစ်ပြည့်တပြည်မဟာမိတ်အဖြစ် ရေးဆွဲသင့်သည်” စသည်ဖြင့် ပါဝင်သည်။ ဂိုဘီတူရီက လွတ်လပ်ရေးရပြီး တနှစ်ခန့် စောင့်ကြည့်သင့်သေးသည်ဟု အကြံပြု၏။ ဦးမြင့်၏ စာအုပ်တွင်မူ ယင်းထုတ်ပြန်ချက်ကို မကျေနပ်သည့် ဆန္ဒပြပွဲလည်း လွယ်ကော်တွင် ဖြစ်သည်ဟု ဆိုသည်။

ဤနေရာတွင် ဝိရောဓိနှစ်ခုကို ခွဲကြည့်ရန် ဖြစ်သည်။ ပထမက မြန်မာနိုင်ငံနှင့် ပူးပေါင်းမည်၊ မပူးပေါင်းမည် ဟူ၍ ဖြစ်သည်။ ဒုတိယက ကရင်ပြည်နယ်ထဲ ထည့်မထည့်ဖြစ်သည်။ ဂိုဘီတူရီနှင့် စောသိန်းက မြန်မာပြည်နှင့် မပေါင်းသေးဟူ၍ ဖြစ်၍ တိုင်းပြုပြည်ပြုလွှတ်တော်ကိုလည်း သွားမတက်တော့ပေ။ အချို့က မြန်မာပြည်နှင့်ပေါင်းမည်၊ သို့သော် ကရင်ပြည်ထဲ အထည့်မခံရရေးဖြစ်သည်။ အချို့က ကရင်ပြည် (ကော်သူလေးပြည်) နှင့် ပေါင်းရသည်ဖြစ်စေ၊ မြန်မာပြည်ထဲ ဝင်ရန်ဖြစ်သည်။ ထိုစဉ်မှာ ပြည်မတွင်တည်သွင်းလိုက်သည့် ဖွဲ့စည်းပုံမူကြမ်း ပုဒ်မ ၁၀၈ အရ၊ ကရင်ပြည်နယ်အထဲသို့ ကရင်နီပြည်ကို ထည့်မည်ဟု သိလိုက်သည့် သိုင်းဘဟန်က ကြယ်ဖိုးကြီးနယ်၊ မိုဆိုရွာ၊ ဦးမြတ်လေးနေအိမ်သို့ လာ၍ သတင်းပို့သည်။ ထိုအစည်းအဝေးတွင် စောရွှေ၊ ဦးအေမြလေး၊ စဝ်ဝဏ္ဏ၊ ဦးစိန်၊ ဦးဘသောင်း၊ ဦးချမ်းသာတို့ ရှိနေသည်ဟု ဆိုသည်။

 

ဒီနေရာတွင် ကရင်နီတွင်းဖြစ်ရပ်များကလည်း ရှုပ်နေသည်။

 

ဦးစိန်နှင့် စဝ်ဝဏ္ဏသည် စောဖျာစောရွှေ၏ အကြံပေးတဦးဖြစ်သူ ဦးအေမြလေး[19]ကို တိတ်တဆိတ်ခေါ်ကာ ရန်ကုန်ဆင်းသွားရာ စောဖျာစောရွှေမှသိသည်နှင့် လွိုင်ကော်ထိ ကားဖြင့် လိုက်ခေါ်သော်လည်း မမှီတော့ဟု ရေးသူကလည်း ရေးသည်၊ ဦးစိန်ကဆွေးနွေးမှု သဘောတူညီချက်အရ သွားသည်ဟု ဆိုသူက ဆိုသည်။ ထိုပြည်မသွားသည့် အဖွဲ့မှ ဗမာပြည်မနှင့် ပူးပေါင်းရေးကို ဖဆပလနှင့် ပူးပေါင်းလုပ်ဆောင်သွားသဖြင့် ၁၉၄၇ စက်တင်ဘာ ၂၄ တွင် ဗမာ့ဖွဲ့စည်းပုံအတည်ပြုရာ၌ ကရင်နီဒေသများ ပါဝင်လာရတော့သည်။ သံလွင်ခရိုင်နှင့် ဆက်စပ်ကာ ကရင်ပြည်နယ်ဖွဲ့စည်းရာတွင် ပါဝင်ရမည့်အကြောင်း၊ စောဖျာများ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့် မရှိကြောင်း၊ စောဖျာများသည် ပြည်နယ်အမတ်များအဖြစ် ပါဝင်ရမည့်အကြောင်း စသည်တို့ ပါဝင်လာသည်။ သီးခြားလွတ်လပ်ရေး၊ ပူးပေါင်းရေး မည်သို့မျှ ပြည့်ဝကုံလုံခြင်းမရှိသည့် အချက်များသာ ဖြစ်ခဲ့သည်။

ထို့ကဲ့သို့ နိုင်ငံရေးကျေလည်မှုမရှိပဲ ကရင်နီပြည်ကိုယ်စားလှယ်များအဖြစ် ဖဆပလ (ဦးနု) မှ သတ်မှတ်ခဲ့သည့်အနက် စဝ်ဝဏ္ဏမှာ ကန္ဒာရဝတီမှဖြစ်သည်။ အရှေ့ကရင်နီသည် အစဉ်အမြဲ ဗမာ့နိုင်ငံရေးနှင့် နီးစပ်နေခဲ့သည်။ ဦးစိန်မှာ အသစ်ပေါ်လာသည့် လွိုင်ကော်မြို့သမဝါယမ အသင်း၏ ဥက္ကဋ္ဌသာဖြစ်ပြီး သူကိုယ်တိုင် ပြည်သူ့ဆန္ဒကိုလည်း ခံယူထားခြင်းမရှိသည့်အပြင် စောဖျာရွေးကောက်ပွဲနိုင်သော စဝ်ဇီနအား အသိအမှတ်မပြုပဲ စဝ်လဝီကို စော်ဘွားအဖြစ် ကြေငြာထားသည့်အတွက် အငြင်းပွားမှုများလည်း ရှိနေသူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဟောပြောမှုကို သဘောကျ၍ ပူးပေါင်းလိုကြခြင်းဖြစ်သည်။ ဦးအေမြလေးမှာ ကြယ်ဖိုးကြီး နယ်သားလည်းမဟုတ်၊ တောအုပ်အဆင့်ဖြင့် အမှုထမ်းရန် ရောက်လာခဲ့သူဖြစ်သည်။ သိုင်းဘဟန် မှာလည်း မိုးဗြဲမှဖြစ်ပြီး စောဖျာ၊ စော်ဘွားတို့ကို လုံးဝနှစ်သက်သူမဟုတ်ပေ။ မိုးဗြဲသည်လည်း မူလက အင်္ဂလိပ်ဖွဲ့ပေးထားသော လွတ်လပ်သည့် ကရင်နီဒေသနိုင်ငံရေးယူနစ်တွင် ပါဝင်သူမဟုတ်ခဲ့ပါ။

၁၉၄၇ ဒီဇင်ဘာ ၂၇ တွင် ဦးနု၊ ဦးချန်ထွန်းတို့နှင့် ဆွေးနွေးရာ စဝ်ဝဏ္ဏနှင့် ဦးစိန်တို့မှ မိမိတို့ကိုယ်ကို တရားဝင် ခေါင်းဆောင်များအဖြစ်ဆွေးနွေးခဲ့သည်။ ခွဲထွက်ခွင့်ကို ဖြုတ်ခိုင်းသည့်အခါတွင် “နောက်နောင် ကတိုက်ကရိုက် ပူးပေါင်းရသည်ကို အပြစ်ပြောလျှင် ခွဲထွက်ခွင့်ရှိသားပဲဟု ပြန်ဖြေနိုင်အောင် ထားထားပေးပါ” ဟု ဆိုသည့်အတွက် ဖွဲ့စည်းပုံဥပဒေတွင် ခွဲထွက်ခွင့်ကို ထည့်သွင်းပေးခဲ့သည်။[20] သို့နှင့် ဖဆပလဖွဲ့သော အစိုးရအဖွဲ့သည် ကရင်နီပြည်နယ်တွင် တဘက်သတ်အစိုးရကဲ့သို့ ဖြစ်လာပြီး နိုင်ငံရေးမကျေလည်သေးပဲ တင်းမာနေသည်။[21] စော်ဘွားစနစ်ကို ဆန့်ကျင်လိုသူတို့နှင့် ဗမာပြည်မနှင့်ပူးပေါင်းလိုသူတို့က ဖဆပလမှ စစ်ရေးအကူအညီ အကာကွယ် တောင်းခံခဲ့ကြပြီး၊ နောက်ပိုင်းတွင် ဖဆပလတပ်တို့ ကရင်နီသို့ စစ်ခင်းခဲ့ကြ ပေသည်။

၁၉၄၈ ခုနှစ် အစောပိုင်းကာလများမှပင် ဖဆပလနှင့် ကရင်တို့ စစ်ဖြစ်ကြသည်။ ကရင်တို့ အင်းစိန်ကိုမသိမ်းမီ လွိုင်ကော်စသောနေရာများမှ စတင်ခဲ့ကြရာ ကရင်ဘက်ကို ထောက်ခံသော နှစ်ခြင်း ခရစ်ယာန်အသင်းသားများနှင့် ဖဆပလဘက်ယိမ်းသော ကာသိုလစ်ဘာသာဝင်များဟုလည်း ကွဲကြပြန်သည်။ သိုင်းဘဟန်နှင့် ဦးစိန်တို့က ဖဆပလနှင့် ပူးပေါင်းသည်။ ဂိုဘီတူရီနှင့် စောဖျာစောရွှေတို့က KNDO ဘက်ကို အားပေးခဲ့သည်။ ၁၉၄၈ နှောင်းပိုင်းတွင် ဂိုဘီတူရီနှင့် သိုင်းဘဟန်တို့ကြား ပြဿနာများပေါ်ပေါက်လာခဲ့ပြီး ဩဂုတ်လတွင် ဂိုဘီတူရီထိန်းသိမ်းခံရသည်။[22]

၁၉၄၈ ခုနှစ် ဩဂုတ်လ ၉ ရက် နံနက်အစောပိုင်းတွင် ဖဆပလအစိုးရ ကျောထောက်နောက်ခံ ပြုထားသူများသည် လွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီ၏ ဥက္ကဋ္ဌ ဂိုဘီတူရီ ရုံးစိုက်ရာ မြလဲဒေါ သို့ စစ်လက်နက်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဤတိုက်ပွဲကြောင့် နှစ်ဖက်စလုံးတွင် ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။ သို့သော် ဥက္ကဋ္ဌ ဂိုဘီတူရီမှာမူ နောက်လိုက်အချို့နှင့်အတူ ဖရူဆိုး အနီးသို့ ထွက်ပြေးတိမ်းရှောင် နိုင်ခဲ့သည်။

ဖရူဆိုးအနီးတွင် ခိုလှုံနေစဉ် ဂိုဘီတူရီသည် ကြယ်ဖိုးကြီးနယ် အကြီးအကဲ စောဖျာစောရွှေထံသို့ အဆက်အသွယ်ပြုခဲ့သည်။ သိုင်းဘဟန်ကလည်း ဂိုဘီတူရီအား ရှာဖွေပေးရန် စောဖျာစောရွှေထံ အကူအညီ တောင်းခံခဲ့သည်။ စောဖျာစောရွှေက ဂိုဘီတူရီအား မော်ချီး သို့ တိမ်းရှောင်ရန် အကြံပြုသော်လည်း ဂိုဘီတူရီက ဥပဒေဘောင်အတွင်းက အဆုံးအဖြတ်ခံယူလိုကြောင်း ပြောဆိုခဲ့သည်။ ဂိုဘီတူရီ၏ အသက်ကို မသတ်ပါဟု သိုင်းဘဟန်ကလည်း ရဲဝံ့စွာ ကတိပေးခဲ့သည်ကို စောဖျာစောရွှေက အသိပေးပြီးနောက် ဂိုဘီတူရီလည်း သဘောတူလက်ခံကာ သိုင်းဘဟန် လက်ထဲသို့ မိမိကိုယ်ကို အပ်နှံခဲ့သည်ဟုဆိုသည်။

ဂိုဘီတူရီကို လွိုင်ကော်သို့ ခေါ်ဆောင်သွားပြီးနောက်တွင်မူ တရားဥပဒေအရ ဖြေရှင်းရန် အခွင့်အရေးမရဘဲ ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရသည်။ ဤအတောအတွင်း ကြယ်ဖိုးကြီးနယ် အကြီးအကဲ စောဖျာစောရွှေ၊ ကန္ဒာရဝတီ အကြီးအကဲ စောဖျာစောဇီန၊ စောကော်ဘစောလှဦး တို့သည် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးတပ်ဖွဲ့ကို စတင်ဖွဲ့စည်းပြီး တိုက်ပွဲဆင်နွှဲရန် သဘောတူခဲ့ကြသည်။ မကြာမီ ၁၉၄၈ ခုနှစ် ဩဂုတ်လ ၁၇ ရက် တွင် လွတ်လပ်သော ကရင်နီပြည်ထောင်စု တပ်မတော် (United Karenni States Independent Army-UKSIA) ကို တရားဝင် ဖွဲ့စည်းခဲ့ပြီး ထောပလိုတော်ဒီစံဒွေး၊ ကယ်ထူးစကားလိုလယ်ထူး နှင့် ဖိုးနီ တို့အား တပ်မှူးများအဖြစ် ခန့်အပ်ခဲ့၏။

သိုင်းဘဟန်၏ ယောက္ခမဖြစ်သူ မိုးဗြဲစာဟွားပီကဝါသည် ထူးချောင်းတွင် ကျန်ရစ်သည့် လဲဗီး တပ်ဖွဲ့ဝင် အချို့ကို သွားရောက်ကြည့်ရှုစဉ် ထားလဲရွာ တောင်ဘက် အီဟောလဲ၌ ခြုံခိုတိုက်ခိုက်ခံရကာ ကျဆုံးခဲ့သည်။ ဤအဖြစ်ကို အကြောင်းပြု၍ စက်တင်ဘာလ ၈ ရက် တွင် အချုပ်ခန်းစောင့် ဗိုလ်ရှ ဆိုသူက ဂိုဘီတူရီ ကို အချုပ်ခန်းမှ ဆွဲထုတ်ကာ စွပ်စွဲပြောဆိုပြီး ဂုံနီအိတ်အတွင်း ချည်နှောင်ကာ ဂျစ်ကားနောက်မှ ကြိုးဖြင့် တရွတ်တိုက်ဆွဲ၍ လွိုင်ကော်မြို့ပတ်မောင်းပြီးနောက် ဘီလူးချောင်းကို ဖြတ်ဆောက်ထားသော သံတံတားပေါ်တွင် လှံစွပ်ဖြင့် ထိုးသတ်ပြီး ချောင်းထဲသို့ ပစ်ချခဲ့သည်ဟု ဆိုပါသည်။ ရုပ်အလောင်းကို မည်သူမျှ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပေ။ စိတ်ဖိစီးမှုများဖြင့် သိုင်းဘဟန်မှာ အရက်စွဲခဲ့ရာမှ လအနည်းငယ်အတွင်း၌ပင် ကွယ်လွန်သွားခဲ့သည်ဟုလည်း ဆိုပါသည်။

ဂိုဘီတူရီ လုပ်ကြံခံရသည့် စက်တင်ဘာလ ၈ ရက်နေ့ ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ၁၉၈၄ ခုနှစ် တွင် ကရင်နီအမျိုးသားများ၏ အာဇာနည်နေ့ အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ် ကျင်းပလေ့ရှိသည်။[23]

သိုင်းဘဟန်၊ ကရင်နီပြည်နယ်ဝန်ကြီး စဝ်ဝဏ္ဏနှင့် ဖဆပလတပ်များသည် ဒေသခံကရင်နီတပ်များနှင့် မော်ချီးမြို့မှသည် ဖရူးဆိုးထိ ကရင်နီအချင်းချင်း တိုက်ပွဲများဖြစ်ကြသည့် ကာလများမှသည် ဗမာပြည်မနှင့် ပူးပေါင်းထားသည့် ကရင်နီအဖွဲ့များနှင့် သီးခြားလွတ်လပ်သော ကရင်နီပြည်ကို လိုလားသူများသည် အကွဲကြီး ကွဲလေတော့သည်။[24]

၁၉၅၀ တွင် ဦးစိန်က ကရင်နီပြည်ကို ကရင်ဖြူနှင့် မမှားစေလိုဟုဆိုကာ အဆိုတင်သွင်းသည့်အတွက် စစ်တမ်း ခပ်မြန်မြန်ကောက်ပြီး ၁၉၅၂ တွင် ကယားဟု အမည်ပြောင်းလိုက်ပြန်သည်။ ၁၉၅၇ ခု၊ မေလ ၂ ရက်နေ့တွင် ကရင်နီအမျိုးသားအစည်းအရုံးမှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP သို့ ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။[25] လွတ်လပ်ရေးရကာစတွင် ကရင်နီပြည်နယ်အတွင်း ဘော်လခဲနယ်၊ ကန္တရဝတီနယ်၊ ကြက်ဖိုးကြီးနယ်နှင့် မိုးဗြဲနယ်တို့ ပါဝင်လာသည်။ သို့သော် မိုးဗြဲနယ် ပြည်သူ့ဆန္ဒခံယူရန်အလုပ်ကို မလုပ်နိုင်ပဲ တန့်နေစဉ်မှာပင် အာဏာသိမ်းခံလိုက်ရသည်။ ဗိုလ်နေဝင်း အိမ်စောင့်အစိုးရတက်လာသည့်အခါ မိုးဗြဲနယ်ကို သျှမ်းပြည်နယ်အတွင်း ထည့်လိုက်သည်။ နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေး၊ စီးပွားရေး ဖိနှိပ်မှုအမျိုးမျိုးကို ဆက်လက်ခံနေရသည့် ကယန်းပြည်သူများသည် မကျေနပ်မှုများ တိုးပွားသထက် တိုးပွားလာသည်။ ကယားစစ်ရဲများ လက်နက်ဖြုတ်သိမ်းခံကြရသည်။ ထို့ကြောင့် ၁၉၆၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကယန်းပြည်သစ်ပါတီ KNLP ကို တည်ထောင်သည်။

တော်လှန်ရေးအဖွဲ့များအတွင်း သဘောတရားရေးရာ ကွဲပြားမှုများသည် သွေးထွက်သံယိုမှုများအထိ ဖြစ်ပွားခဲ့သည့် သာဓကများလည်း ရှိခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်း၌ ဗကပလိုလားသော လက်ဝဲယိမ်းအုပ်စုနှင့် NDF လိုလားသော အမျိုးသားရေးအုပ်စုတို့အကြား အာဏာ ပြိုင်ဆိုင်မှုမှ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ ထိုပဋိပက္ခအတွင်း ပါတီအထွေထွေအတွင်းရေးမှူး စိုင်းသီဟ လုပ်ကြံခံခဲ့ရပြီးနောက်၊ ဗကပထောက်ခံသည့် ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (KSNLF) ပေါ်ပေါက်လာခဲ့ရာ ကရင်နီတော်လှန်ရေးသည် ဆယ်စုနှစ်တခုကျော်ကြာ နှစ်ခြမ်းကွဲခဲ့ရသည်။

ကရင်နီ (ကယား) ပြည်နယ်ဟူသော အမည်အောက်တွင် ကယား၊ ကယန်း (ပဒေါင်)၊ ကယော၊ ဇယိန်၊ ဂေခို၊ ဂေဘား စသည့် မျိုးနွယ်စုများစွာ အတူတကွ နေထိုင်ကြသည်။ ဤမျိုးနွယ်စုများအကြားတွင် ဘာသာစကားနှင့် ယဉ်ကျေးမှု ကွဲပြားမှုများရှိသကဲ့သို့ နိုင်ငံရေးကိုယ်စားပြုမှုနှင့် အခွင့်အရေးဆိုင်ရာ အားပြိုင်မှုများလည်း ရှိသည်။ အထူးသဖြင့် ကယန်းလူမျိုးများသည် သီးခြားလက္ခဏာနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် သီးခြားလှုပ်ရှားမှုများရှိပြီး ဤအတွင်းပိုင်းနိုင်ငံရေး အားပြိုင်မှုများသည် ကရင်နီပြည်နယ်၏ နိုင်ငံရေးအခင်းအကျင်းကို ပိုမိုရှုပ်ထွေးစေခဲ့သည်။[26]

ကရင်နီဟူသောအသုံး၊ ကယားဟူသောအသုံး၊ ကယန်းဟူသောအသုံးနှင့် နယ်မြေအကြောင်း အရပ်ရပ်တို့ အခြေခံကာ ကရင်နီတော်လှန်ရေးတပ်များ အမြင်များစွာကွဲပြားခဲ့ကြသည်။ ပေါင်းစည်းမရကြ။ ပိုဆိုးသည်မှာ ကချင်၊ သျှမ်းတို့ထံ လေ့လာရေးသွားရင်း ကွန်မြူနစ်အယူအဆများနှင့် ထိတွေ့သည့်အခါ အမျိုးသားရေးနှင့် ကွန်မြူနစ်အမြင်များ ကွဲပြားလာပြီး အဖွဲ့များစွာလည်း ခွဲထွက်ကုန်ကြသည်။ ၁၉၇၈ တွင် KNPP မှ KNLPF ခွဲထွက်သည်။ ၁၉၉၂ တွင် KNLP မှ KNG ခွဲထွက်သည်။ ၁၉၉၅ တွင် KNDP ကို ဖွဲ့စည်းသည်။ ၁၉၉၉ တွင် KNPP မှ KNPDP ခွဲထွက်ကာ ၂၀၀၂ တွင် KNSO ခွဲထွက်သည်။[27]

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရသူများအနေဖြင့် ကရင်နီအမျိုးသားလူထုများ ဆက်စပ်နေထိုင်သည့် ဒေသများတွင် ပြန်လည်စုစည်းရေး သဘောတူညီချမှတ်ခဲ့သော်လည်း လက်တွေ့တွင် စစ်တပ်မှသာ အာဏာဆက်ကိုင် ထားခဲ့သည့်အတွက် အကောင်အထည်မဖော်ခဲ့ရပေ။ ၁၉၉၀ ခုနှစ်များအတွင်း၊ အထူးသဖြင့် ၁၉၉၆ ခုနှစ်နောက်ပိုင်းတွင် မြန်မာ့တပ်မတော်သည် ကရင်နီပြည်နယ်၌ "ဖြတ်လေးဖြတ်" (ရိက္ခာ၊ ဘဏ္ဍာ၊ သတင်း၊ လူအင်အား) စစ်ဆင်ရေးကို အပြင်းအထန် ဆောင်ရွက်ခဲ့သည်။ ဤစစ်ဆင်ရေးက ကျေးရွာပေါင်း များစွာကို အဓမ္မရွှေ့ပြောင်းစေခဲ့ပြီး ဒေသခံပြည်သူများသည် သူတို့၏ နေအိမ်၊ လယ်ယာမြေများကို စွန့်ခွာကာ "ရွာသစ်" များတွင် အတင်းအကျပ် နေထိုင်ခဲ့ရသည်။ ဤလုပ်ရပ်များသည် KNPP အား လူထုနှင့် အဆက်အသွယ်ဖြတ်တောက်ရန် ရည်ရွယ်ခဲ့ကာ ကြီးမားသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ဖြစ်ပွားခဲ့သည်။

စစ်ရေးတင်းမာမှုများ အမြဲတမ်းရှိနေခဲ့သည့်ကရင်နီတွင် ဖိနှိပ်ခံလူထုအဖို့ ကျောမအေးခဲ့ရပေ။ ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် KNPP မှာ ကရင်နီလုံးဝလွတ်လပ်ရေးမှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး မူဝါဒသို့ ပြောင်းလဲခဲ့သည်။[28]

ကရင်နီလူငယ်အဖွဲ့များ၊ လူမှုရေးခေါင်းဆောင်များပါဝင်သော အမျိုးသားညီညွတ်ရေး လှုပ်ရှားမှုများ များစွာရှိခဲ့ပြီး တိုးတက်မှုများလည်း ရှိခဲ့သည်။ ၂၀၁၇ ကရင်နီပြည် ဒီမောဆိုတွင် ကယန်းအမျိုးသားအဆင့် ဒုတိယအကြိမ် ညီလာခံကြီးကျင်းပခဲ့ရာ လူမှုခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။[29]

ကရင်နီပြည်သည် ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်များမှ တခုလည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိကဓာတ်အားပေးစက်ရုံဖြစ်သော လောပိတရေအားလျှပ်စစ်စီမံကိန်းမှ ရရှိသည့် လျှပ်စစ်မီးကိုပင် စီမံကိန်းတည်ရှိရာဒေသရှိ ကရင်နီ (ကယား) ဒေသခံများမှာ လုံလောက်စွာ ရရှိခဲ့ခြင်းမရှိပေ။ သျှမ်းပြည်နယ်၊ အင်းလေးကန်မှ စီးဆင်းလာသည့် ဘီလူးချောင်း ရေစီးကြောင်းသည် ကယားပြည်နယ် (ကရင်နီပြည်နယ်)၊ လွိုင်ကော်မြို့အနီးတွင် သဘာဝရေတံခွန်ကြီး နှစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းတို့မှာ လွိုင်ကော်မှ ၇ မိုင်ခန့်အကွာတွင် ပေ ၂၅၀ ခန့် နိမ့်ကျစီးဆင်းသည့် မထောကူ ရေတံခွန်နှင့် ထပ်မံ၍ ပေ ၁၄၅၀ အထိ စီးဆင်းရာမှ ဖြစ်ပေါ်လာသည့် လောပိတ ရေတံခွန်တို့ ဖြစ်သည်။ လောပိတရေအားလျှပ်စစ်စီမံကိန်းကို ဤရေတံခွန်များပေါ်တွင် အခြေခံ၍ တည်ဆောက်ခဲ့ပြီး၊ ၁၉၆၀ ပြည့်နှစ်၊ ဧပြီလတွင် ရန်ကုန်မြို့သို့ လျှပ်စစ်ဓာတ်အားများကို တရားဝင် စတင်ပို့လွှတ်ခဲ့သည်။ ဓာတ်အားပေးပို့နိုင်ရန်အတွက် ဓာတ်တိုင်ပေါင်း ၁၁၅၅ တိုင် စိုက်ထူကာ မိုင် ၂၅၀ ကျော် ရှည်လျားသည့် ဓာတ်အားလိုင်းကို တည်ဆောက်ခဲ့ရသည်။ စီမံကိန်း၏ အကျိုးအမြတ်များကို ဗဟိုအစိုးရကသာ ရယူပြီး ဒေသဖွံ့ဖြိုးရေးအတွက် ပြန်လည်အသုံးမပြုခြင်းသည် ဒေသခံများ၏ မကျေနပ်မှုကို ဖြစ်စေခဲ့သည်။ ဤသည်မှာ ပြည်ထောင်စု၏ သယံဇာတများကို ဗဟိုမှ အမြတ်ထုတ်ပြီး ဒေသခံများ ဆင်းရဲနွမ်းပါးကျန်ရစ်သည့် မမျှတသော ဆက်ဆံရေးကို ဖော်ပြသော ပြယုဂ်တခုအဖြစ် မကြာခဏ ထောက်ပြခံရသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရက်စက်သည့် အကြမ်းဖက်မှု၊ လူမှုရေး-စီးပွားရေး ပြိုလဲမှုနှင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်ခဲ့ရာ ကရင်နီပြည်နယ်သို့လည်း စစ်ဘေးက ထပ်၍ရောက်လာသည်။ KNDF အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်း များစွာလည်း ပေါ်လာသည်။ ဤရှုပ်ထွေးမှု အသစ်များကြားတွင် ဖက်ဒရယ်ဒီမိုကရက်တစ် အနာဂတ်အတွက် မတူကွဲပြားသော လူ့အဖွဲ့အစည်းများကို ပူးပေါင်းစေသည့် အစီအမံများလည်း တော်လှန်ရေးအတွင်း ပေါ်ပေါက်ခဲ့သည်။

ကရင်နီပြည်နယ်တွင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs)၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများနှင့် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော် အမတ်များ ပါဝင်သော တော်လှန်ရေး အင်အားစုများသည် ရှေ့ဆောင် ကြားကာလအစိုးရတရပ် ထူထောင်နိုင်ခဲ့ပေသည်။ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) နှင့် ကရင်နီပြည်နယ် ကြားကာလစီမံမှု (KSIA) တို့၏ လမ်းညွှန်မှုဖြင့် ဤစနစ်သည် စစ်အာဏာရှင်ကိုဆန့်ကျင် စီမံအုပ်ချုပ်ရန်၊ အရပ်သားများကို ကာကွယ်ရန်နှင့် လွတ်မြောက်နယ်မြေများတွင် ပြည်သူ့ဝန်ဆောင်မှုများ ပေးရန် ရည်ရွယ်သည်။[30]

မြန်မာနိုင်ငံ၏ ရုန်းကန်မှုသည် ရိုးရှင်းသည့် ပြည်တွင်းစစ်တခုထက် များစွာပိုသည်။ ကဏ္ဍပေါင်းစုံ လှုပ်ရှားမှုဖြင့် မောင်းနှင်နေသော တနိုင်ငံလုံးပါဝင်သည့် တော်လှန်ရေးတရပ် ဖြစ်သည်။ ERO များသည် အမျိုးသား ညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) နှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ (ပအဖ) နှင့် ပူးပေါင်းကာ အထူးသဖြင့် နယ်စပ်ဒေသများရှိ သိသာထင်ရှားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ကရင်နီပြည်နယ်တွင် ဒေသ၏ ၉၀% ကို စစ်တပ် ထိန်းချုပ်မှုမှ လွတ်မြောက်စေခဲ့ပြီး ရှိရင်းစွဲ ERO အုပ်ချုပ်ရေးကို တိုးချဲ့ကာ KSCC ကဲ့သို့ အုပ်ချုပ်ရေးကောင်စီသစ်များ ဖန်တီးနိုင်ခဲ့သည်။ ဤကြိုးပမ်းမှုများသည် ဆယ်စုနှစ်များစွာ စစ်အာဏာရှင်စနစ်ကို အစားထိုးရန်အတွက် ကြိုးစားနေခဲ့သည့် အားလုံးပါဝင်မှုရှိကြသော၊ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ တည်ဆောက်ခြင်း အစီအမံအပေါ် အာရုံစိုက်ပြီး ဖက်ဒရယ်စနစ်သည် တိုင်းရင်းသားများကို ဖိနှိပ်မှုနှင့် နိုင်ငံတော်၏ အကြမ်းဖက်မှုတို့အတွက် ဖြေရှင်းချက်တရပ်အဖြစ် ရပ်တည်နေသည်။

၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်တွင် ဖွဲ့စည်းခဲ့သော ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) သည် ကရင်နီပြည်၏ အမြင့်ဆုံးနိုင်ငံရေးနှင့်မူဝါဒချမှတ်သည့် အဖွဲ့အစည်း ဖြစ်သည်။ ကရင်နီဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်နှင့် ကရင်နီပြည်ကို ဖန်တီးရာတွင် ဖက်ဒရယ် ဒီမိုကရေစီနှင့် ကိုက်ညီစေရန် တာဝန်ပေးထားသည်။ မူလ KSCC မှာ အဖွဲ့ဝင် ၃၉ ဦးပါသည်။ လုပ်ဆောင်ရခက်ခဲသည့်အတွက် ညှိနှိုင်းမှုများပြုပြီး ပြန်လည်ဖွဲ့စည်း ခဲ့သည်။[31]

 

 ပုံ - ကရင်နီကြားကာလအစီအမံတည်ဆောက်ပုံ

 

၂၀၂၂ ခုနှစ် နိုဝင်ဘာတွင် ကျယ်ပြန့်သော ညှိနှိုင်းဆွေးနွေးမှုများအပြီး အတည်ပြုခဲ့သော KSIA သည် ကြားကာလအစိုးရ၏ ဖွဲ့စည်းပုံ၊ တာဝန်ဝတ္တရားများနှင့် အသွင်ကူးပြောင်းရေးအတွက် လမ်းပြမြေပုံတို့ကို ဖော်ပြထားသည့် နိုင်ငံရေးသဘောတူညီချက်ဖြစ်၍ အဖွဲ့အစည်း သုံးခုကို ဖွဲ့စည်းသည်။ အုပ်ချုပ်ရေးအတွက် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ဥပဒေပြုရေးအတွက် ကရင်နီပြည် ကြားကာလ ပါလီမန် (KSIP) နှင့် တရားစီရင်ရေးအတွက် ကရင်နီပြည် ကြားကာလ တရားစီရင်ရေး (KSIJ) တို့ ဖြစ်သည်။ ၂၀၂၃ ဇန်နဝါရီလတွင် ပထမအကြိမ်ညီလာခံကျင်းပအတည်ပြုနိုင်ခဲ့သည်။

ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC) ကို ERO များ၊ နိုင်ငံရေး ပါတီများ၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်အမတ်များ၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ သက်ဆိုင်သူများဖြင့် ဖွဲ့စည်းခဲ့သည်။ စည်းလုံးရေး၊ စုပေါင်းခေါင်းဆောင်မှု မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်သည်။ ကရင်နီပြည်နယ် ကြားကာလစီမံမှု (KSIA) ၏ အမျိုးသမီး ကိုယ်စားပြုမှု ၃၀% မူဝါဒကို ကျင့်သုံးစေသည်။

KSIA
သည် ဒေသ ၄ ခု ပြန်လည် ဖွဲ့စည်းခြင်း၊ စုပေါင်းနှင့် ပုဂ္ဂိုလ်ရေး အခွင့်အရေးများ ကာကွယ်ခြင်း၊ အုပ်ချုပ်ရေးတွင် အမျိုးသမီး ၃၀% ပါဝင်စေခြင်း၊ တိုင်းရင်းသား လူနည်းစုအခွင့်အရေးများ မြှင့်တင်ခြင်း၊ မိခင် ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေး (MTB-MLE) အာမခံခြင်း စသည့် အရေးပါသော စိန်ခေါ်မှုများ ဖြေရှင်းပေးသည်။ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု၊ လူ့အခွင့်အရေး ချိုးဖောက် ခံရသူများ နစ်နာကြေးပေးရေးနှင့် ရွှေ့ပြောင်းခံရသူများ အထောက်အပံ့ပေးခြင်းတို့ကို အကန့်အသတ်ဖြင့် စီမံသည်။ လူထုအတွင်းအုပ်ချုပ်ရေးနှင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများ၊ တိုက်ခိုက်ရေးသမားများ ပြန်လည်ထူထောင်ရန်နှင့် ရေရှည်ငြိမ်းချမ်းရေး မြှင့်တင်ရန် လက်နက်ဖြုတ်သိမ်းခြင်း၊ တပ်သားစုဆောင်းမှု ဖျက်သိမ်းခြင်းနှင့် ပြန်လည်ပေါင်းစည်းရေး (DDR) အစီအစဉ်များလည်း ပါဝင်သည်။

တော်လှန်ရေးသမိုင်းကြောင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီအမျိုးသားများ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နှင့် ကရင်နီအမျိုးသားစည်းလုံး ညီညွတ်ရေးအဖွဲ့အစည်း (KNSO) ကဲ့သို့ အဖွဲ့များစွာ ရှိနေခဲ့သည်။ အစပိုင်းတွင် ကရင်နီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး KSCC တွင် ပူးပေါင်းခဲ့သော်လည်း ၂၀၂၃ ခုနှစ်မှစ၍ KNPP တခုသာ ကျန်ခဲ့သည်။ ၎င်းဖြစ်စဉ်သည် KNPP သည် ကရင်နီ ဌာနေ တိုင်းရင်းသား အခွင့်အရေးကို အပြည့်အဝ ရပ်တည်သည့် Indigenous Resistance အင်စတီကျူးရှင်း ဦးဆောင် အဖွဲ့ ဖြစ်ခြင်းနှင့် စစ်အာဏာရှင်ကို တက်ကြွစွာ တိုက်ခိုက်ရန် လိုအပ်ခြင်း ဟူသော အချက် ၂ ချက်ကြောင့် ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဧပြီလတွင် KNSO နှင့် KNPDP ကဲ့သို့ ယခင် အပစ်အခတ် ရပ်စဲရေး အဖွဲ့များ KSCC ထဲသို့ ပြန်လည် ပေါင်းစည်းခြင်းဖြင့် KSIA သည် စည်းလုံးသောတပ်ဦးတခု ဖန်တီးရန်ကြိုးပမ်းနေသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုကို အလေးထားသည်။ လူထုဆွေးနွေးပွဲများ ပြုလုပ်၍ လူထုအသံကိုလည်း ပါဝင်စေသည်။ လေ့လာမှုများအရ ကရင်နီပြည်နယ်၏ ကြားကာလ အုပ်ချုပ်ရေးသည် ဘက်စုံပါဝင်သော အုပ်ချုပ်ရေး စနစ် (MIGS) ဖြစ်သည်။

ပုံ - KSCC Chronology


ကရင်နီပြည်၏ ကြားကာလအစီအမံနှင့်အညီ အုပ်ချုပ်ရေးလုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စနစ်တကျ ချမှတ် ဖော်ဆောင်ရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဇွန် ၆ ရက်တွင် အုပ်ချုပ်ရေး ကောင်စီ ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် ဌာန ၁၁ ခုနှင့် မြို့နယ် ၁၇ မြို့နယ်တွင် လူထု ဝန်ဆောင်မှု လုပ်ငန်းများ အကောင်အထည် ဖော်လျက် ရှိသည်။ IEC သည် အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးပြီး လူသားချင်း စာနာထောက်ထားမှုအကူအညီ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အသက်မွေးဝမ်းကျောင်းမှုများကို ပေးအပ်သည့် ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးကို ကြီးကြပ်သည်။ အဖွဲ့ဝင် ၆ ဦးပါ အမြင့်ဆုံး ကောင်စီဦးဆောင်သော IEC ၏ ဌာနကိုးခုတွင် မဲပေးခွင့်ရှိသော အဖွဲ့ဝင် ၃၈ ဦး ရှိသည်။ ပြည်ထဲရေးဌာနတွင် အဖွဲ့ဝင် ၅၈၅ ဦးပါ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးကဲ့သို့ ဌာနခွဲများ ပါဝင်ပြီး လုံခြုံရေးကို စီမံခန့်ခွဲကာ IDP များအတွက် မှတ်ပုံတင် စနစ်သစ်နှင့် သန်းခေါင်စာရင်းကောက်ခံရန် စီစဉ်ထားခြင်းကဲ့သို့ အစီအစဉ်များ ရှိသည်။ IEC သည် ဖြစ်ပွားနေသော ပဋိပက္ခကြားမှ အုပ်ချုပ်ရေး၏ (တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု) မူများကို ပေါင်းစပ်ထားမှု များကို တွေ့ရမည်။

ကရင်နီပြည်ကြားကာလလွှတ်တော် (KSIP) ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၈ ရက်တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ကြားကာလအတွင်း ကရင်နီပြည်အတွက် လိုအပ်သော ဥပဒေကြမ်းများ ရေးဆွဲခြင်း၊ ပြည်သူ့ကိုယ်စားပြုခြင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များအား စောင့်ကြည့်ထိန်းညှိခြင်းတို့ ဆောင်ရွက်ရန် ရည်ရွယ်သည်။ လက်ရှိတွင် လွှတ်တော် အမတ် ၁၅ ဦး၊ လုပ်ငန်း ကော်မတီ ၅ ခု၊ ဌာန ၄ ခုတို့ဖြင့် လည်ပတ်နေသည်။ အမျိုးသမီး ၂၀% သာ ရှိသေးသည့်အတွက် KSIP သည် ကော်မတီများတွင် အမျိုးသမီးများ၏ ပါဝင်မှုတိုးမြင့်စေရန် ကြိုးစားရဦးမည်ဖြစ်သည်။

ကရင်နီပြည်တရားစီရင်ရေး မဏ္ဍိုင် (KSIJ) ကို ကြားကာလအတွင်း ထိခိုက် နစ်နာ ပျက်စီး ဆုံးရှုံးသည့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ၊ အခွင့်အရေးများအား ဥပဒေနှင့်အညီကာကွယ်ခြင်း၊ ကုစားခြင်းအပြင် ဥပဒေပါ အခွင့်အရေးများ ရရှိစေရေးနှင့် လွတ်လပ်ပြီး တရားမျှတသည့် တရားစီရင်ရေး စနစ် ပေါ်ထွန်းလာစေရေး ရည်ရွယ်သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီတွင် ပြည်နယ် တရားသူကြီးချုပ်နှင့် ပြည်နယ် တရားသူကြီးများ ခန့်အပ်နိုင်ခဲ့သည်။ လက်ရှိတွင် ပြည်နယ် တရားရုံးချုပ် ၁ ခု၊ ခရိုင် တရားရုံး ၂ ခု၊ မြို့နယ် တရားရုံး ၈ ခုတို့နှင့်အတူ တရားသူကြီး ၂၀ ဦးဖြင့် လည်ပတ်နေသည်။

KSIJ
သည် လွတ်လပ်သော တရားစီရင်ရေးစုဖွဲ့မှုဖြစ်ပြီး တိုင်းရင်းသား တော်လှန်ရေး တရားရုံးများနှင့် ဓလေ့ထုံးတမ်း ဥပဒေများကို အများသုံးဥပဒေမူများနှင့် ပေါင်းစပ်ထားသည်။ တရားရုံးချုပ်၊ ခရိုင်တရားရုံး ၂ ခုနှင့် မြို့နယ်တရားရုံး ၅ ခု ရှိသည်။ ကြားကာလအစိုးရတရားရုံးများကော KNPP တရားရုံးများပါ ပါဝင်သည်။ ၂၀၂၃ ခုနှစ် ဇွန်လမှ ၂၀၂၄ ခုနှစ် မတ်လအထိ ဤတရားရုံးများသည် အမှု ၁၀၀ နီးပါး ကိုင်တွယ်ခဲ့ပြီး လူသတ်မှုမှ လိမ်လည်မှုအထိ ပါသည်။

KSIA
အစီအမံ၏ ပူးပေါင်းခေါင်းဆောင်မှုလုပ်ငန်းစဉ်သည် ERO များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးသမားများ ပါဝင်သော တရားဝင်ပြီး အားလုံးလည်း ပါဝင်သည့် အုပ်ချုပ်ရေး ဖန်တီးနေပါသည်။ ပဋိပက္ခအလွန် အသွင်ကူးပြောင်းရေးအတွက် အစီအမံပြုနေစဉ်တွင် အရေးပေါ်လိုသည့် လူသားချင်းစာနာ ထောက်ထားမှု လိုအပ်ချက်များ ဖြေရှင်းပေးသည်။ စိတ်ကူးယဉ်ဖက်ဒရယ်အနာဂတ်မှ လက်တွေ့ကျသော၊ လူ့အဖွဲ့အစည်း အရှိတရားသို့ ပြောင်းလဲပေးသည်။

ကရင်နီပြည်နယ်၏ ကြားကာလ အုပ်ချုပ်ရေးသည် ဘက်စုံ ပါဝင်သော အုပ်ချုပ်ရေး စနစ် (MIGS) ကို အခြေခံထားသည်။ ERO များ၏ အုပ်ချုပ်ရေးကို ဒေသခံ ယူနစ် အသစ်များနှင့် ပူးပေါင်းကာ ပူးပေါင်း အုပ်ချုပ်ရေး ကော်မတီများ (JACs) ဖွဲ့စည်းခြင်းဖြင့် ဘက်စုံ ပါဝင်မှုကို မြှင့်တင်သည်။ ယူနစ်များကို ERO ၏ မျိုးဆက်ချီ ရှိရင်းစွဲ တော်လှန်ရေး၏ စင်ပြိုင်အင်စတီကျူးရှင်းများနှင့် ပေါင်းစပ်ထားသည်။ ဒေသခံလူထု၏ တိုက်ရိုက်ပါဝင်မှု အားကောင်းပြီး မြို့နယ်အုပ်ချုပ်ရေးကောင်စီများ (TACs) တွင် ပြည်သူ့ကိုယ်စားလှယ် များစွာ ပါဝင်သည်။ ဒေသခံ ဓလေ့ထုံးတမ်းများ လေးစားရင်း လုပ်ငန်းစဉ်များ စပ်ဟပ်မှုကို ဖော်ဆောင်သည်။

ယနေ့တိုင် ကရင်နီတွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များစွာ ဖြစ်လာပြီး စစ်ရေးနှင့် အုပ်ချုပ်ရေးအရ ပေါင်းစည်းနိုင်ခဲ့သော်လည်း နိုင်ငံရေးအရမူ ပေါင်းစည်းရန် ကြိုးစားရဆဲဖြစ်သည်။ ပါဝင်မှုမှတဆင့် တရားဝင်မှုကို မြှင့်တင်ခြင်း၊ ပေါင်းစပ်ကိုင်တွယ်ခြင်းနှင့် ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ခြင်းတို့ဖြင့် ကရင်နီပြည်နယ်၏ စနစ်သည် ပဋိပက္ခကြားမှ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ မည်သို့တည်ဆောက်ရမည်ကို ဆန်းစစ်လျက် ရှိပေသည်။

-----

 

Reference:

Federalism from the ground up: The Karenni model of nation-state building. (2024, October). Progressive Voice. https://wp.progressivevoicemyanmar.org/wp-content/uploads/2024/10/Karenni_Federalism-from-the-Ground-Up_Final.pdf

Government of Burma. (1947). The Constitution of the Union of Burma. Government Printing and Stationery.

Government of Burma. (1951). The Constitution Amendment Act, 1951 (Act No. LXII of 1951). In The Burma Code (Vol. 1).

Interim Executive Council of Karenni State. (2024, June 6). Chairman's anniversary report speech on the one-year formation of the Karenni State Interim Executive Council. https://ieckarenni.org/karenni-iec-one-year-anniversary-report/

Interim Executive Council of Karenni State. (n.d.). About IEC. Retrieved July 25, 2026, from https://ieckarenni.org/about-iec/

Karenni State Consultative Council. (2025, April 9). ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၄) နှစ်ပြည့်အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက်မှုအနှစ်ချုပ်.

Karenni State Consultative Council. (n.d.). About KSCC. Retrieved July 25, 2026, from https://kscc.karennistate.com/about-kscc

Karenni State Interim Parliament. (2023, November 17). Statement on the formation of the Karenni State Interim Parliament (KSIP). https://ieckarenni.org/statement-on-the-formation-karenni-state-interim-parliamentksip/

Khun Mar Kawr Ban. (2022). 22nd Kayan National Day speech [Speech].

Khu Oo Reh. (2014). အမျိုးသားရေးလှုပ်ရှားမှုနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ အခန်းကဏ္ဍတစေ့တစောင်း. [Publication details needed].

Min Non Di. (2023). ကရင်နီအမျိုးသားနိုင်ငံရေးဆိုင်ရာ သမိုင်းမှတ်တမ်းများ. Federal Journal.

Renard, R. D. (1987). The delineation of the Kayah States frontiers with Thailand: 1809–1894. Journal of Southeast Asian Studies, 18(1), 81–92. https://doi.org/10.1017/S0022463400001260

Saw U Reh. (1993). ကရင်နီလူမျိုး၏ နောက်ခံသမိုင်းအကျဉ်း.

Scott, J. G., & Hardiman, J. P. (1901). Gazetteer of Upper Burma and the Shan States (Part II, Vol. I). Superintendent, Government Printing, Burma.

U Myint. (1950). ကရင်နီပြည်တွင်းရေး.

 

Comments