Skip to main content

၁၉၃၆ ခုနှစ် အထွေထွေရွေးကောက်ပွဲ (Burma Act)

၁၉၃၆ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲသည် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှု အက်ဥပဒေ (Government of Burma Act 1935) အရ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဤဥပဒေအရ မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ခွဲထုတ်ကာ သီးခြားစီရင်အုပ်ချုပ်ခွင့် ပေးခဲ့ပြီး အစိုးရဌာန ၉၁ ဌာနကို စီမံခန့်ခွဲခွင့်ရသဖြင့် "၉၁ ဌာနအုပ်ချုပ်ရေး" ဟု လူသိများသည်။ ဤရွေးကောက်ပွဲသည် ကိုလိုနီခေတ်အတွင်း အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံအစိုးရကို ဖွဲ့စည်းရန် ရည်ရွယ်ကျင်းပသော ပထမဆုံးသော ရွေးကောက်ပွဲကြီး ဖြစ်သည်။

နိုင်ငံရေးအခြေအနေနှင့် ယှဉ်ပြိုင်မှု
ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများနှင့် အစုအဖွဲ့အများအပြား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဓိက ယှဉ်ပြိုင်ကြသူများမှာ ဒေါက်တာဘမော် ဦးဆောင်သော "ဆင်းရဲသားဝံသာနုအဖွဲ့" (ဓားမပါတီ) နှင့် ဦးဘဘေ ဦးဆောင်သော ဂျီစီဘီအေ အဖွဲ့ဝင်ဟောင်းများ စုပေါင်းထားသည့် "ငါးပွင့်ဆိုင်အဖွဲ့ချုပ်" တို့ ဖြစ်ကြသည်။ ထို့ပြင် ဦးချစ်လှိုင်၏ ဂျီစီဘီအေ၊ ဒို့ဗမာအစည်းအရုံးဝင် သခင်များ ဦးဆောင်သော "ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့"၊ ဒီးဒုတ်ဦးဘချို၏ "ဖေဘီယန်အဖွဲ့" နှင့် ဆာဂျေအေမောင်ကြီး၏ "ရွှေတောင်ကြားအဖွဲ့" တို့လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ရွေးကောက်ပွဲရလဒ်
အောက်လွှတ်တော်အတွက် မဲဆန္ဒနယ်များကို မြို့ပြနှင့် ကျေးလက်ဟူ၍ ခွဲခြားသတ်မှတ်ခဲ့ပြီး ကိုယ်စားလှယ်ပေါင်း ၁၃၂ ဦးကို ရွေးချယ်ခဲ့သည်။ ရွေးကောက်ပွဲရလဒ်အရ ဦးဘဘေ၏ ငါးပွင့်ဆိုင်အဖွဲ့က ၄၆ နေရာရရှိကာ အများဆုံး အနိုင်ရခဲ့သည်။ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနုအဖွဲ့က ၁၆ နေရာ၊ ဦးချစ်လှိုင် ဂျီစီဘီအေက ၁၂ နေရာ၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့က ၃ နေရာ၊ ရွှေတောင်ကြားအဖွဲ့က ၂ နေရာ၊ ဖေဘီယန်အဖွဲ့နှင့် သက်ပန်းဂျီစီဘီအေတို့က ၁ နေရာစီ အသီးသီး ရရှိခဲ့ကြသည်။ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁၇ ဦးခန့်လည်း အရွေးခံခဲ့ရသည်။

နောက်ဆက်တွဲအခြေအနေ
ရွေးကောက်ပွဲတွင် ငါးပွင့်ဆိုင်အဖွဲ့က မဲအများဆုံး ရရှိခဲ့သော်လည်း အစိုးရဖွဲ့စည်းရန်အတွက် ပါတီတွင်း နေရာခွဲဝေမှု အဆင်မပြေဖြစ်ခဲ့ရသည်။ ထို့ကြောင့် အမတ် ၁၆ နေရာသာ ရရှိသော ဒေါက်တာဘမော်က နိုင်ငံရေးပါးနပ်စွာဖြင့် အခြားအစုအဖွဲ့များ၊ ငါးပွင့်ဆိုင်မှ ခွဲထွက်လာသူများနှင့် ပေါင်းစည်းကာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဒေါက်တာဘမော်သည် နန်းရင်းဝန် (Prime Minister) ဖြစ်လာခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူခဲ့သည်။ ဤအစိုးရသက်တမ်းတွင် ဒုတိယကမ္ဘာစစ် မတိုင်မီ နိုင်ငံရေးလှုပ်ရှားမှုများ ပိုမိုအားကောင်းလာခဲ့သည်။

Comments

Popular posts from this blog

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

လူတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ ဘာမှမသိတဲ့ အခြေအနေကနေ ဉာဏ်ပညာ ပွင့်လင်းသွားတဲ့ အဆင့်ဆီ ချက်ချင်းကြီး ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်မှာ ဖြတ်သန်းရတဲ့ အဆင့်တွေ ရှိတယ်။ အဆင့်တခုစီက ရှုပ်ထွေးမှုတွေထဲ နစ်မွန်းမသွားစေဘဲ အကြောင်းအရာတွေကို ပိုပြီး လက်ခံနိုင်စွမ်း ရှိလာအောင် ကူညီပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်နဲ့ တင်းတင်းကျပ်ကျပ် သတ်မှတ်ကန့်သတ်ခံထားတာမျိုး မဟုတ်ဘဲ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ ပိုရှင်းအောင်ပြောရရင် ဦးနှောက်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ် ဖွင့်ဆိုပုံတွေ ကွဲပြားသွားတာပါ။ အရှင်းလင်းဆုံး ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ပြောင်းလဲသွားတဲ့ ဒီအဆင့် ၅ ဆင့်အကြောင်းကို အသေအချာ လေ့လာကြည့်ကြရအောင်။   အဆင့် ၁ - ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်း ဘယ်သင်ယူမှု ခရီးစဉ်မှာမဆို အစပိုင်းမှာ ဦးနှောက်က ရှင်းလင်းပြတ်သားမှုကိုပဲ လိုလားတယ်။ ပြတ်သားတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ မြန်မြန်ဆန်ဆန် ခွဲခြားသတ်မှတ်နိုင်ဖို့ လိုအပ်တယ်။ ဒါဟာ အားနည်းချက် မဟုတ်ဘဲ ရှင်သန်ရေးအတွက် သုံးတဲ့ နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက် အတွဲလိ...

မြန်မာနိုင်ငံ၏ အခြေအနေ

မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။ [1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။ မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီ...

ရာမညဒေသနှင့် မွန်အမျိုးသားလူထု နိုင်ငံရေးအမွေအနှစ်

မွန်လူမျိုးများသည် နှစ်ပေါင်းထောင်ချီသမိုင်းနှင့် တည်ရှိသောလူမျိုးများဖြစ်သည်။ ပြည်ထောင်စုရှိ အခြားတိုင်းရင်းသားများနှင့် ကွဲပြားသော ဘာသာစကားနှင့် ယဉ်ကျေးမှု လက္ခဏာများ ရှိကြသည်။ ဒေသတွင်းတွင် လူမျိုးအများစု ပြောသောစကားများမှာ Sino-Tibetan ဘာသာစကား အနွယ်ဝင် ဖြစ်သော်လည်း မွန်တို့ပြောသော ဘာသာစကားမှာ ဝ၊ တအာင်းတို့နှင့် အနွယ်တူသည့် Austroasiatic ဘာသာစကားအနွယ်ဝင် ဖြစ်သည်။ ပို၍စောသည့် Proti-austroasiatic ဘာသာစကားများကိုမူ တရုတ်ပြည်တောင်ပိုင်း သို့မဟုတ် ဗီယက်နမ်မြစ်နီမြစ်ဝှမ်းဘက်တွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ မှ ၅၀၀၀ ကြား စတင်ခဲ့သည်ဟုမှန်းရပြီး မွန်ခမာအနွယ်တို့သည် တရုတ်ပြည်မှ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများသို့ ပျံ့နှံ့သည်ဟု ပညာရှင်များက ယူဆကြသည်။ အိန္ဒိယအရှေ့ပိုင်းရှိ မုန်ဒ/မွန်ဒလူမျိုးများသည်လည်း Austroasiatic ဘာသာစကားပြောကြသူများ ဖြစ်သည်။ သမိုင်းပညာရှင်များက ယင်းလူမျိုးများကို အရှေ့တောင်အာရှတွင် ဆန်စပါးစိုက်ပျိုးခြင်းကို ကျွမ်းကျင်ခဲ့ကြသော ရှေးဦးမျိုးနွယ်များဖြစ်သည်ဟု ယုံကြည်ကြသည်။ [1] မွန်တို့သည် ဒေသတွင်း ပထမဆုံး အိန္ဒိယဒေသ အက္ခရာများကို လက်ခံကျင့်သုံးပြီး သက္ကတနှင့် ပါဠိ ဘာသာတ...