Skip to main content

တောင်ငူခေတ် (၁၅၂၇ ခုနှစ် မှ ၁၆၀၀ ခုနှစ်)


အင်းဝပြိုကျမှုမှ ပေါ်ထွက်လာသော တောင်ငူမင်းဆက်ကမူ အရှေ့တောင်အာရှအတွင်း အကျယ်ပြန့်ဆုံး အင်ပါယာကြီး ဖြစ်ခဲ့၏။ သို့ရာတွင် ယခုနေရာ၌ “အင်ပါယာ” ဟူသော စကားလုံးသည် အနောက်နိုင်ငံများမှ အင်ပါယာဟု သုံးစွဲသည့်ပုံစံမျိုး အတိအကျသဘော မဟုတ်ဘဲ ဩဇာခံနယ်မြေ ကျယ်ပြန့်သည့် သဘောမျိုးကို ဆိုလိုပါသည် (မဏ္ဍလစနစ်ကိုကြည့်ပါ)။ နယ်မြေနယ်နိမိတ်နှင့် ဗြူရိုကရေစီအင်ပါယာကို ဆိုလိုခြင်း မဟုတ်ပါ။ နိုင်ငံရေးအဖွဲ့အစည်းများ၏ သစ္စာကို အမိုးတခုအောက်တွင် ပေါင်းစပ်စုစည်းရန် ကြိုးစားသလို ဘုရင်စနစ်နှင့် အုပ်ချုပ်ရေးဆိုင်ရာ အယူအဆကို ပြုပြင်ပြောင်းလဲရန်ပါ ထူးခြားစွာ ကြိုးပမ်းအားထုတ်မှုများ တွေ့ရပြီး အောင်မြင်မှုရော ကျရှုံးမှုများလည်း မြင်ရပါ၏။

၁၅၁၀ ခုနှစ်တွင် မင်းကြီးညိုသည် အရှေ့တောင်ဘက်တွင်ရှိသော သေးငယ်သော တောင်ငူမြို့ကို အုပ်ချုပ်ခဲ့သည်။ အာဏာလွန်ဆွဲမှုများဖြင့် ရှုပ်နေသော အင်းဝနှင့် အခြားပြည်များအကြား တောင်ငူသည် လွတ်မြောက်လာသော ဗမာများအတွက် ခိုလှုံရာတခုဖြစ်လာခဲ့သည်။ သို့နှင့် အင်အားကောင်းလာသည်။

ဇာတ်ကြောင်းကို အစပြုသူက မင်းကြီးညို၏သား တပင်ရွှေထီးဖြစ်သည်။ တပင်ရွှေထီးသည် မွန်ယဉ်ကျေးမှုကို နှစ်လိုသူ ဖြစ်သည်။ မွန်ဆံပင်ပုံစံမျိုးပင် ညှပ်သည့်အတွက် မှူးမတ်များကြား ပြောစမှတ် ဖြစ်လိုက်သေးသည်။ နန်းတက်ပြီး ဘိသိက်ခံရာတွင်လည်း ရန်သူမွန်နယ်မြေအတွင်းက ရွှေမော်ဓောဘုရားသို့ သွားရောက်ခဲ့သေး၏။ ပိုမိုချမ်းသာပြီး ပိုမိုခေတ်မီသော ပြိုင်ဘက်ဖြစ်သည့် ဟံသာဝတီနိုင်ငံကို နှိမ်နင်းရန် အကြံအစည်ရှိပြီး စစ်ဆင်ရေးကြီးတခုကို စီမံနေခဲ့သည်။ လုပ်ရဲကိုင်ရဲသူ ကြံရဲသူဖြစ်သည်။

၁၅၃၉ တွင် ဟံသာဝတီပဲခူးကို သိမ်းပိုက်လိုက်ခြင်းသည် မှတ်တိုင်တခုပင်။[1] နောက်ပိုင်း မြို့တော်ကို ထိုနေရာသို့ ပြောင်းရွှေ့ခြင်းဖြင့် တောင်ငူနန်းတော်ကို ဒေသ၏ ကူးသန်းရောင်းဝယ်ရေး သွေးကြောများနှင့် ချိတ်ဆက်ကာ ရေကြောင်းကုန်သွယ်ရေးနှင့် နိုင်ငံခြားနည်းပညာများကို ဖိတ်ခေါ်ခဲ့သည်။ တပင်ရွှေထီး၏ နယ်မြေသည် လျင်မြန်စွာ ချဲ့ထွင်လာနိုင်ခဲ့သော်လည်း နောင် ရခိုင်နှင့် အယုဒ္ဓယဘက်တွင် ဆုတ်ယုတ်မှုများ ဖြစ်ပေါ်ပြီးနောက် ကျဆင်းမှုသည် လျင်မြန်ခဲ့သည်။ မင်းတရားတပင်ရွှေထီးလည်း အရက်စွဲသွားခဲ့ပြီးနောက် လုပ်ကြံခြင်းကို ခံခဲ့ရသည်။[2]

တောင်ငူနန်းကို ကယ်တင်ရန်နှင့် ချဲ့ထွင်ရန် တပင်ရွှေထီး၏ ယောက်ဖ စစ်ရေးခေါင်းဆောင်ဖြစ်သော ဘုရင့်နောင်အပေါ်တွင် တာဝန်ကျရောက်ခဲ့သည်။ သူက အားကောင်းသော ဆယ်စုနှစ်နှစ်ခု (၁၅၅၁-၁၅၈၁) အတွင်းတွင် မဏိပူရတောင်တန်းများမှ အယုဒ္ဓယလွင်ပြင်များ၊ ဧရာဝတီမှ မဲခေါင်အထိ ကျယ်ပြန့်သော အင်ပါယာတခုကို ပြောင်းလဲနိုင်ခဲ့သည်။ ဘုရင့်နောင်သည် သျှမ်းစော်ဘွားများ၏ ဘိုးစဉ်ဘောင်ဆက် ရှေးထုံးစံဖြင့် အုပ်ချုပ်ခွင့်ကို လျှော့ချခဲ့သော်လည်း ပြန်လည်ဖွဲ့စည်းထားသော အခြေအနေများအောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြုခဲ့ပြီး[3] "စကြဝတေးမင်း" ဆန်ဆန်အုပ်ချုပ်သူ ဖြစ်ခဲ့သည်။

ဘုရင့်နောင်သည် တောင်ငူသို့ ချီတက်ကာ ထီးနန်းဆက်ခံကြောင်း ကြေညာသူတဦးကို နှိမ်နင်းပြီး မိမိကိုယ်ကို ဘုရင်အဖြစ် ကြေညာခဲ့၏။ ထို့နောက် တောင်ဘက်သို့ ချီတက်သွားကာ ပဲခူးမြို့ကို သိမ်းပိုက်၍ ပုန်ကန်သူ သမိန်ထော[4]ကို ကွပ်မျက်ခဲ့သည်။ ဘုရင့်နောင်သည် တပင်ရွှေထီးကဲ့သို့ပင် ပဲခူးကို မြို့တော်အဖြစ် ဆက်လက်ပြုလုပ်ခဲ့သေးသည်။

၁၅၅၄ ခုနှစ်တွင် ဘုရင့်နောင်သည် ရှေးဟောင်းမြန်မာနန်းမြို့တော်အင်းဝကို သိမ်းပိုက်ထားသော သျှမ်းစော်ဘွားများကို တိုက်ခိုက်ရန် စီစဉ်ခဲ့သည်။ နောက်တနှစ်တွင် အင်းဝနန်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ သျှမ်းပြည်နယ်များကို မြန်မာ့သြဇာခံအဖြစ် ထားရှိခဲ့ပြီးနောက် ဘုရင့်နောင်သည် မိမိ၏ အင်အားအကြီးဆုံး ရန်သူဖြစ်သည့် ယိုးဒယားကို တိုက်ခိုက်နိုင်သည့် အနေအထားသို့ ရောက်ရှိခဲ့သည်။ ညီတော်မင်းရဲကျော်ထင်ကို သတိုးမင်းစောဘွဲ့ဖြင့်ပင် ဘုရင်ခံပြုစေသည်။[5] နောင်တွင် အင်းဝနှင့် ဟံသာဝတီနေပြည်ထော် (နန္ဒဘုရင်) တို့ စစ်ပြုကြသည်။ အင်းဝရှုံးခဲ့၍ ထိုကာလက ဟံသာဝတီသာ နေပြည်တော် ဖြစ်ခဲ့၏။

၁၅၆၃ ခုနှစ်တွင် သြဇာခံအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သည့် အယုဒ္ဓယနှင့် အင်းဝမင်းဆက် ဘုရင့်နောင် စစ်ဖြစ်တော့၏။ နောက်တနှစ်တွင် အယုဒ္ဓယမှ ဘုရင့်မိသားစုကို မြန်မာနိုင်ငံသို့ ဓားစာခံအဖြစ် ခေါ်ဆောင်နိုင်ခဲ့သည်။ ၁၅၆၈ ခုနှစ်တွင် ပုန်ကန်မှုများ ဖြစ်ပွားခဲ့သောအခါ ထပ်နှိမ်နင်း၍ ၁၅၆၉ ခုနှစ်၊ ဩဂုတ်လတွင် သိမ်းပိုက်နိုင်ခဲ့သည်။ ဘုရင့်နောင်သည် ယိုးဒယားထီးနန်းတွင် ပဏ္ဏာဆက်မင်းတပါးကို နန်းသက်ခံတင်မြှောက်ခဲ့ပြီး ယိုးဒယားလူမျိုး ထောင်ပေါင်းများစွာကို သုံ့ပန်းများ၊ ကျွန်များအဖြစ် မြန်မာသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။ ယင်းတို့မှ မင်းသား နရဲစွမ်မှာ ဘုရင့်နောင်၏ မွေးစားသားကဲ့သို့ ဖြစ်ခဲ့သည်။[6] ဘုရင့်နောင်ကို ယိုးဒယားတို့ ကြည်ညိုသည်။ ဘုရင့်နောင်ကွယ်လွန်မှသာ အယုဒ္ဓယကို ပြန်လည်သိမ်းယူ၍ နန္ဒဘုရင်တပ်များကို တိုက်ခိုက်တွန်းလှန်ခဲ့သည်။

ဘုရင့်နောင်ကျော်ထင်နော်ရထာသည် ဗုဒ္ဓဘာသာကို ချီးမြှင့်သူတဦးဖြစ်သည်။ ဘုရားပုထိုးများ တည်ဆောက်ခြင်း၊ ကျောင်းတော်များသို့ ရက်ရောစွာ လှူဒါန်းခြင်းတို့အပြင် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သော သီဟိုဠ် (သီရိလင်္ကာ) နှင့်လည်း ကျယ်ပြန့်သော သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းခဲ့သည်။ ၁၅၆၄ ခုနှစ်တွင် မွန်တို့၏ ပုန်ကန်မှုအတွင်း ပဲခူးမြို့ မီးလောင်ခဲ့သော်လည်း ပိုမိုခမ်းနားကြီးကျယ်စွာ ပြန်လည်တည်ဆောက်ခဲ့သည်။

ယဉ်ကျေးမှုအရ စကြဝတေးမင်းသည် ဗုဒ္ဓဘာသာထွန်းကားရန် အားပေးသူ၊ ညီညွတ်စေသူဖြစ်သည်။ စေတီပုထိုးများနှင့် ပဲခူးသည် ရုပ်ဝတ္ထုကြွယ်ဝမှုနှင့် ဝိညာဉ်ရေးရာ ကိုးကွယ်မှု နှစ်ခုစလုံးကို ထင်ဟပ်စေသော တောက်ပသော မြို့တော်ကြီး ဖြစ်လာခဲ့သည်။ သို့သော် အင်ပါယာ၏ ကြီးမားမှုသည် အုပ်ချုပ်နိုင်စွမ်းထက် လွန်နေခဲ့သည်။ ပီယဓာတ်ကောင်းကာ အုပ်ချုပ်နိုင်သူဖြစ်သည့် ဘုရင့်နောင် ကွယ်လွန်သွားသည့်အခါတွင်မူ သစ္စာခံမှုသည် ကြာကြာမခံတော့ပေ။

ဘုရင့်နောင်၏သား နန္ဒဘုရင်သည် ထီးနန်းကို အမွေခံခဲ့ရသည်။ သို့သော် အာဏာကို အမွေမရခဲ့ဟု ဆိုရမည်လား မသိ။ မှူးမတ်၊ အမှူထမ်းနှင့် လူထုကိုလည်း ဂရုမစိုက်ပေ။ အိမ်ရှေ့မင်းသည်လည်း ထို့အတူ ဖိစီးနှိပ်စက်တတ်သူဖြစ်သည်ဟု ဆိုသည်။ နန္ဒဘုရင်မှာ အယုဒ္ဓယကို မူလတိုက်စဉ် ပါဝင်ခဲ့သူဖြစ်သည့်အတွက် ယိုးဒယားကို ပြန်လိုချင်သည့်အတွက် စစ်အင်အား အများအပြားဖြင့် ခဏခဏ တိုက်ခိုက်စေရာ အင်အားလည်း ပြုန်းတီးလေသည်။ သားကြီးလည်း သေသည်။ ပေါ်တူဂီမှတ်တမ်းတွင် နန္ဒဘုရင်သည် စိတ္တဇဖြစ်၍ မိမိသား သေရသည်မှာ စစ်ထွက်လူထုကြောင့်ဟု ပုံချပြီး ပဲခိုးသူပဲခိုးသား များစွာကိုသတ်ဖြတ်ပြီး ပဲခူးမြို့ရွာများကိုပါ မီးရှို့သည်ဟု ရေးမှတ်ထားခြင်း တွေ့ရ၏။[7] ထို့နောက်တွင် နန္ဒဘုရင်သည် အာဏာတည်ဆောက်ရေးအတွက် တောင်ငူအိမ်ရှေ့မင်း နတ်သျှင်နောင်အား ဆင်တော် ဥပေါသထနှင့်အတူ လာရောက်ခစားရန် ခေါ်ယူခဲ့သည်။ ထိုနည်းတူစွာ ဇင်းမယ်ဘုရင် နော်ရထာနှင့် ညောင်ရမ်းဘုရင် မင်းရဲနန္ဒမိတ်တို့ကိုလည်း အလားတူ ခေါ်ခဲ့သည်။ ဤအချက်များကြောင့် ဇင်းမယ်နှင့် တောင်ငူတို့သည် ပုန်ကန်ခြားနားခဲ့ကြတော့သည်။

နောက်တွင် ရခိုင်ဘုရင် မင်းရာဇာကြီးနှင့် တောင်ငူဘုရင် မင်းရဲသီဟသူတို့၏ နှစ်ဖက်ညှပ်တိုက်မှုကို နန္ဒဘုရင်သည် ကိုယ်တိုင် အညံ့ခံခဲ့ရ၏။ နန္ဒဘုရင်အား တောင်ငူသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အယုဒ္ဓယဘုရင်သည် နန္ဒဘုရင်ကို မိမိတို့ထံ ပေးအပ်ရန် တောင်းခဲ့သည်။ နတ်သျှင်နောင်က ခုခံတိုက်ခိုက်ရာ အယုဒ္ဓယတပ်များ ထိခိုက်မှုများဖြင့် ဆုတ်ခွာသွားခဲ့သည်။ နောက်ပိုင်းတွင် နတ်သျှင်နောင်သည် နန္ဒဘုရင်အား ဆက်လက်ထားရှိပါက နောက်ထပ် အရေးအခင်းများ ဖြစ်ပွားနိုင်သည်ဟု တွေးတောမိလေသည်။ ထို့ကြောင့် မယ်တော်နှင့် တိုင်ပင်ကာ နန္ဒဘုရင်ကို အဆိပ်ခတ်၍ လုပ်ကြံလိုက်တော့သည်။[8]

အင်းဝမှ မုတ္တမအထိ ပုန်ကန်မှုများစွာဖြင့် ၁၅၈၁ ခုနှစ်နှင့် ၁၅၉၉ ခုနှစ်အကြား တောင်ငူအင်ပါယာ ပြိုကွဲခဲ့သည်။ အယုဒ္ဓယပြည်သည် မိမိကိုယ်ကို ပြန်လည်တည်ဆောက်ခဲ့သည်။ ထိုခေတ်က (အများအားဖြင့် ပေါ်တူဂီများဖြစ်တတ်သည့်) နိုင်ငံခြားမှအခွင့်အရေးသမားများသည်လည်း ရှုပ်ထွေးမှုများကို အသုံးချခဲ့သည်။ ၁၅၉၉ ခုနှစ်တွင် ပဲခူးနန်းတော် ပျက်လေ၏။

တောင်ငူ၏ သင်ခန်းစာမှာ ပီယဓာတ်၊ သူရဲကောင်းတဦး၊ စစ်ရေးတည်ရှိမှုလောက်ဖြင့် သစ္စာခံမှုကို ရေရှည်မရနိုင်သည့် “အင်ပါယာ” များသည် မည်မျှ ပျက်စီးလွယ်ကြောင်းပင် ဖြစ်၏။
----------

[1] မြန်မာသက္ကရာဇ် ၉ဝ၇ ခုနှစ်တွင် ဟံသာဝတီ ပဲခူးမြို့တော်၌ မွန်မင်းဆံပင်ပုံစံကို ဖြတ်ညှပ်စေ၍ မွန်ဘုရင်များ၏ အဆောင်အယောင်ဖြစ်သော သမိန်တငွတ်ကို ဆောင်းလျက် ရာဇဘိသေကခံယူသည်။ မွန်မင်းသမီးများအားလည်း မြန်မာ မင်းသမီးများ ဝတ်စားဆင်ယင်လေ့ရှိသည့်အတိုင်း ပြောင်းလဲဝတ်စား ဆင်ယင်ခြင်းမပြုစေဘဲ၊ မွန်ဝတ်စား ဆင်ယင်လေ့ ရှိသည့် အတိုင်းသာ ဆက်လက်၍ ဝတ်စားဆင်ယင်စေရန် ခွင့်ပြုသည်။

[2] ဦးကုလား၏ မဟာရာဇဝင်ကြီးတွင် ဘရင်ဂျီတဦးက အရက်ချက်တိုက်ရာမှ သောက်ရင်းစွဲသွားသည်ဟု ဆိုပါသည်။

[3] Harvey, G. E. (1925). History of Burma: From the earliest times to 10 March 1824, the beginning of the English conquest. Longmans, Green and Co.

[4] ဟံသာဝတီမင်းဆက်၏ နောက်ဆုံးမင်းဖြစ်သူ သမိန်ထောသည် ဗညားရံ-၂ ၏ သားတော်ဖြစ်ပြီး ယခင်က ဘုန်းတော်ကြီးဖြစ်သည်။ တောင်ငူနှင့်တိုက်ပွဲတွင် ဘုရင့်နောင်၏ နှိမ်နင်းမှုကြောင့် မြစ်ဝကျွန်းပေါ်၌ ရှောင်တိမ်းနေခဲ့ရသည်။ ၁၅၅၀ ပြည့်နှစ် ဧပြီလ၌ တပင်ရွှေထီးကို လုပ်ကြံပြီးနောက် သမိန်စောထွတ်မင်းဖြစ်ရာ သမိန်ထောသည် လူသူစုဆောင်း၍ ဩဂုတ်လတွင် သမိန်စောထွတ်ကို ပဲခူးအနီး၌ အနိုင်ယူကာ ဘုရင်ခံခဲ့သည် (အချို့စာများတွင် မင်းမျိုးမဟုတ်သလို နိုင်ငံကို မထိန်းနိုင်၍ သမိန်စောထွတ်နန်းချခံရသည်ဟု ဆိုသည်)။ သို့သော် သူသည် ၁၅၅၀ မှ ၁၅၅၂ အထိ ပဲခူးဝန်းကျင် နယ်မြေငယ်လေးကိုသာ ထိန်းချုပ်နိုင်ခဲ့သည်။ မင်းဖြစ်လာသည့် ဘုရင့်နောင်သည် ၁၅၅၂ ခုနှစ် မတ်လတွင် ပဲခူးကို တိုက်ခိုက်ရန် ရောက်လာရာ သမိန်ထောသည် အသက်စွန့်၍ စစ်ဆင်ချင်းဖြင့် တဦးချင်း စိန်ခေါ်တိုက်ခိုက်ခဲ့သော်လည်း ဘုရင့်နောင်၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။ ဘုရင့်နောင်က ပဲခူးကို သိမ်းပိုက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သည့် သမိန်ထောကို ၁၅၅၃ ခုနှစ် မတ်လတွင် ဖမ်းဆီးရမိကာ မတ်လ ၂၇ ရက်နေ့၌ ကွပ်မျက်ခဲ့သည်။

[5] ဝရဇေယျ အမည်ခံ မင်းရဲကျော်ထင်နှင့် မတူပါ။

[6] ထိုင်းနန်းတွင်းရုပ်ရှင်များတွင်လည်း နရဲစွမ်ကို ဘုရင့်နောင်နှင့် ဆက်ဆံရေးကောင်းမွန်ကြောင်း မကြာခဏ ရိုက်ပြ၏။

[7] တိမ်မြုပ်နေပြီဖြစ်သော မွန်ပါးစပ်ပုံပြင်တို့တွင်လည်း ပဲခူးတွင် နန္ဒဘုရင်က မွန်များစွာကို သတ်ခဲ့ကြောင်း စာရေးသူ ကြားခဲ့ရဖူးပါသည်။

[8] နတ်သျှင်နောင်သည် တောင်ငူဘုရင် မင်းရဲသီဟသူနှင့် ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီး၏ သမီးတော် ခင်စောတို့မှ မြန်မာသက္ကရာဇ် ၉၄၀ ပြည့်နှစ်တွင် ဖွားမြင်သော သားတော်ကြီးဖြစ်သည်။ နတ်သျှင်နောင်၏ ခမည်းတော် မင်းရဲသီဟသူသည် ကေတုမတီရွှေနန်းသစ်ကို တည်၍နန်းတက်ပြီးနောက် နတ်သျှင်နောင်ကို အိမ်ရှေ့မိဖုရားဖြစ်ဖူးသူ ရာဇဓာတုကလျာနှင့် လက်ထပ်စေကာ အိမ်ရှေ့မင်းအဖြစ် အပ်နှင်းခဲ့သည်။ ခမည်းတော် နတ်ရွာစံပြီးနောက် နတ်သျှင်နောင်သည် မြန်မာ ၉၇၁ ခုနှစ်တွင် သီဟသူရဘွဲ့ခံယူ၍ တောင်ငူထီးနန်းကို သိမ်းပိုက်စိုးစံခဲ့သည်။ သို့သော် ၉၆၉ ခုနှစ်၊ တန်ဆောင်မုန်းလတွင် အင်းဝအရှင် အနောက်ဘက်လွန်မင်းက တောင်ငူကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ နောင်တွင် နတ်သျှင်နောင်သည် မိမိထီးနန်းကို သိမ်းယူခဲ့သော အနောက်ဘက်လွန်မင်းအား ပုန်ကန်ခြားနားရာတွင် ငဇင်ကာ၏ အကူအညီကို ရယူခဲ့သည်။ ပုန်ကန်မှုကို မပြုလုပ်ပါက ယခင်အတိုင်း လက်အောက်ခံ ဘုရင်အဖြစ် ပြန်ထားမည်ဟု အနောက်ဘက်လွန်မင်းက ပြောဆိုခဲ့သော်လည်း နတ်သျှင်နောင်သည် တောင်းပန်ခြင်း မပြုခဲ့သောကြောင့် မြို့လယ်တွင် ငဇင်ကာနှင့်အတူ ကားစင်တင်၍ တံကျင်ဖြင့် ထိုးကာ ကွပ်မျက်ခံခဲ့ရသည်ဟု ဆို၏။

Comments

Popular posts from this blog

ပဒေသရာဇ် ဘုရင်ခေတ်များ - နိဒါန်း

ယခုမြန်မာနိုင်ငံဟု သိကြသော ဒေသကို အိန္ဒိယဘက်မှ စာများတွင် ဗြဟ္မာ့ဒေသ (ဗရမာဒေ့ရှ်) ဟု ညွှန်းကြသည်ကို တွေ့ရသည်။ မြို့အမည်၊ မြစ်အမည်များကို ဟိန္ဒူတို့၏ နတ်ဗြဟ္မာအမည်များ မှည့်ခေါ်ကြရာ ဗိဿနိုးမြို့၊ ဘိန္နကမြို့ (သီဝနတ်ဘုရားနှင့် ဆက်စပ်နိုင်)၊ သျှရီခတ္တရာ၊ သူရဿတီ (တနည်း သာယာဝတီ- ယခုချင်းတွင်းမြစ်)၊ ဧရာဝတီ (ဧရာဝဏ်ဆင်အမည်) စသည်ဖြင့် တွေ့ရတတ်သည့်အတိုင်း ဖြစ်သည်။ အရှေ့ဘက်ဆက်လျှင် ဒွာရဝတီ၊ လဝ (ရာမ၏ သားတော်) စသည့် အမည်များ ပေးကြသည်။ ယခုဗီယက်နမ်အထိ ဒေသဘက်ကိုမူ အင်ဒရာဒီပ (မိုးကြိုးနတ်ဘုရင်၏ကျွန်း) ဟု ခေါ်ကြ၏။ အင်ဒရာပူရ (သိကြားမြို့) လည်း ရှိသည်။ ခုနှစ်ကို သိကြားနှစ် (သက္ကရာဇ - သက္ကရာဇ်) ဟုခေါ်၏။ ဒေသကိုအခြေခံသည့် အခေါ်အဝေါ်များမှ ဗမာ၊ နောင်တွင် မြန်မာ ဟူသည့် လူမျိုးကိုညွှန်းသော စကားလုံးများ ဖြစ်လာသည်ဟု ယူဆရသည်။ [1] ဒေသကို ခေါ်သည့် အခေါ်အဝေါ်မှ လူမျိုးအမည်အဖြစ် ပြောင်းလဲလာမှုမှာ မစိမ်းပါ။ ဥပမာ ထိုင်းနိုင်ငံ၊ ထိုင်းလူမျိုးပမာ ဖြစ်သည်။ ဘရာဇီးဟူသော ဒေသအမည်မျှ ဘရာဇီးလူမျိုးဟူ၍ ပြောလာကြသလို ဖြစ်သည်။ တရုတ်တို့ဘက်မှ မှတ်တမ်းများတွင် “မြန်/မီယမ် တျင့် (緬甸)” ဟု ရေးသည်ကို တွေ့ရသည်။ မည်သို့ဆိုစေ စာလုံးရေးသည့်ခ...

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

    လူသားတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ မသိနားမလည်မှုကနေ ဉာဏ်ပညာဆီကို တမဟုတ်ချင်း ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်က ထင်ရှားတဲ့ အဆင့်အမျိုးမျိုးကို ဖြတ်သန်းသွားပြီး၊ အဆင့်တခုစီက ရှုပ်ထွေးမှုတွေကို နစ်မွန်းမသွားစေဘဲ လက်ခံနိုင်စွမ်းကို တိုးမြှင့်ပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်အလိုက် တင်းကျပ်စွာ သတ်မှတ်ထားတာ မဟုတ်ဘဲ၊ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စိတ်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပုံတွေ ကွဲပြားတာပဲ ဖြစ်ပါတယ်။ အောက်မှာတော့ အရှင်းလင်းဆုံး ရှင်းလင်းချက်ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ရွေ့လျားသွားတဲ့ ဒီအဆင့် ၅ ဆင့်အတွက် လမ်းပြမြေပုံတခုကို အသေအချာစဉ်းစားကြည့်ပြီး ဖော်ပြလိုက်ပါတယ်။ အဆင့် ၁။ ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်းအဆင့် ဘယ်သင်ယူမှုခရီးရဲ့ အစမှာမဆို စိတ်က ရှင်းလင်းပြတ်သားမှုကို လိုလားတယ်။ ခိုင်မာတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ လျင်မြန်တဲ့ အမျိုးအစားတွေကို လိုအပ်တယ်။ ဒါဟာ အားနည်းချက်မဟုတ်ဘဲ၊ ရှင်သန်ရေးအတွက် နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက်အတွဲတွေအဖြစ် ဦးနှောက်ထဲကို ဝင်...

မြန်မာနိုင်ငံ၏ အခြေအနေ

မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။ [1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။ မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီ...