Skip to main content

လွတ်လပ်ရေးရပြီးသည်မှ ယနေ့တိုင်


ဗမာ့လွတ်လပ်ရေးရယူစဉ်က နိုင်ငံရေးအဆင့်အတန်းတူ ပြည်နယ်/ပြည်ထောင်များ စုစည်းသည့် ပြည်ထောင်စုကို မျှော်ရည်ခဲ့ကြပါသည်။ သို့သော်လည်း ပထမဆုံးဖြစ်လာခဲ့သည့် ပြဿနာမှာ ဗမာနိုင်ငံရေး ခေါင်းဆောင်များက နိုင်ငံကြီးတနိုင်ငံတည်း၊ အမျိုးသားလူထုတခုတည်းဟု ရှုမြင်ခဲ့ပြီး ဌာနေတိုင်းရင်းသား ဒေသများကို တဆင့်နှိမ့်ဒေသများအဖြစ်၊ တနည်းအားဖြင့် အမျိုးသားနိုင်ငံကြီးတခုအတွင်းရှိ လက်အောက်ခံ ဒေသများသဖွယ် ရှုမြင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီက စတာလင်၏ National Question ကိုမှီငြမ်းပြောကြားသော မိန့်ခွန်းများအရ ဆိုဗီယက်ကဲ့သို့ပင် ပြည်မက ဦးဆောင်သော ဖက်ဒရေးရှင်းပုံစံကို တည်ဆောက်လိုသည်ဟု စာရေးသူအမြင်မှ သုံးသပ်ရ၏။ ဗိုလ်ချုပ်အောင်ဆန်း၏ အလွန်တွင်မူ အမျိုးသားရေး နိုးကြားနေသော ဗမာခေါင်းဆောင်များတွင် ကွန်မြူနစ်စနစ်ကို နှစ်သက်သူများ၊ ဖက်ဆစ်စနစ်ဘက် အားသာသူများ၊ ခေတ်ဟောင်းဘုရင်စနစ်ကို တမ်းတသူများ ရောနှောထားသော်လည်း ဖက်ဒရယ်စနစ်ကို တကယ်လိုလားသူမှာ များစွာမရှိလှဟု တွေ့ရှိရသည်။ မြန်မာ့လွတ်လပ်ရေးရကာစ ကာလများတွင်လည်း အာဏာရသူများမှာ လက်ဝဲများသာ ဖြစ်သည့်အတွက် အရင်းရှင် လစ်ဘရယ်ဒီမိုကရေစီသမားများ၏ခေတ် မဟုတ်ခဲ့ကြပေ။ ထို့အပြင် လွှတ်တော်ဆိုရာတွင်လည်း အများစုအနိုင်ရသည့် Westminster Model ကို အနည်းငယ်ပြင်ကာ ယူထားကြသည့်အတွက် တိုင်းရင်းသားအမျိုးသားလူထုများအတွက် နေရာများစွာ မရှိချေ။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရသွားသော်လည်း ကိုလိုနီတို့၏ စနစ်နှင့် ကိုလိုနီအမွေက ကျန်ခဲ့၏။ မြန်မာနိုင်ငံကို အင်္ဂလိပ်ကိုလိုနီဟု ပြောတတ်ကြသော်လည်း တကယ်တမ်း လာရောက်၍ အုပ်ချုပ်ကြသူ၊ စီးပွားရှာကြသူ အများအပြားက စကော့လူမျိုးများ ဖြစ်သည်။ သမ္မတဟောင်း ဒေါက်တာမောင်မောင်က ၁၉၄၇ ဖွဲ့စည်းပုံသည် စကော့လူမျိုးတို့ ရရှိထားသော အာဏာခွဲဝေမှု (Devolution) ပုံစံမျိုးနှင့် ဆင်တူပင် ဖြစ်သည်ဟု ဆိုသည်။[1] (အခြားနိုင်ငံဖွဲ့စည်းတည်ဆောက်ပုံများကိုလည်း ကြည့်ခဲ့ကြပါသည်။) နောက်တက် အစိုးရများက အမျိုးသားနိုင်ငံအိပ်မက်ကို ဆက်၍ မက်ကြသည်။ ကိုလိုနီ အမွေဖြစ်သည့် တပြည်ထောင်စီမံချက်ကိုပင် ဆက်လုပ်လိုကြသည်။ လူထုကြားတွင်လည်း ဗြိတိသျှက ပေးခဲ့သည့်၊ ဗြိတိသျှတို့ကို ဆန့်ကျင်ရင်း ကျန်ခဲ့သည့် ဗြူရိုကရေစီအမြင်၊ နယ်နိမိတ်၊ မြေပုံများကိုသာမက အတွေးများပါ အမွေရခဲ့လေသည်။ လွတ်လပ်ရေးသည် ယင်းအမွေများကို ဖယ်မထုတ်နိုင်ခဲ့ပေ။

လွတ်လပ်ပြီးစ မြန်မာနိုင်ငံတွင် နိုင်ငံထူထောင်ရေးနှင့်ပတ်သက်ပြီး အဓိကရှုထောင့် ကွဲပြားမှုနှစ်မျိုး ဆွေးနွေးနိုင်သည်။ ယင်းတို့မှာ နိုင်ငံရေးအိုင်ဒီယိုလော်ဂျီကို အခြေခံပြီးကွဲပြားသော ကွဲပြားမှု (ideological divide) နှင့် မိမိကြမ္မာမိမိဖန်တီးခွင့်ကို လိုလားသော အမျိုးသားလူထု အခြေပြုကွဲပြားမှု (ethnonational divide) ဟူ၍ ဖြစ်သည်။ ထိုကွဲပြားမှုများကို စီမံခန့်ခွဲရန် မနိုင်ခဲ့သည့်အတွက် လွတ်လပ်ပြီး ၃ လမျှ အကျော်တွင်ပင် လက်နက်ကိုင်တော်လှန်ရေးများ ကြီးထွားလာခဲ့ပြီး အစိုးရ၏နယ်မြေများ လက်လွှတ်လိုက် ရသည်။ ပထမကာလများတွင် အချုပ်အခြာပဋိပက္ခ၏ ပဓာနအဖွဲ့ကြီးများအဖြစ် ဆိုရှယ်လစ်အဖွဲ့များ၊ ကွန်မြူနစ်အဖွဲ့များနှင့်၊ ကရင်တော်လှန်ရေးလှုပ်ရှားမှုဟူ၍ သုံးခုရှိပြီး နောက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးစုံမှလည်း လွတ်မြောက်ရေး လှုပ်ရှားလာခဲ့ကြသည်။ ကြားထဲတွင် တရုတ်ကူမင်တန်တပ်များ၏ ကျူးကျော်မှုလည်း ရှိခဲ့သည်။

ဗမာ့နိုင်ငံရေးလှုပ်ခတ်မှုသည် တစတစ ပိုမို၍ ဆိုးရွားလာခဲ့ရာ ၁၉၅၈ တွင် ဖဆပလ နှစ်ခြမ်းကွဲသည်။ အာဏာသိမ်းမည်ကို သိထားသော ဦးနုမှ ဗိုလ်နေဝင်းထံ အာဏာထည့်၍လွှဲလိုက်ပြီး ဗိုလ်ချုပ်နေဝင်း၏ အိမ်စောင့်အစိုးရ ဖြစ်လာသည်။ ၁၉၅၉ ခုနှစ်တွင် သျှမ်းပြည်ထောင်စု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များကို စွက်ဖက်လျှော့ချပစ်ကာ ပြည်မစနစ်နှင့် တူစေခဲ့သည်။ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲတွင် သန့်ရှင်းဖဆပလ အနိုင်ရသည်။ ပြည်ထောင်စုပါတီဟု အမည်ပြောင်းသည်။ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ သို့သော် ဖက်ဒရယ်စနစ် အစစ်မှန်မဟုတ်သည့်အတွက် သမ္မတဟောင်းကြီး ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်တို့ ဦးဆောင်သော ဖက်ဒရယ်လှုပ်ရှားမှုများ ရှိလာသည်။ ဖက်ဒရယ်ကို ခွဲထွက်ရေးဟု ဝါဒဖြန့်ကာ နားလည်မှု လွှဲမှားခြင်းများလည်း ဖြစ်လာကြသည်။

စစ်တပ်လက်တွင်း အချုပ်အခြာအာဏာရောက်ဖူးပြီးသွားသည့်နောက် စစ်အာဏာသိမ်းယဉ်ကျေးမှု အစပျိုးတော့သည်။ ၁၉၆၂ ခုနှစ်တွင် ‌ဗိုလ်နေဝင်းက အာဏာထပ်သိမ်းပြီး စစ်အာဏာရှင်စနစ်ဖြင့် တော်လှန်ရေးကောင်စီအမည်ခံကာ တနိုင်ငံလုံးကို လွှမ်းမိုး၍ အုပ်ချုပ်လိုက်သည်။ ၁၂ နှစ်အကြာတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို ဖွဲ့စည်းကာ တပါတီစနစ်ဖြင့် အုပ်ချုပ်ပြန်သည်။ လူမှုစီးပွားရေး၊ နိုင်ငံရေး အမှားများစွာဖြင့် လူထုကိုဖိစီးနှိပ်စက်ခဲ့သည်။ ၁၉၈၈ ဇူလိုင်လ ၂၃ ရက်နေ့တွင် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်နေဝင်းသည် ရာထူးမှ အနားယူ၏။ ၁၉၈၈ ဩဂုတ်လ ၈ ရက်တွင်မူ သမိုင်းဝင် “ရှစ်လေးလုံး” လူထုအရေးတော်ပုံကြီး ဖြစ်လာသည်။

လူထုကို ရက်စက်စွာ နှိမ်နင်းခဲ့သလို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၏ နိုင်ငံတော်သမ္မတ ဒေါက်တာမောင်မောင်ထံမှ ဗိုလ်စောမောင်မှ စက်တင်ဘာ ၁၈ တွင် အာဏာသိမ်းလိုက်သည်။ ၁၉၇၄ ခုနှစ် မဆလဖွဲ့စည်းပုံကိုဖျက်၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့ (နဝတ- SLORC) ဟု အမည်တပ်၍ ဗိုလ်ချုပ်ကြီး စောမောင်က ဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်ကြီးသန်းရွှေက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။ လူထုလှုပ်ရှားမှုကြီးကို စစ်တပ်အင်အားဖြင့် ဖြိုခွဲသည်။ ပြီးနောက် ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်းနှင့် ပြီးလျှင်တပ်မတော်က ဘားတိုက်ပြန်မည်ဖြစ်ကြောင်း ပြောသည်။

မိခင်ဒေါ်ခင်ကြည်[2]မှာ လေဖြတ်ရောဂါ ခံစားနေရသဖြင့်၊ ၁၉၈၈ ခု မတ်လအကုန် ဧပြီလဆန်းတွင် မိခင်အား ပြုစုရန် မြန်မာနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ရောက်ရှိခဲ့သည်။၂၆ ဩဂုတ်လ ၁၉၈၈ ခု၊ ရွှေတီဂုံစေတီ အနောက်ဘက်မုခ်တွင် လူတသိန်းကျော် တက်ရောက်သည့် လူထုအစည်းအဝေးပွဲကြီးတွင် ပထမဦးဆုံး ပြည်သူများသို့ မိန့်ခွန်းကိုပြောကာ ဒေါ်အောင်ဆန်းစုကြည်လည်း မြန်မာ့နိုင်ငံရေး လောကတွင်း ရောက်လာတော့သည်။

၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့တွင် ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်မှ လက်နက်ဖြင့် အကြမ်းဖက် ဖြိုခွင်းပစ်လိုက်ပြီးနောက် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၁၉၈၈ ခုနှစ် ၂၂ ရက် စက်တင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မကတော့ မြန်မာပြည်သားတွေ ဘာအကြောင်းမှမရှိဘဲ အပစ်သတ်ခံရတယ် ဆိုတာကို တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံအားလုံးကို သိစေချင်ပါတယ်" ဟုဆိုခဲ့၏။[3]

၁၉၈၈ ခုနှစ်တွင် နောက်ပိုင်းကာလများသည် ဒီမိုကရေစီရေးလှုပ်ရှားမှု အားပြိုင်ခြင်းနှင့် စစ်တပ်အတွင်း ပုံစံပြောင်းခြင်းများ ဆက်တိုက်ဖြစ်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ပါတီပေါင်း ၂၃၅ ပါတီ ပေါ်ပေါက်လာသည်။ စက်တင်ဘာ ၂၇ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အခြားနိုင်ငံရေးပုဂ္ဂိုလ် ၁၁ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်မှ အထွေထွေအတွင်းရေးမှူးဖြင့် စတင်ဖွဲ့စည်း၏။ ၁၉၈၉ ဇူလိုင်လ ၂၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား န၀တ အစိုးရက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပုဒ်မ ၁၀(ခ) အရ နေအိမ်တွင် ချုပ်ထားကာ NLD ပါတီ ခေါင်းဆောင်နှင့် နိုင်ငံရေးခေါင်းဆောင် အများအပြားကိုလည်း ဖမ်းဆီးပြီး ၁၉၉၀ ခု မေလ ၂၇ ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပသည်။ NLD ပါတီ အနိုင်ရသော်လည်း အာဏာလွှဲမပေးပဲ စစ်အာဏာရှင်စနစ်သာ ကျင့်သုံးခဲ့သည်။

၁၉၉၂ ဧပြီလ ၂၃ ရက်နေ့တွင် ဗိုလ်စောမောင် နေမကောင်းဟု အကြောင်းပြကာ ဗိုလ်သန်းရွှေမှ နဝတအစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သည်။ ၁၉၉၇ မေလတွင် အစိုးရအဖွဲ့ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖြစ်ပြောင်းလဲ ဖွဲ့စည်းသည်။ ၂၀၀၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဦးနေဝင်း၏ သားမက်နှင့်‌ မြေး ၃ ဦးကို အာဏာလုရန်ကြံစည်မှုဖြင့် ဖမ်းဆီးသည်။ ၂၀၀၄ ခုနှစ် အောက်တိုဘာတွင် ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးမှ ဖယ်ရှားခံရသည်။

နဝတ စစ်အစိုးရအပေါ်သို့ ပြည်တွင်းပြည်ပ ဖိအားများစွာရှိခဲ့ပြီး နိုင်ငံရေးအသွင်ကူးပြောင်းရေးဘက် ဦးတည်လာသည်။ သို့နှင့် ဗိုလ်သန်းရွှေအစိုးရက ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြောင့် လူများစွာ သေဆုံးရချိန် ၁၄ နှစ်တာ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုလိုက်သည်။ ၂၀၁၀ နိုဝင်ဘာတွင် ရွေးကောက်ပွဲကျင်းပကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲကို အနိုင်ရသဖြင့် ၂၀၁၁ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်မှ သမ္မတတာဝန်ယူခဲ့သည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံရေးအပြောင်းအလဲအချို့ကို မြင်လာခဲ့ရသည်။ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် သပိတ်မှောက်ခဲ့သော NLD သည် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကာ လွှတ်တော်များထဲသို့ စတင်ဝင်ရောက်ခဲ့သည်။[4] နောင် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရကာ အစိုးရဖွဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတမဖြစ်နိုင်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်မှ မိမိသည် သမ္မတအထက်တွင် ပဲ့ကိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။[5] အာဏာရပြီးတွင် NLD ၏ ရွေးကောက်ပွဲကြေငြာစာတမ်းပါ တိုင်းရင်းသားများအပေါ်ပေးသည့် ကတိများကို မဖြည့်ဆည်းပေးခဲ့သည့် အတွက် တိုင်းရင်းသား ဦးဆောင်အဖွဲ့များနှင့် တင်းမာမှုများ ရှိလာခဲ့သည်။

ဦးသိန်းစိန်အစိုးရလက်ထက်နှင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်များတွင် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများလည်း ရှိခဲ့ပါသည်။ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement - NCA) ရေးထိုးရန် မူကြမ်းကို ဦးသိန်းစိန်အစိုးနှင့် ဖိတ်ကြားထားသူများက သဘောတူညီခဲ့ကြပြီး ကုလသမဂ္ဂ၊ ဗြိတိန်၊ နော်ဝေး၊ ဂျပန်နှင့် အမေရိကန်တို့မှ လေ့လာသူများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုး၍ အတည်ပြုခဲ့သည်။ (တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို မြန်မာ အစိုးရမှ "တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ" (EAOs) ဟုခေါ်ပါသည်။ ယနေ့ခေတ် နွေဦးတော်လှန်ရေးတွင် “တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ“ (EROs) ဟု ခေါ်လာကြသည်။) ဒေါ်အောင်ဆန်းစုကြည် လက်ထက်တွင် ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပကာ သဘောတူညီမှုများ ရှာဖွေခဲ့သည်မှာ စတုတ္ထအကြိမ်ညီလာခံအစည်းအဝေးများအထိ ရှိနေခဲ့သလို ကြားတွင်လည်း အဆင့်ဆင့် အစည်းအဝေးများစွာရှိခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) ကို အပိုင်း ၃ အထိ ရရှိခဲ့သည်။

ဆုတ်ယုတ်မှုတွင် ကာလရှည်ဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာအရေးမှာလည်း လူမျိုးသုဉ်းသတ်ဖြတ်မှုအထိ ရောက်သွားသလို ညီနောင်မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေငြာခြင်းများ ရှိခဲ့သည်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး တင်းမာမှုများဖြင့်ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ပြည်သူများ ဝန်းရံမှုများစွာရှိခဲ့သည်သာ။ ၂၀၂၁ ခုနှစ်တွင်လည်း NLD ပါတီ အပြတ်အသတ် ဆက်လက် အနိုင်ရသည့်အခါ ဗမာ့စစ်တပ်မှ အာဏာသိမ်းလိုက်သည့်အတွက် နိုင်ငံအနှံ့အပြားတွင် လူထုအစုံက ပုံစံမျိုးစုံဖြင့် ပါဝင်သည့် နွေဦးတော်လှန်ရေးကြီး ဖြစ်လာခဲ့တော့သည်။ နွေဦးတော်လှန်ရေးကြီးသည် အစတွင် လမ်းပေါ်သို့ထွက်ကာ ငြိမ်းချမ်းစွာဆန္ဒပြခြင်း ဖြစ်ခဲ့သော်လည်း စစ်တပ်မှ သေနတ်အစစ်ဖြင့် ပစ်ခတ်ခြင်းများကြောင့် ဆန္ဒပြသူများ၌ သေဆုံးမှုများစွာ ဖြစ်ခဲ့ပြီးချိန်တွင် လက်နက်ကိုင်တော်လှန်ရေးသို့ ပြောင်းလဲသွားခဲ့ပေသည်။

လက်ရှိမြန်မာ့နိုင်ငံရေးအကြောင်း ပြောကြသောအခါ အဆိုပါအကြောင်းအရာများကို ပြောကြရသည်။ ဒေသတွင်းနှင့်နိုင်ငံတကာတွင်ကော မြန်မာနိုင်ငံတွင်သာ ဗဟိုစစ်တပ်၏ အာဏာသိမ်းမှုနှင့် မြန်မာ့နိုင်ငံရေးကို သုံးသပ်မှုများကလည်း ပုံစံမျိုးစုံဖြင့် များစွာရှိကြသည်။ ထိုသုံးသပ်မှုများတွင် မပါဘဲ ကျန်ရှိနေတတ်သည်မှာ ဌာနေလူမျိုးဒေသများမှ လွတ်လပ်ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးလှုပ်ရှားမှုများပင် ဖြစ်ပေသည်။ 
-----------


[1] တကယ်တမ်းက စကော့တလန်၏ Devolution မှာ ၁၉၉၉ ခုနှစ်မှ တင်းပြည့်ကျပ်ပြည့် ဖြစ်ပါသည်။ ယခင် ၁၉၄၀ ခုနှစ်များဆီက (မြန်မာဖွဲ့စည်းပုံရေးစဉ်) စကော့တလန်သည် မိမိတို့၏ ကိုယ်ပိုင်ဥပဒေများ၊ ဘုရားကျောင်းများ၊ ပညာရေးဆိုင်ရာ အစီအစဉ်များတို့ကို သီးခြားထားရှိနိုင်ခဲ့သည်။ စကော့တလန်ရေးရာ ဝန်ကြီးသည် ဗြိတိသျှပြည်ထောင်စု အစိုးရအဖွဲ့၏ အဓိကအဖွဲ့ဝင် "ဝန်ကြီးအဖွဲ့အတွင်းရှိ စကော့တလန်၏ ကိုယ်စားလှယ်" သဖွယ် ဆောင်ရွက်ခဲ့ပြီး၊ စိန့်အင်ဒရူး အိမ်တော် (St Andrew's House) ဟုခေါ်သော ရုံးချုပ်မှနေ၍ စကော့တလန်ပြည်သူ့ရေးရာ ကိစ္စရပ်များကို အုပ်ချုပ်စီမံခဲ့သည်။ စကော့တလန်နိုင်ငံရေးသမားများက ဗြိတိသျှ ဗဟိုပါလီမန်တွင် စကော့တလန်နှင့် သက်ဆိုင်သော ဥပဒေအသစ်များကို မိမိတို့ မနှစ်သက်ပါက ဆန့်ကျင်ပယ်ချနိုင်သည့် အထူးအခွင့်အရေး (veto) ရှိသည်ဟုလည်း ထိုစဉ်က ယူဆခဲ့ကြပေသည်။ သို့သော် ယနေ့ကဲ့သို့ စနစ်မျိုးမဟုတ်ပေ။ https://www.thenational.scot/news/18486303.burmas-constitution-links-devolution-scotland

[2] ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်ပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲတွင် သူမသည်သူမ၏ခင်ပွန်း၏ မဲဆန္ဒနယ်ဖြစ်သော လမ်းမတော်မြို့နယ်အတွက် မဲဆန္ဒနယ်ညီလာခံ၏ အဖွဲ့ဝင်အဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ ဖဆပလ အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ဖဆပလ နှစ်ခြမ်းကွဲသောအခါ ဦးနုဘက်က ဖြစ်ခဲ့သည်။ ၁၉၆၀ခုနှစ် မေလ ၁၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံရှိ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရပြီး တလအကြာတွင် နီပေါနိုင်ငံ အတွက်လည်း သံအမတ်ခန့်အပ်ခံခဲ့ရပြီး ထို့သို့ ခန့်အပ်ခံရသော ပထမဆုံးအမျိုးသမီးဖြစ်ခဲ့သည်။ ၁၉၈၈ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင်ကွယ်လွန်ခဲ့သည်။

[3] Smith, M. (1999). Burma: Insurgency and the politics of ethnicity (2nd ed.). Zed Books.

[4] ဤရွေးကောက်ပွဲတွင် နိုင်ငံရေးအရ လက်တွဲထား၍ စစ်တပ်လုပ်သည့် ရွေးကောက်ပွဲကို မဝင်ရေးရပ်တည်ကြသည့် တိုင်းရင်းသားပါတီများနှင့် သဘောတူညီထားမှု စတင်ပျက်၍၊ တိုင်းရင်းသားပါတီအုပ်စုများ ဘက်မှလည်း “ဖွံ့ဖြိုးရေး” အမည်ပါသည့် နိုင်ငံရေးပါတီအချို့ ထွက်လာခဲ့သည်။

[5] Tom. (2015, November 4). “သမ္မတအထက်မှ” ပဲ့ကိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော. Myanmar Now. https://myanmar-now.org/mm/news/1792/

Comments

Popular posts from this blog

ပဒေသရာဇ် ဘုရင်ခေတ်များ - နိဒါန်း

ယခုမြန်မာနိုင်ငံဟု သိကြသော ဒေသကို အိန္ဒိယဘက်မှ စာများတွင် ဗြဟ္မာ့ဒေသ (ဗရမာဒေ့ရှ်) ဟု ညွှန်းကြသည်ကို တွေ့ရသည်။ မြို့အမည်၊ မြစ်အမည်များကို ဟိန္ဒူတို့၏ နတ်ဗြဟ္မာအမည်များ မှည့်ခေါ်ကြရာ ဗိဿနိုးမြို့၊ ဘိန္နကမြို့ (သီဝနတ်ဘုရားနှင့် ဆက်စပ်နိုင်)၊ သျှရီခတ္တရာ၊ သူရဿတီ (တနည်း သာယာဝတီ- ယခုချင်းတွင်းမြစ်)၊ ဧရာဝတီ (ဧရာဝဏ်ဆင်အမည်) စသည်ဖြင့် တွေ့ရတတ်သည့်အတိုင်း ဖြစ်သည်။ အရှေ့ဘက်ဆက်လျှင် ဒွာရဝတီ၊ လဝ (ရာမ၏ သားတော်) စသည့် အမည်များ ပေးကြသည်။ ယခုဗီယက်နမ်အထိ ဒေသဘက်ကိုမူ အင်ဒရာဒီပ (မိုးကြိုးနတ်ဘုရင်၏ကျွန်း) ဟု ခေါ်ကြ၏။ အင်ဒရာပူရ (သိကြားမြို့) လည်း ရှိသည်။ ခုနှစ်ကို သိကြားနှစ် (သက္ကရာဇ - သက္ကရာဇ်) ဟုခေါ်၏။ ဒေသကိုအခြေခံသည့် အခေါ်အဝေါ်များမှ ဗမာ၊ နောင်တွင် မြန်မာ ဟူသည့် လူမျိုးကိုညွှန်းသော စကားလုံးများ ဖြစ်လာသည်ဟု ယူဆရသည်။ [1] ဒေသကို ခေါ်သည့် အခေါ်အဝေါ်မှ လူမျိုးအမည်အဖြစ် ပြောင်းလဲလာမှုမှာ မစိမ်းပါ။ ဥပမာ ထိုင်းနိုင်ငံ၊ ထိုင်းလူမျိုးပမာ ဖြစ်သည်။ ဘရာဇီးဟူသော ဒေသအမည်မျှ ဘရာဇီးလူမျိုးဟူ၍ ပြောလာကြသလို ဖြစ်သည်။ တရုတ်တို့ဘက်မှ မှတ်တမ်းများတွင် “မြန်/မီယမ် တျင့် (緬甸)” ဟု ရေးသည်ကို တွေ့ရသည်။ မည်သို့ဆိုစေ စာလုံးရေးသည့်ခ...

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

    လူသားတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ မသိနားမလည်မှုကနေ ဉာဏ်ပညာဆီကို တမဟုတ်ချင်း ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်က ထင်ရှားတဲ့ အဆင့်အမျိုးမျိုးကို ဖြတ်သန်းသွားပြီး၊ အဆင့်တခုစီက ရှုပ်ထွေးမှုတွေကို နစ်မွန်းမသွားစေဘဲ လက်ခံနိုင်စွမ်းကို တိုးမြှင့်ပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်အလိုက် တင်းကျပ်စွာ သတ်မှတ်ထားတာ မဟုတ်ဘဲ၊ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စိတ်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပုံတွေ ကွဲပြားတာပဲ ဖြစ်ပါတယ်။ အောက်မှာတော့ အရှင်းလင်းဆုံး ရှင်းလင်းချက်ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ရွေ့လျားသွားတဲ့ ဒီအဆင့် ၅ ဆင့်အတွက် လမ်းပြမြေပုံတခုကို အသေအချာစဉ်းစားကြည့်ပြီး ဖော်ပြလိုက်ပါတယ်။ အဆင့် ၁။ ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်းအဆင့် ဘယ်သင်ယူမှုခရီးရဲ့ အစမှာမဆို စိတ်က ရှင်းလင်းပြတ်သားမှုကို လိုလားတယ်။ ခိုင်မာတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ လျင်မြန်တဲ့ အမျိုးအစားတွေကို လိုအပ်တယ်။ ဒါဟာ အားနည်းချက်မဟုတ်ဘဲ၊ ရှင်သန်ရေးအတွက် နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက်အတွဲတွေအဖြစ် ဦးနှောက်ထဲကို ဝင်...

မြန်မာနိုင်ငံ၏ အခြေအနေ

မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။ [1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။ မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီ...