ဒီကနေ့ခေတ်
နိုင်ငံတကာ သတင်းတွေကို ကြည့်လိုက်ရင် "နယ်စပ်မျဉ်း တလက်မကျော်လို့
ပစ်ခတ်မှုဖြစ်ပွား" ဆိုတာမျိုး မကြာခဏ တွေ့ရတယ်။ ခေတ်သစ် နိုင်ငံတွေအတွက်
"မြေနေရာ" (Territory) ဆိုတာ အသက်ထက် အရေးကြီးတဲ့ အရာပဲ။ မြေပုံပေါ်က
မျဉ်းကြောင်းကို ကာကွယ်ဖို့ စစ်တိုက်ကြတယ်။
ဒါပေမဲ့ ရှေးခေတ် ပုဂံ၊ အင်းဝ၊ ဟံသာဝတီ ခေတ်တွေတုန်းက ဘုရင်တွေ စစ်တိုက်တာ "မြေ လိုချင်လို့" မဟုတ်ပါဘူး။
သူတို့ လိုချင်တာကတော့ "လူ" (People) ပဲ။
သမိုင်းပညာရှင်တွေက
ရှေးခေတ် အရှေ့တောင်အာရှကို "Underpopulated Region" (လူဦးရေ နည်းပါးတဲ့
ဒေသ) လို့ သတ်မှတ်ခဲ့ကြတယ်။ မြေဆီလွှာ ကောင်းမွန်ပြီး စိုက်ပျိုးမြေတွေ
ပေါများပေမဲ့၊ အဲဒီမြေကို ထွန်ယက်စိုက်ပျိုးမယ့် "လူ" က အမြဲတမ်း
ရှားပါးနေခဲ့တယ်။
၁။ မြေက ပေါပြီး လူက ရှားခဲ့တယ်
ရှေးခေတ်
ဘောဂဗေဒအရ မြေလွတ်မြေရိုင်းတွေ အများကြီး ရှိတယ်။ ဘယ်သူမဆို
သွားခုတ်ထွင်ပြီး နေလို့ရတယ်။ ဒါပေမဲ့ "လူ" မရှိရင် အဲဒီမြေဟာ အလဟဿပဲ။
အခွန်ကောက်စရာ လူမရှိရင်၊ စစ်တိုက်ပေးမယ့် လူမရှိရင် ဘုရင် လုပ်လို့
မရပါဘူး။
ဒါကြောင့် အင်အားကြီးတဲ့
ဘုရင်ဆိုတာ "နယ်မြေကျယ်တဲ့ဘုရင်" မဟုတ်ဘဲ၊ "လူဦးရေ များတဲ့ ဘုရင်" (King of
People, not King of Land) သာ ဖြစ်တယ်။ ကျောက်စာတွေမှာ "အိမ်ခြေ
ထောင်ချီရှိတယ်"၊ "ကျေးကျွန် သောင်းချီရှိတယ်" လို့ ဂုဏ်ယူစွာ
ရေးထိုးလေ့ရှိတာက ဒီအချက်ကြောင့် ဖြစ်တယ်။
၂။ စစ်ပွဲလော၊ လူဖမ်းပွဲလော (Warfare as Raiding)
ဘုရင့်နောင်
မင်းတရားကြီး ယိုးဒယား (အယုဒ္ဓယ) ကို ချီတက်တိုက်ခိုက်တဲ့ ဖြစ်စဉ်ကို
ကြည့်ပါ။ မြို့ကို သိမ်းပိုက်ပြီးတဲ့အခါ သူက ယိုးဒယားမြေကို မြန်မာပြည်ထဲ
ထည့်လိုက်သလား။ မထည့်ပါဘူး။ ယိုးဒယားဘုရင်ကို သစ္စာပေးပြီး
ပြန်အုပ်ချုပ်ခိုင်းခဲ့တယ် (နယ်မြေကို သိမ်းယူလိုစိတ် မရှိခဲ့ဘူး)။
ဒါပေမဲ့ သူ ယူပြန်လာတာကတော့
ယိုးဒယား မင်းညီမင်းသားတွေ၊
အတတ်ပညာရှင်တွေ (လက်သမား၊ ပန်းချီ၊ ဂီတ၊ အက၊ ဆံသ၊ ပန်းပဲ)၊
သာမန် ပြည်သူထောင်ပေါင်းများစွာ။
တခြားနေရာလည်း ဒီအတိုင်းပဲ။
သူတို့ကို
ပဲခူး (ဟံသာဝတီ) နဲ့ အင်းဝ တဝိုက်မှာ "အစု" တွေ ဖွဲ့ပြီး နေရာချထားပေးတယ်။
ဒါကို ကြည့်ရင် ရှေးခေတ်စစ်ပွဲတွေဟာ "လူဖမ်းပွဲများ" (Raids for Manpower)
သာ ဖြစ်တယ်ဆိုတာ တွေ့ရတယ်။ ရန်သူ့နိုင်ငံကို "လူဦးရေ လျော့နည်းသွားအောင်"
(Depopulation) လုပ်ပြီး၊ မိမိနိုင်ငံကို "လူဦးရေ ဖြည့်တင်းခြင်း"
(Repopulation) လုပ်တာ ဖြစ်တယ်။
စစ်သုံ့ပန်းတွေကို "လမိုင်းမြေ" မှာ နေရာချပြီး လယ်ယာစိုက်ပျိုးလို့ အစားအသောက် ထုတ်လုပ်စေတယ်။
၃။ မြို့ပျက်ကြီးများရဲ့ လျှို့ဝှက်ချက်
ရှေးခေတ်
စစ်ပွဲတွေမှာ စစ်ရှုံးတဲ့ ဘုရင်တွေက မြို့ကို စွန့်ခွာပြီး တောထဲ
ထွက်ပြေးလေ့ရှိတယ်။ ဒါကို "သတ္တိမရှိဘူး" လို့ ထင်စရာရှိပေမဲ့၊
တကယ်တမ်းကျတော့ ဒါဟာ "Scorched Earth Policy" (မြေလှန်စနစ်) တမျိုးပဲ။
ရန်သူက
"လူ" လိုချင်လို့ လာတိုက်တာ။ မိမိက မြို့ထဲမှာ လူမကျန်အောင်
ခေါ်ထုတ်သွားရင် ရန်သူ့အတွက် ဘာမှ ရစရာ မရှိတော့ဘူး။ ရိက္ခာ မရှိ၊
လုပ်အားပေးမယ့် လူမရှိရင် ရန်သူ့စစ်တပ်ကြီး ရေရှည် ရပ်တည်လို့ မရနိုင်ဘူး။
ဒါကြောင့်
ရှေးခေတ် မွန်-မြန်မာ စစ်ပွဲတွေ၊ ထိုင်း-မြန်မာ စစ်ပွဲတွေမှာ မြို့ကြီးတွေ
မီးလောင်တိုက်သွင်း ခံရတာ၊ လူမရှိဘဲ ဟာလာဟင်းလင်း ဖြစ်ကျန်ခဲ့တာတွေဟာ
"ရက်စက်မှု" သက်သက်ကြောင့် မဟုတ်ဘဲ၊ ရန်သူကို "အဖတ်မတင်အောင်" လုပ်တဲ့
မဟာဗျူဟာတွေ ဖြစ်တယ်။
၄။ ခေတ်သစ် မြေပုံများရဲ့ အမှား
ဒီကနေ့ခေတ်
သမိုင်းစာအုပ်တွေထဲက "အင်ပါယာ မြေပုံ" တွေဟာ ဘုရင်တွေရဲ့ အာဏာစက်ကို
အရောင်တွေ ခြယ်ပြီး ပြလေ့ရှိတယ်။ "ဘုရင့်နောင် လက်ထက်မှာ မြန်မာနိုင်ငံဟာ
အရှေ့တောင်အာရှမှာ အကျယ်ဝန်းဆုံး ဖြစ်တယ်" ဆိုပြီး ဂုဏ်ယူကြတယ်။
တကယ်တမ်း
ပြောရရင် "အကျယ်ဝန်းဆုံး" (Largest Territory) ဆိုတာ သူ့ချည်းသက်သက်
အဓိပ္ပာယ် မရှိဘူး။ နယ်ကျယ်တာကို ဂုဏ်မယူခဲ့ဘူးလို့ ဆိုလိုတာမဟုတ်ဘူး။
"လူအများဆုံး စုစည်းနိုင်ခဲ့ခြင်း" (Largest Mobilization) သာလျှင်
အရှိတရား ဖြစ်တယ်။ အဲဒီခေတ်က မြေပုံပေါ်က တောတောင်တွေ၊ မြေလွတ်တွေကို
ဘုရင်က ပိုင်စိုးတယ်ဆိုတာ စိတ်ကူးယဉ် သက်သက်ပဲ ဖြစ်တယ်။ အဲဒီဒေသတွေမှာ
လူမနေရင်၊ ဒါမှမဟုတ် နေတဲ့လူက ဘုရင့်ကို အခွန်မဆောင်ရင် အဲဒီမြေဟာ
အဓိပ္ပာယ်ရှိတဲ့နေရာ မဟုတ်ပါဘူး။ ဒီနေ့ခေတ်လို ဘူဒိုဇာနဲ့ထိုးပြီး
လာတည်မယ့် ကုမ္ပဏီတွေလည်း မရှိပါ။
ရှေးခေတ်
ဘုရင့်နိုင်ငံရေးကို နားလည်ဖို့ဆိုရင် "နယ်မြေ" (Land) ကို ဗဟိုပြုတဲ့
အတွေးအခေါ်ကနေ "လူ" (People) ကို ဗဟိုပြုတဲ့ အတွေးအခေါ်ကို
ပြောင်းလဲရပါလိမ့်မယ်။
ဘုရင်တွေ
စစ်တိုက်ခဲ့ကြတာ "တိုင်းပြည် ချဲ့ထွင်ဖို့" ဆိုတာထက်၊ သူတို့ရဲ့
"ထုတ်လုပ်နိုင်စွမ်း" (Production Capacity) နဲ့ "စစ်ရေးအင်အား" (Military
Capacity) ကို ဖြည့်တင်းဖို့အတွက် "လူသား အရင်းအမြစ်" (Human Capital) ကို
လိုက်လံ စုဆောင်းခဲ့ခြင်းသာပင်မဖြစ်တယ်။
ဒီအချက်ကို
နားလည်မှသာလျှင် "ကျွန်ပြုခြင်း"၊ "အစုလိုက် ပြောင်းရွှေ့နေရာချထားခြင်း"
(Forced Resettlement) နဲ့ "မြို့ဖျက်စစ်ပွဲများ" ရဲ့ ရက်စက်ကြမ်းကြုတ်မှု
ယုတ္တိဗေဒ (Brutal Logic) ကို သဘောပေါက်နိုင်မှာ ဖြစ်တယ်။
Comments
Post a Comment