Skip to main content

ကုန်သွယ်ရေး၊ မဏ္ဍလနဲ့ နိုင်ငံခြားသား (မဏ္ဍလဆောင်းပါးတွဲ၊ ၆)

မြန်မာ့သမိုင်းကို သင်ကြားတဲ့အခါ မိမိတို့ မြင်ရလေ့ရှိတဲ့ ပုံရိပ်ကတော့ "မိုးကောင်းရင် စပါးထွက်မယ်၊ စပါးထွက်ရင် တိုင်းပြည်အေးချမ်းမယ်၊ ဘုရားတည်မယ်" ဆိုတဲ့ ရိုးရှင်းတဲ့ "လယ်သမား နိုင်ငံ" (Agrarian State) ပုံစံမျိုး ဖြစ်တယ်။ မြန်မာဘုရင်တွေဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ် မလုပ်ဘဲ၊ ကိုယ့်ဖာသာကိုယ် တံခါးပိတ် နေထိုင်ခဲ့ကြတယ်လို့လည်း မဘသ ဝါဒဖြန့်တဲ့အတိုင်း ထင်မှတ်မှားလေ့ ရှိကြတယ်။

ဒါပေမဲ့ မေးခွန်းတခု ရှိလာတယ်။

ရွှေတိဂုံဘုရား၊ ရွှေစည်းခုံဘုရားတွေမှာ ကပ်လှူထားတဲ့ တန်ချိန်နဲ့ချီတဲ့ ရွှေတွေ၊ ကျောက်မျက်ရတနာတွေဟာ စပါးစိုက်ရုံနဲ့ ရနိုင်ပါ့မလား။

အဖြေကတော့ "မရနိုင်ဘူး" ပဲ။ ရှေးခေတ် မြန်မာ့မဏ္ဍလတွေဟာ စိုက်ပျိုးရေးကို အခြေခံတာ မှန်ပေမဲ့၊ သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ စစ်ရေးအင်အားကို ပံ့ပိုးပေးခဲ့တာက "နိုင်ငံတကာ ကုန်သွယ်ရေး" (International Trade) ပဲ ဖြစ်တယ်။

၁။ ပထဝီက ပေးတဲ့ လက်ဆောင် (Strategic Location)

မြန်မာနိုင်ငံရဲ့ မြေပုံကို သေချာကြည့်လိုက်ရင် -

မြောက်ဘက်မှာ ကမ္ဘာ့လူဦးရေ အများဆုံးနဲ့ ကုန်ထုတ်လုပ်မှု အများဆုံး "တရုတ်" ရှိတယ်။
အနောက်ဘက်မှာ ဟင်းခတ်အမွှေးအကြိုင်နဲ့ အထည်အလိပ် ကြွယ်ဝတဲ့ "အိန္ဒိယ" ရှိတယ်။
တောင်ဘက်မှာ ကမ္ဘာ့ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းမကြီး (Maritime Silk Road) ရှိတယ်။

ရှေးခေတ် ဧရာဝတီမြစ်ဝှမ်းဒေသနဲ့ ကမ်းရိုးတမ်းကမဏ္ဍလ (ပုဂံ၊ အင်းဝ၊ ဟံသာဝတီ၊ ထားဝယ်) တို့ဟာ ဒီဧရာမ စီးပွားရေးဇုန်ကြီးတွေရဲ့ "လမ်းဆုံလမ်းခွ" (Crossroads) မှာ တည်ရှိနေတယ်။ တရုတ်ပြည် ယူနန်နယ်က ကုန်ပစ္စည်းတွေ အိန္ဒိယကို သွားချင်ရင် ဧရာဝတီမြစ်ဝှမ်းကို ဖြတ်ရတယ်။ အိန္ဒိယက ကုန်သည်တွေ အရှေ့တောင်အာရှကို လာရင် မုတ္တမ၊ ပုသိမ် ဆိပ်ကမ်းတွေကို ဝင်ရတယ်။

ဒါကြောင့် ရှေးခေတ်ဧရာဝတီမြစ်ဝှမ်းက ဘုရင်တွေဟာ "လယ်ရှင်" (Landlord) တွေ သက်သက် မဟုတ်ဘဲ၊ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ထိန်းချုပ်ပြီး အခွန်ကောက်တဲ့ "ဂိတ်မှူး" (Toll Gate Keepers) တွေလည်း ဖြစ်ခဲ့ကြတယ်။

၂။ ဆိပ်ကမ်းမြို့ပြ နိုင်ငံများ (Port Polities)

အထူးသဖြင့် ယနေ့မြန်မာဒေသအောက်ပိုင်း (ဟံသာဝတီ၊ မုတ္တမ၊ မြောက်ဦး) တို့ဟာ "စိုက်ပျိုးရေးနိုင်ငံ" ထက် "ဆိပ်ကမ်းမြို့ပြ နိုင်ငံများ" (Port Polities) သဘော ပိုဆောင်တယ်။

ဟံသာဝတီမဏ္ဍလ- ၁၅ ရာစု၊ ၁၆ ရာစုလောက်တုန်းက ပဲခူးမြို့ဟာ အရှေ့တောင်အာရှရဲ့ "စင်ကာပူ" သဖွယ် စည်ကားခဲ့တယ်။ အီတလီ၊ အာရပ်၊ ပေါ်တူဂီ၊ အိန္ဒိယ ကုန်သည်တွေဟာ ပဲခူးမှာ ရုံးခန်းဖွင့်ပြီး ရောင်းဝယ်ကြတယ်။ ဘုရင့်နောင်မင်းတရားကြီးရဲ့ ကြွယ်ဝမှုဟာ ကျောက်ဆည်လယ်ကွင်းတွေက လာတာမဟုတ်ဘဲ၊ ဒီဆိပ်ကမ်းတွေကရတဲ့ "အကောက်ခွန်" (Customs Duty) တွေက လာတာဖြစ်တယ်။

မြောက်ဦးမဏ္ဍလ - ရခိုင်ဘုရင်တွေဟာ ဘင်္ဂလားပင်လယ်အော်ကို စိုးမိုးထားတဲ့ "ရေတပ် အင်ပါယာ" (Thalassocracy) တစ်ခုကို တည်ထောင်ခဲ့တယ်။ သူတို့ဟာ ဒတ်ချ် (Dutch) ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး ကျွန်ကုန်ကူးတာ၊ ဆန်တင်ပို့တာတွေနဲ့ ကြွယ်ဝခဲ့တယ်။

၃။ ပြည်တွင်းဖူလုံရေး နဲ့ ပြည်ပပို့ကုန် (Rice for Food, Luxuries for Wealth)

"စိုက်ပျိုးရေးက အရေးမကြီးဘူးလား" ဆိုရင် အရေးကြီးတယ်။ ဒါပေမဲ့ သူတို့ရဲ့ အခန်းကဏ္ဍ မတူဘူး။

ဆန်စပါး - ပြည်သူတွေ ဝမ်းစာဖူလုံဖို့နဲ့ စစ်တပ်ကို ကျွေးမွေးဖို့ (Stability) အတွက် အရေးကြီးတယ်။

ပို့ကုန်များ (ကျွန်းသစ်၊ ပတ္တမြား၊ တွင်းထွက်၊ ကျွဲချို) - ဘုရင်တွေရဲ့ ဘဏ္ဍာတိုက် ဖြည့်ဖို့နဲ့ ပြည်ပကနေ လက်နက်တွေ ဝယ်ဖို့ (Prosperity & Power) အတွက် အရေးကြီးတယ်။

တောင်ငူခေတ် မြန်မာဘုရင်တွေ နယ်မြေချဲ့ထွင်နိုင်ခဲ့ခြင်းရဲ့ အဓိက လျှို့ဝှက်ချက်ဟာ ပေါ်တူဂီတွေဆီကနေ "ခေတ်မီ သေနတ်နဲ့ အမြောက်များ" (Muskets and Cannons) ကို ဝယ်ယူနိုင်ခဲ့တာကြောင့် ဖြစ်တယ်။ အဲဒီလက်နက်တွေကို ဝယ်ဖို့ ဆန်ပေးလို့ မရဘူး၊ နိုင်ငံတကာ ငွေကြေး (Silver/Gold) ဒါမှမဟုတ် တန်ဖိုးကြီး ကုန်ပစ္စည်းတွေ လိုအပ်တယ်။ ဂန်ဇာနဲ့ပေးတယ်။ အဲဒီငွေကြေးကို ကုန်သွယ်ရေးကသာ ရှာဖွေပေးနိုင်ခဲ့တယ်။

၄။ "အထီးကျန်ဝါဒ" (Isolationism) ဒဏ္ဍာရီ

ခေတ်သစ် သမိုင်းဆရာတချို့နဲ့ စစ်အာဏာရှင် ခေတ်ဦးကာလ (နေဝင်းခေတ်) မှာ "မြန်မာတွေဟာ ကိုယ့်ဖာသာ နေတတ်တဲ့သူတွေ ဖြစ်တယ်" လို့ ဝါဒဖြန့်ခဲ့ကြတယ်။ နိုင်ငံခြားသားတွေနဲ့ ဆက်ဆံရင် တိုင်းပြည်ပျက်တတ်တယ်လို့ ပုံဖော်ကြတယ်။ ဒီနေ့ထိ စစ်လော်ဘီတွေက နိုင်ငံခြားသားတွေနဲ့ မဆက်စပ်ခဲ့ဖူးတဲ့ အဖြူထည်လေးတွေလို ပြောကြတာပဲ။

ဒါဟာ သမိုင်းလိမ် တခုပဲ။

ပုဂံခေတ် ဘုရားတွေကို ကြည့်ရင် အိန္ဒိယ ဗိသုကာလက်ရာ လွှမ်းမိုးမှုကို တွေ့ရမယ်။ ဘာသာစကားက အစပဲ။
တပင်ရွှေထီးဆီမှာ ပေါ်တူဂီအမှုထမ်းတွေ အများကြီးပဲ။
ရခိုင်ဘုရင်တွေမှာ ဆာမူရိုင်းသက်တော်စောင့်တွေ ရှိတယ်လို့ အထောက်အထားတချို့က ဆိုတယ်။
ကုန်းဘောင်ခေတ် ဈေးကွက်တွေမှာ ဗြိတိန်လုပ် အထည်အလိပ်တွေ၊ တရုတ်လုပ် ပိုးထည်တွေ ပေါများခဲ့တယ်။

ရှေးခေတ် ဧရာဝတီမြစ်ဝှမ်းနဲ့ ကမ်းရိုးတန်းဘုရင်တွေဟာ "တံခါးပိတ်ဝါဒ" ကို ဘယ်တုန်းကမှ မကျင့်သုံးခဲ့ဘူး။ သူတို့ဟာ ကမ္ဘာ့စီးပွားရေး (Global Economy) ရဲ့ အစိတ်အပိုင်း ဖြစ်ချင်ခဲ့ကြသူတွေသာ ဖြစ်တယ်။

မိမိတို့ရဲ့ ရှေးခေတ်နိုင်ငံတွေဟာ "တောထဲက လယ်သမားနိုင်ငံ" တွေ မဟုတ်ခဲ့ဘူး။ အာရှတိုက်ရဲ့ အရေးပါတဲ့ "စီးပွားရေး စင်္ကြံ" (Economic Corridor) ပေါ်မှာ တည်ရှိပြီး၊ အဲဒီအခွင့်အရေးကို အသုံးချကာ ကြွယ်ဝချမ်းသာခဲ့တဲ့ နိုင်ငံတွေ ဖြစ်တယ်။

ဒီကနေ့ခေတ် မြန်မာနိုင်ငံ ဆင်းရဲရတာဟာ စိုက်ပျိုးရေး မကောင်းလို့ မဟုတ်ဘူး။ စစ်အာဏာရှင် အဆက်ဆက်က နိုင်ငံကို ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းပေါ်ကနေ ဆွဲချပြီး "တံခါးပိတ်" ပစ်လိုက်ခြင်း (Self-imposed Isolation) နဲ့ အမျိုးသားနိုင်ငံအရမ်းတည်ထောင်ချင်ကြတဲ့ ရောဂါတွေကြောင့်သာ ဖြစ်ကြောင်း သမိုင်းက သက်သေပြနေတာပါပဲ။

Comments

Popular posts from this blog

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

လူတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ ဘာမှမသိတဲ့ အခြေအနေကနေ ဉာဏ်ပညာ ပွင့်လင်းသွားတဲ့ အဆင့်ဆီ ချက်ချင်းကြီး ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်မှာ ဖြတ်သန်းရတဲ့ အဆင့်တွေ ရှိတယ်။ အဆင့်တခုစီက ရှုပ်ထွေးမှုတွေထဲ နစ်မွန်းမသွားစေဘဲ အကြောင်းအရာတွေကို ပိုပြီး လက်ခံနိုင်စွမ်း ရှိလာအောင် ကူညီပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်နဲ့ တင်းတင်းကျပ်ကျပ် သတ်မှတ်ကန့်သတ်ခံထားတာမျိုး မဟုတ်ဘဲ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ ပိုရှင်းအောင်ပြောရရင် ဦးနှောက်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ် ဖွင့်ဆိုပုံတွေ ကွဲပြားသွားတာပါ။ အရှင်းလင်းဆုံး ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ပြောင်းလဲသွားတဲ့ ဒီအဆင့် ၅ ဆင့်အကြောင်းကို အသေအချာ လေ့လာကြည့်ကြရအောင်။   အဆင့် ၁ - ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်း ဘယ်သင်ယူမှု ခရီးစဉ်မှာမဆို အစပိုင်းမှာ ဦးနှောက်က ရှင်းလင်းပြတ်သားမှုကိုပဲ လိုလားတယ်။ ပြတ်သားတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ မြန်မြန်ဆန်ဆန် ခွဲခြားသတ်မှတ်နိုင်ဖို့ လိုအပ်တယ်။ ဒါဟာ အားနည်းချက် မဟုတ်ဘဲ ရှင်သန်ရေးအတွက် သုံးတဲ့ နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက် အတွဲလိ...

မြန်မာနိုင်ငံ၏ အခြေအနေ

မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။ [1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။ မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီ...

ရာမညဒေသနှင့် မွန်အမျိုးသားလူထု နိုင်ငံရေးအမွေအနှစ်

မွန်လူမျိုးများသည် နှစ်ပေါင်းထောင်ချီသမိုင်းနှင့် တည်ရှိသောလူမျိုးများဖြစ်သည်။ ပြည်ထောင်စုရှိ အခြားတိုင်းရင်းသားများနှင့် ကွဲပြားသော ဘာသာစကားနှင့် ယဉ်ကျေးမှု လက္ခဏာများ ရှိကြသည်။ ဒေသတွင်းတွင် လူမျိုးအများစု ပြောသောစကားများမှာ Sino-Tibetan ဘာသာစကား အနွယ်ဝင် ဖြစ်သော်လည်း မွန်တို့ပြောသော ဘာသာစကားမှာ ဝ၊ တအာင်းတို့နှင့် အနွယ်တူသည့် Austroasiatic ဘာသာစကားအနွယ်ဝင် ဖြစ်သည်။ ပို၍စောသည့် Proti-austroasiatic ဘာသာစကားများကိုမူ တရုတ်ပြည်တောင်ပိုင်း သို့မဟုတ် ဗီယက်နမ်မြစ်နီမြစ်ဝှမ်းဘက်တွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ မှ ၅၀၀၀ ကြား စတင်ခဲ့သည်ဟုမှန်းရပြီး မွန်ခမာအနွယ်တို့သည် တရုတ်ပြည်မှ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများသို့ ပျံ့နှံ့သည်ဟု ပညာရှင်များက ယူဆကြသည်။ အိန္ဒိယအရှေ့ပိုင်းရှိ မုန်ဒ/မွန်ဒလူမျိုးများသည်လည်း Austroasiatic ဘာသာစကားပြောကြသူများ ဖြစ်သည်။ သမိုင်းပညာရှင်များက ယင်းလူမျိုးများကို အရှေ့တောင်အာရှတွင် ဆန်စပါးစိုက်ပျိုးခြင်းကို ကျွမ်းကျင်ခဲ့ကြသော ရှေးဦးမျိုးနွယ်များဖြစ်သည်ဟု ယုံကြည်ကြသည်။ [1] မွန်တို့သည် ဒေသတွင်း ပထမဆုံး အိန္ဒိယဒေသ အက္ခရာများကို လက်ခံကျင့်သုံးပြီး သက္ကတနှင့် ပါဠိ ဘာသာတ...