Skip to main content

ရှေးခေတ်စစ်တပ်နဲ့ ယနေ့စစ်တပ် မတူညီ (မဏ္ဍလဆောင်းပါးတွဲ၊ ၃)

ဘုရင့်နောင် သို့မဟုတ် အလောင်းဘုရားအကြောင်း ရုပ်ရှင်ရိုက်မည်ဆိုလျှင် ဒါရိုက်တာများက မည်သို့ ပုံဖော်ကြမည်နည်း။ ယူနီဖောင်းတညီတညွတ်တည်း ဝတ်ဆင်ထားသော စစ်သည်ထောင်ပေါင်းများစွာ၊ စည်းလုံးညီညွတ်စွာ ချီတက်နေသော တပ်မတော်ကြီးကို ပြသကြပါလိမ့်မည်။ စာရေးသူတို့ သမိုင်းဖတ်စာအုပ်များတွင်လည်း "စစ်သည်အင်အား သိန်းချီ၍ ချီတက်သည်" ဟု ဖတ်ရသောအခါ၊ ယနေ့ခေတ် တပ်မတော်ကဲ့သို့ လစာစား၊ စစ်တန်းလျား (Barracks) တွင် နေထိုင်သော "အမြဲတမ်းစစ်တပ်" (Standing Army) ကြီး ရှိခဲ့သည်ဟု ထင်ယောင်ထင်မှား ဖြစ်တတ်ကြသည်။

ဤသည်မှာ ကြီးမားသော အထင်အမြင်လွဲမှားမှု (Anachronism) တခုပင် ဖြစ်သည်။

အမှန်တကယ်က ဘာဖြစ်ခဲ့သနည်း။ ရှေးခေတ်မြန်မာနိုင်ငံတွင် ခေတ်သစ်စံနှုန်းများဖြင့် သတ်မှတ်ထားသော "စစ်တပ်ကြီး" ဆိုသည်မှာ မရှိခဲ့ပါ။ "စစ်မှုထမ်းရမည့် လယ်သမားများ" သာ ရှိခဲ့ပါသည် (တော်ဝင်တပ်သားများ ရှိခဲ့သော်လည်း အနည်းစုသာ ဖြစ်သည်)။

၁။ လယ်သမားသာလျှင် စစ်သည်၊ စစ်သည်သာလျှင် လယ်သမား

ရှေးခေတ်မဏ္ဍလစနစ်တွင် ဘုရင်က စစ်သားအမြောက်အများကို လစာ (Salary) ပေး၍ မွေးမြူထားလေ့ မရှိပါ။ နိုင်ငံတော်ဘဏ္ဍာရေးက ထိုမျှ မလုပ်ဆောင်ခဲ့ပါ။ ထို့အပြင် လက်တွေ့တွင်လည်း စစ်သားများစွာကို ကျွေး‌မွေးနိုင်သည့် စိုက်ပျိုးရေးနည်းပညာမရှိပါ။

ထို့အစား "အမှုထမ်းစနစ်" (Service System) ကို ကျင့်သုံးခဲ့သည်။ ဘုရင်က နယ်မြေဒေသအလိုက် "မြင်းအစု"၊ "သေနတ်အစု"၊ "ဒိုင်းအစု" စသဖြင့် သတ်မှတ်ပေးထားသည်။ ထိုရွာများတွင် နေထိုင်သူများသည် ငြိမ်းချမ်းရေးကာလတွင် သာမန်လယ်သမားများကဲ့သို့ပင် လယ်ယာလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ယူနီဖောင်း မဝတ်ပါ၊ စစ်တန်းလျားတွင် မနေပါ။

စစ်တိုက်ရန် လိုအပ်လာမှသာ (စစ်မောင်းခတ်မှသာ) လယ်ထွန်နေသည်ကိုရပ်၊ အိမ်မှ ဓား၊ လှံ၊ သေနတ်တို့ကို ဆွဲပြီး သတ်မှတ်ထားသောနေရာသို့ သွားရောက်စုရုံးကြရသည်။

ထို့ကြောင့် ရှေးခေတ်စစ်တပ်ဆိုသည်မှာ "အမြဲတမ်းအသင့်ရှိနေသော အဖွဲ့အစည်း" (Institution) မဟုတ်ဘဲ၊ လိုအပ်မှ စုဖွဲ့လိုက်သော "လူအုပ်ကြီး" (Mobilized Crowd) သာ ဖြစ်သည်။ စစ်ပြီးသည်နှင့် အိမ်ပြန်ကာ လယ်ယာလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ကြရသည်။

၂။ အိုးစားစနစ် နှင့် ထောက်ပံ့ပို့ဆောင်ရေး

ယနေ့ခေတ် စစ်တပ်များတွင် "ရိက္ခာထောက်ပံ့ရေးတပ်ရင်း" ဆိုသည်မှာ ရှိသည်။ ရှေးခေတ်တွင် ထိုသို့သော ပရော်ဖက်ရှင်နယ်ပညာရပ်နှင့် သီးသန့်အဖွဲ့အစည်းမျိုး မရှိခဲ့ပါ။ စစ်သည်တော် (လယ်သမား) များသည် မိမိတို့၏ရိက္ခာကို မိမိတို့ဘာသာ ရှာဖွေစားသောက်ကြခဲ့ရသည်။

ထို့ကြောင့် "အိုးစားစနစ်" သို့မဟုတ် "တအိုးစား" ဆိုသော စကားလုံး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ သာမန်အားဖြင့် လူ (၅) ယောက် သို့မဟုတ် (၁၀) ယောက်ကို တအုပ်စု ဖွဲ့စည်းထားသည်။ ထိုအထဲမှ (၂) ယောက်ခန့်က ရှေ့ထွက်စစ်တိုက်ရလျှင်၊ ကျန်လူများက နောက်မှနေ၍ ရိက္ခာထောက်ပံ့ခြင်း၊ ထမင်းချက်ကျွေးခြင်း၊ ဝန်ထမ်းခြင်းတို့ကို ပြုလုပ်ရသည်။ ခေတ်အလိုက် အပြောင်းအလဲ ရှိသည်။

ထို့အပြင် ရှေးခေတ်စစ်တပ်များသည် "ရေရှည်" (Long-term) စစ်ကိုချည်း အာရုံစိုက်၍ မတိုက်နိုင်ကြပေ။ စိုက်ပျိုးရေးရာသီ (မိုးရာသီ) ရောက်လျှင် စစ်တိုက်ခြင်းကို ရပ်နားပြီး အိမ်ပြန်ကာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြရသည်။ သို့မဟုတ်ပါက နောက်နှစ်တွင် တတိုင်းတပြည်လုံး ငတ်မွတ်ခေါင်းပါးသွားမည် ဖြစ်သည်။ ထို့ကြောင့် ရှေးခေတ်စစ်ပွဲများသည် "နွေရာသီစစ်ပွဲများ" (Dry Season Warfare) သာ ဖြစ်လေ့ရှိတတ်သည်။

၃။ ကိုယ်ရံတော်တပ်များ (ခြွင်းချက်)

"သို့ဆိုလျှင် ဘုရင်တွင် လုံးဝ စစ်သားမရှိဘူးလား" ဟု မေးစရာရှိသည်။ ရှိပါသည်၊ သို့သော် အလွန်နည်းပါးသည်။

နန်းတော်ကို စောင့်ကြပ်ရန်၊ ဘုရင့်လုံခြုံရေးအတွက် "ဝင်းတော်လေးမျက်နှာ" အစောင့်တပ်များ ရှိခဲ့သည်။ နောက်ပိုင်းခေတ်များတွင် နိုင်ငံခြားသားကြေးစားစစ်သည်များကို လစာပေး၍ ငှားရမ်းထားခြင်းမျိုး ရှိခဲ့သည်။

သို့သော် နောက်ဖြစ်လာသည့် ထို "Professional Soldiers" အရေအတွက်မှာ ထောင်ဂဏန်းအနည်းငယ်သာ ရှိသည်။ ရာဇဝင်ထဲတွင် ပြောဆိုကြသော "စစ်သည် ၅ သိန်း၊ ၈ သိန်း" ဆိုသည်မှာ တကယ်တမ်း စစ်ဖြစ်မှ ဆင့်ခေါ်လိုက်သော လယ်သမားထုကြီး (Conscripts) သာ ဖြစ်သည်။ ထို့အပြင် ဂဏန်းများကလည်း ချဲ့ကားခြင်းသာ ဖြစ်နိုင်သည်။

၄။ နိုင်ငံရေးအကျိုးဆက် (အာဏာ၏ ကျိုးပဲ့လွယ်မှု)

အမြဲတမ်းစစ်တပ်မရှိခြင်းသည် ရှေးခေတ်ဘုရင်များ၏ အာဏာကို အလွန် "ကျိုးပဲ့လွယ်" (Fragile) စေခဲ့သည်။ ဘုရင်က စစ်တိုက်ချင်တိုင်း ထတိုက်၍မရပေ။ နယ်စား၊ ပယ်စား၊ စော်ဘွားများကို တပ်ကူပေးရန် တောင်းဆိုရသည်။ အကယ်၍ နယ်စားများက ဘုရင်ကို မကျေနပ်လျှင် "လူမရှိဘူး၊ နေမကောင်းဘူး" ဟု ဆင်ခြေပေးပြီး တပ်မပို့ဘဲ နေနိုင်ခဲ့သည်လည်း ရှိသည်။ အခေါ်များလို့ ပုန်ကန်ပစ်လိုက်တာလည်းရှိသည်။ နတ်သျှင်နောင်ကို ဥပမာကြည့်ပါ။ ထို့ကြောင့် ရှေးခေတ်ဘုရင်များသည် "အမိန့်ပေးသူ" (Commander) ဖြစ်သော်လည်း "ညှိနှိုင်းသူ" (Negotiator) နေရာမှ ပို၍ နိုင်ငံရေးပြယုဂ်များကို ဆောင်ရွက်ခဲ့ရလေ့ရှိသည်။

စာရေးသူတို့သည် ရှေးခေတ်ဘုရင်များကို "စစ်ဘုရင်" (Warrior Kings) များဟု မြင်ကြသော်လည်း၊ သူတို့တွင် ခေတ်သစ်ပုံစံ "စစ်တပ်" မရှိခဲ့ပါ။ သူးတို့၏ အောင်မြင်မှုမှာ စစ်ရေးကျွမ်းကျင်မှုသက်သက်ကြောင့်သာ မဟုတ်ဘဲ၊ လူအင်အားကို စုစည်းနိုင်သော "စည်းရုံးရေးစွမ်းရည်" (Mobilization Capacity) အပေါ်တွင် မူတည်ခဲ့သည်။ ထို့ကြောင့် ရှေးခေတ်က နယ်မြေကို ရချင်တာထက်၊ လူများကို ရချင်လို့ စစ်တိုက်ခဲ့ကြတာဖြစ်သည်။ စစ်သုံ့ပန်းများကို "လမိုင်းမြေ" များတွင် လယ်ယာမှ အစားအသောက်ထုတ်လုပ်ရန် နေရာချပေးခဲ့ကြသည်။

ယနေ့ခေတ် တပ်မတော်ကဲ့သို့ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ရပ်တည်သော၊ သီးခြားလူတန်းစားအဖြစ် ခွဲထွက်နေသော၊ နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်သော "Institutionalized Military" (အဖွဲ့အစည်းအသွင် စစ်တပ်) ပုံစံသည် ရှေးခေတ်မြန်မာ့သမိုင်းနှင့် မသက်ဆိုင်ဘဲ၊ ကိုလိုနီခေတ်နှင့် ခေတ်သစ်နိုင်ငံရေးမှ မွေးဖွားလာသော "သတ္တဝါ" တကောင်သာ ဖြစ်ကြောင်း နားလည်ရန် လိုအပ်ပါသည်။ မြန်မာ့သမိုင်းကို ယနေ့ခေတ်အမြင်ဖြင့် ပြန်ကြည့်၍မရ။ မဏ္ဍလစနစ်သည် မဏ္ဍလပုံစံသာ ဖြစ်၍ အမျိုးသားနိုင်ငံပုံဟု စစ်တပ်ဝါဒဖြန့်သည့်အတိုင်း လုံးဝမဟုတ်ခဲ့ပေ။

Comments

Popular posts from this blog

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

    လူသားတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ မသိနားမလည်မှုကနေ ဉာဏ်ပညာဆီကို တမဟုတ်ချင်း ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်က ထင်ရှားတဲ့ အဆင့်အမျိုးမျိုးကို ဖြတ်သန်းသွားပြီး၊ အဆင့်တခုစီက ရှုပ်ထွေးမှုတွေကို နစ်မွန်းမသွားစေဘဲ လက်ခံနိုင်စွမ်းကို တိုးမြှင့်ပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်အလိုက် တင်းကျပ်စွာ သတ်မှတ်ထားတာ မဟုတ်ဘဲ၊ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စိတ်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပုံတွေ ကွဲပြားတာပဲ ဖြစ်ပါတယ်။ အောက်မှာတော့ အရှင်းလင်းဆုံး ရှင်းလင်းချက်ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ရွေ့လျားသွားတဲ့ ဒီအဆင့် ၅ ဆင့်အတွက် လမ်းပြမြေပုံတခုကို အသေအချာစဉ်းစားကြည့်ပြီး ဖော်ပြလိုက်ပါတယ်။ အဆင့် ၁။ ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်းအဆင့် ဘယ်သင်ယူမှုခရီးရဲ့ အစမှာမဆို စိတ်က ရှင်းလင်းပြတ်သားမှုကို လိုလားတယ်။ ခိုင်မာတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ လျင်မြန်တဲ့ အမျိုးအစားတွေကို လိုအပ်တယ်။ ဒါဟာ အားနည်းချက်မဟုတ်ဘဲ၊ ရှင်သန်ရေးအတွက် နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက်အတွဲတွေအဖြစ် ဦးနှောက်ထဲကို ဝင်...

မြန်မာနိုင်ငံ၏ အခြေအနေ

မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။ [1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။ မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီ...

ပဒေသရာဇ် ဘုရင်ခေတ်များ - နိဒါန်း

ယခုမြန်မာနိုင်ငံဟု သိကြသော ဒေသကို အိန္ဒိယဘက်မှ စာများတွင် ဗြဟ္မာ့ဒေသ (ဗရမာဒေ့ရှ်) ဟု ညွှန်းကြသည်ကို တွေ့ရသည်။ မြို့အမည်၊ မြစ်အမည်များကို ဟိန္ဒူတို့၏ နတ်ဗြဟ္မာအမည်များ မှည့်ခေါ်ကြရာ ဗိဿနိုးမြို့၊ ဘိန္နကမြို့ (သီဝနတ်ဘုရားနှင့် ဆက်စပ်နိုင်)၊ သျှရီခတ္တရာ၊ သူရဿတီ (တနည်း သာယာဝတီ- ယခုချင်းတွင်းမြစ်)၊ ဧရာဝတီ (ဧရာဝဏ်ဆင်အမည်) စသည်ဖြင့် တွေ့ရတတ်သည့်အတိုင်း ဖြစ်သည်။ အရှေ့ဘက်ဆက်လျှင် ဒွာရဝတီ၊ လဝ (ရာမ၏ သားတော်) စသည့် အမည်များ ပေးကြသည်။ ယခုဗီယက်နမ်အထိ ဒေသဘက်ကိုမူ အင်ဒရာဒီပ (မိုးကြိုးနတ်ဘုရင်၏ကျွန်း) ဟု ခေါ်ကြ၏။ အင်ဒရာပူရ (သိကြားမြို့) လည်း ရှိသည်။ ခုနှစ်ကို သိကြားနှစ် (သက္ကရာဇ - သက္ကရာဇ်) ဟုခေါ်၏။ ဒေသကိုအခြေခံသည့် အခေါ်အဝေါ်များမှ ဗမာ၊ နောင်တွင် မြန်မာ ဟူသည့် လူမျိုးကိုညွှန်းသော စကားလုံးများ ဖြစ်လာသည်ဟု ယူဆရသည်။ [1] ဒေသကို ခေါ်သည့် အခေါ်အဝေါ်မှ လူမျိုးအမည်အဖြစ် ပြောင်းလဲလာမှုမှာ မစိမ်းပါ။ ဥပမာ ထိုင်းနိုင်ငံ၊ ထိုင်းလူမျိုးပမာ ဖြစ်သည်။ ဘရာဇီးဟူသော ဒေသအမည်မျှ ဘရာဇီးလူမျိုးဟူ၍ ပြောလာကြသလို ဖြစ်သည်။ တရုတ်တို့ဘက်မှ မှတ်တမ်းများတွင် “မြန်/မီယမ် တျင့် (緬甸)” ဟု ရေးသည်ကို တွေ့ရသည်။ မည်သို့ဆိုစေ စာလုံးရေးသည့်ခ...