ထာဝရရှိခဲ့တဲ့ နိုင်ငံတော်ဆိုတဲ့ ဒဏ္ဍာရီ (The Myth of Timeless Statehood) ကို ကြည့်ပါစို့။
ဒီကနေ့ခေတ်
နိုင်ငံရေးဆွေးနွေးမှု အများစုမှာ ပုဂံ၊ ဟံသာဝတီ ဒါမှမဟုတ် ရောမအင်ပါယာလို
ရှေးခေတ်အင်ပါယာကြီးတွေကို "နိုင်ငံတော်" (State) လို့ ပေါ့ပေါ့တန်တန်
ရည်ညွှန်းလေ့ရှိကြတယ်။ ဒီလိုပြောလိုက်တာက ရှေးခေတ် ဘုရင့်နိုင်ငံတွေနဲ့
ဒီကနေ့ခေတ် မော်ဒန်အမျိုးသားနိုင်ငံတွေ (Modern Nation-States) ကြားမှာ
ဆက်စပ်မှုရှိတယ်လို့ သဘောသက်ရောက်စေတယ်။ ဒါပေမဲ့ သမိုင်းနဲ့ သဘောတရားရေးရာ
ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အဲဒီယူဆချက်ဟာ မှားယွင်းတယ်လို့ ဆိုချင်တယ်။
ခေတ်သစ်
ဗြူရိုကရေစီနိုင်ငံတော် (Modern Bureaucratic State) ဆိုတာက ခေတ်သစ်ကာလရဲ့
ထုတ်ကုန်တခု ဖြစ်တယ်။ ဒါဟာ အယူဝါဒ (Ideology) ကြောင့်သက်သက် မဟုတ်ဘဲ၊
"နည်းပညာဆိုင်ရာ အခြေခံအုတ်မြစ်များ" (Technical Foundations)
ပေါ်ပေါက်လာမှသာ ဖြစ်နိုင်တဲ့ အရာတခုပဲ။
ခေတ်သစ်အမြင်အရ
"နိုင်ငံတော်" လို့ ခေါ်ဆိုနိုင်ဖို့အတွက် ရှုပ်ထွေးတဲ့ အချက်အလက်တွေ၊
ဆက်သွယ်ရေးစနစ်တွေနဲ့ ထိန်းချုပ်မှု ယန္တရားတွေ လိုအပ်တယ်။ ဒါတွေက ၁၇
ရာစုကနေ ၁၉ ရာစုအတွင်းမှာမှ ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်။
ရှေးခေတ်အင်ပါယာတွေဟာ အုပ်ချုပ်မင်းလုပ်တယ်၊ အခွန်ကောက်တယ်၊
စစ်တိုက်တယ်ဆိုတာ မှန်ပေမဲ့ သူတို့ရဲ့ လုပ်ဆောင်ပုံဟာ "ပုဂ္ဂိုလ်ရေး အာဏာ"
(Personalized Authority) နဲ့ "စကြဝဠာဆိုင်ရာ တရားဝင်မှု" (Cosmological
Legitimacy) တို့အပေါ်မှာသာ အခြေခံတယ်။ ခေတ်သစ်နိုင်ငံတွေလို
"လူပုဂ္ဂိုလ်မဆန်တဲ့ အင်စတီကျူးရှင်းတွေ" (Impersonal Institutions)၊
"စာရင်းအင်းဆိုင်ရာ ယုတ္တိတရား" (Statistical Rationality) နဲ့ "တပြေးညီ
ဥပဒေတွေ" (Uniform Law) မရှိခဲ့ဘူး။
ဒါကြောင့်
ခေတ်သစ်နိုင်ငံတော်ဆိုတာ ရှေးပဝေသဏီကတည်းက ရှိခဲ့တဲ့အရာ မဟုတ်ဘဲ၊
စာတတ်မြောက်မှု၊ မြေပုံရေးဆွဲခြင်း၊ စာရင်းကိုင်ပညာ၊
စောင့်ကြည့်လေ့လာခြင်းနဲ့ ဒေတာအချက်အလက် စီမံခန့်ခွဲခြင်း စနစ်တွေ
ပေါ်ပေါက်လာမှသာ ဖြစ်နိုင်မယ့် "နည်းပညာဆိုင်ရာ ဖြစ်ရပ်" (Technological
Phenomenon) သက်သက်သာ ဖြစ်တယ်လို့ မှတ်ယူရမယ်။
ခေတ်သစ် ဗြူရိုကရေစီ နိုင်ငံတော်ရဲ့ နည်းပညာဆိုင်ရာ အုတ်မြစ်တွေကို စဉ်းစားရပါလိမ့်မယ်။
၁) မြေပုံရေးဆွဲခြင်းနဲ့ နယ်မြေတိကျမှု (Cartography and Territorial Fixity)
ခေတ်သစ်နိုင်ငံတခု
ဖြစ်လာဖို့ တိကျခိုင်မာပြီး တိုင်းတာလို့ရတဲ့ "နယ်နိမိတ်" (Borders)
လိုအပ်တယ်။ ဒါကို ၁၇ ရာစုကနေ စတင်ပြီး ၁၉ ရာစုမှာ တွင်ကျယ်လာတဲ့
မြေပုံရေးဆွဲခြင်း (Cartography), မြေတိုင်းပညာနဲ့ ဂျီအိုဒယ်တစ်
သိပ္ပံနည်းပညာတွေနဲ့သာ လုပ်ဆောင်နိုင်ခဲ့တယ်။
ပုဂံ၊
ဟန်တရုတ် ဒါမှမဟုတ် ရောမလို ရှေးခေတ်အင်ပါယာတွေဟာ နယ်မြေတွေကို
အုပ်စိုးခဲ့ပေမဲ့ သူတို့ရဲ့ နယ်နိမိတ်တွေဟာ မြေပုံပေါ်က "မျဉ်း" (Lines)
တွေ မဟုတ်ဘဲ၊ "သြဇာသက်ရောက်ရာ ဇုန်" (Zones of Influence) တွေသာ ဖြစ်တယ်။
သူတို့ဟာ နယ်မြေတခုလုံးကို ဆက်စပ်ထိန်းချုပ်ထားနိုင်ခဲ့ခြင်း မရှိသလို၊
သူတို့ရဲ့ စီရင်ပိုင်ခွင့်အာဏာကိုလည်း တိတိကျကျ မသတ်မှတ်နိုင်ခဲ့ဘူး။
အရှေ့တောင်အာရှရဲ့ "မဏ္ဍလ စနစ်" (Mandala System) က ဒီအချက်ကို အကောင်းဆုံး
မီးမောင်းထိုးပြတယ်။ အချုပ်အခြာအာဏာဟာ ဗဟိုကနေ ဖြာထွက်ပြီး အစွန်အဖျားကို
ရောက်လေ မှေးမှိန်လေ ဖြစ်တယ်။
တိကျတဲ့ မြေပုံမရှိဘဲနဲ့
မြေစာရင်း (Cadastral registry) မရှိနိုင်သလို၊ မြေကွက်အလိုက်
အခွန်ကောက်ခြင်းနဲ့ ခေတ်သစ်အဓိပ္ပာယ်ရတဲ့ အချုပ်အခြာအာဏာလည်း မရှိနိုင်ဘူး။
မြေပုံမရှိဘဲ နိုင်ငံတော်ရဲ့ "ကိုယ်ခန္ဓာ" (နယ်မြေ) ကို
စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်ဘူး။
၂) သန်းခေါင်စာရင်းနဲ့ လူဦးရေ စာရင်းအင်း (Census and Statistics)
နိုင်ငံတော်က
"မိမိရဲ့ လူဦးရေကို သိရှိတယ်" ဆိုတဲ့ အယူအဆဟာ ခေတ်သစ် အယူအဆ ဖြစ်တယ်။
သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် စာတတ်မြောက်မှု၊
မှတ်တမ်းထိန်းသိမ်းမှုနဲ့ ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်တွေ (အရာရှိတွေ၊
စာရင်းအင်းစာအုပ်တွေ၊ သိမ်းဆည်းမယ့် စနစ်တွေ) လိုအပ်တယ်။ (ဥပမာ - ဆွီဒင်
၁၇၄၉၊ ဗြိတိန် ၁၈၀၁၊ ပြင်သစ် ၁၈၃၆) စတဲ့ ခေတ်သစ် သန်းခေါင်စာရင်းတွေဟာ
ပုံနှိပ်လုပ်ငန်း၊ ဗြူရိုကရေစီနဲ့ စာတိုက်စနစ်တွေ ပေါ်ပေါက်လာမှသာ ဖြစ်လာတာ
ဖြစ်တယ်။
ရှေးခေတ် နိုင်ငံတွေမှာ အခွန် ဒါမှမဟုတ်
အမှုထမ်း (Corvée) ကို "လူပုဂ္ဂိုလ် တဦးချင်းစီ" အလိုက် မကောက်ခံဘဲ
"အိမ်ထောင်စုများ" ဒါမှမဟုတ် "မျိုးနွယ်စု ခေါင်းဆောင်များ" ပေါ်မူတည်ပြီး
ခန့်မှန်း ကောက်ခံခဲ့တယ်။ Michel Foucault နဲ့ James C. Scott တို့
ထောက်ပြသလို လူတွေကို "အသိုက်အဝန်းများ" (Communities) အနေနဲ့
အုပ်ချုပ်ရာကနေ "ကိန်းဂဏန်း အချက်အလက်များ" (Data points) အဖြစ် ပြောင်းလဲ
အုပ်ချုပ်လိုက်တာဟာ တော်လှန်ရေးဆန်တဲ့ ပြောင်းလဲမှု ဖြစ်တယ်။ ဒီအချက်က
လူဦးရေကို ဖတ်ရှုရလွယ်ကူစေပြီး (Legible), အခွန်ကောက်ခံဖို့နဲ့
စည်းကမ်းထိန်းသိမ်းဖို့ လွယ်ကူစေတယ်။
၃) စာရင်းကိုင်၊ ဘဏ္ဍာရေးနဲ့ အခွန်စနစ် (Accounting and Fiscal Legibility)
ခေတ်သစ်နိုင်ငံတွေဟာ
စာရင်းအင်း ပညာရပ်တွေဖြစ်တဲ့ "နှစ်ဖက်ဖွင့် စာရင်းကိုင်စနစ်"
(Double-entry bookkeeping), ဘတ်ဂျက် (Budget) နဲ့ ငွေကြေးစနစ်နဲ့
အခွန်ကောက်ခြင်း (Monetary Taxation) တို့အပေါ် ရပ်တည်တယ်။
ရှေးခေတ်
နိုင်ငံတွေဟာ အခွန်ကို "ကုန်ပစ္စည်း" (In kind) ဒါမှမဟုတ် "လုပ်အား"
(Labor) နဲ့သာ ကောက်ခံခဲ့ကြတယ်။ သူတို့မှာ အမျိုးသားစာရင်းအင်း (National
Accounts), စံသတ်မှတ်ထားတဲ့ ငွေကြေးနဲ့ ဘတ်ဂျက် ထိန်းချုပ်မှုစတဲ့ ဘဏ္ဍာရေး
ကိရိယာတွေ မရှိခဲ့ဘူး။ ဘုရင်ရဲ့ ဘဏ္ဍာတိုက်ဟာ "နိုင်ငံတော် ဘတ်ဂျက်"
မဟုတ်ဘဲ၊ "ပုဂ္ဂိုလ်ရေး ကြွယ်ဝမှု" သာ ဖြစ်တယ်။
စာရင်းကိုင်စနစ်တွေ
အဖွဲ့အစည်းအသွင် ဖြစ်လာမှသာ ဝင်ငွေ၊ ထွက်ငွေနဲ့ ကြွေးမြီတွေကို
တိုင်းတာနိုင်၊ ခန့်မှန်းနိုင်ပြီး ဗြူရိုကရေစီနည်းကျ စာရင်းစစ် (Audit)
လုပ်နိုင်မယ်။ ဒီအချက်က ခေတ်သစ် ဘဏ္ဍာရေး အုပ်ချုပ်မှုအတွက် မရှိမဖြစ်
လိုအပ်ချက် ဖြစ်တယ်။
၄) ဗြူရိုကရေစီနဲ့ အာဏာကို စနစ်ကျစေခြင်း (Bureaucracy and Rationalization)
Max
Weber ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ခေတ်သစ် ဗြူရိုကရေစီ ဆိုတာက
"လူပုဂ္ဂိုလ်မဆန်တဲ့ စည်းမျဉ်းတွေ" (Impersonal rules), အရည်အချင်းအလိုက်
ခန့်အပ်ခြင်းနဲ့ အထူးပြု ရာထူးနေရာတွေ ရှိတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ရှေးခေတ်
ကမ္ဘာကြီးမှာ ဒီအရာတွေ မရှိခဲ့ဘူး။
ရှေးခေတ်
အုပ်ချုပ်ရေးဟာ "မျိုးရိုးစဉ်ဆက် အာဏာ" (Patrimonial) ပုံစံပဲ။ ရာထူးဆိုတာက
"ပုဂ္ဂိုလ်ရေး သစ္စာရှိမှု" ရဲ့ လက်တံတွေသာ ဖြစ်တယ်။ နန်းတွင်းမှာ
ဆွေမျိုးတွေ၊ သူကောင်းပြုခံရသူတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေသာ ရှိတယ်။
အမိန့်တွေကို နှုတ်နဲ့ ပေးလေ့ရှိပြီး၊ မှတ်တမ်း နည်းနည်းလေးသာ ရှိကာ၊
ရာထူးတွေကို အမွေဆက်ခံခြင်း ဒါမှမဟုတ် ဝယ်ယူခြင်းတွေ ပြုလုပ်ကြတယ်။
ဟန်တရုတ်
ဒါမှမဟုတ် အော်တိုမန် အင်ပါယာလို ဗြူရိုကရေစီ ရှိတယ်လို့ ဆိုကြတဲ့
အင်ပါယာကြီးတွေမှာတောင် ပထဝီဝင် အနေအထား၊ နှေးကွေးတဲ့ ဆက်သွယ်ရေးနဲ့
တပြေးညီ ပညာရေးစနစ် မရှိမှုတို့ကြောင့် အုပ်ချုပ်ရေးမှာ ကန့်သတ်ချက်တွေ
ရှိခဲ့တယ်။ တရုတ်ပြည်ရဲ့ ကွန်ဖြူးရှပ် စာမေးပွဲစနစ်ဟာ စာတတ်တဲ့
အထက်တန်းလွှာကို မွေးထုတ်ပေးခဲ့ပေမဲ့၊ ခေတ်သစ်အဓိပ္ပာယ်ရတဲ့
"ပရော်ဖက်ရှင်နယ် ဝန်ထမ်းအဖွဲ့အစည်း" (Professional Civil Service)
မဖြစ်ခဲ့ဘူး။ ပုံနှိပ်လုပ်ငန်း၊ လူထုပညာရေးနဲ့ ကြေးနန်း ဆက်သွယ်ရေး
ပေါ်ပေါက်လာမှသာ ဗြူရိုကရေစီ ယန္တရား လည်ပတ်ဖို့ ဖြစ်လာတာ ဖြစ်တယ်။
၅) ဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံ (Communication and Infrastructure)
ခေတ်သစ်နိုင်ငံတော်
ဖြစ်လာဖို့ "တပြိုင်နက်တည်း ဖြစ်ပျက်မှု" (Simultaneity) လိုအပ်တယ်။
ဆိုလိုတာက ကျယ်ပြန့်တဲ့ နယ်မြေတွေဆီ တပြေးညီ အမိန့်ပေးနိုင်ခြင်း၊
အစီရင်ခံစာတွေ လက်ခံရရှိခြင်းနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ခြင်းတို့
ဖြစ်တယ်။ ကြေးနန်း (၁၈၄၀ ဝန်းကျင်) မပေါ်မီက အုပ်ချုပ်ရေးရဲ့ အမြန်နှုန်းဟာ
"မြင်းတကောင်ရဲ့ အမြန်နှုန်း" သာ ရှိတယ်။
မဏ္ဍလ
ခေတ်မှာ အစွန်အဖျားက သတင်းတခု နေပြည်တော်ကို ရောက်ဖို့ လပေါင်းများစွာ
ကြာနိုင်တယ်။ ဆုံးဖြတ်ချက်တွေကို ဒေသအလိုက်သာ ချမှတ်ရတယ်။ လျင်မြန်တဲ့
ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး (မီးရထား၊ ကြေးနန်း၊ စာတိုက်) မရှိဘဲ
ဗဟိုချုပ်ကိုင်တဲ့ ဗြူရိုကရေစီ ဖြစ်လာဖို့ မဖြစ်နိုင်ဘူး။
၆) ဥပဒေ၊ စောင့်ကြည့်ခြင်းနဲ့ စံသတ်မှတ်ခြင်း (Law, Surveillance, and Standardization)
ခေတ်သစ်နိုင်ငံတွေဟာ
ဥပဒေကို ပြဋ္ဌာန်းတယ်၊ အမျိုးသား ဘာသာစကားကို သတ်မှတ်တယ်၊
စာရွက်စာတမ်းတွေနဲ့ လူထုဘဝကို ထိန်းချုပ်တယ်။ မှတ်ပုံတင်ကတ်တွေ၊ နိုင်ငံသား
စိစစ်ရေး၊ နိုင်ငံကူးလက်မှတ်နဲ့ ကျောင်းတွေဟာ လူတွေကို "ဖတ်ရှုရ
လွယ်ကူအောင်" (Legible) လုပ်တဲ့ ကိရိယာတွေ ဖြစ်တယ်။
ရှေးခေတ်
ဥပဒေဟာ "ကွဲပြားစုံလင်မှု" (Plural) ရှိတယ်။ ဓလေ့ထုံးတမ်း ဥပဒေ၊ ဘာသာရေး
ဥပဒေနဲ့ ဘုရင့်အမိန့်တွေ ရောထွေးနေတယ်။ အပြစ်တခုတည်းကို ကျူးလွန်ပေမဲ့
မျိုးရိုး၊ ရာထူး၊ အဆင့်အတန်းပေါ် မူတည်ပြီး ပြစ်ဒဏ် ကွဲပြားနိုင်တယ်။
"နိုင်ငံသားတိုင်းအတွက် တန်းတူညီမျှတဲ့ ဥပဒေ" ဆိုတဲ့ အယူအဆဟာ "နိုင်ငံသား"
(Citizenship) ဆိုတဲ့ စိတ္တဇနာမ် ပေါ်ပေါက်လာမှသာ (ခေတ်သစ်မှာမှ) ဖြစ်လာတဲ့
အရာ ဖြစ်တယ်။
မဏ္ဍလ စနစ်ရဲ့ ကွာခြားချက်လည်း သိရမယ်။ မဏ္ဍလစနစ်မှာ အဓိကဟာ နယ်မြေမဟုတ်၊ ဆက်ဆံရေးသာ ပဓာနဖြစ်တယ်။
အရှေ့တောင်အာရှရဲ့
မဏ္ဍလစနစ်ဟာ ရှေးခေတ်အုပ်ချုပ်ရေးရဲ့ ကန့်သတ်ချက်တွေကို ပြသနေတယ်။ အာဏာဟာ
"နယ်မြေ" (Spatial) အပေါ် မူမတည်ဘဲ "ဆက်ဆံရေး" (Relational) အပေါ်
မူတည်တယ်။ ဒါဟာ မြို့စားနယ်စားတွေရဲ့ သစ္စာရှိမှု၊ ဘုရင်ရဲ့
ဘုန်းတန်ခိုးနဲ့ ပဏ္ဏာဆက်သမှုတွေအပေါ် မှီခိုတယ်။
ထိန်းချုပ်မှုဟာ
ပုဂ္ဂိုလ်ရေးဆန်ပြီး သင်္ကေတ သဘောဆောင်တယ်။ နိုင်ငံဆိုတာ
တာဝန်ဝတ္တရားတွေနဲ့ ချိတ်ဆက်ထားတဲ့ ကွန်ရက် (Network of obligations) သာ
ဖြစ်တယ်။ ဘုရင်ရဲ့ တရားဝင်မှုဟာ ဗြူရိုကရေစီ ယန္တရားကြောင့် မဟုတ်ဘဲ၊
စကြဝဠာဆိုင်ရာ ယုံကြည်မှု (Cosmological Hierarchy) ကြောင့် ဖြာထွက်လာတာ
ဖြစ်တယ်။ မြေပုံ၊ သန်းခေါင်စာရင်းနဲ့ စံပြုဥပဒေတွေ မရှိဘဲ ဒီစနစ်တွေဟာ
အခွန်ကောက်ခံခြင်း၊ စောင့်ကြည့်ခြင်းနဲ့ နိုင်ငံသားဖြစ်မှု စတဲ့
ခေတ်သစ်နိုင်ငံတော်ရဲ့ လုပ်ငန်းဆောင်တာတွေကို မဆောင်ရွက်နိုင်ခဲ့ဘူး။
၄။ နိဂုံး: နိုင်ငံတော်ဆိုတာ ခေတ်သစ် လက်ရာတခုသာ ဖြစ်တယ်
အတိုချုပ်ပြောရရင်
ရှေးခေတ်နိုင်ငံတွေဆိုတာ ဘုရင့်နိုင်ငံတွေ၊ အင်ပါယာတွေ ဒါမှမဟုတ် မဏ္ဍလတွေ
ဖြစ်ကြပြီး၊ ဒါတွေဟာ ကိုယ်ကျင့်တရားနဲ့ ထုံးတမ်းစဉ်လာ အစီအမံများ (Moral
and Ritual Orders) သာ ဖြစ်တယ်။ ဗြူရိုကရေစီ စနစ်တွေ မဟုတ်ဘူး။
ခေတ်သစ်နိုင်ငံတော်ဆိုတာ
လူပုဂ္ဂိုလ်မဆန်တဲ့၊ ဆင်ခြင်တုံတရားရှိတဲ့၊ နယ်မြေပိုင်နက် တိကျတဲ့၊
ဥပဒေနဲ့ သတ်မှတ်ထားတဲ့ အရာ ဖြစ်ပြီး၊ ဒါဖြစ်လာဖို့အတွက် ရှေးခေတ်က
မရှိခဲ့တဲ့ နည်းပညာ၊ အသိပညာနဲ့ ဆက်သွယ်ရေး တီထွင်မှုတွေ လိုအပ်တယ်။
ဒါကြောင့်
ခေတ်သစ်နိုင်ငံတော် ပုံစံကို နောက်ပြန်ဆွဲပြီး ရှေးခေတ်မှာ သွားရောက်
ပုံဖော်တာဟာ သမိုင်းဆိုင်ရာ မှားယွင်းမှု (Misleading) ဖြစ်တယ်။
ခေတ်သစ်မတိုင်မီက "အာဏာ" (Power) ရှိခဲ့ပေမဲ့ မိမိတို့ ဒီကနေ့ နားလည်တဲ့
"နိုင်ငံတော်" (State) မရှိခဲ့ဘူး။
နိုင်ငံတော်ဆိုတာ
ထာဝရ တည်ရှိနေတဲ့အရာ မဟုတ်ဘဲ၊ စက္ကူတွေ၊ မြေပုံတွေနဲ့ တိုင်းတာမှုတွေနဲ့
မွေးဖွားလာတဲ့ "ယန္တရား" (Machine) မျှသာ ဖြစ်တယ်။ သူ့ရဲ့ တည်ရှိမှုဟာ
အုပ်ချုပ်လိုတဲ့ ဆန္ဒထက်၊ ရေတွက်ခြင်း၊ မှတ်တမ်းတင်ခြင်းနဲ့ ဆက်သွယ်ခြင်း
စွမ်းရည်တွေအပေါ်မှာ ပိုပြီး မူတည်တယ်လို့ သုံးသပ်ရမယ်။
လူသားတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ မသိနားမလည်မှုကနေ ဉာဏ်ပညာဆီကို တမဟုတ်ချင်း ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်က ထင်ရှားတဲ့ အဆင့်အမျိုးမျိုးကို ဖြတ်သန်းသွားပြီး၊ အဆင့်တခုစီက ရှုပ်ထွေးမှုတွေကို နစ်မွန်းမသွားစေဘဲ လက်ခံနိုင်စွမ်းကို တိုးမြှင့်ပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်အလိုက် တင်းကျပ်စွာ သတ်မှတ်ထားတာ မဟုတ်ဘဲ၊ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စိတ်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပုံတွေ ကွဲပြားတာပဲ ဖြစ်ပါတယ်။ အောက်မှာတော့ အရှင်းလင်းဆုံး ရှင်းလင်းချက်ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ရွေ့လျားသွားတဲ့ ဒီအဆင့် ၅ ဆင့်အတွက် လမ်းပြမြေပုံတခုကို အသေအချာစဉ်းစားကြည့်ပြီး ဖော်ပြလိုက်ပါတယ်။ အဆင့် ၁။ ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်းအဆင့် ဘယ်သင်ယူမှုခရီးရဲ့ အစမှာမဆို စိတ်က ရှင်းလင်းပြတ်သားမှုကို လိုလားတယ်။ ခိုင်မာတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ လျင်မြန်တဲ့ အမျိုးအစားတွေကို လိုအပ်တယ်။ ဒါဟာ အားနည်းချက်မဟုတ်ဘဲ၊ ရှင်သန်ရေးအတွက် နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက်အတွဲတွေအဖြစ် ဦးနှောက်ထဲကို ဝင်...
Comments
Post a Comment