Skip to main content

မဏ္ဍလအုပ်ချုပ်ရေးနှင့် မင်းနေပြည်တော်

စံရာတောင်ကျွန်းလုံးသူ့… ဥသျှောင်ကျင်ငယ်လေ… မင်းမျာ့းထိပ်ခေါင်တင်။
သောင်းမြေပြင်ငယ်လေ… ထီးဆူဆူကိုလေ… စိုးလို့ မိုးတော်မူ။
ဘုန်းပန်းငယ်ကြိုင်မွှေး… မြတ်လေးငယ်တူ… ကြူပင်ကြူချည့်လေး။
လေးကျွန်းငယ်ယူသိမ်း… ချမ်းငြိမ်းစကြာ ပိုင်တော်မူချည့်ဘုန်းတော်ရှိန်။
(မြဝတီမင်းကြီးဦးစရေး၊ သာနိုးပျော်ဘွယ် ဘုန်းတော်ဘွဲ့၊ ၁၈၀၅ ခုနှစ်)

မြန်မာ့သမိုင်းတွင် ဘုရင်များ၏ဘုန်းတော်ဘွဲ့က အလွန်များလှသည်။ သမိုင်းထက် “ရာဇ-ဝင်” ဟု ဆိုရမည်။ ဗမာ့စကားတွင် ဇမ္ဗူဒီပါတောင်ကျွန်းကို အစိုးရသော၊ သို့မဟုတ် လူမျိုးပေါင်း တရာ့တပါးတို့၏ ထီးဆောင်းမင်း “ရာဇရာဇာ၊ မဟာရာဇာ” ဟု ဆိုတတ်ကြသည်။ မြန်မာနိုင်ငံရှိ မင်းဘုရင်အဆက်ဆက်တို့သည် မိမိတို့ကိုယ်ကိုလည်း အလုံးစုံအစိုးရသူဟု တွေးတတ်ကြသည်။ ပဒေသရာဇ်ခေတ်က အိန္ဒိယနှင့် နီးစပ်သော အုပ်ချုပ်မှုများစွာတို့မှာ ဘုရင်က စကြဝဠာအလယ်ကဲ့သို့နေရာမှစ အာဏာဖြန့်ကျက်သောစနစ် (နောင်တွင် မဏ္ဍလစနစ်ဟုခေါ်လာ) ဖြစ်ကြသည်။ ထို့ကြောင့် အင်ပါယာချဲ့ထွင်ခြင်းမှာ ယနေ့ခေတ်နိုင်ငံပုံစံ မဟုတ်ဘဲ လက်အောက်ခံရှာမှုမျိုးဖြစ်၍ တရားမျှတသည် (just) ဖြစ်သည်ဟု တွေးတောတတ်ကြသည်။

ဌာနေလူမျိုးစုတို့၏ အုပ်ချုပ်သူများအကြောင်းကိုတော့ ဝတ္ထုမဆန်သော မှတ်တမ်းမှတ်ရာများတွင် အသေးစိတ် ရှာဖွေဖတ်ရှုရန် ခက်ခဲသည်။ ဗမာဘုရင်များ အကြောင်းကိုမူ မှန်နန်းရာဇဝင်၊ ဦးကုလားရာဇဝင် စသည်တို့တွင် ရှာဖွေဖတ်ရှု၍ ရသော်လည်း ဓမ္မဓိဋ္ဌာန်ကျသည်ဟု ယူဆရန်မှာမူ မဖြစ်နိုင်ချေ။ ခေတ်၏ ဘုရင် မကောင်းတာလေးများ ရေးရဲသူကလည်း ရှား၏။ ဘုရင်ကို ဆုံးမလိုလျှင် ရာဇဝင်ဆရာများက ဝတ္ထုရေး၍ တဖက်လှည့်နှင့် ဆုံးမတတ်ကြသည်။

ရှေးဘုရင်များလက်ထက်တလျှောက်လုံး မွန်၊ ရခိုင်၊ ဗမာ၊ သျှမ်းတို့သည် အချင်းချင်း စစ်မက်ပြုကာ နယ်မြေများကို တိုက်ခိုက်သိမ်းပိုက်နေခဲ့ကြသည်။ မွန်-ဗမာနှစ် ၄၀ စစ်ပွဲသည် စစ်သမိုင်းပညာရှင်များအဖို့ လေ့လာစရာများစွာရှိ၏။ မိုးညှင်းသျှမ်းစော်ဘွားသား သိုဟန်ဘွားက အင်းဝတွင် မင်းပြုစဉ် ဗမာများစွာကို သတ်ခဲ့ဖူးပြန်သည်။ မွန်များက အင်းဝကိုနိုင်လျှင်လည်း လူသတ်ခြင်း၊ စာပေများ ဖျက်ဆီးခြင်းတို့ လုပ်သည်။ အလောင်းဘုရားက မွန်များစွာကို မျိုးသုဉ်း၊ စကားသုဉ်း၊ စာပေသုဉ်းသတ်ခဲ့သလို ဘိုးတော်မင်းကလည်း ရခိုင်များစွာကို အစုလိုက်အပြုံလိုက် သတ်ခဲ့သည်။ စစ်ဘုရင်များခေတ်သာ ဖြစ်သည်။ တဘက်နှင့်တဘက် စစ်နိုင်ပါက ရွှေငွေစည်းစိမ်၊ ကျွန်မိန်းမ၊ ကျွန်ယောက်ျားများ သိမ်းယူကြ၊ ယဉ်ကျေးမှု လက်ရာများစွာကို ဖျက်ဆီးကြသည့် ဥပမာ များစွာရှိပါသည်။ ရှေးခေတ်က စစ်ဘုရင်များစွာ၊ စစ်ဘီလူးများစွာ ရှိခဲ့သော်လည်း စာများတွင်မူ ယင်းစစ်ဘုရင်များကို “ဓမ္မရာဇာ” ဟု မင်းကောင်းမင်းမြတ်များအဖြစ်သာ ဖော်ပြသည်။ မျက်နှာမလှမည်ကတကြောင်း၊ အမှန်အတိုင်း မညှာမတာရေးသူတို့ အသတ်ခံကြရနိုင်သည်က တကြောင်း[1]၊ သက်ဦးဆံပိုင်ဘုရင် ပဒေသရာဇ်အာဏာအပေါ် ကိုးကွယ်စရာနှယ် ယုံကြည်သည်ကလည်း တကြောင်း ဖြစ်သည်။ ခါးသီးသည့်အမှန်များကို ပေထက်တင်၍ သိပ်မတွေ့ရ။

မြန်မာ့နိုင်ငံရေးစုဖွဲ့မှုသည် နိုင်ငံကြီးတခုအသွင်နှင့် အစဉ်ရှိခဲ့သည်လည်း မဟုတ်ပေ။ ပုဂံအကျပိုင်း ကာလများတွင် သျှမ်းအနွယ်များက အားကောင်းပြီး ခွဲစိတ်ကာအုပ်စိုးသည်။[2] နောက်ပိုင်းတွင် ဗမာများက အင်အားကြီးလာသည်။ မွန်တို့ အင်အားကြီးလာသော ကာလလည်း ရှိခဲ့သည်။ ရခိုင်တို့ အင်အားကြီးသော ကာလလည်း ရှိခဲ့သည်။ လူမျိုးကို မြင်သောအမြင်မှာလည်း ယနေ့ပုံစံမျိုး လုံးဝမဟုတ်ပေ။ ဒေသမှာလည်း တောများအနှံ့အပြားဖုံးလွှမ်းလျက် လူနေမှုက ယနေ့ပုံစံ မဟုတ်ပေ။ ယဉ်ကျေးမှုလည်း ချိတ်ဆက်ကူးလူး တန်သလောက် အလေ့အထများ ကူးလူးကြသလို ကိုယ့်ဘဝနေနည်းနှင့် ကိုယ်နေကြသည်တို့လည်း ရှိသည်။ ထိုခေတ်က လူမျိုးအမြင်မှာ အများအားဖြင့် ယဉ်ကျေးမှုအုပ်စုများနှင့် ပဒေသရာဇ်မိသားစုအဆက်တို့ သာလွန်စိုးမိုးရေး လုပ်ဆောင်ချက်များသာ ဖြစ်ကြပါသည်။ ယနေ့ခေတ်နှင့် ခပ်ဆင်ဆင်တူသည့် “လူမျိုး” စဉ်းစားချက်မျိုးကို တောင်ငူခေတ်တွင် ဥရောပသားတို့ထံမှ နည်းနည်းရရှိခဲ့ရန် ဖြစ်ကောင်းဖြစ်နိုင်၏။ သို့ရာတွင် ကုန်းဘောင်ခေတ် အလယ်ပိုင်းလောက်မှသာ လူမျိုးနှင့် ခေတ်နိုင်ငံရေး တွဲလာခြင်းဖြစ်သည်။[3]

ယနေ့မြန်မာနိုင်ငံတည်ရှိသည့် ပထဝီမြေကြီး၏ သမိုင်းတလျှောက် နိုင်ငံရေးဆိုင်ရာ မတည်ငြိမ်မှုများ ပြည့်နေခဲ့သည်။ ထို့ပြင် ယနေ့ခေတ် စဉ်းစားသကဲ့သို့သော လူမျိုးအမြင်ဖြင့် အုပ်စိုးသည်လည်း မဟုတ်ပေ။ နယ်မြေနယ်နိမိတ်က နှစ်အပိုင်းအခြားအတိုင်း ပြောင်းလဲနေခဲ့သည်။ ထိုနိုင်ငံများသည် ယနေ့ခေတ်ကဲ့သို့ တိကျစွာသတ်မှတ်သောနယ်နိမိတ်နှင့် ဗြူရိုကရက်ယန္တယား အထိုင်ချထားသည့် ခေတ်သစ်နိုင်ငံများ (Modern States) မဟုတ်ပါချေ။ အင်အားကြီးနေပြည်တော်မှ ပတ်ဝန်းကျင်ဒေသများအပေါ် စစ်ရေးလွှမ်းမိုးထားပြီး ပဏ္ဏာဆက်နိုင်ငံများအဖြစ် တည်ရှိခြင်းက များပါသည်။ စစ်ရေးလှုပ်ရှားမှု၊ အခွန်ဆက်၊ ပဏ္ဏာဆက်ခြင်းနှင့် နိုင်ငံခြားဆက်ဆံရေးတို့ကို နိုင်ငံကြီးက ကိုင်တွယ် ထိန်းကျောင်းလေ့ ရှိသည်။ နိုင်ငံငယ်၊ ဒေသငယ်များမှ ဘုရင်ငယ်များနှင့် စော်ဘွားစသူတို့မှာ အားကြီးသောဘုရင်ကို အစ်ကိုကြီးသဖွယ်ထားကြပြီး မိမိတို့ဒေသကို လွတ်လပ်စွာ အုပ်ချုပ်ခွင့်ရှိခဲ့သည်။ တဘက်ကလည်း အချင်းချင်းမိတ်ဖွဲ့သည့် အနေဖြင့် တော်ဝင်သွေးများကို လက်ထပ်ထားပေးသည်လည်း ရှိသလို၊ နန်းတွင်းလေ့လာရေး သင်ယူမှုခေါင်းစဉ်အောက်မှ ဓားစာခံ၍ခေါ် ထားသည်လည်း ရှိခဲ့သည်။

“ကျူးကျော်မှု” ကို မြင်ရာတွင်လည်း ယနေ့ကဲ့သို့ မိမိတို့ “လူမျိုး” မြေကို ကျူးကျော်သည်ဟု မြင်ကြ၊ ပြောကြသည်ထက် “ပဒေသရာဇ်ဘုရင့်ပိုင်နက်” ကို ထိခိုက်သည်ဟု မြင်သည်။ ထို့အပြင် မြို့ရွာစား၊ စော်ဘွား စော်ကန်တို့ ပုံကန်လျှင်လည်း ဘုရင်ကို သစ္စာဖောက်သည်ဟု မြင်ကြသည်။ မြို့စားရွာစား စော်ဘွား စော်ကန် မိသားစုများကိုယ်တိုင်က အခြားပိုအင်အားကြီးသည့် ဧကရာဇ်ဘုရင် တပါးပါးကို အားကိုးခဲ့သည့် အပြန်အလှန် ဆက်ဆံရေးများလည်း မြင်ရမည်။ ဘုရင်ကလည်း သစ္စာခံနယ်မြေများ လုံခြုံရေး ထိုသူများကို အားကိုးခဲ့ ကြသည်။ ကျူးကျော်သူ-ဖိနှိပ်ခံရသူ နှစ်ခုတည်း ရိုးရှင်းသည်တော့ မဟုတ်ပေ။ သို့သော် ဗြူရိုကရေစီနှင့် လည်ပတ်ခြင်းတော့မဟုတ်၊ ဆက်ဆံရေးများက ပိုအရေးကြီးသည်။

အနောက်တိုင်းသားများ ရောက်လာပြီးကြာမြင့်မှသာ ခေတ်သစ်ဗြူရိုကရေစီနိုင်ငံဆန်သည့်အမြင်များ ရလာခြင်းဖြစ်သည်။ အနောက်တိုင်းသားများ နားလည်သည့် ဗြူရိုကရေစီယန္တရားနှင့် မြေတိုင်းပညာများ သုံးစွဲကာ လည်ပတ်သည့် စနစ်မျိုးသည် အိန္ဒိယမှုပြုထားသည့် အရှေ့တောင်အာရှ နိုင်ငံများအဖို့ မူရင်းပုံစံ မဟုတ်ပေ။ အိန္ဒိယမှုပြုထားသည့် နိုင်ငံရေးစနစ်များမှာ ဗဟိုချက်တွင် မင်းနေပြည်တော်ရှိပြီး ယင်းဗဟိုချက်မှ အရပ်ရှစ်မျက်နှာဘက်ပေါင်းစုံသို့ အာဏာစက်ဖြန့်ထွက်ရာ၊ ယင်းအာဏာစက်ကို လက်ခံ၍ ပဏ္ဏာလက်ဆောင် ဆက်သွင်းမည့် အုပ်ချုပ်သူ အခြားမင်းများကို ရှာဖွေသိမ်းသွင်းခြင်း ဖြစ်သည်။ ယင်းသစ္စာခံမှုနှင့် ပဏ္ဏာများ ဆက်သွင်းသော အုပ်ချုပ်သူများမှာလည်း အပြောင်းအလဲ ရှိတတ်သည်။ နယ်နိမိတ်ဘောင်များဖြင့် စဉ်းစားမှု ပြုသည်ထက် ပဏ္ဏာဆက်၊ သစ္စာခံမှုများနှင့် စဉ်းစားခဲ့သော ခေတ်ဖြစ်သည်။ နောင်တွင် ယင်းစနစ်မျိုးကို ခေါ်ဝေါ်လွယ်ကူရန် “မဏ္ဍလစနစ်” ဟု ခေါ်သည်။ အထူးသဖြင့် အေဒီ ၅၀၀ မှ ၁၅၀၀ ခန့်အထိ ဒေသတွင်း အာဏာမည်သို့လည်ပတ်ခဲ့သည်ကို ရှင်းပြရန် O.W. Wolters က “မဏ္ဍလ” ဝေါဟာရကို အသုံးပြုခဲ့သည်။

"မဏ္ဍလ" ဟူသော စကားလုံးသည် သက္ကတဘာသာစကားတွင် "စက်ဝိုင်း" ဟု အဓိပ္ပာယ်ရသည်။ စက်ဝိုင်းတခု၏ အလယ်တွင်ရှိသော ဘုရင်တပါးကို စဉ်းစားကြည့်ပါ။ သူသည် စကြဝတေးမင်းကဲ့သို့ ဖြစ်သည်။ သိကြားမင်းကဲ့သို့ ဖြစ်သည်။ နတ်ဘုရားကဲ့သို့ ဖြစ်သည်။ သူ့ပတ်လည်ဒေသများတွင် အခြားသော သေးငယ်သည့် အုပ်စိုးသူများရှိသည်။ ဤအုပ်စိုးသူများသည် ဘုရင်ကြီးကို လက်ဆောင်များပေးပြီး သစ္စာရှိရန် ကတိပြုကြသည်။ မဟာမိတ်ပြုသည်။ အပြန်အလှန်အားဖြင့် ဘုရင်ကြီးသည် အကာအကွယ် ပြုပေးပြီး သူတို့ကိုလည်း အရေးပါသူများအဖြစ် ဘွဲ့အမည်များ အပ်နှင်းခြင်း၊ ထင်ရှားစေခြင်းများ ပြုမည်ဖြစ်သည်။ သို့သော် အမြတ်ထုတ်လွန်းခြင်းများ ရှိလာပါက သစ္စာခံမှုရုတ်သိမ်းကာ ပြန်တိုက်ကြပေလိမ့်မည်။

ယနေ့ခေတ်နိုင်ငံများနှင့် မတူဘဲ ဤမဏ္ဍလများသည် တင်းကျပ်သော မြေတိုင်းနယ်နိမိတ်များမရှိပေ။ ဘုရင်၏ လက်တွေ့အာဏာစက်သည် နေပြည်တော်အနီးတွင် အားအကောင်းဆုံးဖြစ်ပြီး ဝေးကွာသွားလေလေ အားနည်းလေလေ ဖြစ်သည်။ ထို့ကြောင့် V. Lieberman က Solar Polity ဟု ခေါ်၏။[4] အင်ကောဝန်းကျင်ရှိ ခမာအင်ပါယာနှင့် ဂျာဗားရှိ မဂျာပဟစ် ဘုရင့်နိုင်ငံကဲ့သို့သော ကြီးမားသည့် ရှေးခေတ်ဘုရင့်နိုင်ငံများသည် မဏ္ဍလများ၏ ဥပမာကောင်းများဖြစ်သည်။ မြန်မာနိုင်ငံတွင် ပုဂံ၊ တောင်ငူအင်ပါယာများ ဖြစ်သည်။ သို့ရာတွင် ယခုသုံးသည့် “အင်ပါယာ” ဟူသော ဝေါဟာရမှာ အနောက်တိုင်းသားများ သုံးစွဲသည့် ဗြူရိုကရေစီအင်ပါယာကို ဆိုလိုခြင်းမဟုတ်ဘဲ၊ သစ္စာခံ၍ ပဏ္ဏာဆက်သည့် အဝန်းအဝိုင်းကြီးများကို ဆိုလိုခြင်းသာဖြစ်သည်။

အကြီးအကဲ မင်းဘုရင်သည် အံ့သြဖွယ်ရာ စေတီများနှင့် ဘုရားကျောင်းများဖြင့် ခမ်းနားထည်ဝါသော မြို့တော်တွင် စံမြန်းသည်။ ဤမြို့တော်သည် သူ၏အာဏာ အရေးပါမှုကို ပြသခဲ့ပြီး စစ်ရေးနှင့် ဘာသာရေးထံမှ တရားဝင်မှုအာဏာကို ရရှိထားသူပင် ဖြစ်သည်ဟု ဆိုလို၏။ ဥပမာ၊ ဂျာဗားရှိ ဗောရောဗုဓေါစေတီသည် ယှေလင်္ဒရာ[5] ဘုရင်များ၏ အင်အားကြီးမားမှုကို ပြသခဲ့သည်။ ပုဂံနေပြည်တော်သည် မြန်မာဘုရင် အာဏာကို ဖော်ပြနိုင်သည်။ အန်ကောဝတ်သည် ခမာအင်အားကို ပြသနိုင်သည်။

ဘုရင်ကြီးပတ်လည်ရှိ ပိုမိုအားနည်းသော အုပ်စိုးသူများသည် ဘုရင်မင်းကြီးကို ဆန်၊ ငွေ၊ ရွှေ၊ ဆင်၊ မြင်း ကဲ့သို့သော လက်ဆောင်များ ပေးပို့ရသည်။ မြန်မာနိုင်ငံတွင် ဝါဝင်ဝါထွက်များ လာကန်တော့ရသည်။ အဝေးအနီးပေါ် မူတည်၍ ဘယ်နှနှစ်တခါအရေအတွက်ဖြင့် အခစားဝင်ရန်ဟူ၍ သတ်မှတ်သည်လည်း ရှိသည်။ လေးစားမှုကို ပြသကြရသည်။ မင်းခမ်းမင်းနားများတွင် လာ၍ အရိုအသေပြုရသည်။ စစ်တိုက်သည့်အခါ လိုက်ပါရသည်။ မဟုတ်လျှင် ထောင်လွှားပုန်ကန်သည်ဟု သတ်မှတ်ခံရပေလိမ့်မည်။ အပြန်အလှန်အားဖြင့် မဟာမိတ်ဆိုင်ရာ ကာကွယ်မှုများကို ရရှိကြသည်။ မဏ္ဍလအသီးသီး၌ ဆက်သပို့ဆောင်သော လက်ဆောင်အရေအတွက်များကို စာရင်းပြုစုထားသည်များကို နိုင်ငံအသီးသီးတွင် မကြာခဏ တွေ့ရသည်။

အနောက်နိုင်ငံကဲ့သို့ တိကျသောနယ်နိမိတ်ဖြင့် တိုင်းတာ၍ နိုင်ငံကို သတ်မှတ်သည့် စနစ် မဟုတ်ရာ ဘုရင်တပါး၏ ထိန်းချုပ်နယ်မြေသည် သူ၏ အင်အားပေါ်မူတည်၍ ပိုကြီးလာနိုင်သလို သေးငယ်သွားနိုင်သည်။ ဥပမာအားဖြင့် အယုဒ္ဓယနှင့် ဆူခိုထိုင်းဘုရင့်နိုင်ငံသည် အခြားမဏ္ဍလများနှင့် တိုက်ခိုက်ခဲ့ပြီး စစ်ပွဲများတွင် အနိုင်ရခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းပေါ်မူတည်၍ အသီးသီး အာဏာများ ပြောင်းလဲခဲ့သည်ကို ကြည့်နိုင်သလို တောင်ငူအာဏာစက်သည် ဘုရင့်နောင်လက်ထက်တွင် အလွန်ကြီးမားသော်လည်း ဘုရင့်နောင်လွန်သည်နှင့် ပုန်ကန်ထကြွမှု များစွာကို ကြုံရသည်ကို ကြည့်နိုင်ပါသည်။ သို့ရာတွင် ကြီးမားသော ပဋိပက္ခများ မပေါ်မချင်း တနေရာထက်ပို၍ ပဏ္ဏာဆက်နိုင်သည်။ သျှမ်း၊ လာအိုဒေသများကို ကြည့်ပါ။ တရုတ်၊ မြန်မာ၊ ထိုင်း ဘုရင့် နိုင်ငံတော်များဆီ သင့်တော်သလို ပဏ္ဏာဆက်ခဲ့ကြ၏။ သစ္စာခံမှုများ ထပ်နိုင်သည်၊ ပြောင်းနိုင်သည်။

မဏ္ဍလစက်ဝိုင်းများအတွင်း တူညီသော ယုံကြည်ချက်များရှိတတ်သည်ကိုလည်း မမေ့သင့်ပေ။ မြန်မာတွင် ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာကဲ့သို့သော ဘာသာတရားများကို လိုက်နာခြင်းသည် မဏ္ဍလများကို တရားဝင်ညီညွတ်စေရန် ကူညီပေးခဲ့သည်။ ဒေသတွင်း ဘုရင်များသည် သူတို့အား ဘုရားသခင်/ နတ်များက ရွေးချယ်ထားသူများ၊ သို့မဟုတ် ဗျာဒိတ်ရသူများ၊ သို့မဟုတ် ဗုဒ္ဓနှင့် အမျိုးဆက်စပ်သူများ ဖြစ်ကြောင်း ပြသရန် သမိုင်းများရေး၊ ဘုရားများတည်ကြသည်။ သာသနာပြုမှုများ မှတ်တိုင်ထူကြသည်။ အနော်ရထာ၏ အုတ်ခွက် ဘုရားများကို အာဏာစက်ပျံ့နှံ့ရာ နေရာများစွာတွင် တွေ့ရသည်။

ယင်းမဏ္ဍလများအကြောင်းကို ရှေးဟောင်း ကျောက်စာ၊ ပေစာများတွင် တွေ့ရသည်။ သီရိဝိဇယ[6]မှ စာတစောင်တွင် ပင်လယ်ကုန်သွယ်မှုကို မည်သို့ထိန်းချုပ်ခဲ့ပြီး ကမ်းရိုးတန်းအနီးရှိ ခေါင်းဆောင်များထံမှ လက်ဆောင်များ မည်သို့ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ ဤကဲ့သို့ ဒေသတွင်း ရှေးစာများကိုလေ့လာရာတွင် အချို့သော အချက်အလက်များသည် ချဲ့ကားထားခြင်း ဖြစ်နိုင်သည်ကို သတိရှိရန်လိုသည်။

မဏ္ဍလစနစ်သည် အရှေ့တောင်အာရှတွင် နယ်နိမိတ် “မျဉ်းသေ” သဘောထက် ဆက်ဆံရေးများက ပိုအရေးပါသည့် ကိုယ်ပိုင်အုပ်ချုပ်မှုပုံစံရှိကြောင်း ပြသမှုဖြစ်သည်။ သို့ရာတွင် ယင်းစနစ်သည် အခြားသော နိုင်ငံများတွင်လည်း ရှိကြပါသည်။ သာဓကအားဖြင့် ချင်းတရုတ်နိုင်ငံတော် (Qing Dynasty) သည် ကိုရီးယား၊ မြန်မာ စသော နိုင်ငံများကို တိုက်ရိုက်အုပ်ချုပ်ခြင်း မဟုတ်သောလည်း ကောင်းကင်အာဏာအောက်တွင် သူ၏လက်အောက်ခံ ပြည်ထောင်များအဖြစ် ရှုမြင်ခဲ့သည်။[7] ရှေးတုန်းက "နိုင်ငံ" ဆိုသည်မှာ အဘယ်နည်းဟု ပြန်မေးရမည်။ တရားသေနယ်နိမိတ်နှင့် သမ္မတ၊ ဝန်ကြီးချုပ်၊ ဘုရင် တပါးပါးရှိသော “နိုင်ငံ” ဟူသည့် အတွေးအမြင်ပုံစံကို မဏ္ဍလစနစ်တွင် မတွေ့ရ။ ပဒေသရာဇ်ဘုရင်တို့၏ “နိုင်” ခဲ့ “ငံ” ခဲ့သည့် နေရာများ ဖြစ်သည်။[8] ပီယဓာတ်နှင့် ရဲစွမ်းသတ္တိရှိသည့် ဘုရင်များကို အခြေခံသည်။ ပုဂ္ဂိုလ်ရေး ဆက်နွယ်မှုများက အရေးပါသည်။

ဒေသအတွင်း သမိုင်းစဉ်အရ လူမှုယဉ်ကျေးမှုနှင့် ဘာသာရေးယုံကြည်ချက်များသည် အာဏာတွင် မည်မျှကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို ပြသသည်။ ၁၉ ရာစု ဥရောပ၏ကိုလိုနီဝါဒ လွှမ်းမိုး၍ “ခေတ်သစ်အမျိုးသားနိုင်ငံ” အမြင်များ သွတ်သွင်းလာသည့် အခါမှသာ ဒေသစနစ်များ မှေးမှိန်သွားခဲ့ရသည်။ သို့ရာတွင် ယနေ့အထိပင် အရှေ့တောင်အာရှနိုင်ငံများ၏ အမြင်၊ ပူးပေါင်းဆောင်ရွက်ပုံနှင့် ဆက်သွယ်ပုံ အချို့သည် ဤရှေးဟောင်းမဏ္ဍလစနစ်ပုံစံတွင်ပင် ဇစ်မြစ်ခံလာမှုများ ရှိနေပါသေး၏။
----------------

[1] သမိုင်းဆရာကို သမိုင်းရေးခြင်းသီးသန့်ကြောင့် သတ်သည့်ဘုရင်အကြောင်းတော့ မတွေ့မိပါ။ သို့ရာတွင် စကားမှား၍ ဒဏ်ချခံရ၊ ဆိုးလျှင် အသတ်ခံရသူများတော့ မကြာခဏ တွေ့ရပါသည်။

[2] အချို့က သျှမ်းသွေးပါသည့် ပုဂံမင်းဆက်အနွယ်များ ဖြစ်နိုင်သည်ဟု ဆိုကြသည်။ သို့ရာတွင် အစဉ်အလာအားဖြင့် စော်ဘွား အနွယ်များဟု သိကြသည်။

[3] ရှေးဘုရင်ခေတ်က ရှိသည့် လူမျိုးဟူသော စဉ်းစားချက်သည် အသိုက်အမြုံအမြင်ဘက် ပို၍ရောက်ရာမှ ယန္တရားအမြင် ဆန်သော၊ ဗျူရိုကရက်နိုင်ငံနှင့် တွဲစဉ်းစားသော၊ လူမျိုးအမြင်ပြောင်းလဲလာသည်ဟု ဆိုလိုပါသည်။

[4] Wolters ၏ "မဏ္ဍလ" သည် အုပ်ချုပ်သူများအကြား သစ္စာခံမှု၊ လက်ဆောင်ပဏ္ဏာဆက်သမှုနှင့် ဘာသာရေးဆိုင်ရာ အခမ်းအနားများမှတဆင့် တည်ဆောက်ထားသည့် ဆက်ဆံရေးကွန်ရက်ကို ပိုမိုအလေးပေးသည်။ Lieberman ၏ "Solar Polity" (နေစကြဝဠာပုံပမာ) မှာမူ အုပ်ချုပ်ရေးယန္တရား၏ ဗဟိုမှ အစွန်အဖျားဒေသများဆီသို့ အားနည်းသွားသော အာဏာဖြန့်ကျက်မှု (gradient of power) နှင့် အချိန်ကာလရှည်ကြာစွာ ဖြစ်ပေါ်သည့် အုပ်ချုပ်မှုဆိုင်ရာ ပေါင်းစည်းမှု (administrative integration) ကို ပိုမိုအာရုံစိုက်သည်။

[5] ယှေလင်္ဒရာ သို့မဟုတ် သေလိန္ဒာ သည် သက္ကတဘာသာစကားမှ ဆင်းသက်လာပြီး "တောင်၏ဘုရင်" (King of the Mountain) ဟု အဓိပ္ပာယ်ရသော Śaila (တောင်) နှင့် Indra (သိကြားဘုရင်) ပေါင်းစပ်ထားသော အမည်ဖြစ်သည်။ ၈ ရာစု ဂျာဗား (Java) တွင် ယဉ်ကျေးမှုပြန်လည်ဆန်းသစ်ရန် အုပ်ချုပ်နိုင်ခဲ့သည့် မင်းဆက်ဖြစ်သည်။ မဟာယာနဗုဒ္ဓဘာသာကို ထောက်ပံ့သူများဖြစ်ကြပြီး ဂျာဗားဗဟိုချက်ရှိ ကေဒူလွင်ပြင် (Kedu Plain) တလျှောက်တွင် ဗုဒ္ဓဘာသာလက်ရာ အဆောက်အအုံများဖြင့် ဖုံးလွှမ်းခဲ့သည်။ ယခုအခါ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်သော ကြီးမားခမ်းနားသည့် ဗောရောဗုဒ်ဓောစေတီတော်ကြီး (colossal stupa of Borobudur) သည် တခုအပါအဝင် ဖြစ်သည်။

[6] သီရိဝိဇယ သည် ၇ ရာစုနှစ်မှ ၁၃ ရာစုနှစ်များအထိ အရှေ့တောင်အာရှ၏ အစိတ်အပိုင်းများကို လွှမ်းမိုးခဲ့သော အင်အားကြီးသည့်၊ ဗုဒ္ဓဘာသာ ထွန်းကားသော၊ ရေကြောင်းအင်ပါယာ (thalassocratic / maritime empire) တခုဖြစ်၍ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြားရှိ အရေးပါသော ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ထားခဲ့သည်။ ဆူမတြားကျွန်း (ယခု အင်ဒိုနီးရှားနိုင်ငံ) ကို ဗဟိုပြုခဲ့ပြီး မလေးကျွန်းစု (Malay Archipelago) ကို ဩဇာလွှမ်းမိုးခဲ့သည်။ ဗုဒ္ဓဘာသာ လေ့လာသင်ယူမှု နှင့် ယဉ်ကျေးမှု ဖလှယ်မှု တို့အတွက် အရေးပါသော ဗဟိုချက်မတခုလည်း ဖြစ်ခဲ့သည်။

[7] တရုတ်ဘုရင်ကြီးများက မိမိတို့ကိုယ်ကို “ကောင်းကင်ဘုံအာဏာ (Mandate of the Heaven)” ရှိ၍ အခြားသော ပြည်ထောင်များမှာ မိမိတို့ကို လေးမြတ်လက်ခံရန် လိုသည်ဟု အယူအဆရှိကြသည်။ ကောင်းကင်အောက်မှ အုပ်ချုပ်သူ (ထျန်းရှ - 天下) အယူအဆကို ပိုတွေ့ရသည့် ကျိုးမင်းဆက်၊ သူ့အလွန် စစ်ပွဲများနှင့် အုပ်ချုပ်ရေးအမြင် ချဲ့ထွင်၍ ရူဝါဒ ကြီးစိုးလာသည့်ခေတ်များတွင် “國 - ကော်” ဟူသော တရုတ်စကားကို မူလ တံတိုင်းခတ်မြို့ပြနိုင်ငံဟူသည့် အဓိပ္ပာယ်မှ “နိုင်ငံ” ဟု ပိုမိုဖွင့်ဆိုလာ၏။ နောက်ပိုင်းကာလများတွင် တရုတ်တို့သည် အခြားပတ်လည်ရှိ လူ့အသိုင်းအဝိုင်းများ တို့ကိုလည်း မိမိတို့နားလည်သည့် “ကော်” ဟူသည့် ပြောင်းလဲလာသည့် ရှုထောင့်မှ နားလည်ခဲ့ကြသည်။ အထူးသဖြင့် ချင် (Qin -秦朝) မင်းဆက်တွင် ယနေ့ (ကျုံးကော် - အလယ်နိုင်ငံတော်) 中国 အမည်ကို ညွှန်းလာကြသည်။

[8] ဒေါက်တာသန်းထွန်းကလည်း “နိုင်” နှင့် “ငံ” ပေါင်းထားသည်ဟု ရေးသားသည်။ သို့ရာတွင် အချို့က နိုင်ငံသည် “နာဂရ” ဟူသောစကားမှ ဆင်းသက်လာသည့် ပါဠိပျက်ဟု ဆိုသည်လည်း ရှိသည်။ “နိုင်ဂံ” ဟု အသံထွက်သည်ကို ထောက်၍ ယူဆကြခြင်းလည်း ဖြစ်သည်။

Comments

Popular posts from this blog

ပဒေသရာဇ် ဘုရင်ခေတ်များ - နိဒါန်း

ယခုမြန်မာနိုင်ငံဟု သိကြသော ဒေသကို အိန္ဒိယဘက်မှ စာများတွင် ဗြဟ္မာ့ဒေသ (ဗရမာဒေ့ရှ်) ဟု ညွှန်းကြသည်ကို တွေ့ရသည်။ မြို့အမည်၊ မြစ်အမည်များကို ဟိန္ဒူတို့၏ နတ်ဗြဟ္မာအမည်များ မှည့်ခေါ်ကြရာ ဗိဿနိုးမြို့၊ ဘိန္နကမြို့ (သီဝနတ်ဘုရားနှင့် ဆက်စပ်နိုင်)၊ သျှရီခတ္တရာ၊ သူရဿတီ (တနည်း သာယာဝတီ- ယခုချင်းတွင်းမြစ်)၊ ဧရာဝတီ (ဧရာဝဏ်ဆင်အမည်) စသည်ဖြင့် တွေ့ရတတ်သည့်အတိုင်း ဖြစ်သည်။ အရှေ့ဘက်ဆက်လျှင် ဒွာရဝတီ၊ လဝ (ရာမ၏ သားတော်) စသည့် အမည်များ ပေးကြသည်။ ယခုဗီယက်နမ်အထိ ဒေသဘက်ကိုမူ အင်ဒရာဒီပ (မိုးကြိုးနတ်ဘုရင်၏ကျွန်း) ဟု ခေါ်ကြ၏။ အင်ဒရာပူရ (သိကြားမြို့) လည်း ရှိသည်။ ခုနှစ်ကို သိကြားနှစ် (သက္ကရာဇ - သက္ကရာဇ်) ဟုခေါ်၏။ ဒေသကိုအခြေခံသည့် အခေါ်အဝေါ်များမှ ဗမာ၊ နောင်တွင် မြန်မာ ဟူသည့် လူမျိုးကိုညွှန်းသော စကားလုံးများ ဖြစ်လာသည်ဟု ယူဆရသည်။ [1] ဒေသကို ခေါ်သည့် အခေါ်အဝေါ်မှ လူမျိုးအမည်အဖြစ် ပြောင်းလဲလာမှုမှာ မစိမ်းပါ။ ဥပမာ ထိုင်းနိုင်ငံ၊ ထိုင်းလူမျိုးပမာ ဖြစ်သည်။ ဘရာဇီးဟူသော ဒေသအမည်မျှ ဘရာဇီးလူမျိုးဟူ၍ ပြောလာကြသလို ဖြစ်သည်။ တရုတ်တို့ဘက်မှ မှတ်တမ်းများတွင် “မြန်/မီယမ် တျင့် (緬甸)” ဟု ရေးသည်ကို တွေ့ရသည်။ မည်သို့ဆိုစေ စာလုံးရေးသည့်ခ...

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

    လူသားတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ မသိနားမလည်မှုကနေ ဉာဏ်ပညာဆီကို တမဟုတ်ချင်း ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်က ထင်ရှားတဲ့ အဆင့်အမျိုးမျိုးကို ဖြတ်သန်းသွားပြီး၊ အဆင့်တခုစီက ရှုပ်ထွေးမှုတွေကို နစ်မွန်းမသွားစေဘဲ လက်ခံနိုင်စွမ်းကို တိုးမြှင့်ပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်အလိုက် တင်းကျပ်စွာ သတ်မှတ်ထားတာ မဟုတ်ဘဲ၊ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စိတ်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပုံတွေ ကွဲပြားတာပဲ ဖြစ်ပါတယ်။ အောက်မှာတော့ အရှင်းလင်းဆုံး ရှင်းလင်းချက်ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ရွေ့လျားသွားတဲ့ ဒီအဆင့် ၅ ဆင့်အတွက် လမ်းပြမြေပုံတခုကို အသေအချာစဉ်းစားကြည့်ပြီး ဖော်ပြလိုက်ပါတယ်။ အဆင့် ၁။ ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်းအဆင့် ဘယ်သင်ယူမှုခရီးရဲ့ အစမှာမဆို စိတ်က ရှင်းလင်းပြတ်သားမှုကို လိုလားတယ်။ ခိုင်မာတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ လျင်မြန်တဲ့ အမျိုးအစားတွေကို လိုအပ်တယ်။ ဒါဟာ အားနည်းချက်မဟုတ်ဘဲ၊ ရှင်သန်ရေးအတွက် နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက်အတွဲတွေအဖြစ် ဦးနှောက်ထဲကို ဝင်...

မြန်မာနိုင်ငံ၏ အခြေအနေ

မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။ [1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။ မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီ...