ဗမာ့စစ်ရေးသမိုင်းသည် နှစ်တထောင်ကျော် ကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပင်ကိုယ်လက္ခဏာကို ပုံဖော်ပေးရုံသာမက အရှေ့တောင်အာရှတွင်ပါ အမှတ်အသားများကို ချန်ရစ်နိုင်ခဲ့သည်။ ဒေသ၏သမိုင်းသည် နိုင်ငံတဝှန်း စစ်ချဲ့ထွင်မှုများနှင့် ကိုလိုနီအမွေအနှစ်မျှသာ မဟုတ်ပေ။ စစ်အင်အားဖြင့် စုစည်းမှု၊ ပြိုကွဲမှုနှင့် လိုက်လျောညီထွေဖြစ်အောင်ပြုုပြင်ကာ ပြန်လည်နိုးထမှု စသော သံသရာများဖြင့် ပြည့်နေသည်။ ရှေ့က ဆွေးနွေးပြီးသည်ကို အနည်းငယ်ပြန်ချုံ့ပါရစေ။
မြန်မာ့စစ်ရေးအုတ်မြစ်သည် ဧရာဝတီမြစ်ဝှမ်းရှိ ရှေးဦးပျူမြို့ပြနိုင်ငံများသို့ ပြန်လည်ခြေရာခံကြည့် နိုင်သည်။ ပျူများသည် စစ်သွေးကြွသော အုပ်စုများမဟုတ်ပေ။ တရုတ်ပြည် ထန်မင်းဆက် မှတ်တမ်းသစ်က ပျူတို့ကို ငြိမ်းချမ်းပြီး ယဉ်ကျေးသော၊ ဘာသာရေး လူ့အဖွဲ့အစည်းများအဖြစ် ဖော်ပြထားသည်။[1] သို့သော် အလယ်အာရှ၏ ပထဝီနိုင်ငံရေးအပြောင်းအလဲနှင့်အတူ နန်ကျောင်နိုင်ငံသစ် ပေါ်ပေါက်လာခြင်းနောက်တွင် ပြောင်းလဲမှုများကို ဆောင်ကြဉ်းခဲ့လာသည်။ အေဒီ ၉ ရာစုအလယ်ပိုင်း (၈၃၂) ဝန်းကျင်တွင် နန်ကျောင်တို့၏ ကျူးကျော်မှုများသည် ပျူမြို့ပြယဉ်ကျေးမှုကို အတိုင်းအတာတခုအထိ ဖျက်ဆီးခဲ့သည်ဖြစ်ရာ နောက်ပိုင်း မြန်မာဘုရင်များ၏ ထူးခြားစွာစစ်ရေးအာရုံစိုက်သည့် နိုင်ငံရေးပုံစံကို ဖြစ်ပေါ်စေခဲ့မည်ဟု ယူဆနိုင်မည်။[2]
နန်ကျောင်ကျူးကျော်မှု၏ နောက်ပိုင်း စစ်ရှုံးပြီးကာလတွင် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံအနီးတွင် အခြေချပြီး ပုဂံကို တည်ထောင်ခဲ့ကြသည်ဟု အချို့ကဆိုတတ်သည်။[3] ဖြစ်နိုင်ခြေတခုမှာ ပုဂံသည် နဂိုကပင် စစ်ရေးစခန်းတခုအဖြစ် ရှိနေခဲ့နိုင်သည်။ ပုဂံသည် ၁၁ ရာစု အနော်ရထာ၏ လက်အောက်၌ မြန်မာဗဟိုအဖြစ် ကြီးထွားလာခဲ့သည်။ အနော်ရထာမင်း၏၏ အာဏာချဲ့ထွင်သည့် စစ်ဆင်ရေးများသည် အထက်မြန်မာနှင့် အောက်မြန်မာပြည်ကို လွှမ်းခြုံခဲ့ပြီး ကုန်သွယ်ရေးလမ်းကြောင်းများကို ချုပ်ကိုင်နိုင်ခဲ့ရာ ပုဂံကို ဒေသဆိုင်ရာ မဏ္ဍလ၊ ဘာသာရေးနှင့် စစ်ရေးဗဟိုချက်အဖြစ် တည်ထောင်ခဲ့နိုင်သည်။ စစ်တပ်သည် အမှုထမ်းစနစ်ကို ကျင့်သုံးပြီး ခြေလျင်တပ်၊ မြင်းတပ်နှင့် ထင်ရှားသော စစ်ဆင်များဖြင့် ဖွဲ့စည်းထားသည်။ ပုဂံ၏ဩဇာကို ဒေသတလျှောက် သျှမ်းတောင်တန်းများအထိ ချဲ့ထွင်ခဲ့ပြီး တနင်္သာရီကမ်းရိုးတန်းတလျှောက် ခမာတို့၏ အင်အားချဲ့ထွင်မှုကိုလည်း ခုခံတွန်းလှန်ခဲ့သည်။
နှစ်ပေါင်း ၂၅၀ တည်ခဲ့သော်လည်း ပုဂံ၏ အာဏာကို အီလစ်အလွှာ၏ အခွန်ကင်းလွတ်မြေများမှ ထိခိုက်စေခဲ့သည်ဟု နှောင်းပညာရှင်များက ဆိုသည်။ ၁၃ ရာစုနှောင်းပိုင်းတွင် ပုဂံသည် ပြည်တွင်းပြိုကွဲမှုနှင့် မွန်ဂိုကျူးကျော်မှုများ (၁၂၇၇–၁၂၈၇) အောက်တွင် ပြိုလဲခဲ့သည်။ မွန်ဂိုတို့သည် မြန်မာကို ကိုလိုနီတခုအဖြစ် မအုပ်ချုပ်ခဲ့ကြသော်လည်း အာဏာလေဟာနယ်က ဒေသဆိုင်ရာ ပုန်ကန်မှုများကို တခုပြီးတခု ဖြစ်ပေါ်စေ ခဲ့သည်။ တောင်ငူခေတ် မရောက်မီအထိတွက်လျှင် နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်သည့် "စစ်ခေတ်" ကို စတင်ခဲ့ပြီး မည်သည့်အာဏာပိုင်တဦးတည်းကမျှ ရေရှည်လွှမ်းမိုးမှုကို လက်ဝါးကြီး မအုပ်နိုင်ခဲ့ပေ။
ဤကာလအတွင်း အာဏာသည် ပြိုင်ဘက်နယ်များဖြစ်သော မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝနှင့် နောက်ဆုံးတွင် တောင်ငူတို့အဖြစ် ပြိုကွဲသွားခဲ့သည်။ ထပ်နေသော ဩဇာလွှမ်းမိုးမှုနယ်များ၊ ပြိုင်ဆိုင်၍ သစ္စာခံမှု ရယူခြင်းများနှင့် ပြောင်းလဲနေသော ပဏ္ဏာဆက်၊ ဆွေမျိုးဆက်ဆံရေးများဖြင့် လည်ပတ်ခဲ့ကြသည်။ ယနေ့ခေတ်ကဲ့သို့ တင်းကျပ်သော ဗြူရိုကရေစီနှင့် နယ်နိမိတ်များဖြင့် လည်ပတ်ခဲ့ကြသည်တော့ မဟုတ်ပေ။ တရုတ်လက်နက်များနှင့် စစ်ရေးကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ဖြင့် အားကောင်းလာသော သျှမ်းပြည်နယ်များသည် အထက်မြန်မာပြည်အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်ခဲ့ရာ အင်းဝနန်းကို အားကုန်ခမ်းစေခဲ့သည်။
ဗဟိုချုပ်ကိုင်သော စစ်အာဏာ ပြန်လည်နိုးထလာသည့် ဗဟိုချက်မှာ တချိန်က ဗဟို၏အစွန်အဖျား ဖြစ်ခဲ့သော တောင်ငူပြည်မှ ဖြစ်သည်။ ၁၅၂၇ ခုနှစ်[4]တွင် အင်းဝပြိုလဲခြင်းကို အခွင့်ကောင်းယူ၍ တောင်ငူသည် ဒုက္ခသည်များရွှေ့ပြောင်းမှု၊ လက်နက်သွင်းကုန်များ (အထူးသဖြင့် ပေါ်တူဂီများမှ) နှင့် နည်းဗျူဟာမဟာမိတ် ဖွဲ့မှုများကို အသုံးချကာ ကျွန်းဆွယ်အရှေ့တောင်အာရှတွင် အကြီးဆုံးအင်ပါယာကို တည်ဆောက်ခဲ့သည်။
တပင်ရွှေထီးက ပဲခူးကို မဟာဗျူဟာမြောက် သိမ်းပိုက်ပြီးသည့်အခါ ရေကြောင်းကုန်သွယ်ရေးနှင့် နိုင်ငံခြားလက်နက်များကို ရယူနိုင်ခဲ့သည်။ ဘုရင့်နောင်သည် တောင်ငူနိုင်ငံကို မဏိပူရမှ သျှမ်းပြည်နယ်များ၊ ချင်းမိုင်-အယုဒ္ဓယတို့အထိ ကျယ်ပြန့်သော အရှေ့တောင်အာရှတဝှမ်းနီးပါး အင်ပါယာအဖြစ်သို့ ပြောင်းလဲခဲ့ပြီး လန်ဆန်းနှင့် ရခိုင်ပါ ရင်ဆိုင်ခဲ့သည်။ စစ်ဆင်ရေးများသည် ကြီးမားသော ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ (တပ်သား သိန်းချီ၊ ဆင်ရာပေါင်းများစွာပါဝင်ခဲ့) လုပ်ခဲ့ကြသည်။ နိုင်ငံများသည် ပုံသဏ္ဌာန်အားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆက်လက်ရှိသော်လည်း သင်္ကေတအားဖြင့်၊ စစ်ရေးနှင့် စီးပွားရေးအားဖြင့် တောင်ငူ၏ လက်အောက်ခံ ဖြစ်ခဲ့သည်။
ဤသမိုင်းတလျှောက်တွင် စစ်ရေးဖွံ့ဖြိုးတိုးတက်မှုများသည် တိကျသော နယ်နိမိတ်မျဉ်းများရှိကြ၍ အကြမ်းဖက်မှုများကို လက်ဝါးကြီးအုပ်ထားသော ခေတ်သစ်နိုင်ငံတော်စနစ်နှင့် မတူပေ။ အရှေ့တောင်အာရှ ရှေးစစ်ပွဲများသည် နယ်မြေကို ဗြူရိုကရက်ထိန်းချုပ်ခြင်းထက် လူများနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ခြင်းနှင့် ပိုမိုသက်ဆိုင်သည်။ အစ်ကိုကြီးဖြစ်သော (သို့) စကြဝတေးမင်းပမာဖြစ်သော မင်းတရားက ဦးဆောင်လျက် မဟာမိတ်များ ပြုကြခြင်းဖြစ်သည်။ လက်နက်နိုင်ငံ၊ ဘုရင့်နိုင်ငံများ ဖြစ်ကြသည်။
ဤစနစ်အခြေခံတွင် တပ်မတော်များသည် အမြဲတမ်းတပ်ဖွဲ့များမဟုတ်။ စုစည်းလှုံ့ဆော်နိုင်စွမ်းနှင့် ပိုမိုသက်ဆိုင်ပြီး ပဒေသရာဇ်အောက်မှ စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းများနှင့် လက်အောက်ခံနိုင်ငံများ၏ ပံ့ပိုးမှုများအပေါ် မှီခိုကြလေ့ရှိသည်။ ယင်းထိန်းချုပ်မှုသည် ခေါင်းဆောင်မှု၏ ရဲစွမ်းသတ္တိနှင့် ခွန်အားရှိမှု၊ ပီယဓာတ်ဆွဲဆောင်မှု၊ ဘုရင်စနစ်ဆိုင်ရာ နက္ခတ်ဗေဒင်ပညာ၏ တောင်းဆိုမှုများ၊ ဘာသာရေး ပံ့ပိုးမှုများဖြင့် တက်လိုက်ကျလိုက် ရှိနေသည်။
ဘုရင့်နောင်လွန်သည့်အခါ သူ့လက်ထက် အုပ်ချုပ်မှုမျိုးကို မပြနိုင်သည့်အတွက် ပုန်ကန်မှုများ တိုးပွားလာသည်။ နန္ဒဘုရင်သည် မိမိသားကြီး ယိုးဒယားစစ်ချီရာတွင် ကျဆုံးမှုကို လက်စားချေလို၍ ခဏခဏ ယိုးဒယားကို တိုက်ခိုက်ရာ မအောင်မြင်ဘဲ အင်အားပြုန်းတီးလာပြီး နောက်ဆုံး ကမ္ဗောဇသာဒီ ပဲခူးနန်းတော်ပါ ပျက်စီးသွားသည်။ ယင်းကဲ့သို့ တောင်ငူအင်ပါယာ ပြိုကွဲရာ ၁၆၀၀ ပြည့်နှစ်တွင် ဘုရင့်နောင်နှင့် မွေးခဲ့သူ သားတဦးဖြစ်သည့် မင်းရဲနန္ဒမိတ်ဘွဲ့ခံ ညောင်ရမ်းစားရှင်သစ္စာသည် မဟာသီဟသူရဘွဲ့ဖြင့် တောင်ငူမင်းဆက် အဖြစ် ကြေညာသည်။ ညောင်ရမ်းမင်းဆက်ဟု ခေါ်ကြသည်။ ညောင်ရမ်းမင်းသည် သံတမန်ရေးနှင့် စစ်ပွဲတို့ကို ဂရုတစိုက် ပေါင်းစပ်ကစားခြင်းဖြင့် မြန်မာ့အာဏာကို ပြန်လည်စုစည်းရန် ကြိုးပမ်းခဲ့သည်။
ညောင်ရမ်းမင်းဆက်သည် မိုးညှင်း၊ မိုးကောင်းနှင့် ဗန်းမော်အပါအဝင် မြောက်ပိုင်းဒေသများကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး အငြင်းပွားနေသော သျှမ်းနယ်မြေများသို့ပင် ဩဇာချဲ့ထွင်ခဲ့ကာ အယုဒ္ဓယသစ္စာခံ လန်နပြည်အနားသို့ ရောက်ရှိခဲ့သည်။ အနောက်ဖက်လွန်မင်းက ၁၆၁၃ ခုနှစ်တွင် ပြည်၊ တောင်ငူနှင့် မဟာဗျူဟာအရ အရေးပါသော သံလျင်ဆိပ်ကမ်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ပေါ်တူဂီကြေးစား ငဇင်ကာ ခေါ် ဖိလစ်ဒီဘရီတိုကို ကွပ်မျက်ခဲ့ကာ အောက်မြန်မာပြည်ကို ပြန်လည်ရယူခဲ့သည်။ ယင်းစစ်ဆင်ရေးများသည် မုတ္တမနှင့် ထားဝယ်ကို ယိုးဒယားထံမှ ပြန်လည်သိမ်းယူခဲ့ပြီး ၁၆၁၄ ခုနှစ်တွင် လန်နပြည်သည် မြန်မာနိုင်ငံသို့ ထပ်မံဩဇာခံခဲ့ရသည်။
၁၆၂၀ ပြည့်လွန်နှစ်များတွင် အနောက်ဖက်လွန်မင်းသည် အယုဒ္ဓယပြည်နှင့် လန်ဆန်းပြည်မှ လွဲ၍ တောင်ငူအင်ပါယာကို အခြေခံအားဖြင့် ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီဟု ဆိုရမည်။ ယင်းစစ်ပွဲများကြောင့် မြန်မာ့ဗဟိုအာဏာသည် နောက်ထပ်ရာစုနှစ်တခုကြာ တည်တံ့ခဲ့သည်။
နောင်တွင် ပင်းတလဲမင်းက ဘုရင်ယုံလီကို ခိုလှုံခွင့်ပြု၍ မင်မင်းဆက်နယ်မြေကို မိမိ ပိုင်သည်ဟု ကြေငြာပြန်ရာမှ တရုတ်နှင့် စစ်များဖြစ်ပြန်သည်။ နောက်ဆုံး စစ်ပန်းလာသည်ကို စိတ်ကုန်သည့် ပြည်မင်းက အာဏာသိမ်းပြီး စစ်ပြေးလာသည့် မင်ဘုရင်ဟောင်းယုံလီကို ပြန်ပို့ကာ ချင်းတရုတ်စစ်သူကြီး ဝူဆန်းကွေနှင့် ပြေငြိမ်းလိုက်သည်။ တချိန်တည်းမှာ အယုဒ္ဓယဘက်မှလည်း ဘုရင်နာရိုင်းသည် တနင်္သာရီနှင့် လန်နပြည်ကို ပြန်လည်သိမ်းယူရန် စစ်ဆင်ရေးများ စတင်ခဲ့သည်။ မြန်မာ့တပ်ဖွဲ့များသည် မုတ္တမနှင့် ထားဝယ်ကို ထိန်းနိုင်သော်လည်း ၁၆၆၃ ခုနှစ်တွင် ဇင်းမယ်ကို ဆုံးရှုံးသည်။
ညောင်ရမ်းမင်းဆက်သည် မြန်မာဒေသနှင့် သျှမ်းပြည်နယ်ဒေသအချို့အပေါ် အမည်ခံထိန်းချုပ်မှုကို ထိန်းသိမ်းထားသော်လည်း တောင်နှင့် အနောက်ဘက်သို့ လက်လှမ်းမီမှုမှာ အားနည်းလာခဲ့ပေပြီ။
ထိုအထဲတွင်မှ မိသားစုရေး မကျေနပ်ချက်များနှင့် နိုင်ငံရေးတင်းမာမှုများမှ မဏိပူရပဋိပက္ခလည်း စတင်ခဲ့သည်။ ချလိုင်းလွန်ဘဘုရင်၏ သမီးတော်ကို မိဖုရားရာထူးမှ ချခဲ့ပြီး နောက်ထပ် သမီးတော်တဦး တောင်းလာ၍ မဏိပူရဘုရင်ဟောင်းသည် မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး သားတော် ပန်ဟေဘ (Garibaniwaz) ဘုရင်အား လက်စားချေရန် တာဝန်ပေး၏။ ၁၇၁၇ ခုနှစ်တွင် ပန်ဟေဘနှင့် မြန်မာတို့ စ၍ ပဋိပက္ခဖြစ်၏။ ၁၇၂၄ ခုနှစ်တွင် မြန်မာ အထက်တန်းလွှာ ၃၀၀ ကို ဖမ်းဆီးယူဆောင်သွားခဲ့သည်။ မြန်မာတို့ လက်စားချေရန် ကြိုးပမ်းသော်လည်း မရ။ မန်ရှားတွင် စစ်ရှုံးခဲ့၏။
၁၇ ရာစုနှောင်းပိုင်းနှင့် ၁၈ ရာစုအစောပိုင်းတွင် အင်းဝ၏ဗဟိုချုပ်ကိုင်နိုင်သည့် အာဏာဩဇာသည် ယိုယွင်းလာခဲ့သည်။ အခွန်အကောက်များလွန်ကဲမှုအပေါ် ဒေသခံများ၏ မကျေနပ်မှုကြောင့် ဖြစ်ပွားခဲ့သော လန်နပုန်ကန်မှု (၁၇၂၇–၁၇၃၂) သည် မြန်မာ့အုပ်ချုပ်ရေး၏ အားနည်းလာမှုကို မြင်သာစေသည်။ တောင်ပိုင်းလန်နားသည် လုံးဝကွဲထွက်သွားခဲ့သည်။
၁၇၃၅ ခုနှစ်တွင် မြန်မာပြည်အလယ်ပိုင်း မူချိုင့်ဝှမ်းကို ကသည်းတပ်တို့ ကျူးကျော်ကာ မြေဒူးမြို့ကို ဖျက်ဆီးပြီး လူနှင့် ကျွဲနွားများဖမ်းဆီးခဲ့သည်။ ၁၇၃၇ ခုနှစ်တွင် မြန်မာတပ်နှစ်တပ်ကို ဆက်တိုက်အနိုင်ယူခဲ့ပြီး ၁၇၃၈ ခုနှစ်တွင် အင်အားကြီးသော မြန်မာတပ်ကို ထပ်မံဖြိုခွဲကာ စစ်ကိုင်းရှိ ခံတပ်များကို သိမ်းပိုက်ခဲ့သည်။ ၁၇၃၉ ခုနှစ်တွင် အင်းဝမြို့တော်ကို တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ပေ။ ကောင်းမှုတော်ဘုရားတွင် ပန်ဟေဘ၏ ဓားချက်ရာများကျန်သေး၏။
အင်းဝနန်းတော်က ဖရိုဖရဲ ဖြစ်လာခြင်းက မွန်တို့၏ ဟံသာဝတီပြန်လည်ထူထောင်ရေး ပုန်ကန်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ၁၇၄၀ ပြည့်နှစ်တွင် ပဲခူး၌ ဟံသာဝတီနိုင်ငံကို ကြေညာခဲ့ပြီး ဧရာဝတီမြစ်ဝှမ်းတလျှောက် လွှမ်းမိုးမှုကို ပြန်လည်ရယူရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သည်။ ၁၇၅၂ ခုနှစ်တွင် အင်းဝကိုပင် သိမ်းပိုက်ခဲ့သည်။ ရာစုနှစ် ၂ ခု နီးပါး လွှမ်းမိုးခဲ့သော မင်းဆက်သည် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။
ယင်းစစ်ပွဲများအကြား နောင်တွင် အလောင်းမင်းတရားဖြစ်မည့် ကလေးဘဝနှင့် အောင်ဇေယျသည် မိမိဒေသကို ကသည်းတို့က ခဏခဏဖျက်ဆီးခြင်းကို ကြုံတွေ့ခဲ့ရပြီး အင်းဝနန်း ကျဆုံးခြင်းကို မျက်မြင်ဒိဋ္ဌ ကြုံခဲ့ရသည်။ ၁၇၅၂ ခုနှစ်တွင် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျ မင်းအဖြစ် ခံယူ၍ မြောက်ပိုင်းခုခံမှုများကို စည်းရုံးခဲ့ပြီး အထက်မြန်မာပြည်ကို ပြန်လည်သိမ်းယူခဲ့ကာ တစတစဖြင့်တောင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ စစ်ဆင်ရေးများ ဆက်တိုက်ပြုလုပ်၍ မွန်တို့ကို နှိမ်နင်းနိုင်ခဲ့ပြီး ဒဂုံ (၁၇၅၅ တွင် ရန်ကုန်ဟု အမည်ပြောင်း) ကို သိမ်းပိုက်ခဲ့ကာ ၁၇၅၇ ခုနှစ်တွင် ပဲခူးကို ဖျက်ဆီးနိုင်ခဲ့သည်။ မွန်စစ်ဆင်ရေးများတွင် ခေါင်းပြတ်၊ လက်ပြတ်၊ ခြေပြတ်များ ထည့်၍ ရေမျှောပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခဲ့သည်။ မွန်များစွာ ယိုးဒယားသို့ ထွက်ပြေးသွားရ၍ မွန်ဟံသာဝတီ နိုင်ငံတော်သည် အပြီးသတ်သွားပြီး နောက်ထပ် ရာစုနှစ်များစွာ မွန်တော်လှန်ရေးများလည်း အညွန့်ကျိုးသွား ခဲ့တော့သည်။
၁၇၅၅ မှ ၁၇၅၆ ကြားတွင်ခုနှစ်တွင် မဏိပူရကို “ကျိုးနွံစေ” ရန် အင်အားပြဖျက်ဆီးခဲ့ကြ၍ မဏိပူရတို့က "ပထမဆုံး ပျက်စီးခြင်း" ဟု ခေါ်ဆိုကြသည်။ ၁၇၅၈ တွင် အလောင်းဘုရားကိုယ်တိုင် မဏိပူရသို့ ထပ်မံတိုက်ခိုက်ခဲ့သည်။[5] ၁၇၆၀ ခုနှစ်တွင် ယိုးဒယားသို့ ချီတက်ခဲ့ကာ အယုဒ္ဓသို့ ရောက်ရှိပြီးမှ မမျှော်လင့်ဘဲ ကွယ်လွန်ခဲ့သည်။
အလောင်းဘုရား၏ ဘဝသည် စစ်ပွဲနှင့် အဆုံးသတ်ခဲ့သော်လည်း သူ့အမွေအနှစ်ဖြင့် နိုင်ငံတော်ကို အရပ်မျက်နှာအားလုံးသို့ ဗမာမင်းအာဏာစက်ချဲ့ထွင်ခဲ့ပြီး မရပ်မနား စစ်အင်အားနှင့် ဗဟိုချုပ်ကိုင်မှုဖြင့် ဗမာ့အာဏာကို ပြန်လည်အသက်သွင်းနိုင်ခဲ့သည်။ ဗမာတို့အတွက် အလွန်လေးစားခံရသည့် ဘုရင်တဦး ဖြစ်သည်။ သို့သော် ရခိုင်၊ မွန်၊ ထိုင်း၊ မဏိပူရ မှတ်တမ်းများတွင် ကုန်းဘောင်မင်းဆက်၏ တိုက်ခိုက်ဖျက်ဆီးမှု မှတ်တမ်းများစွာကို တွေ့ရသည်။ အယုဒ္ဓယမှတ်တမ်းများတွင် ဘုရင့်နောင်သည် (အစပိုင်းတွင် ရန်သူဟု ရေးသော်လည်း နောက်ပိုင်းတွင် ရိုမန်းတစ်ဖြစ်လာပြီး) သူရဲကောင်းဘုရင်အဖြစ် ဖော်ပြလာကြသော်လည်း အလောင်းဘုရားကိုမူ ကြမ်းကြုတ်လှသည့်စစ်ဘုရင်ဟု ဖော်ပြကြလေသည်။ မည်သို့ပင် ဆိုစေ စစ်ပွဲများစွာဖြင့် လုံးထွေးနေသော ကာလအတွင်း ရဲစွမ်းသတ္တိနှင့် ပြည့်ဝသူဖြစ်သည်။
မကြာမီ ကုန်းဘောင်နန်း၏ ရည်မှန်းချက်များသည် တရုတ်အင်ပါယာနှင့် တိုက်မိတော့သည်။ ၁၇၆၅ ခုနှစ်တွင် လာအိုဘက်နယ်များကို သိမ်းပိုက်သည်။ မြန်မာ့ဩဇာကို အရှေ့ဘက်သို့ ချဲ့ထွင်မှုပင်ဖြစ်သလို ၁၇၆၇ ခုနှစ်တွင် အယုဒ္ဓယကို ဖျက်ဆီးခဲ့သေးသည်။ ယင်းကလည်း (မြန်မာ-တရုတ် စစ်ပွဲ၏ အကြောင်းရင်း မဟုတ်သည့်တိုင်) ချင်းလုံဘုရင်၏ ဒေါသကို ဖြစ်ပေါ်စေခဲ့သည်။ ၁၇၆၅ ခုနှစ်မှ ၁၇၆၉ ခုနှစ်အကြား ကြီးမားသော တရုတ်၏ ကျူးကျော်မှု ထိုးစစ်လေးခုရောက်လာခဲ့သည့်အတွက် မြန်မာကို (မြန်မာက နိုင်သည့်တိုင်) အချိုးအဆအားဖြင့် ထိခိုက်ခဲ့၏။ ယင်းစစ်ပွဲကြောင့် အခြားဒေသများသို့ ချဲ့ထွင်နိုင်သည့် အာဏာစက်လည်း ကျိုးပျက်စေခဲ့၏။
စစ်အောင်ပွဲခံနေသော်လည်း မြန်မာ့အာဏာစက်ကိုချဲ့ထွင်မှုသည် မတည်ငြိမ်မှုများ၏ မျိုးစေ့များကို ကြဲချခဲ့သည်။
· ၁၇၇၅ ခုနှစ်တွင် ပုန်ကန်မှုကြောင့် ချင်းမိုင်ကို ဆုံးရှုံးခဲ့သည်။
· ၁၈ ရာစုနှောင်းပိုင်းတလျှောက် မဏိပူရသည် မြန်မာ့အာဏာကို ခုခံခဲ့သည်။
· ထားဝယ်နှင့် မြိတ်သည် ပို၍အငြင်းပွားဖွယ်ရာ နယ်စပ်ဒေသများ ဖြစ်လာခဲ့သည်။
အာသံနှင့် ရခိုင်တို့သည် သစ္စာခံမှု၊ ပုန်ကန်မှုနှင့် ဗြိတိသျှတို့အကြား အတက်အကျရှိနေသဖြင့် အနောက်ဘက်နယ်စပ်သည် မလုံခြုံဘဲ ရှိနေခဲ့သည်။
ဗဒုံမင်းသည် ကုန်းဘောင်အာဏာချဲ့ထွင်မှုကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ၁၇၈၅ ခုနှစ်တွင် ရခိုင်ကို သိမ်းပိုက်ခဲ့ရာ ဒုက္ခသည်များ ရွှေ့ပြောင်းမှုနှင့် ဗြိတိသျှတို့၏ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့သည်။[6] မဏိပူရနှင့် အာသံစစ်ဆင်ရေးများသည် နောက်ထပ် ခုခံမှု၊ ပြောက်ကျားစစ်ပွဲနှင့် ဒေသခံအီလစ်များနှင့် ဗြိတိသျှ၏ အရှေ့အိန္ဒိယကုမ္ပဏီတို့နှင့် ရှုပ်ထွေးသော ဆက်ဆံရေးများကို ဖြစ်ပေါ်စေခဲ့သည်။ ၁၉ ရာစု အစောပိုင်းတွင် မြန်မာနိုင်ငံ၏ မဏိပူရနှင့် အာသံတို့တွင် စစ်ရေးချဲ့ထွင်မှုများသည် ဗြိတိသျှတို့၏ အရှေ့မြောက်နယ်စပ်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့သည်။ နယ်မြေသိမ်းပိုက်မှုများ၊ ဗြိတိသျှကာကွယ်ခံနယ်မြေများသို့ ဗမာတပ်၏ စီးနင်းမှုများနှင့် ဗြိတိသျှတို့၏ ထီးပြိုင်နန်းပြိုင်များကို ထောက်ပံ့မှုတို့ ပေါင်းစပ်လိုက်သောအခါ ပဋိပက္ခသည် ရှောင်လွှဲမရဖြစ်လာခဲ့ပေပြီ။
၁၈၂၀ ပြည့်လွန်နှစ်များရောက်သည့်အခါ ကုန်းဘောင်သည် ပြင်းပြင်းထန်ထန် အာဏာချဲ့ထွင်ခဲ့ရာ အနောက်ဘက်တလွှားရှိ မဏိပူရ၊ အာသံနှင့် ရခိုင်တို့ကို သိမ်းပိုက်ပီး ဖြစ်တော့သည်။ ဤချဲ့ထွင်မှုများသည် ကုန်းဘောင်နိုင်ငံကို ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ၏ နယ်နိမိတ်များနှင့် တိုက်ရိုက်ပင် ပူး၍ထိတွေ့စေခဲ့သည်။ ဤအချိန်တွင် ကာလကတ္တားအုပ်ချုပ်ရေးသည် ပိုမိုကျယ်ပြန့်သော အင်ပါယာအစီအစဉ်ကို စိတ်ကူးယဉ်နေ၏။ သိမ်းပိုက်ထားသော နယ်မြေအသစ်များအတွင်း ဗမာအပေါ် အာခံမှုများကို လျှို့ဝှက်ထောက်ပံ့ခဲ့ပြီး ကချာနှင့် ဂျိန်တိယသို့သော ဒေသများအပေါ် အကာအကွယ်ပေးမှုကို ကြေညာခဲ့သည်။[7] ၁၈၂၄ ခုနှစ် အစောပိုင်းတွင် မြန်မာစစ်သူကြီး မဟာဗန္ဓုလသည် ပုန်ကန်သူများကို လိုက်လံနှိမ်နင်းရန် အငြင်းပွားနေသော နယ်စပ်များ တလျှောက် တပ်များချီတက်သည်။ ဗြိတိသျှတို့ကလည်း ကချာသို့ တပ်များစေလွှတ်ခြင်းဖြင့် တုံ့ပြန်ခဲ့ပြီး ရင်ဆိုင်တိုက်ခိုက်မှုလေးများမှ စစ်ပွဲအဖြစ်သို့ အပြည့်အဝ တိုးမြှင့်သွားခဲ့သည်။ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲကို ထိုနှစ် မတ်လတွင် တရားဝင်စတင်ခဲ့တော့သည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် မြန်မာနိုင်ငံနှင့် အရှေ့အိန္ဒိယကုမ္ပဏီ နှစ်ခုလုံး၏ အဆိုးဝါးဆုံးပဋိပက္ခများတွင် အပါအဝင် ဖြစ်လာမည်ဖြစ်ပြီး ခေတ်သစ် ကိုလိုနီနယ်ချဲ့မှု၏ အစ ဖြစ်လာလိမ့်မည်။
ဗြိတိသျှတို့သည် အိန္ဒိယအရှေ့မြောက်ပိုင်း၏ ကြမ်းတမ်းသော တောင်ကုန်းဒေသများတွင် ပဋိပက္ခကို ကြာကြာမထိန်းထားနိုင်ပေ။ ယင်းစစ်ပွဲကို မြန်မာ့မြေသို့ လမ်းကြောင်းပြောင်းခဲ့သည်။ တွက်ချက်ထားသော ကျူးကျော်မှုဖြင့် ဗြိတိသျှရေတပ်စစ်ဆင်ရေးသည် ၁၈၂၄ ခုနှစ် မေလတွင် ရန်ကုန်ကို သိမ်းပိုက်ခဲ့ရာ မြန်မာ့စစ်ဦးစီးချုပ်များကို လုံးဝအံ့အားသင့်စေခဲ့သည်။ ရဲရင့်သော တန်ပြန်တိုက်ခိုက်မှုများ ရှိသော်လည်း မအောင်မြင်။ မြန်မာနိုင်ငံသည် ၁၈၂၆ ခုနှစ် ရန္တပိုစာချုပ်၏ တောင်းဆိုချက်များအောက်တွင် လက်နက်ချရန် အတင်းအကျပ် ခိုင်းစေခံရသည်။ ရခိုင်၊ မဏိပူရ၊ အာသံနှင့် တနင်္သာရီနယ်မြေတို့ကို လက်လွှတ်ဆုံးရှုံးခဲ့ပြီး အဆမတန်များပြားသော စစ်ပွဲနစ်နာကြေးလည်း ပေးခဲ့ရသည်။ စီးပွားရေးဆိုင်ရာ အကျိုးဆက်များသည် ကုန်းဘောင်နိုင်ငံ၏ ချက်မလျှောက် ပဲ့တင်ထပ်ခဲ့ပြီး ဂုဏ်သိက္ခာကော၊ ဘဏ္ဍာတိုက်ကိုပါ ထိခိုက်စေခဲ့သည်။ မြန်မာစစ်တပ်၏ “ကုလားဖြူကို မရှုံးနိမ့်နိုင်” ဟု ယူဆခဲ့သော အခြေအနေသည် ပျက်စီးသွားပြီဖြစ်သည်။ ၁၈၅၂ ဧပြီတွင် ဒုတိယစစ်ပွဲဖြစ်၍ ကိုးလခွဲမျှ ကြာသည်။ ယင်းစစ်ပွဲများအပြီးတွင် ဗြိတိသျှတို့၏ လွှမ်းမိုးမှုသည် သံတမန်ရေးအရ ဖိအားပေးမှုများမှတဆင့် တိုးချဲ့လာခဲ့သည်။ ၁၈၇၅ တွင် မင်းတုန်းမင်းသည် စစ်ရေးအင်အား ခြိမ်းခြောက်မှုအောက်တွင် ကရင်နီလွတ်လပ်ရေးကို အသိအမှတ်ပြုရန် အတင်းအကျပ် ခိုင်းစေခံခဲ့ရသည်။ ကုန်းဘောင်နန်းမှာ မျက်နှာပျက်၍ သံတမန်ရေးအရ အရှုံးပေါ်မှုလည်း ဖြစ်သည်။
၁၈၇၈ ခုနှစ်တွင် မင်းတုန်းမင်း အလွန်တွင်မူ ကုန်းဘောင်မင်းဆက်၏ကျဆင်းမှု အရှိန်မြင့်ခဲ့သည်။ သီပေါမင်းသည် နယ်ခြားဒေသ သျှမ်းပြည်နယ်များနှင့် နူးညံ့သိမ်မွေ့သော မဟာမိတ်ဖွဲ့မှုများကို ထိန်းသိမ်းရန် ဆွဲဆောင်မှုနှင့် အရည်အချင်းနှစ်ခုစလုံး မရှိခဲ့ပေ။ သီပေါဘုရင်ကို နန်းတင်ရာတွင် မင်းညီမင်းသားနှင့် သစ္စာခံများစွာကိုလည်း ရှင်းလင်းခဲ့သည်။[8] သီပေါနန်းတက်မှုကို မကျေနပ်သည့် စော်ဘွားများပုန်ကန်မှုများ ပေါ်ပေါက်လာခဲ့သည်။[9] မိုးနဲသျှမ်းပြည်နယ်သည် အဆောင်အယောင်ပြ အသိအမှတ်ပြုမှုကိုပင် မလုပ်ခဲ့၍ မိုးနဲစော်ဘွား၏ အမတော်မိဘုရားကို ထောင်ချခဲ့ထားသေးသည်။
၁၈၈၅ ခုနှစ်တွင် ကုန်းဘောင်နှင့် ပြင်သစ် အလှမ်းသင့်လာသည်ကို တွေ့ရသည့်အခါ ဗြိတိသျှတို့ တတိယကျူးကျော်စစ်ကို ဖန်တီးကြတော့သည်။ မန္တလေးကျဆုံးခြင်းကို မကြာခဏဆိုသလို လျင်မြန်သော ဆုံးရှုံးမှုအဖြစ် ဇာတ်အိမ်တည်ကာ ဖော်ပြကြသော်လည်း လက်တွေ့တွင် စစ်ပွဲထက် ရှောင်လွှဲမရနိုင်သော ကြမ္မာလားရာသာ ဖြစ်ပါတော့သည်။ ခုခံတွန်းလှန်ရန် အင်အားအနည်းငယ်သာ ကျန်ရှိတော့ပြီး နိုင်ငံတော်၏ အင်စတီကျူးရှင်းများ ပျက်စီးကုန်ခန်းနေချိန်တွင် ဗြိတိသျှတပ်များသည် အထက်မြန်မာပြည်သို့ ချီခဲ့သည်။ ကင်းဝန်မင်းကြီးက ဗြိတိသျှတို့အနေဖြင့် မြန်မာနိုင်ငံကို အိန္ဒိယရာဇာနယ်မြေများကဲ့သို့ ကြိုးကိုင်ထားပြီး ကိုယ်ပိုင်အုပ်ချုပ်မှု ပေးဦးမည်ဟု ထင်ခဲ့၏။ သို့သော် ယင်းအခွင့်အရေးကို သျှမ်း၊ ကချင်တို့ ရသည့်တိုင် ဗမာတို့ မရခဲ့ပေ (သျှမ်းနှင့် ကချင် ရသည့် အုပ်ချုပ်မှုပုံစံမှာလည်း မတူပါ၊ ကိုယ့်အကြီးအကဲနှင့် ကိုယ်အုပ်ချုပ်မှုသာ ဆိုလိုပါသည်)။ သီပေါမင်းကို ရတနာဂီရိသို့ ခေါ်သွားပြီး အကျယ်ချုပ်ထားခဲ့သည်။ တချိန်က အင်အားကြီးမားခဲ့သော ကုန်းဘောင်မင်းဆက်သည် အဆုံးသတ်သွားခဲ့လေပြီ။
မြန်မာနိုင်ငံသည် ဗြိတိသျှအိန္ဒိယနှင့် အပြည့်အဝပေါင်းစည်းခံရပြီး ပြည်နယ်ကြီး ဖြစ်လာသည်။ အဝေးရောက်ကိုလိုနီအုပ်ချုပ်ရေးက အုပ်ချုပ်သော မြေဖြစ်သွားသည်။ တောင်ကုန်းများနှင့် တောနက်များတွင် ခုခံမှု ဆက်လက်တည်ရှိနေခဲ့သော်လည်း မြန်မာဘုရင်စနစ်သည် ပြန်လည်အသက်သွင်းနိုင်တော့ခြင်း မရှိပေ။
-----------
[1] ဤသို့ပြော၍ ပျူတို့သည် စစ်မတိုက်သူများမဟုတ်ပါ။ ပျူတပ်မြို့၊ ကင်းမြို့များ ရှိသည်ကိုလည်း သတိရကြရာသည်။
[2] နန်ချောင်တို့ တိုက်ခိုက်ခဲ့သည်မှာ ပျူမြို့တော်အားလုံးကို မဟုတ်ဘဲ ဟန်လင်းမြို့ဖြစ်ဖွယ်ရှိသည်ဟု ပညာရှင်များက ယူဆကြသည်။ ထိုအချိန်က သရေခေတ္တရာ၏ အင်အားမှာ ကျဆင်းနေလောက်ပြီ ဖြစ်သည်။ ဤတိုက်ခိုက်မှုသည် ပျူယဉ်ကျေးမှုကို လုံးဝပျက်စီးစေခဲ့သည် မဟုတ်ဘဲ ဧရာဝတီမြစ်ဝှမ်းအလယ်ပိုင်းတွင် ပျူလူမျိုးတို့၏ နိုင်ငံရေးဩဇာ ကျဆင်းသွားဖွယ်ရှိသည်။
[3] နန်ချောင်တို့ စစ်နိုင်ပြီးမှ ပုဂံပေါ်လာခြင်းမဟုတ်ဘဲ အစတည်းက ရှိနေခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ ဒေါက်တာသန်းထွန်း ရေးပြသည့် ပျူတပ်မြို့များတွင် တမ္ပဒီပ၊ ပုဂံမြို့ ပါဝင်သည်ကို တွေ့ရပါသည်။ နန်ချောင်များလာရောက်ပြီး နောက်တွင် ပုဂံသည် တပ်မြို့မှ အုပ်ချုပ်ရေးဗဟိုမြို့အဖြစ် ကူးပြောင်းတည်ထောင်ဟန်တူသည်။
[4] အင်းဝဘုရင် ရွှေနန်းကျော့ရှင် နရပတိ လုပ်ကြံခံရပြီး သိုဟန်ဘွားတက်လာချိန်ဖြစ်သည်။
[5] Jyotirmoy Roy ရေးသားသည့် History of Manipur (1958) စာအုပ်တွင် ဖော်ပြပါအတိုင်း ရေးထားသည်။ “၁၇၅၅ ခုနှစ်တွင် မြန်မာဘုရင် အလောင်းဘုရားသည် သူ၏ ဆွေမျိုးတော်စပ်သူ တဦး၏ ဦးဆောင်မှုအောက်တွင် "ကသည်းများ (မဏိပူရီများ) ကို ဆုံးမရန်" အပြစ်ပေးစစ်ဆင်ရေးတခုကို စေလွှတ်ခဲ့ရာ၊ ယင်းစစ်ဆင်ရေးသည် အလွန်အမင်း ဖျက်ဆီးမှုများ ဖြစ်စေခဲ့သဖြင့် မဏိပူရီ မှတ်တမ်းများတွင် "ကူးလ်သန် ကာဟယ်လ်ဘာ" (Koolthan Kahalba) သို့မဟုတ် ပထမဆုံးသော ဖျက်ဆီးခြင်းဟု ရည်ညွှန်းခံခဲ့ရသည်။ မြန်မာတပ်၏ အောင်မြင်မှုမှာ အဓိကအားဖြင့် လက်နက်အင်အား သာလွန်မှု ကြောင့်ဖြစ်သည်။ မဏိပူရကို လက်နက်ချ အညံ့ခံစေခဲ့ပြီး "ကသည်းမြို့တော်ဖြစ်သည့် မဏိပူရတွင် နေထိုင်သော ရာဂျာသည် ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့ရာ၊ မြန်မာတို့အတွက် အကျိုးရှိသော စည်းကမ်းချက်များဖြင့် ငြိမ်းချမ်းရေးကို ချုပ်ဆိုခဲ့ပြီး၊ ဓလေ့ထုံးတမ်းအတိုင်း သဘောတူညီချက်ကို စနစ်တကျလိုက်နာရန်အတွက် ရာဂျာ၏ ဆွေမျိုးသားချင်းများထဲမှ လူငယ်တစ်ဦးနှင့် အမျိုးသမီးငယ်တဦးကို ဓားစာခံများအဖြစ် ပေးအပ်ခဲ့ရသည်။ ၁၇၅၇ ခုနှစ် ဇူလိုင်လတွင် "ကသည်းများက ချင်းတွင်းမြစ် အနောက်ဘက်ကမ်းတွင် မလိုမုန်းထားမှု လက္ခဏာများ ပြန်လည်ပြသ လာသည်" ဟူသော သတင်းသည် အလောင်းဘုရားထံသို့ ရောက်ရှိလာသည်။ ထိုစဉ်က သူသည် ရန်ကုန်မြို့တွင် ရှိနေခဲ့သည်။ ဤတကြိမ်တွင်မူ သူသည် မဏိပူရကို အောင်နိုင်ရန်အတွက် ကိုယ်တိုင်ဦးစီးကာ ၁၇၅၈ ခုနှစ်တွင် လှေအုပ်စု တစ်ခုဖြင့် ချင်းတွင်းမြစ်အတိုင်း ဆန်တက်ခဲ့သည်။ မြစ်၏အနောက်ဘက်ကမ်းတွင် မဏိပူရ၏ လက်အောက်ခံဖြစ်သော 'ကသည်း ရှမ်းများ' နေထိုင်ကြသည်။ ထိုဒေသတစ်ခုလုံးကို ဖျက်ဆီးခဲ့သည်။ ထို့နောက် သူသည် ကုန်းပေါ်သို့ တက်ကာ ခွန်ဘတ်လမ်းကြောင်း မှတစ်ဆင့် ဥင္ဂိုချင်း (Ungoching) ကို ဖြတ်ကျော်ပြီး ကဘော် (Kubo) ဒေသကို ဖြတ်သန်း ချီတက်ကာ ပါလယ် (Palel) ရှိ အီမိုလေ (Imole) လမ်းဖြတ်စခန်းမှတဆင့် မဏိပူရ ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်ခဲ့သည်။ ထိုစဉ်က မဏိပူရဘုရင် ဘာရတ်ရှား (Bharat Shah) သည် ခုခံရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အလောင်းဘုရားသည် မြို့တော်ထဲသို့ ဝင်ရောက်ကာ ၁၃ ရက် ကြာ နေထိုင်ခဲ့သည်။ ထိုတိုတောင်းသော ကာလအတွင်းတွင် "လူထောင်ပေါင်းများစွာကို စစ်ကိုင်းနှင့် အမရပူရ ခရိုင်များသို့ အခြေချနေထိုင်ရန် ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ထိုထဲတွင် လှေလှော်သားများ၊ ပိုးထည်လုပ်သားများနှင့် ပန်းထိမ်ပညာရှင်များ ပါဝင်သည်။ ထိုအချိန်မှစ၍ မြန်မာနန်းတော်ရှိ နက္ခတ်ဆရာများသည် မဏိပူရီဗြဟ္မဏများ ဖြစ်လာခဲ့ပြီး၊ မဏိပူရီလူမျိုးများသည် 'ကသည်းမြင်းတပ်' အဖြစ် လူသိများသော မြင်းတပ်တခုကို မြန်မာစစ်တပ်တွင် ဖွဲ့စည်းခဲ့သည်။”
[6] Thant Myint-U (2006). The River of Lost Footsteps: Histories of Burma. Farrar, Straus and Giroux. ရွှေ့ပြောင်းဒုက္ခသည်ပြဿနာကြီး ပေါ်လာ၍ ဖမ်းသွားသူပင် နှစ်သောင်းခန့် ရှိသည်ဟု ဆို၏။ ချင်းပျံတော်လှန်ရေးသည် ဗြိတိသျှနယ်အတွင်းကို အခြေစိုက်ကာ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
[7] Harvey, G. E. (1925). History of Burma: From the earliest times to 10 March 1824, the beginning of the English conquest. Longmans, Green and Co.
[8] ကင်းဝန်မင်းကြီးနှင့် လောင်းရှည်မိဘုရားတို့ကသာ ဦးဆောင်၍ လုပ်ခဲ့ကြသည်ဟု နောင်တွင် စုဖုရားလတ်က သခင်ကိုယ်တော်မှိုင်းကို ပြန်ရှင်းပြ၏။
[9] လင်းပင်မင်းသားသည် သီပေါမင်းနန်းတက်ရာတွင် မင်းသားသတ်ပွဲလုပ်ရာမှ ထွက်ပြေးလွတ်မြောက်လာသူဖြစ်၏။ ရှမ်းစော်ဘွာများနှင့်မဟာမိတ်ပြုကာ ကျိုင်တုံစော်ဘွား။ မိုနဲစော်ဘွား၊ ရပ်စောက်စော်ဘွား၊ မိုင်ပွန်စော်ဘွား၊ ကန္တရဝတီစော်ဘွား၊ ဖယ်ခုံစော်ဘွား၊ ဆီဆိုင်စော်ဘွားတို့နှင့် အတူ လင်းပင်မဟာမိတ် (Confederacy) ကို ၁၈၈၃ ထူထောင်ခဲ့သည်။ သီပေါမင်း ပါတော်မူပြီးနောက် အာဏာသည် ကျိုင်ချိုင်း၊ ကျိုင်းရုံ၊ မိုင်းပျဉ်၊ မိုင်းနောင်း၊ မိုင်လင်း၊ မိုင်စိတ် စသောသံလွင်မြစ်အရှေ့ခြမ်းနယ်များနှင့်အနောက်ဘက်ခြမ်းမှမိုင်းရူး၊ မန်စံ၊ မိုင်စီ၊ မိုင်တုံ၊ မောက်မယ်၊ ဟိုပုန်း စသည်အထိပြန့်နှံ့ခဲ့သေးသည်။ ကျန်းမာရေးကြောင့် အင်္ဂလိပ်တို့နှင့်ပါကာ အိန္ဒိယသို့ နယ်နှင်ခံရ၏။
Comments
Post a Comment