Skip to main content

မြန်မာ့အရေးကို ရှုမြင်သော ပုံစံများ

နိုင်ငံရေးကိုပြောကြလျှင် ရှုထောင့်များကွဲကြသည်မှာ ထုံးစံဖြစ်သည်။ နမူနာအားဖြင့် လက်ရှိအထိ တရုတ်-ထိုင်ဝမ် အရေးကို ကြည့်ပါ။ ယခင်က ဘေဂျင်းရှိအစိုးရကော၊ ထိုင်ဝမ်ရှိအစိုးရပါ မိမိတို့သည် “တရုတ်ပြည်၏ တရားဝင်အစိုးရ” များ ဖြစ်သည်ဟု ဆိုခဲ့ကြ၏။[1] ထိုင်ဝမ်သည် တရုတ်စုဖွဲ့မှုတွင် ရှိသည်ကို မည်သူမျှ မငြင်းခဲ့ပေ။ ပြဿနာက ယင်းစင်ပြိုင်အစိုးရနှစ်ဘက်လုံး၏ အမြင်သည် ဌာနေတိုင်းရင်းသားနှင့် စစ်အတွင်းကျန်ခဲ့သူများကို မထည့်ထားခဲ့ပေ။ ယနေ့တွင် ထိုင်ဝမ်ရှိ လူအများအပြားက သီးသန့်နိုင်ငံ ဖြစ်လိုပြီး တရုတ်အစိုးရက မိမိတို့ မူလပြောခဲ့သည့်အယူကို မစွန့်လွှတ်သေးပေ။ ယင်းဘက်နှစ်ဘက်လုံး အပြည့်အဝ တစုံလုံးမှန်သည်၊ လုံးဝပင်တစုံလုံးမှားသည်ဟု မဆိုနိုင်ချေ။ နိုင်ငံတိုင်းတွင် မတူသော အမြင်များ ရှိတတ်သည်။ မိမိလုပ်ရပ်ကို မိမိတို့တာဝန်ခံရန်တော့ လိုသည်ဟုတော့ ပြောရပါလိမ့်မည်။

မြန်မာနိုင်ငံတွင်လည်း နိုင်ငံရေးသမိုင်းကို ပြောရာတွင် ပေါ်ထွက်လာတတ်သည့်အမြင် နှစ်မျိုးရှိသည်။

ပထမတမျိုးမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလအဖွဲ့တို့က ဗြိတိသျှကိုလိုနီစနစ်နှင့် ဂျပန်များကို တွန်းလှန်ပြီး တိုင်းရင်းသားများ၏ အမျိုးသားရေးဝါဒီတို့နှင့် စစ်ရေး၊ နိုင်ငံရေးများ တွဲဖက်လုပ်ဆောင်ကာ တွန်းတွန်းတိုက်တိုက် ပြည်ထောင်စုကြီးကို ဖွဲ့စည်းခဲ့သည်ဟုဆိုသည့် အမြင်ဖြစ်သည်။

နောက်တမျိုးမှာ “ဗမာပြည်မ” ကို လွတ်လပ်ရေး ယူသည်မျှသာမက တိုင်းရင်းသားဒေသများအထိပါ ပြည်မအာဏာချဲ့ထွင် အုပ်ချုပ်လာသည့် စစ်ဗိုလ်များ၏စနက်ဖြင့် အတင်းစုထားရသောနိုင်ငံကြီး ဖြစ်နေသည် ဟူသော အမြင်ဖြစ်သည်။

နောက်ပိုင်းကာလများတွင် “စစ်တပ်ကြောင့်သာ ပြည်တွင်းစစ်ဖြစ်ရတယ်” ဟူသော ဗမာပြည်မ၏ နိုင်ငံရေးအခြေပြုသော ပင်မရေစီးကြောင်း (Mainstream) အတွင်းမှ လိုက်ပါစီးမြောသူ နိုင်ငံရေးသမားများက စစ်တပ်တခုတည်းကို အပြစ်ပုံချလိုက်ပြီး နိုင်ငံရေးသီလမဏ္ဍိုင်တက်သည့်၊ ကိုယ်ကျင့်တရားမဏ္ဍိုင်တက်သည့် ဟောပြောချက် နောက်တခုပါ ရှိလာသည်။

မည်သည့်အမြင်မှ အပြည့်အဝ အလုံးစုံမမှန်ပေ။ 


နိုင်ငံတနိုင်ငံ၏ အတွင်းရေးသည် ထိုနိုင်ငံဖြစ်ထွန်းပေါ်ပေါက်ခဲ့သော၊ ဖြတ်သန်းခဲ့သော ဖြစ်စဉ်များကို အခြေခံ၍ ရှုမြင်ပြောကြ သုံးသပ်ကြရမည်သာဖြစ်သည်။ ထို့သို့သုံးသပ်ရာတွင် မိမိသုံးသပ်သောရှုထောင့်များမှ ဇာတ်လမ်းအမျိုးမျိုးကို မတူသည့်မျက်မှန်များဖြင့် ကြည့်သည့်နှယ် တယောက်နှင့်တယောက် အာရုံထား သုံးသပ်ပုံများ ကွာခြားတတ်ပါသည်။ မြန်မာနိုင်ငံအတွက် နိုင်ငံရေးဖြစ်စဉ်များအပေါ် ရှုမြင်သုံးသပ်ပုံသည် (စာရေးသူ အမြင်အရ) အကြမ်းအဖျင်းအားဖြင့် အုပ်စု ၄ ခု တွေ့ရသည်က များတတ်ပါသည်။ ယင်းတို့ကို အောက်ပါအတိုင်း ခွဲခြားရှုမြင်နိုင်သည်ဟု သုံးသပ်မိသည်။

· နိုင်ငံရေးယုံကြည်ချက်၊ ဝါဒကို အခြေခံကာ ရှုမြင်မှုများ
· သမိုင်းကြောင်းကိုဗဟိုပြုကာ ရှုမြင်သုံးသပ်မှုများ
· အင်စတီကျူးရှင်း၊ သဘောတူညီချက်များနှင့် စုဖွဲ့မှုများကို အခြေခံကာ ရှုမြင်မှုများ
· အလုပ်သဘော အကျိုးကျေးဇူး အခြေခံကာ ရှုမြင်သုံးသပ်မှုများ

ချဉ်းကပ်ပုံ အမျိုးမျိုး ခွဲခြမ်းစိတ်ဖြာနိုင်သော်လည်း လူတဦးသည် တမျိုးထပ်ပိုမိုသော ရှုထောင့်ကို မြင်နိုင်သည်။ အနည်းငယ်ထပ်မံ ဖော်ပြပါမည်။

· နိုင်ငံရေးယုံကြည်ချက်၊ နိုင်ငံရေးဝါဒကို အခြေခံ၍ ရှုမြင်ရာတွင် ရှုမြင်သူများ၏ စိတ်မျက်စိ၌ နိုင်ငံ၏ သမိုင်းကြောင်းသည် ဖိနှိပ်သူ - ဖိနှိပ်ခံကို အခြေပြုကာ ရှုမြင်သော ကွန်မြူနစ်ဝါဒီများ၊ မိမိတို့၏ စုဖွဲ့မှုကို ဗဟိုတွင် အစိုင်အခဲတည်ကာ ပြောဆိုတတ်သော အမျိုးသားရေးဝါဒီများ၊ ဒီမိုကရေစီရလျှင် အလုံးစုံပြေလည်လိမ့်မည်ဟု ရှုမြင်သော “ဒီမိုကရေစီ ရိုမန်းတစ်” သမားများ၊ လူ့အခွင့်အရေးနှင် လစ်ဘရယ်ဝါဒစံနှုန်းကို ဗဟိုပြု၍ နိုင်ငံကြီးဝါဒ (Statism) မှ ချဉ်းကပ်သူများ စသည်ဖြင့် တွေ့ရလိမ့်မည်။

· သမိုင်းကြောင်းဇာတိကို ဗဟိုပြုကာ သုံးသပ်သူများကတော့ တိုင်းရင်းသားမျိုးနွယ်စုသမိုင်းများ၊ လူထုအုပ်စုသမိုင်းများ၊ နိုင်ငံတော်မှလိမ်လည်ထားသော သမိုင်းများ၊ ဒဏ္ဍာရီလွန် လွဲမှားနေသော ဒေသသမိုင်းများနှင့် ဆင်းသက်ခဲ့သော မှတ်တမ်းအတွေ့အကြုံများကို အခြေခံ၍ ဝေဖန်ခွဲခြားကာ ပြောကြပါလိမ့်မည်။

· အင်စတီကျူးရှင်းကို ဇောင်းပေးသူများမှာ စာချုပ်စာတမ်းများ၊ ကြေငြာချက်များ၊ ဥပဒေများနှင့် ဖွဲ့စည်းခဲ့သော စုဖွဲ့မှုမျိုးစုံကို အခြေခံထား၍ ပြောကြပါသည်။

· အလုပ်သဘော အကျိုးကျေးဇူးဖြစ်မှုကို အာရုံထားသူတို့က မည်ကဲ့သို့ စုဖွဲ့မှုသည် စီးပွားရေး၊ လူမှုရေးအတွက်၊ ဗြူရိုကရေစီကျကျ မည်ကဲ့သို့သော ကောင်းကျိုးဆိုးပြစ် ရှိပါမည်နည်းဟု စောကြောကာ နည်းပညာဆန်ဆန် သုံးသပ်ကြပါသည်။

နိုင်ငံရေးလုပ်သူသည် ရှုထောင့်စုံရန် လိုပါသည်။ ထိုရှုထောင့်အမျိုးမျိုးကို မဖော်ပြခင် တတ်နိုင်သမျှ အချက်အလက်ကိုအခြေခံသည့် မြန်မာနိုင်ငံ၏ ဖြတ်သန်းမှုကို ဖော်ပြလိုပါသည်။ ထိုသမိုင်းတို့ကိုလည်း ပြောရန်လိုသလောက် ခေတ်အဆက်ဆက်တွင် ပြောလည်းပြောခဲ့ကြသည်။ သို့ရာတွင် ပင်မရေစီးကြောင်း ဗဟိုပြု နိုင်ငံတော်ပဓာနနိုင်ငံရေးသမားများအနေဖြင့် သမိုင်းနှင့် ရှိခဲ့သော အင်စတီကျူးရှင်းများကို လေးစား အလေးထားစိတ်က အတော်အားနည်းသည်။ တာဝန်ခံမှု အားနည်းသည်။ ဗမာ့နိုင်ငံရေးခေါင်းဆောင်တို့ ပေးခဲ့သော ကတိများကို “ငါတို့ပေးတာမဟုတ်” ဟု ပြောတတ်၊ မြင်တတ်သည်။ ဗိုလ်ချုပ်အောင်ဆန်းခေတ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ခေတ်လောက်ကိုသာ နိုင်ငံရေးဟုမြင်ပြီး ကြားထဲကာလများမှ ဖဆပလအပါအဝင် တခြားနိုင်ငံရေးသမားများ၏ ကတိအဖုံဖုံ ချိုးဖောက်မှုများကို ထည့်မစဉ်းစားကြပေ။ တရားဝင်မှုကို အမွေယူပြီး တာဝန်ခံမှုကို ခေါင်းရှောင်၏။ လစ်ဘရယ်ဝါဒရှင် အများအပြားကလည်း ပုဂ္ဂလအထိုင် လူ့အခွင့်အရေးများကို ပြောသလောက်၊ အုပ်စုရပိုင်ခွင့်များကို ကတိအဖြစ် အလေးမထားတတ်ပေ။ ထို့ကြောင့် တကယ့်လက်တွေ့ နိုင်ငံရေးလုပ်မည့်သူများသည် မိမိအနေဖြင့် ရှုထောင့်စုံသွားအောင် တွေးပြီးပြီလားဟု ပြန်မေးရပေမည်။ ထိုသို့ မေးနိုင်ရန်လည်း ရှုထောင့်စုံကို သိရှိကြရန်လိုပေသည်။

ဖတ်ကြမည့် “နိုင်ငံရေးစာမျက်နှာ” တူညီစေရန် အချက်အလက်များအတွက် လေ့လာရေးမူဘောင် (Framework) တခုကို စဉ်းစားရမည် ဖြစ်ပါသည်။ ယခုစာတမ်းတွင် ဆွေးနွေးရန်အတွက် ပဏာမသုံးသပ်ရန် လိုအပ်ချက်များကို တင်ပြသွားပါမည်။

ဘာတွေဖြတ်သန်းခဲ့သည်ကို အကြမ်းအဖျင်းပြန်လည်သုံးသပ်ရန် လိုပါသည်။ တိုင်းရင်းသား၊ လူမျိုး၊ လူမျိုးစု၊ အမျိုးသားလူထု၊ အမျိုးသားရေး၊ အမျိုးသားရေးလက္ခဏာ၊ နိုင်ငံတော်၊ အချုပ်အခြာအာဏာ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် စသောစကားလုံးများမှာ မည်သည်ကို ဆိုလိုပါ သနည်း။ ထိုစကားလုံးများက ဘာကိုပြောနေသည်ဆိုခြင်းကို အရင်ဆုံးရှင်းလင်းစွာ နားလည်ရမည် ဖြစ်ပါသည်။
ယဉ်ကျေးမှု၏ သဘောသဘာဝ၊ ကိုလိုနီဝါဒအမျိုးမျိုးနှင့် အင်ပါယာချဲ့ထွင်ရေးဝါဒများ၊ ယဉ်ကျေးမှုကို ဝါးမျိုခြင်းနှင့် ယဉ်ကျေးမှုမျိုးသုဉ်းစေမှု (Cultural genocide) များ၏ သဘောသဘာဝကို နားလည်ရန် လိုပါသည်။
ဖွဲ့စည်းမှု အခြေပြု အကြမ်းဖက်ခြင်းများကို သုံးသပ်ရပါမည်။
စုပေါင်း/အုပ်စုရပိုင်ခွင့်များနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အကြောင်းကို ဆွေးနွေးရပါမည်။
မြန်မာနိုင်ငံတွင် အတွေ့ရများတတ်သော ဌာနေလူမျိုးတို့၏ လက်နက်ကိုင်တော်လှန်ရေးများအပေါ် အမြင်မှားမှုများနှင့် ကိုလိုနီအကြွင်းကျန်များ ဖြိုချခြင်းအကြောင်းကို ဆွေးနွေးပါမည်။
ဝါဒဖြန့်ခြင်း၊ ပညာရေးလုပ်ငန်းများအတွင်း စနစ်ကိုမြှုပ်နှံခြင်းနှင့် လူထုစကားသံများအပေါ် မီဒီယာမှ လွှမ်းမိုးခြင်းများအကြောင်း ဆွေးနွေးပါမည်။
ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီအပေါ် အကောက်အယူအမျိုးမျိုးကို ဖော်ပြပါမည်။
နောက်ဆုံးတွင် မည်သို့ ရုန်းထွက်ရန် ဖြစ်နိုင်သည်များကို ဆွေးနွေးပါမည်။
----


[1] Ian, C. J. (2023, February 9). The Many “One Chinas”: Multiple Approaches to Taiwan and China. Carnegie Endowment for International Peace. https://carnegieendowment.org/research/2023/02/the-many-one-chinas-multiple-approaches-to-taiwan-and-china?lang=en

Comments

Popular posts from this blog

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

လူတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ ဘာမှမသိတဲ့ အခြေအနေကနေ ဉာဏ်ပညာ ပွင့်လင်းသွားတဲ့ အဆင့်ဆီ ချက်ချင်းကြီး ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်မှာ ဖြတ်သန်းရတဲ့ အဆင့်တွေ ရှိတယ်။ အဆင့်တခုစီက ရှုပ်ထွေးမှုတွေထဲ နစ်မွန်းမသွားစေဘဲ အကြောင်းအရာတွေကို ပိုပြီး လက်ခံနိုင်စွမ်း ရှိလာအောင် ကူညီပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်နဲ့ တင်းတင်းကျပ်ကျပ် သတ်မှတ်ကန့်သတ်ခံထားတာမျိုး မဟုတ်ဘဲ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ ပိုရှင်းအောင်ပြောရရင် ဦးနှောက်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ် ဖွင့်ဆိုပုံတွေ ကွဲပြားသွားတာပါ။ အရှင်းလင်းဆုံး ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ပြောင်းလဲသွားတဲ့ ဒီအဆင့် ၅ ဆင့်အကြောင်းကို အသေအချာ လေ့လာကြည့်ကြရအောင်။   အဆင့် ၁ - ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်း ဘယ်သင်ယူမှု ခရီးစဉ်မှာမဆို အစပိုင်းမှာ ဦးနှောက်က ရှင်းလင်းပြတ်သားမှုကိုပဲ လိုလားတယ်။ ပြတ်သားတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ မြန်မြန်ဆန်ဆန် ခွဲခြားသတ်မှတ်နိုင်ဖို့ လိုအပ်တယ်။ ဒါဟာ အားနည်းချက် မဟုတ်ဘဲ ရှင်သန်ရေးအတွက် သုံးတဲ့ နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက် အတွဲလိ...

မြန်မာနိုင်ငံ၏ အခြေအနေ

မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။ [1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။ မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီ...

ရာမညဒေသနှင့် မွန်အမျိုးသားလူထု နိုင်ငံရေးအမွေအနှစ်

မွန်လူမျိုးများသည် နှစ်ပေါင်းထောင်ချီသမိုင်းနှင့် တည်ရှိသောလူမျိုးများဖြစ်သည်။ ပြည်ထောင်စုရှိ အခြားတိုင်းရင်းသားများနှင့် ကွဲပြားသော ဘာသာစကားနှင့် ယဉ်ကျေးမှု လက္ခဏာများ ရှိကြသည်။ ဒေသတွင်းတွင် လူမျိုးအများစု ပြောသောစကားများမှာ Sino-Tibetan ဘာသာစကား အနွယ်ဝင် ဖြစ်သော်လည်း မွန်တို့ပြောသော ဘာသာစကားမှာ ဝ၊ တအာင်းတို့နှင့် အနွယ်တူသည့် Austroasiatic ဘာသာစကားအနွယ်ဝင် ဖြစ်သည်။ ပို၍စောသည့် Proti-austroasiatic ဘာသာစကားများကိုမူ တရုတ်ပြည်တောင်ပိုင်း သို့မဟုတ် ဗီယက်နမ်မြစ်နီမြစ်ဝှမ်းဘက်တွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ မှ ၅၀၀၀ ကြား စတင်ခဲ့သည်ဟုမှန်းရပြီး မွန်ခမာအနွယ်တို့သည် တရုတ်ပြည်မှ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများသို့ ပျံ့နှံ့သည်ဟု ပညာရှင်များက ယူဆကြသည်။ အိန္ဒိယအရှေ့ပိုင်းရှိ မုန်ဒ/မွန်ဒလူမျိုးများသည်လည်း Austroasiatic ဘာသာစကားပြောကြသူများ ဖြစ်သည်။ သမိုင်းပညာရှင်များက ယင်းလူမျိုးများကို အရှေ့တောင်အာရှတွင် ဆန်စပါးစိုက်ပျိုးခြင်းကို ကျွမ်းကျင်ခဲ့ကြသော ရှေးဦးမျိုးနွယ်များဖြစ်သည်ဟု ယုံကြည်ကြသည်။ [1] မွန်တို့သည် ဒေသတွင်း ပထမဆုံး အိန္ဒိယဒေသ အက္ခရာများကို လက်ခံကျင့်သုံးပြီး သက္ကတနှင့် ပါဠိ ဘာသာတ...