ပျူမြို့ပြနိုင်ငံများ ပျက်သုဉ်းပြီးနောက် အထက်မြန်မာပြည်၏ ခြောက်သွေ့သောလွင်ပြင်တွင် တမ္ပဒီပ (သို့) အရိမဒ္ဒနပူရဟုခေါ်သော ပုဂံပြည်သည် အင်အားကြီးနိုင်ငံသစ်အဖြစ် ပေါ်ထွန်းလာခဲ့၏။ ပုဂံနန်း၏ အုပ်ချုပ်ရေးမှာ မဏ္ဍလစနစ်ကို အခြေခံသော်လည်း အနော်ရထာမင်းလက်ထက်တွင်မူ ဗဟိုမှချုပ်ကိုင် အုပ်ချုပ်သည့်စနစ်ကိုလုပ်ရန် စတင်အားထုတ်လာခဲ့ကြ၏။ ၁၁ ရာစုမှ ၁၃ ရာစုအတွင်း ပုဂံပြည်သည် ဘာသာရေးအမှတ်သညာများ၊ စိုက်ပျိုးရေးဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် ဒေသန္တရအုပ်ချုပ်မှုတို့ကို ကျစ်လျစ်စွာပေါင်းစပ်ကာ မြန်မာ့နိုင်ငံရေးစနစ်၏ သီးခြားထူးခြားသောပုံစံတရပ်ကို ဖော်ဆောင်နိုင်ခဲ့သည်။
ပုဂံ၏ နိုင်ငံရေးအချက်အချာမှာ စပါးကျီများဖြစ်သည့် ကျောက်ဆည်နှင့် မင်းဘူးလွင်ပြင်တို့ဖြစ်ပြီး ထိုဒေသများ၌ ဘုရင့်အာဏာသည် တိုက်ရိုက်သက်ရောက်လေသည်။ အဆိုပါဒေသများတွင် ဘုရင်က မိမိ၏ မင်းဆွေစိုးမျိုးများနှင့် သစ္စာခံစစ်သူကြီးများကို အဓိကကျသော လယ်ယာထုတ်လုပ်ရေးနှင့် စစ်ရေးဆိုင်ရာ ကိစ္စများအား ကြီးကြပ်အုပ်ချုပ်စေရန် တာဝန်ပေးခန့်အပ်ခဲ့သည်။ အုပ်ချုပ်ရေးသည် အမိန့်အာဏာ ဖိအား သက်သက်အပေါ်တွင်သာ မတည်ပေ။ ခြောက်သွေ့သောဒေသကို စိမ်းလန်းစိုပြည်စေနိုင်သည့် ဆည်မြောင်း ရေပေးဝေရေး စနစ်များကို စီမံခန့်ခွဲထိန်းချုပ်နိုင်စွမ်းကလည်း အဓိကကျခဲ့သည်။
အုပ်ချုပ်ရေးဗဟိုချက်မှ အပြင်ဘက်သို့ ထွက်သွားလေလေ အာဏာသက်ရောက်မှုမှာ တဆင့်ပြီး တဆင့် ကွာခြားသွားလေလေ ဖြစ်သည်။ “နိုင်” ခြင်းခံရပြီး သစ္စာ “ငံ” ရသည့် ပြင်ပနယ်မြေများကို “နိုင်ငံ” ဟု ခေါ်ဆိုကြ၏။ ထိုနယ်များတွင် အာဏာကို တိုက်ရိုက်သုံးသည်မဟုတ်ဘဲ အပြန်အလှန်ပံ့ပိုးမှု၊ ညှိနှိုင်းမှုများဖြင့် ကျင့်သုံးခဲ့ရသည်။ သာဓကအားဖြင့် ကြည့်လျှင် ဒေသခံမင်း (ညီနောင်မင်း) များက မိမိတို့နယ်ပယ်ကို ကိုယ်တိုင်အုပ်ချုပ်ကာ ပဏ္ဏာဆက်သခြင်း၊ ဘုရင်ကခန့်အပ်သော မြို့စားများက ဘုရင့်ကိုယ်စားအုပ်ချုပ်ခြင်း စသည့်ပုံစံများရှိခဲ့သည်။ သို့သော် ထိုအုပ်ချုပ်သူအားလုံးသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတော်ပင် ရရှိခဲ့ကြ၏။ ခေတ်သစ်ဗြူရိုကရေစီယန္တရားနှင့် သန်းခေါင်စာရင်းစနစ်များ မရှိသေးသည့်အပြင် ပုဂံဗဟိုမှလည်း ဒေသန္တရ အုပ်ချုပ်ရေးကို အနည်းငယ်သာ ဝင်ရောက်စွက်ဖက်လေ့ရှိသည်။ ဤနေရာတွင် ယနေ့လို နည်းပညာ၊ လမ်းပန်းဆက်သွယ်ရေးနှင့် အုပ်ချုပ်ရေး အင်စတီကျူးရှင်းများ မရှိသေးသည်ကိုလည်း သတိပြုရမည်။
သို့ရာတွင် အချိန်ကာလကြာလာသည်နှင့်အမျှ ဘုရင့်အာဏာစက်ကို မဟာဗျူဟာကျကျ ပြန်လည် ချိန်ညှိမှုများလည်း ပေါ်ပေါက်ခဲ့သည်။ ထင်ရှားသောသာဓကတခုမှာ ၁၃ ရာစုအတွင်း အောက်မြန်မာပြည်ကို ပိုမိုအလေးထားလာခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ဒလနှင့် ပြည်ကဲ့သို့သော ကုန်သွယ်ဆိပ်ကမ်းမြို့များ အပေါ် အာရုံစိုက်လာခြင်းသည် ရေကြောင်းကုန်သွယ်ရေးကို ပိုမိုအလေးပေးလာသည့် ဗျူဟာပြောင်းလဲမှု တရပ်ဟု ဆိုနိုင်ပေသည်။ ဤသည်မှာ အနောက်တိုင်းမှ အမျိုးသားနိုင်ငံ (nation-state) များကဲ့သို့ တစုတစည်းတည်း ပေါင်းစည်းထားခြင်းမျိုးမဟုတ်ဘဲ ဗဟိုမှချုပ်ကိုင်နိုင်ရန် ကြိုးပမ်းစမ်းသပ်နေဆဲကာလသာ ဖြစ်၏။ နိုင်ငံရေးတည်ငြိမ်မှုမှာလည်း အပြည့်အဝမရရှိသေးပေ။
အနောက်ဘက်ရှိ ရခိုင်၊ မြောက်ဘက်ရှိ ချင်းတောင်တန်းနှင့် ကချင်တောင်တန်းများ၊ အရှေ့ဘက်ရှိ ရှမ်းကုန်းပြင်မြင့်များကဲ့သို့သော ကုန်းမြင့်ဒေသများအပေါ်၌မူ ပုဂံနေပြည်တော်၏ သြဇာမှာ အမည်ခံမျှသာ ဖြစ်သည်။ အများမှာ အခွန်ဘဏ္ဍာဆက်သသော်လည်း ပုဂံဘုရင်များက ထိုဒေသများ၏ အုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်လေ့မရှိပေ။ ပတ်ဝန်းကျင်ဒေသများ၌ မတည်ငြိမ်မှုများဖြစ်ပွားပြီး ဗဟိုချက်မ နန်းတော်၏ အမည်ခံသြဇာကို ထိပါးခြိမ်းခြောက်လာသည့်အခါမျိုးမှသာ စစ်ရေးအရ တုံ့ပြန်လေ့ရှိသည်။
ပုဂံနန်းတော်သည် တမ္ပဒီပနိုင်ငံ၏အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုနှင့် တရားဝင်အချုပ်အခြာဖြစ်မှု နှစ်ရပ်လုံးအတွက် ဗဟိုချက်မဖြစ်ခဲ့၏။ ဘုရင်များသည် အမိန့်တော်များထုတ်ပြန်ခြင်း၊ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ခြင်း၊ စစ်တပ်များကို ဦးဆောင်တိုက်ခိုက်ခြင်းနှင့် အငြင်းပွားမှုများကို တရားစီရင်ဆုံးဖြတ်ခြင်းတို့ကို ပြုလုပ်သည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သြဇာအာဏာဖြန့်ကျက်မှုနှင့် စစ်မက်ရေးရာ ကိစ္စများကြောင့် နန်းတော်၏ အုပ်ချုပ်မှုပုံစံသည်လည်း တဖြည်းဖြည်း ပိုမိုဗဟိုဦးစီးဆန်သော အသွင်သို့ ပြောင်းလဲလာခဲ့သည်။ နရပတိစည်သူ နန်းစံချိန်တွင် လွှတ်တော်သည် အရပ်ဘက်အုပ်ချုပ်ရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေး နှစ်ခုစလုံးကို ကြီးကြပ်သည့် ခိုင်မာသော အဖွဲ့အစည်းတခုအဖြစ် ပေါ်ပေါက်နေပြီဖြစ်သည်။[1]
ပုဂံ၏ စီးပွားရေးဗဟိုချက်သည် စိုက်ပျိုးရေးပင် ဖြစ်သည်။ ခြောက်သွေ့သောဇုန်ကို စပါးကျီအဖြစ် ပြောင်းလဲခြင်းသည် ပျူခေတ်ကတည်းက တည်ရှိခဲ့သော ကြီးမားသည့် ဆည်မြောင်းစီမံကိန်းများအပေါ် ဆင့်ပွားမှုဖြစ်သည်။ နိုင်ငံတော်သည် ဤစနစ်များကို မြှင့်တင်တိုးချဲ့ခဲ့ကာ ထူထပ်သောလူဦးရေနှင့် ဘာသာရေး လှူဒါန်းမှုများကို ထောက်ပံ့နိုင်သည့် အခြေခံအဆောက်အအုံတခုကို ထူထောင်ဖန်တီးခဲ့သည်။ ၁၁ ရာစုမှစ၍ လယ်ယာမြေများစွာကို ဘုန်းကြီးကျောင်းများနှင့် ဘုရားများသို့ လှူဒါန်းခဲ့သည်။ ဝိညာဉ်ရေးအခြေခံမှုသည် အသက်ဝင်သော ဘာသာရေးယဉ်ကျေးမှုကို မြှင့်တင်ပေးခဲ့သော်လည်း ဘဏ္ဍာတိုက်ကို ခန်းစေခဲ့သည်။[2]
ကုန်သွယ်ရေးသည်လည်း အရေးပါသော ကဏ္ဍမှ ပါဝင်သည်။ ပုဂံ၏ ကုန်သွယ်ရေးကွန်ရက်များသည် မြစ်ကြောင်းနှင့် ကုန်းလမ်းများမှတဆင့် အိန္ဒိယနှင့် တရုတ်ဆိပ်ကမ်းများသို့ ရောက်ရှိခဲ့သည်။ ကျောက်မျက် ရတနာ၊ ယွန်းထည်ပစ္စည်းနှင့် ဆေးဖက်ဝင်အပင်များကဲ့သို့သော ပစ္စည်းများ ပြင်ပသို့ ရောင်းချစီးဆင်းခဲ့ပြီး၊ အထည်အလိပ်များ၊ မြင်းများနှင့် သတ္တုများ ပုဂံနေပြည်တော်သို့ ရောက်ရှိခဲ့သည်။ သို့သော် ကုန်သွယ်ရေးသည် အထက်တန်းလွှာဗဟိုပြုထားခြင်းဖြစ်ပြီး ပိုမိုကျယ်ပြန့်သောဘောဂဒေသို့ ပြောင်းလဲနိုင်သည့် စနစ်များနှင့် ကြားခံဆောင်ရွက်မှုများ မရှိသေးပေ။ ငွေလဲလှယ်မှုများသည် သတ္တုအလေးချိန်များ (သို့) ကုန်ပစ္စည်းချင်း လဲလှယ်ခြင်းများကို အခြေခံသည်။
ပုဂံသည် ဝိညာဉ်ရေးရာနှင့် ဗိသုကာပညာ အမြင့်မားဆုံးသို့ ရောက်ရှိခဲ့သည့် ဘာသာရေးမြို့တော် တခုဖြစ်သည်။ စေတီပုထိုးများစွာသည် အရှေ့တောင်အာရှကျွန်းဆွယ်တွင် အတုမရှိသော သက်ဝင်ကိုးကွယ်မှု မြင်ကွင်းကို ဖြစ်ပေါ်စေခဲ့သလို ဘာသာရေးလှူဒါန်းမှုများသက်သက်မဟုတ်ဘဲ လူမှုအဖွဲ့အစည်း၏ သင်ယူမှု၊ ပန်းချီပန်းပု စသည့်ပညာရှင်များအတွက် လေ့ကျင့်ရေးနှင့် စီးပွားရေးလဲလှယ်မှုတို့၏ ဗဟိုဌာနများ ဖြစ်ခဲ့သည်။ ဘုရားဖူးလမ်းကြောင်းများသည် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ သွေးကြောများလည်း ဖြစ်ခဲ့ကြသည်။ ခေတ်ပြိုင်မှတ်တမ်းများ၌ နေရောင်အောက်မှ စေတီပုထိုးများ၊ ဗုဒ္ဓဘာသာ ဇာတ်နိပါတ်တော်များကို ဖော်ပြထားသော အတွင်းနံရံပန်းချီများနှင့် လူနေမှုဘဝများကို ဖော်ပြထားသည်။ သို့သော် ဘာသာရေးကို အထူးပြုလွန်းခြင်းနှင့် မြေယာများကို များစွာလှူဒါန်းခြင်းတို့သည် ပုဂံစီးပွားရေးကို ထိခိုက်စေခဲ့သည်ဟု ဆိုကြသည်ကို တွေ့ရပါသည်။
၁၃ ရာစုနှောင်းပိုင်း မွန်ဂိုတို့၏ ကျူးကျော်မှုက ပုဂံ၏ ပြိုကျမှုကို ပိုဆိုးစေခဲ့သည်။[3] ၁၂၈၇ ခုနှစ်တွင် မြို့တော်အား ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ ပုဂံ၏ကျဆုံးမှုသည် နိုင်ငံခြားကျူးကျော်မှုကြောင့်သာ မဟုတ်ပေ။ ပြည်တွင်းအက်ကွဲကြောင်းများသည် ပုဂံ၏အခြေခံအုတ်မြစ်များကို ကြာမြင့်စွာကတည်းက လှိုက်စားခဲ့ပြီး ဖြစ်သည်။ မွန်ဂိုတို့သည် အက်ကွဲနေသည့်ပုဂံပြည်ပေါ် ကျလာသည့် တူတချက်သာ ဖြစ်၏။
ပုဂံသည် နန်းမြို့တမြို့ သို့မဟုတ် နိုင်ငံတခုမျှသက်သက် မဟုတ်ခဲ့ပေ။ ပုဂံသည် ယုံကြည်ခြင်းနှင့် လုပ်ဆောင်ချက်၊ ထုံးတမ်းစဉ်လာနှင့် အုပ်ချုပ်မှုတို့ကို ဟန်ချက်ညီစေသည့် မဟာနာဂရ စည်ကားလှသည့် မြို့ကြီးတခုဖြစ်သည်။ တကယ်ရှိခဲ့သော ပုဂံပြည်သည် အမျိုးသားနိုင်ငံမဟုတ်ခဲ့သည့်တိုင် နောင်ကာလတွင် ဗမာတို့က ပြန်ပြီးတမ်းတသည့် “ပထမအင်ပါယာ” ဟူသော သမိုင်းဆိုင်ရာ စိတ်ကူးစိတ်သန်း၏ အုတ်မြစ်တခု ဖြစ်လာခဲ့ပေသည်။
----------
[1] အချို့က “လွှတ်တော်အစ ထီးလိုမင်းလိုက” (ဇေယျသိင်္ခမင်း၊ နရပတိစည်သူ၏သား) ဟု ပြောတတ်ကြသည်။ သို့ရာတွင် နရပတိစည်သူကွယ်လွန်စဉ်တွင်ပင် ဝန်ကြီးလေးပါးစနစ် အုတ်မြစ်ခိုင်မာနေပြီဟုလည်း ဆိုကြသည်။ ယနေ့ကဲ့သို့ ဥပဒေပြုရေးလွှတ်တော်မျိုး လုံးဝမဟုတ်ပါ။ အတိုင်ပင်ခံကောင်စီသဘောဟု ဆိုနိုင်ပါသည်။ ဘုရင်၏ အမှုကိစ္စများလည်း လုပ်ကြရပါသည်။
[2] Aung-Thwin, M. (1976). Kingship, the Saṅgha, and society in Pagan. In K. R. Hall & J. K. Whitmore (Eds.), Explorations in early Southeast Asian history: The origins of Southeast Asian statecraft (pp. 205–252). University of Michigan Press; University of Michigan Center for South East Asian Studies.
[3] ရှိရင်းစွဲပျက်စီးမှုများကြောင့် ယိုယွင်းနေရာမှ ပို၍ ဆိုးသွားစေသည်ဟု ဆိုလိုသည်။

Comments
Post a Comment