Skip to main content

ကျွန်ုပ်တို့၏ ဒဿန


မူလကတည်းက မရှိသော်လည်း ရှောင်လွှဲမရသော အဓိပ္ပာယ်

လူသားတွေဟာ မွေးဖွားလာစဉ်ကတည်းက အသက်ရှင်ဖို့ ပုံသေနည်းတွေ မပါဘဲ လာကြတယ်။ အသက်ရှင်မှုဆိုတာ ကောင်းတယ်၊ ဆိုးတယ်၊ ဒါမှမဟုတ် သာမန်ဖြစ်တယ်ဆိုတဲ့ သဘောမျိုး မဟုတ်ဘူး။ ဒါက သဘာဝအတိုင်း ဖြစ်တည်နေတဲ့ အရာတခုပါ။ လူ့အခွင့်အရေးတွေ၊ ဒါမှမဟုတ် အခြားအယူအဆတွေကလည်း မွေးဖွားလာချိန်မှာ ကျွန်ုပ်တို့နဲ့အတူ ပါမလာဘူး။ ယုံကြည်မှုနဲ့ အယူအဆအားလုံးဟာ လူသားတွေရဲ့ အတွေ့အကြုံနဲ့ အပြန်အလှန်ဆက်ဆံမှုတွေကနေ နောက်ပိုင်းမှာမှ ဖြစ်ပေါ်လာတာပါ။


ဖြစ်တည်မှုရဲ့ အခြေခံနယ်ပယ် သုံးရပ်

ကျွန်ုပ်တို့ လောကရဲ့ ရှုထောင့်သုံးမျိုးထဲ တည်ရှိနေကြတယ်။

၁) ရုပ်ဝတ္ထုလောက - အန္တရာယ်တွေနဲ့ အရင်းအမြစ်တွေ ပါဝင်တယ်၊
၂) အချိန် (အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်) - မှတ်ဉာဏ်နဲ့ မျှော်လင့်ချက်တွေအတွက် အခြေခံဖြစ်တယ်၊
၃) လူမှုနယ်ပယ် (အထူးသဖြင့် ဘာသာစကားမှတဆင့်) - ကိုယ့်ကိုယ်ပိုင်လက္ခဏာကို သတ်မှတ်ပေးတယ်။

ဒီအခြေခံသုံးရပ်ကနေ ကျွန်ုပ်တို့ရဲ့ အတွေ့အကြုံနဲ့ နားလည်မှုတွေ ဆက်လက်ဖြစ်ထွန်းလာတယ်။ (ဒါတွေအားလုံးကို "Space-time" နဲ့ "Consciousness" ဆိုပြီး အတိုကောက်ရေးနိုင်ပါတယ်။)

အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ဘာသာစကားက ဘယ်လိုပုံသွင်းသလဲ

ဘာသာစကားကို သင်ယူတဲ့အခါ ဝေါဟာရတွေကို လက်ခံပြီး စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေကို နားလည်လာတယ်။ အစောပိုင်းမှာပဲ "ငါဘယ်သူလဲ" ဆိုတဲ့မေးခွန်းနဲ့ ယောက်ျား၊ မိန်းမ၊ အဖေ၊ အမေ စတဲ့အခန်းကဏ္ဍတွေကို သတ်မှတ်ခံရတယ်။ ပြီးတော့ "နေထိုင်ဖို့၊ ယုံကြည်ဖို့၊ သစ္စာရှိဖို့" ဆိုတဲ့ စံနှုန်းတွေကို သင်ယူရတယ်။ နိုင်ငံ၊ မိသားစု၊ ငွေ၊ မုန်းတီးမှု၊ ပျော်ရွှင်မှုစတဲ့ အရာတွေဟာ လောကအမှန်တရားတွေလို့ အလိုလိုယုံကြည်လာတယ်။ ဒီအစောပိုင်း အမှတ်အသားတွေဟာ နောက်ပိုင်းမှာ ပိုနက်ရှိုင်းတဲ့ အမှန်တရားတွေကို နားလည်ဖို့ အဟန့်အတားတွေ ဖြစ်လာတယ်။ ဒါပေမယ့် ဒီယုံကြည်မှုတွေဟာလည်း ကျွန်ုပ်တို့ရဲ့ တကယ့်ဘဝရဲ့ တစိတ်တပိုင်း (သမုတိသစ္စာ) ဖြစ်တယ်ဆိုတာကိုလည်း မမေ့သင့်ဘူး။ ဒါတွေကို ဖျက်ပစ်ဖို့ မလွယ်ဘဲ သည်းခံပြီး အချိန်ယူ ပြောင်းလဲဖို့ လိုတယ်။

မရှိဘူးဆိုတာကနေ အင်စတီကျူးရှင်းအဖြစ် တည်ဆောက်ခြင်း

မရှိဘူးဆိုတဲ့အရာကို အမှန်တကယ်ရှိတယ်လို့ ယူဆတဲ့ အတွေးအခေါ်မျိုးက အင်စတီကျူးရှင်းတွေနဲ့ စနစ်တွေကို မွေးဖွားစေတယ်။ သာဓက တချို့ကြည့်ရအောင်။ငွေ - သဘာဝအတိုင်း မရှိပေမယ့် လူမှုအမှန်တရားတခု ဖြစ်လာတယ်။ တန်ဖိုးတွေကို စီမံဖို့ အထောက်အကူဖြစ်ပေမယ့် "ငွေကို လိုက်ရှာရမယ်" ဆိုတဲ့ လူမှုသဘောတူညီချက်ဖြစ်လာတဲ့အခါ လောဘ၊ လှည့်ဖြားမှု၊ ဖိနှိပ်မှုနဲ့ လစ်လျူရှုမှုတွေ ပေါ်ထွက်လာတယ်။
မိသားစု - မိသားစုဆိုတဲ့ တည်ရှိမှုအပေါ် ယုံကြည်မှုက လူတွေကို စုစည်းပေးပေမယ့် အာဏာလွှမ်းမိုးမှု၊ အမွေဆက်ခံတဲ့ အထူးအခွင့်အရေးတွေနဲ့ မညီမျှမှုတွေကိုလည်း ဖြစ်စေတယ်။
နိုင်ငံ - ဩကာသလောက သဘာဝအတိုင်း မရှိဘူးဆိုပေမယ့် လုံခြုံရေးနဲ့ အစီအစဉ်တကျဖြစ်မှုကို ဖန်တီးပေးတယ်။ ဒါပေမယ့် ပဋိပက္ခ၊ ခေါင်းပုံဖြတ်မှုနဲ့ စစ်ပွဲတွေကိုလည်း ဖြစ်စေတယ်။
“မိမိ” ဆိုတာကို အတည်သတ်မှတ်မှု - “ငါ” ရှိတယ် ဆိုတာလေးက အသက်ရှင်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ အထောက်အကူ ဖြစ်ပေမယ့် ကိုယ့်ကိုယ်ကို အလွန်အမင်းဂရုစိုက်မှု၊ စိတ်ဒဏ်ရာနဲ့ စိတ်ကျရောဂါတွေကိုလည်း ဖြစ်စေတယ်။ (အတ္တသညာ)
ဒီတည်ဆောက်မှုတွေဟာ ရုပ်ဝတ္ထုလိုအပ်ချက်ရဲ့ တစိတ်တပိုင်းအဖြစ် ဖော်ပြကြတယ်။ ဒါတွေကို နည်းဗျူဟာကျကျ တည်ဆောက်ထားပြီး အဆက်မပြတ် ညှိနှိုင်းနေရတယ်။ ဒါပေမယ့် ဒါတွေမှာ မူလကတည်းက ပြဿနာတွေ ရှိနေတယ်။ ဒီပြဿနာတွေကို သိမြင်ဖို့ အရေးကြီးတယ်။

အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ နည်းဗျူဟာမြောက် ရွေးချယ်မှု

ဒီတည်ဆောက်မှုတွေကို သဘာဝအတိုင်း မရှိဘူးဆိုပြီး လျစ်လျူရှုလို့ မရဘူး။ စဉ်းစားတတ်တဲ့ လူသားတိုင်းဟာ အသက်ရှင်မှုမှာ အဓိပ္ပာယ်ရှာဖွေကြတယ်။ မရှိဘူးဆိုတဲ့အရာကို အဓိပ္ပာယ်တွေ ဖြည့်တာကိုယ်၌ကလည်း အဓိပ္ပာယ်ရှာဖွေမှုတခုပါပဲ။
အခြားသူတွေကို အရင်ပြောင်းလဲဖို့ ကြိုးစားမယ့်အစား ကိုယ့်ရဲ့ "အဓိပ္ပာယ်" ကို အရင်သတ်မှတ်ဖို့ အရေးကြီးတယ်။ ဒါကို ကြိုက်သလိုသတ်မှတ်တဲ့ တန်ဖိုးအဖြစ် မဟုတ်ဘဲ ကိုယ့်ဘဝကို ဦးတည်စေမယ့် နည်းဗျူဟာတခုအဖြစ် သတ်မှတ်ပါ။ သာဓကပြောရရင် လူ့အခွင့်အရေးဆိုတာ မွေးရာပါမဟုတ်ပေမယ့် ဘာသာစကားက ၎င်းကိုမွေးရာပါရှိနေတာအဖြစ် တည်ဆောက်လိုက်တဲ့အခါ ခိုင်မာပြီး စိန်ခေါ်မရအောင် ဖြစ်သွားတယ်။ ဒါတွေကို ယာယီအမှန်တရားတွေအဖြစ် နားလည်ထားဖို့ လိုတယ်။


ဒီနားလည်မှုနဲ့ ဘာလုပ်နိုင်မလဲ

ပုံသေတန်ဖိုးတွေကို ယုံကြည်မှုက တံလျှပ်ကို ရေထင်ပြီး ပျော်ရွှင်မှုတွေ ပေးနိုင်ပေမယ့် စစ်ပွဲ၊ ဖိနှိပ်မှုနဲ့ စိတ်ဒဏ်ရာတွေလို ပြဿနာတွေကိုလည်း ဖြစ်စေတယ်။ လူသားတွေရဲ့ အဓိပ္ပာယ်အပေါ် တွယ်တာမှုကို ရှောင်လွှဲလို့မရပေမယ့် ကိုယ့်ဘဝအတွက် တကယ်အရေးကြီးတဲ့အရာကို နည်းဗျူဟာမြောက် ရွေးချယ်ဖို့ အရေးကြီးတယ်။ ဒီအဓိပ္ပာယ်တွေကို တကိုယ်တည်း၊ အတ္တကြီးကြီးနဲ့ ဒါမှမဟုတ် ကြီးကျယ်ထောင်လွှားစွာ တည်ဆောက်နေမယ့်အစား ဒါတွေဟာ ဘာသာစကားနဲ့ လူမှုအပြန်အလှန်ဆက်ဆံမှုတွေကနေ အတူတကွ တည်ဆောက်ထားတာဆိုတာ သိမြင်ဖို့ လိုတယ်။ ဒီဖြစ်စဉ်မှာ ရှာဖွေစူးစမ်းစရာတွေ အများကြီး ကျန်နေသေးတယ်။ ဒါတွေကို ဆက်လက်စဉ်းစားသုံးသပ်ဖို့ လိုတယ်။


လူသားနဲ့ လောကသဘာဝ

လောကသဘာဝဟာ မျှဝေခံစားရတဲ့အရာဖြစ်ပြီး အဓိပ္ပာယ်တွေက ကျွန်ုပ်တို့ရဲ့ အပြန်အလှန် ဆက်ဆံမှုတွေကနေ ပေါ်ထွက်လာတယ်။ ဒါပေမယ့် ဘာသာစကား၊ အချက်အလက်နဲ့ အသိအမြင်တွေမှာ မူလကတည်းက ချို့ယွင်းချက်တွေ ရှိနေတယ်ဆိုတာ သိမြင်ဖို့ လိုတယ်။ ဒီချို့ယွင်းချက်တွေရဲ့ အလင်းမှာ ကျွန်ုပ်တို့ရဲ့ အကောင်းဆုံးချဉ်းကပ်နည်းက ကျွန်ုပ်တို့ရဲ့ ယူဆချက်တွေကို အဆက်မပြတ် မေးခွန်းထုတ်ဖို့ပါ။ ကျွန်ုပ်တို့ရဲ့ အဖြေတိုင်းဟာ ယာယီဖြစ်ပြီး ပြန်လည်သုံးသပ်နိုင်တယ်ဆိုတာ အသိအမှတ်ပြုဖို့ လိုတယ်။ ဒါကြောင့် "အဖြေတိုင်းကို မေးခွန်းထုတ်ပါ၊ အဖြေတိုင်းဟာလည်း အစိတ်အပိုင်းတခုသာ ဖြစ်တယ်" ဆိုတဲ့ ဆောင်ပုဒ်ကို မှတ်သားထားပါ။
လူသားတွေဟာ သဘာဝအားဖြင့် လူမှုဆက်ဆံရေးနဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ ပြုလုပ်တတ်တဲ့အတွက် အခြားသူတွေနဲ့ ဆက်သွယ်မှုတွေကနေ ဖွံ့ဖြိုးတိုးတက်ကြတယ်။ တောထဲမှာ တကိုယ်တည်း သွားနေချင်တယ် ဆိုရင်တောင် ဘာသာစကား (အခြေခံအားဖြင့် လူမှုကိရိယာ) ရဲ့ လွှမ်းမိုးမှုကို ရှောင်လွှဲလို့ မရဘူး။ ဒါကြောင့် လူ့အဖွဲ့အစည်းထဲမှာ နေထိုင်ဖို့ ရွေးချယ်မှုဟာ မဖြစ်မနေ ဖြစ်သလို တမင်တကာလည်း ဖြစ်တယ်။ ဒီရွေးချယ်မှုမှာ ကြီးမားတဲ့ တာဝန်ယူမှု ပါဝင်တယ်။ ကျွန်ုပ်တို့ရဲ့ အသိုင်းအဝိုင်းတွေကို တန်ဖိုးကင်းမဲ့စေဖို့ မဟုတ်ဘဲ အပြုသဘောဆောင်တဲ့ အကျိုးကျေးဇူးတွေ ဖြည့်ဆည်းပေးဖို့ ကြိုးစားရမယ်။ ကျွန်ုပ်တို့ဟာ ကပ်ပါးပိုးတွေ မဖြစ်သင့်ဘူးမဟုတ်လား။
အတူတကွနေထိုင်တဲ့အခါ ဘုံကောင်းကျိုးတွေ (Common Good) ကို မွေးမြူဖို့ အရေးကြီးတယ်။ အခြားသူတွေကို ခေါင်းပုံဖြတ်တာ ဒါမှမဟုတ် ဖယ်ထုတ်တာက အတူတကွနေထိုင်ရခြင်းရဲ့ အဓိပ္ပာယ်ကို ပျက်စီးစေတယ်။ စွန့်လွှတ်စွန့်စားမှုတွေဟာ တခါတရံ လိုအပ်ပေမယ့် လွန်ကဲပြီး စံနမူနာပြုလောက်အောင် မဖြစ်သင့်ဘူး။ နောက်ဆုံးမှာတော့ နိုင်ငံရေးမိတ်သဟာယဖြစ်မှု (Political Friendship) ကို အားဖြည့်ပေးဖို့ လိုတယ်။ အပြန်အလှန်လေးစားမှု၊ ထောက်ပံ့မှုနဲ့ ဘုံရည်မှန်းချက်တွေက ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်မှုတွေကို ဦးတည်စေတဲ့အခါ စုပေါင်းအကျိုးစီးပွားနဲ့ တဦးချင်းရဲ့ အဓိပ္ပာယ်ကို ဂုဏ်ပြုတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မယ်။

ဘုံကောင်းကျိုး

ဘုံကောင်းကျိုးရဲ့ အခြေခံဟာ လူသားတွေရဲ့ အခြေခံလိုအင်သုံးမျိုးပေါ် မှီခိုလိမ့်မယ်။ လွတ်လပ်စွာဆောင်ရွက်နိုင်မှု (agency)၊ အသိအမှတ်ပြုခံရမှု (recognition)၊ နဲ့ လုံခြုံမှု (security) တို့ပါ။ ဒါတွေကို ဇီဝကမ္မဖိအားတွေက တွန်းအားပေးပြီး လူမှုအခြေအနေတွေက ပုံသွင်းပေးတယ်။ ဒီအခြေခံမူတွေကို လူနည်းစုက သတ်မှတ်ပေးလို့ မရဘူး။ ဒါတွေကို အုပ်စုလိုက် ဆွေးနွေးညှိနှိုင်းမှုတွေကနေ ပေါ်ထွက်လာတဲ့ အများသဘောတူ အကြောင်းပြချက်တွေ (public reason) နဲ့သာ တည်ဆောက်ရမယ်။ နိုင်ငံရေးအရ သဘောထားကွဲလွဲသူတွေနဲ့ပါ ဒီအခွင့်အရေးတွေကို လူ့ဂုဏ်သိက္ခာအဖြစ် ထိန်းသိမ်းပေးဖို့ လိုတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် လူသားအချင်းချင်း နားလည်မှုကို ဖန်တီးနိုင်ပြီး နိုင်ငံရေးအရ မိတ်သဟာယဖြစ်မှုကနေ ဒီမျှဝေမှုကို ထိန်းသိမ်းနိုင်မယ်။


နိုင်ငံရေးမိတ်သဟာယဖြစ်မှု (Political Friendship)

နိုင်ငံရေးမိတ်သဟာယဖြစ်မှုဆိုတာ အများသူငှာ လူထုနယ်ပယ်မှာ အပြန်အလှန်ယုံကြည်မှုနဲ့ လေးစားမှုကို အသိအမှတ်ပြုတာပါ။ တဦးနဲ့တဦး ကိုယ်ထိလက်ရောက် မတွေ့ဖူးသူတွေကြားမှာတောင် ဖြစ်နိုင်တယ်။ ဒါက မတူကွဲပြားမှုတွေရှိပေမယ့် ရန်သူမဖြစ်ဖို့၊ မျှတတဲ့ ယှဉ်ပြိုင်မှုကို ထိန်းသိမ်းဖို့နဲ့ သင့်မြတ်တဲ့ သဘောထားကို ဆိုလိုတယ်။ လက်တွေ့မှာ မိတ်ဆွေတွေဟာ တဦးကို တဦး ကူညီတယ်။ အပြန်အလှန် အမြတ်အကျိုးတောင်းဆိုမှုမရှိဘဲ လိုအပ်ချိန်မှာ ထောက်ပံ့တယ်။ အလားတူပဲ လိုအပ်နေသူတွေအတွက် ဆုံးဖြတ်ချက်တွေကို နိုင်ငံရေးမိတ်သဟာယဖြစ်မှုစိတ်ဓာတ်နဲ့ ချမှတ်ရမယ်။ ဒီစိတ်ဓာတ်ဟာ နိုင်ငံရေးစည်းလုံးမှုကို အားကောင်းစေပြီး နိုင်ငံတခုလုံးကို ဦးတည်တဲ့ အတွေးအခေါ်ထက် လွတ်လပ်ပြီး စုပေါင်းတည်ဆောက်တဲ့ လူ့အဖွဲ့အစည်းမှာ ပိုမိုဖွံ့ဖြိုးတယ်လို့ ယုံကြည်တယ်။


နိုင်ငံရေး၏ အခြေခံများ

အခြေခံအားဖြင့် နိုင်ငံရေးဟာ ပဋိပက္ခနဲ့ အာဏာရဲ့ ဆုံမှတ်ဖြစ်တယ်။ ဒါပေမယ့် "ငါနိုင်ရင် မင်းရှုံးမယ်" ဆိုတဲ့ အတွေးအခေါ်ကို လက်မခံဘဲ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ရုပ်/စိတ် ဒဏ်ရာဖြစ်မှုတွေကို ပြန်လည်ကုစားဖို့ ကြိုးစားရမယ်။ အနိုင်ရဖို့၊ အရှုံးမပေးဖို့ဆိုတဲ့ စိတ်ဓာတ်ဟာ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် ကျွန်ုပ်တို့ကို ပင်ပန်းစေပြီး စိတ်ဒဏ်ရာတွေ ဖြစ်စေတယ်။ "အမှန်"နဲ့ "မှား"ကို ပုံသေသတ်မှတ်ပြီး အစွဲကြီးကြီး တုံ့ပြန်တဲ့အခါ ပဋိပက္ခတွေကို အလွန်အမင်း ကြီးထွားစေတယ်။ အမှန်တရားဟာ မီးခိုးရောင်တွေကြားမှာ ရှိနေတာကို လက်ခံပြီး လူမှုတည်ဆောက်ထားတဲ့ အယူအဆတွေကို ကျော်လွန်နိုင်မှသာ ပိုမိုလူသားဆန်ပြီး ပြန်လည်ထူထောင်တဲ့ နိုင်ငံရေးကို တည်ဆောက်နိုင်မယ်။


အဆင့်အလွှာခွဲမှုကို ဝေဖန်ခြင်း (Hierarchical Skepticism)

ဘာသာစကားတွေ၊ လူမှုရေးအရ စုစည်းတည်ဆောက်မှုတွေ၊ ကိုယ့်လူမှုပုံရိပ်ကိုအတ္တသွင်း သိမှတ်မှုတွေဟာ နည်းဗျူဟာမြောက် တည်ဆောက်ထားတာဆိုတာ သိပြီးနောက် ဒီအသိကို အာဏာဆိုင်ရာ စနစ်တွေကို စိစစ်ဖို့ အသုံးချရမယ်။ အာဏာဟာ ကောင်းတာဖြစ်နိုင်သလို ဆိုးရွားနိုင်တယ်။ ဒါကို နိုင်ငံရေးမိတ်သဟာယဖြစ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဘုံကောင်းကျိုးကို ဦးတည်တဲ့ ဗျူဟာတွေနဲ့ ထိန်းကျောင်းရမယ်။ လူသားတိုင်းရဲ့ လွတ်လပ်မှုကို အမှတ်ပြုပြီး ထာဝရတည်မယ့် အဆင့်အတန်းတွေကို ဝေဖန်ရမယ်။ Hierarchical Skepticism ဟာ စနစ်အားလုံးကို ဖျက်သိမ်းဖို့ မဟုတ်ဘဲ ၎င်းတို့ရဲ့ အခြေခံတွေကို စိစစ်ဖို့ပါ။ အာဏာဟာ သဘာဝအရ တရားမျှတခြင်းမရှိဘူးဆိုတာ သိပြီး အဆက်မပြတ် မေးခွန်းထုတ်ရမယ်။ လွတ်လပ်မှု၊ အသိအမှတ်ပြုမှု၊ လုံခြုံမှုတွေကို အားလုံးမျှဝေနိုင်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ ရည်ရွယ်တယ်။


ကိုယ်ကျင့်တရားနဲ့ အခြေခံမူများ

ကိုယ်ကျင့်တရားဆိုတာ ရှုပ်ထွေးတယ်။ တဦးအတွက် "ကောင်းတယ်" ဆိုတာ အခြားတဦးအတွက် "ဆိုးတယ်" လို့ ဖြစ်နိုင်တယ်။ ဒါပေမယ့် လူသားအားလုံးမှာ အခြေခံလိုအပ်ချက်သုံးမျိုး ရှိတယ်။


၁) လွတ်လပ်စွာ လုပ်ဆောင်နိုင်မှု (Agency)
၂) အသိအမှတ်ပြုခံရမှု (Recognition)
၃) လုံခြုံမှု (Security)

ဒါ့အပြင် ကျွန်ုပ်တို့ဟာ လူမှုသတ္တဝါတွေ ဖြစ်တာကြောင့် ကိုယ့်လုပ်ရပ်တွေက အခြားသူတွေအပေါ် သက်ရောက်မှုရှိတယ်။ ဒီတော့ ကမ္ဘာကြီးကို ဘယ်လိုတည်ဆောက်မလဲ။ အဓိကနှစ်ချက်ရှိတယ်။
၁) ကိုယ်ကျင့်တရားကောင်းသူဖြစ်ပါ (Virtue) - ပျော်ရွှင်မှုတွေ ဒါမှမဟုတ် ယုတ္တိပေးဖို့တွေသာ လိုက်စားတာထက် ကိုယ့်စရိုက်ကို မွေးမြူပါ။ သတ္တိ၊ ဉာဏ်၊ တရားမျှတမှု၊ သည်းခံမှုတို့ကို နေ့စဉ်လေ့ကျင့်ပါ။
၂) ပြန်လည်အသုံးချနိုင်တဲ့ ရွေးချယ်မှုတွေ လုပ်ပါ (Principles) - ကိုယ့်ရွေးချယ်မှုတွေဟာ လူ့အဖွဲ့အစည်းအတွက် နမူနာဖြစ်လာတယ်။ "လူတိုင်းက မိမိလိုပဲ လုပ်ရင် ကမ္ဘာက ပိုကောင်းလာမလား" ဆိုတာ မေးပါ။

အတိုချုပ်ပြောရင် ကိုယ်ကျင့်တရားကောင်းဖို့နဲ့ ရွေးချယ်မှုတွေကို ကမ္ဘာကြီးအတွက် အကျိုးရှိအောင် လုပ်ပါ။ ပုံသေစံနှုန်းတွေထက် အားလုံးအတွက် ပိုကောင်းတဲ့ကမ္ဘာကို တည်ဆောက်ဖို့ ဦးတည်ပါ။


ဖီးနစ်ငှက်လို သင်ယူပါ။ 

ရသေ့ဝိဇ္ဇာ (Sage) လို ပုန်ကန်ပါ။


အမှန်တရားဆိုတာ ပုံသေတကြောင်းစွဲအရာ မဟုတ်ဘူး။ လောကရဲ့ ကစားပွဲကြီးထဲမှာ ဗျူဟာကျကျ ကစားဖို့လိုတယ်။ ဒါကို နားလည်ဖို့ "သူပုန်ဆရာဝိဇ္ဇာ" (Rebel Sage) ရဲ့ နည်းလမ်းကို လိုက်နာပါ။
 

ပထမ - ဖီးနစ်ငှက်လို သင်ယူပါ
ကျွန်ုပ်တို့ဟာ ပုံသေအယူအဆတွေ၊ ဇာတ်ညွှန်းတွေနဲ့ ကမ္ဘာထဲကို ဝင်ရောက်လာကြတယ်။ ဒီအယူအဆတွေကို မီးရှို့ပစ်ဖို့လိုတယ်။ "အမှန်တရားဟာ" နဲ့ "ဖြစ်သင့်တာ" ဆိုတဲ့ မီးခိုးတွေကနေ လောင်ကျွမ်းပြီး ဖီးနစ်ငှက်လို ပြန်ထလာပါ။ လောကကို အသစ်ကနေ ပြန်သင်ယူပါ။ ရှုပ်ထွေးပြီး ပြောင်းလဲနေတဲ့သဘောကို လက်ခံပါ။

ဒုတိယ - ရသေ့ဝိဇ္ဇာလို ပုန်ကန်ပါ

ပုန်ကန်မှုဆိုတာ အသံကျယ်ကျယ်အော်တာ၊ ထိုးကြိတ်တိုက်ခိုက်တာပဲ မဟုတ်ဘူး။ ရသေ့ဝိဇ္ဇာ ဆရာတဆူလို စိတ်ရှည်ပါ။ စူးစိုက်ပါ။ ဆိုခဲစေမြဲစေ၊ ဗျူဟာကျကျ လုပ်ဆောင်ပါ။ မြစ်ကြီးရဲ့ ရေစီးကြောင်းကို ဆန့်ကျင်ပြီး မတိုက်ခိုက်ဘဲ ၎င်းရဲ့ စီးဆင်းမှုကို နားလည်ပြီး အကျိုးရှိအောင် လုပ်ပါ။ စိတ်ခံစားမှုတွေနဲ့ မပျံ့လွင့်ဘဲ ဉာဏ်ပညာကို ရှာဖွေပါ။ မကြောက်မရွံ့၊ မတွယ်ငြိမှုနဲ့ မိမိဘဝကို ပေါ့ပါးစွာဖြတ်သန်းရင်း လေးနက်စွာ နားလည်ပါ။

Comments

Popular posts from this blog

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

    လူသားတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ မသိနားမလည်မှုကနေ ဉာဏ်ပညာဆီကို တမဟုတ်ချင်း ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်က ထင်ရှားတဲ့ အဆင့်အမျိုးမျိုးကို ဖြတ်သန်းသွားပြီး၊ အဆင့်တခုစီက ရှုပ်ထွေးမှုတွေကို နစ်မွန်းမသွားစေဘဲ လက်ခံနိုင်စွမ်းကို တိုးမြှင့်ပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်အလိုက် တင်းကျပ်စွာ သတ်မှတ်ထားတာ မဟုတ်ဘဲ၊ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စိတ်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပုံတွေ ကွဲပြားတာပဲ ဖြစ်ပါတယ်။ အောက်မှာတော့ အရှင်းလင်းဆုံး ရှင်းလင်းချက်ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ရွေ့လျားသွားတဲ့ ဒီအဆင့် ၅ ဆင့်အတွက် လမ်းပြမြေပုံတခုကို အသေအချာစဉ်းစားကြည့်ပြီး ဖော်ပြလိုက်ပါတယ်။ အဆင့် ၁။ ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်းအဆင့် ဘယ်သင်ယူမှုခရီးရဲ့ အစမှာမဆို စိတ်က ရှင်းလင်းပြတ်သားမှုကို လိုလားတယ်။ ခိုင်မာတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ လျင်မြန်တဲ့ အမျိုးအစားတွေကို လိုအပ်တယ်။ ဒါဟာ အားနည်းချက်မဟုတ်ဘဲ၊ ရှင်သန်ရေးအတွက် နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက်အတွဲတွေအဖြစ် ဦးနှောက်ထဲကို ဝင်...

မြန်မာနိုင်ငံ၏ အခြေအနေ

မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။ [1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။ မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီ...

၁၉၂၅ ခုနှစ် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲ

သမိုင်းနောက်ခံအခြေအနေ ၁၉၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဥပဒေပြုကောင်စီအတွက် ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော ဤဥပဒေပြုကောင်စီသည် ဥပဒေပြုရေးအာဏာ အပြည့်အဝမရှိဘဲ ဘုရင်ခံအား အကြံပေးရသော အဖွဲ့အစည်းသဘောသာ ဆောင်နေဆဲဖြစ်သည်။ ကောင်စီတွင် နေရာ ၁၀၃ နေရာရှိသော်လည်း တိုင်းရင်းသားများ ပါဝင်ယှဉ်ပြိုင်ရွေးချယ်ခံနိုင်သော နေရာမှာ အသိုင်းအဝိုင်းမဟုတ်သော (Non-communal) နေရာ ၅၈ နေရာနှင့် လူမျိုးစုအလိုက် ခွဲဝေထားသော နေရာများသာ ပါဝင်ပြီး ကျန် ၂၃ နေရာကို ဘုရင်ခံက စိတ်ကြိုက်ခန့်အပ်ခြင်းနှင့် ရာထူးအရ ပါဝင်သူများဖြင့် ဖွဲ့စည်းထားသည်။ နိုင်ငံရေးအခြေအနေနှင့် ယှဉ်ပြိုင်မှု ဤရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအသစ်များ ပေါ်ထွက်လာပြီး ယှဉ်ပြိုင်မှု ပိုမိုပြင်းထန်လာခဲ့သည်။ ဦးတုတ်ကြီး ဦးဆောင်သော ဆွာရပ်ဂ်ျ / သရာဇ (Swaraj) ပါတီသည် အိန္ဒိယနိုင်ငံရေးလှုပ်ရှားမှုများကို အားကျကာ ပေါ်ပေါက်လာပြီး ကိုယ်စားလှယ်လောင်း ၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ကိုလိုနီအစိုးရနှင့် ပနံသင့်သော ရွှေတောင်ကြားပါတီ (Independent Party) က ကိုယ်စားလှယ်လောင်း ၈...