Skip to main content

၁၉၂၂ ဥပဒေပြုကောင်စီ ရွေးကောက်ပွဲ

သမိုင်းနောက်ခံအခြေအနေ
မြန်မာနိုင်ငံတွင် ပထမဆုံးသော ရွေးကောက်ပွဲကို ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သည်။ ဤရွေးကောက်ပွဲသည် ၁၉၁၉ ခုနှစ် အိန္ဒိယနိုင်ငံ (စီရင်အုပ်ချုပ်မှု) ဥပဒေအရ မြန်မာနိုင်ငံအား "ဒိုင်အာခီ" (Dyarchy) ဟုခေါ်သော နှစ်ဖက်မျှ အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းရန်အတွက် ဥပဒေပြုကောင်စီ (Legislative Council) ကို ဖွဲ့စည်းရန် ရည်ရွယ်သည်။ ဥပဒေပြုကောင်စီတွင် အဖွဲ့ဝင် စုစုပေါင်း ၁၀၃ ဦး ပါဝင်သော်လည်း ပြည်သူက ရွေးကောက်တင်မြှောက်ခွင့်ရှိသည့် နေရာမှာ ၈၀ သာရှိသည်။ ကျန် ၂၃ နေရာမှာ ဘုရင်ခံက တိုက်ရိုက်ခန့်အပ်သူ ၂၁ ဦးနှင့် ရာထူးအရပါဝင်ရသူ ဘုရင်ခံ၏ အမှုဆောင်ကောင်စီဝင် ၂ ဦးတို့ ဖြစ်ကြသည်။ ရွေးကောက်ခံ ၈၀ ဦးတွင်လည်း ဗမာတိုင်းရင်းသား အများစုပါဝင်သော အထွေထွေမဲဆန္ဒနယ်များမှ ၅၈ ဦးသာ ပါဝင်ပြီး ကျန်နေရာများကို ကရင် (၅ ဦး)၊ အိန္ဒိယ (၈ ဦး)၊ ဥရောပသား (၁ ဦး)၊ အင်္ဂလိပ်ကပြား (၁ ဦး) နှင့် ကုန်သည်ကြီးများအသင်း စသည်ဖြင့် "လူမျိုးစုနှင့် အကျိုးစီးပွားအခြေပြု" (Communal and Commercial Seats) သီးခြားခွဲဝေပေးထားသည်။ ဤဖွဲ့စည်းပုံသည် ဗြိတိသျှတို့၏ ကိုလိုနီအုပ်ချုပ်ရေးယန္တရားကို အကာအကွယ်ပေးထားသော Institutional Design တခုဖြစ်သည်။

နိုင်ငံရေးအခြေအနေနှင့် မဲပေးပိုင်ခွင့်
ထိုအချိန်က နိုင်ငံရေးအခြေအနေမှာ အမျိုးသားရေးစိတ်ဓာတ် နိုးကြားနေချိန်ဖြစ်ပြီး ဗြိတိသျှတို့ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးကို လက်မခံလိုကြပေ။ အထင်ကရ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ဂျီစီဘီအေ (GCBA - မြန်မာအသင်းချုပ်ကြီး) သည် ဤရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။ မဲပေးပိုင်ခွင့်ကို သတ်မှတ်ရာတွင်လည်း အသက် ၁၈ နှစ် ပြည့်ရုံဖြင့် မလုံလောက်ဘဲ အခွန်အတုတ် ပေးဆောင်နိုင်မှုအပေါ် မူတည်ခဲ့သည်။ ကျေးလက်ဒေသတွင် သဿမေဓခွန် (သို့မဟုတ်) လူခွန်တော် ပေးဆောင်နိုင်သူ၊ မြို့ပြတွင် မြေခွန်နှင့် အမြတ်ခွန် ပေးဆောင်နိုင်သူများသာ မဲပေးခွင့်ရခဲ့သည်။ ထို့ကြောင့် ထိုစဉ်က မြန်မာ့လူဦးရေ ၁၂ သန်းခန့် ရှိသော်လည်း မဲပေးခွင့်ရှိသူ (Eligible Voters) မှာ ၁ ဒသမ ၈ သန်း (၁,၇၆၇,၂၂၇ ဦး) သာ ရှိခဲ့ပြီး လယ်သမားနှင့် ဆင်းရဲသား အများစုမှာ မဲပေးခွင့် မရရှိခဲ့ပေ။

ယှဉ်ပြိုင်မှုအခြေအနေ
ရွေးကောက်ပွဲတွင် အဓိက ယှဉ်ပြိုင်ကြသော အုပ်စုကြီး နှစ်စုရှိသည်။ ပထမအစုမှာ ဂျီစီဘီအေ (GCBA) မှ ခွဲထွက်လာပြီး ဒိုင်အာခီစနစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကာ အုပ်ချုပ်ရေးတွင် ပါဝင်လိုသော ဦးဘဘေ ဦးဆောင်သည့် "၂၁ ဦး အဖွဲ့" (နောင်တွင် နေရှင်နယ်လစ်ပါတီ/Nationalist Party) ဖြစ်သည်။ ဒုတိယအစုမှာ ဗြိတိသျှအလိုတော်ရိဟု သတ်မှတ်ခံရပြီး ဆာဂျေအေမောင်ကြီးဦးဆောင်သော "ရွှေတောင်ကြားပါတီ" (Independent Party/Progressive Party) ဖြစ်သည်။ ထို့အပြင် တသီးပုဂ္ဂလများလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ စုစုပေါင်း ရွေးကောက်ခံရမည့် နေရာ ၈၀ အနက် ၂၄ နေရာတွင် ပြိုင်ဘက်မရှိခဲ့ဘဲ ကျန်နေရာများအတွက် ကိုယ်စားလှယ်လောင်း ၁၆၂ ဦး ယှဉ်ပြိုင်ခဲ့ကြသည်။ GCBA ၏ သပိတ်မှောက်မှုကြောင့် မဲဆွယ်စည်းရုံးရေးကာလတွင် ခြိမ်းခြောက်မှုများနှင့် မဲမပေးရန် လှုံ့ဆော်မှုများ ရှိခဲ့သည်။
 

ရွေးကောက်ပွဲရလဒ်
ရွေးကောက်ပွဲရလဒ်အရ ဦးဘဘေ ဦးဆောင်သော "၂၁ ဦးပါတီ" (Nationalist Party) က အများဆုံးအနိုင်ရရှိခဲ့ပြီး အထွေထွေမဲဆန္ဒနယ် ၅၈ နေရာအနက် ၂၈ နေရာကို ရရှိခဲ့သည်။ ဆာဂျေအေမောင်ကြီး၏ "ရွှေတောင်ကြားပါတီ" က ၁၅ နေရာခန့် အနိုင်ရခဲ့ပြီး ကျန်နေရာများကို တသီးပုဂ္ဂလများနှင့် လူမျိုးစုကိုယ်စားလှယ်များက ရရှိခဲ့ကြသည်။ သို့သော် ရွေးကောက်ပွဲ၏ အထင်ရှားဆုံး အချက်အလက်မှာ မဲပေးသူဦးရေ အလွန်နည်းပါးခြင်း ဖြစ်သည်။ GCBA အသင်းကြီး၏ သပိတ်မှောက်မှု ထိရောက်ခဲ့ခြင်းနှင့် ပြည်သူလူထုက ဒိုင်အာခီစနစ်ကို စိတ်ဝင်စားမှု နည်းပါးခြင်းတို့ကြောင့် မဲပေးခွင့်ရှိသူများ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်းမျှသာ လာရောက် မဲပေးခဲ့ကြသည်။

နောက်ဆက်တွဲအခြေအနေ
ရွေးကောက်ပွဲတွင် ၂၁ ဦးပါတီက မဲအများဆုံး ရရှိခဲ့သော်လည်း အစိုးရဖွဲ့စည်းရာတွင်မူ ကိုလိုနီဘုရင်ခံ ဆာဟာကုတ်ဘတ္တလာ (Sir Harcourt Butler) က ပါတီစုံရောနှောထားသော အစိုးရ (Mixed Cabinet) ကို ဖွဲ့စည်းခဲ့သည်။ ဘုရင်ခံသည် ရွေးကောက်ပွဲနိုင်သော ၂၁ ဦးပါတီမှ ဦးမောင်ကြီးကို ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သော်လည်း၊ မဲရှုံးသော ရွှေတောင်ကြားပါတီမှ ဂျေအေမောင်ကြီးကို သစ်တောနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးအဖြစ် ခန့်အပ်ကာ အာဏာမျှဝေခဲ့သည်။ ထို့အပြင် ဘုရင်ခံက စိတ်ကြိုက်ခန့်အပ်နိုင်သော ဝန်ကြီးနေရာများတွင် ဗြိတိသျှအရာရှိများနှင့် သူတို့ စိတ်ချရသူများကိုသာ ခန့်ထားခဲ့သည်။ ဤဖြစ်ရပ်သည် ရွေးကောက်ပွဲ ရလဒ်ထက် ကိုလိုနီအုပ်ချုပ်ရေး ယန္တရား တည်ငြိမ်ရေးကိုသာ ဦးစားပေးသည့် "ဟန်ပြ ကိုယ်စားပြုမှု" (Symbolic Representation) သက်သက်သာ ဖြစ်ကြောင်း ထင်ရှားစေခဲ့သည်။



Comments

Popular posts from this blog

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

လူတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ ဘာမှမသိတဲ့ အခြေအနေကနေ ဉာဏ်ပညာ ပွင့်လင်းသွားတဲ့ အဆင့်ဆီ ချက်ချင်းကြီး ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်မှာ ဖြတ်သန်းရတဲ့ အဆင့်တွေ ရှိတယ်။ အဆင့်တခုစီက ရှုပ်ထွေးမှုတွေထဲ နစ်မွန်းမသွားစေဘဲ အကြောင်းအရာတွေကို ပိုပြီး လက်ခံနိုင်စွမ်း ရှိလာအောင် ကူညီပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်နဲ့ တင်းတင်းကျပ်ကျပ် သတ်မှတ်ကန့်သတ်ခံထားတာမျိုး မဟုတ်ဘဲ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ ပိုရှင်းအောင်ပြောရရင် ဦးနှောက်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ် ဖွင့်ဆိုပုံတွေ ကွဲပြားသွားတာပါ။ အရှင်းလင်းဆုံး ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ပြောင်းလဲသွားတဲ့ ဒီအဆင့် ၅ ဆင့်အကြောင်းကို အသေအချာ လေ့လာကြည့်ကြရအောင်။   အဆင့် ၁ - ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်း ဘယ်သင်ယူမှု ခရီးစဉ်မှာမဆို အစပိုင်းမှာ ဦးနှောက်က ရှင်းလင်းပြတ်သားမှုကိုပဲ လိုလားတယ်။ ပြတ်သားတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ မြန်မြန်ဆန်ဆန် ခွဲခြားသတ်မှတ်နိုင်ဖို့ လိုအပ်တယ်။ ဒါဟာ အားနည်းချက် မဟုတ်ဘဲ ရှင်သန်ရေးအတွက် သုံးတဲ့ နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက် အတွဲလိ...

မြန်မာနိုင်ငံ၏ အခြေအနေ

မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်အပြီး အာရှစပါးကျီဟု ခေါ်ရသည်အထိ စိုက်ပျိုးမှုဖွံ့ဖြိုးခဲ့စေကာမူ လက်ရှိကာလတွင် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ပြီး အာဆီယံတွင်ပင် အနိမ့်ဆုံးမျှဖြစ်နေခဲ့ပါပြီ။ [1] မြန်မာနိုင်ငံ၏ ပြဿနာများမှာ နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းသည်။ ကဏ္ဍမျိုးစုံတွင်လည်း ပျံ့နှံ့လျက်နေသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ် စီမံခန့်ခွဲမှု တို့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အခြေခံ အဆောက်အအုံနှင့် ဆက်သွယ်ရေး ကွန်ရက်တို့တွင်လည်း အားနည်းချက်များ အမြောက်အမြားတွေ့ရသည်။ ကဏ္ဍစုံ ပြဿနာများကို ဖြေရှင်းမည် ဆိုလျှင်လည်း တစုတဖွဲ့ထဲကို အပြစ်တင်၍ မရသလို တအုပ်စု၊ တဖွဲ့တည်းက ထိုင်ဖြေရှင်းရန် မဖြစ်နိုင်။ အားလုံးပါဝင်သော ဖြေရှင်းမှုမှသာလျှင် ပြေလည်စေပါလိမ့်မည်။ မြန်မာ့လက်ရှိအကျပ်အတည်းများ၏ ဇစ်မြစ်သည် နိုင်ငံ့၏ အုတ်မြစ်များကပင် ခွဲခြားမှုများအပေါ် အခြေခံနေသောကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီ...

ရာမညဒေသနှင့် မွန်အမျိုးသားလူထု နိုင်ငံရေးအမွေအနှစ်

မွန်လူမျိုးများသည် နှစ်ပေါင်းထောင်ချီသမိုင်းနှင့် တည်ရှိသောလူမျိုးများဖြစ်သည်။ ပြည်ထောင်စုရှိ အခြားတိုင်းရင်းသားများနှင့် ကွဲပြားသော ဘာသာစကားနှင့် ယဉ်ကျေးမှု လက္ခဏာများ ရှိကြသည်။ ဒေသတွင်းတွင် လူမျိုးအများစု ပြောသောစကားများမှာ Sino-Tibetan ဘာသာစကား အနွယ်ဝင် ဖြစ်သော်လည်း မွန်တို့ပြောသော ဘာသာစကားမှာ ဝ၊ တအာင်းတို့နှင့် အနွယ်တူသည့် Austroasiatic ဘာသာစကားအနွယ်ဝင် ဖြစ်သည်။ ပို၍စောသည့် Proti-austroasiatic ဘာသာစကားများကိုမူ တရုတ်ပြည်တောင်ပိုင်း သို့မဟုတ် ဗီယက်နမ်မြစ်နီမြစ်ဝှမ်းဘက်တွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ မှ ၅၀၀၀ ကြား စတင်ခဲ့သည်ဟုမှန်းရပြီး မွန်ခမာအနွယ်တို့သည် တရုတ်ပြည်မှ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများသို့ ပျံ့နှံ့သည်ဟု ပညာရှင်များက ယူဆကြသည်။ အိန္ဒိယအရှေ့ပိုင်းရှိ မုန်ဒ/မွန်ဒလူမျိုးများသည်လည်း Austroasiatic ဘာသာစကားပြောကြသူများ ဖြစ်သည်။ သမိုင်းပညာရှင်များက ယင်းလူမျိုးများကို အရှေ့တောင်အာရှတွင် ဆန်စပါးစိုက်ပျိုးခြင်းကို ကျွမ်းကျင်ခဲ့ကြသော ရှေးဦးမျိုးနွယ်များဖြစ်သည်ဟု ယုံကြည်ကြသည်။ [1] မွန်တို့သည် ဒေသတွင်း ပထမဆုံး အိန္ဒိယဒေသ အက္ခရာများကို လက်ခံကျင့်သုံးပြီး သက္ကတနှင့် ပါဠိ ဘာသာတ...